Opinion

ကားစီးရတဲ့ဒုက္ခ

အခုတလော မအားတာရယ်၊ ပျင်းနေတာရယ် ပြီးတော့ ဘာမှမလုပ်ချင်တာနဲ့ ဘာမှကို မရေးဖြစ်ဘူး။ စိတ်ကလည်း အခုတစ်လော အာရုံမရှိတာလဲ ပါတယ်။ သွားချင်ရာ သွား လုပ်ချင်ရာ လုပ်နေခဲ့တာ၊ ဆိုက်ဘာတောင် သိပ်မရောက်ဖြစ်ဘူး။ ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်း မသိဘူး။ ဘာဖြစ်နေလို့လဲ မေးတော့လည်း ဘာမှမဖြစ်ဘူး။ ရေးစရာလည်း ခေါင်းထဲက မထွက်ဘူး။ ဘယ်မှလည်း မသွားချင်ဘူး။ မသွားချင်လို့ အိမ်မှာ နေနိုင်လား ဆိုတော့လည်း မနေနိုင်ဘူး။ ဘယ်သူကိုမှလည်း စကားမပြောချင်ဘူး။ ကြာလေ လူတွေ အတော်များများနဲ့ သိပ်ပြီး အစေးမကပ်သလိုပဲ။ ပတ်၀န်းကျင်ဆိုတာကလည်း ကိုယ်ကသာ မမြင်တာ သူတို့ကတော့ ကိုယ် ဘယ်သွားတယ် ဘာလုပ်တယ် ဘယ်အချိန်ပြန်တယ် အကုန်ကြည့်နေတော့တာ။ ကျွန်မကလည်း ကျွန်မပဲ။ ဘယ်သူ့ကိုမှ အရေးမစိုက်တတ်ဘူး။ ကိုယ်မှန်တယ်ထင်ရင် ကိုယ်ဘာသာကိုယ် လုပ်ချင်ရာ လုပ်နေရမှ ကျေနပ်တတ်တယ်။ ဟုတ်တယ်လေ ကိုယ့်မိဘတောင် ကိုယ့်ကိုယ် ဘာမှမပြောတာ။ လိုင်းကားစီးလည်း စီးချင်တဲ့ လိုင်းကားဆို ဘယ်လောက်ကျပ်ကျပ် တက်စီး လိုက်တာပဲ။ သြော်… တစ်ရက်ကတော့ ပြောပြရဦးမယ်။

လူတွေများ အင်း…. မြန်မာပြည်က လူတွေက ကိုယ်ချင်းစာ တရားရှိတယ်၊ ကူညီတတ်တယ်တဲ့ ဟုတ်လား။ အခုဆို ဘယ်လိုပြောရမှာလဲ မြန်မာပြည်မှာ သိပ်ပြီး မရှိသလောက် ရှားနေသလိုပဲနော်။ ယမင်းလေ အဲဒီနေ့က သင်တန်း သွားတက်ပြီး အလုပ်သွားတော့ အလုပ်က အရမ်းနောက်ကျနေပြီလေ။ ဒါနဲ့ ကားသေးလေး တစ်စီးလာတော့ တက်မလို့ လုပ်တော့ နေရာက မရှိဘူးလေ။ လူတွေက အပြည့်ပဲ။ စပယ်ယာကလည်း မရှိရင် မရှိဘူး မပြောဘူး။ တက်တက်ဆိုပြီး အတင်းတက်ခိုင်းရော လမ်းမှာ ရမယ်တဲ့။ ကိုယ်ကလည်း နောက်ကျနေတော့ တက်လိုက်ရော။ တက်လိုက်တယ် ဆိုတာထက် ကားနောက်မြီးကို တွယ်လိုက်ရတော့တာပေါ့။ ဒါနဲ့ အထဲကို ကြည့်တော့ မိန်းမတွေများ ထိုင်နေလို့လားဆိုတော့ လား.. လား ဘယ်ဟုတ်မလဲ။ ကျားကိုးစီး စားလို့ မကုန်တဲ့သူတွေ ယောက်ျားရင့်မာကြီးတွေ ထိုင်နေကြတာကို တွေ့ရရော။ အဲဒါနဲ့ အပေါက်၀ ထိုင်နေတဲ့သူကို လှမ်းကြည့်လိုက်တော့ သကောင့်သားက (ကန်တော့နော်)  ယောက်ျားကြီးဆိုပါတော့ သူက မသိချင်ယောင်ဆောင်ပြီး ဟိုဘက်လှည့်သွားရော။ ကူညီတာလေ။ အဲ… နေဦး သူ မဖယ်ရင်လည်း နောက်တစ်ယောက် ဖယ်ပေးမှာပဲပေါ့။ စိတ်ထဲက တွေးလိုက်သေးတယ်။ သူ့ဘေးက လူက ဟို အတွင်းဘက်မှာ ထိုင်နေတဲ့ သူကို မျက်စပစ်ပြလိုက်တာကို မြင်ပြန်ရော။ သြော်… ဖယ်ပေးတော့မယ်ပေါ့။ တွတ်ပီ ကံမကောင်းလိုက်တာများ လမ်းတစ်လျှောက်ကို ဘယ်ကားဂိတ်မှ လူတွေက မဆင်းကြဘူး။ အားလုံးကို ကြည့်ရတာ ဂိတ်ဆုံးထိ သွားကြမယ်ပုံပဲ။ အဲဒါမှ ဒုက္ခပဲ ငါတော့ ဆင်းမယ့်နေရာထိ တွယ်လိုက်ရမယ် ထင်တယ်။ ကိုယ်ကလည်း ကားဂိတ်မဆုံးခင် တစ်ဂိတ်အလိုမှာ ဆင်းမှာကို အင်းလေ ဘယ်တတ်နိုင်မလဲ ကိုယ်ကလည်း မမေးမစမ်းဘဲနဲ့ တက်စီးလာမိပြီကိုး။ လူတွေကလည်း တော်တော်ကို ရီ(ရယ်)ဖို့ ကောင်းတယ် ဖယ်ပေးရမှာစိုးလို့ လှမ်းကြည့်လိုက်ရင် ဟိုဘက် လှည့်သလို ဒီဘက်လှည့်သလိုနဲ့ ကြည့်ရတာ ကြက်ကြီး လည်လိမ်နေသလိုပဲ။ ကားပေါ်က ဆင်းရင်တောင် ခေါင်းပြန်တည့်လို့ ရပါဦးမလားမသိ။ စိတ်လည်း ညစ်၊ ရယ်ကလည်း ရယ်ချင်။ တစ်ယောက်ထဲ ရယ်ရင်လည်း ငါ့ကို ရူးနေတယ်လို့ ပြောကြမှာပဲပေါ့။ စဉ်းစားမိလိုက်တာကတော့ လူတွေရဲ့ စိတ်ဓာတ်ဟာ ဒီလောက်တောင် ဖြစ်နေကြပြီလားပေါ့။

ဒီလိုနဲ့ တွယ်စီးလာလိုက်တာ မြေနီကုန်းကနေ ရွှေဂုံတိုင် ရောက်လာရော ဆင်းမဲ့သူက မရှိ။ ဟိုကားက ကွက်ကြည့် ကွက်ကြည့် ဒီကားက ကွက်ကြည့်ကွက်ကြည့်နဲ့ပေါ့။ အထဲမှာက ကုလားကြီး တစ်ယောက်လည်း ပါလာတယ်။ အဲဒီလူက အထဲမှာ ထိုင်နေတာ။ အမယ်… ရွှေဂုံတိုင်ကျော်လည်းလာရော ကုလားဦးလေးကြီး မပြောမဆိုနဲ့ သူ့လက်ထဲက ပစ္စည်းတွေကို ကျွန်မ တွယ်စီးနေတဲ့ လက်ထဲကို အတင်းလာထည့်ရော။ ကျွန်မက လန့်သွားပြီး သူ့ကို ကြည့်လိုက်တာပေါ့။ ဘာလို့လဲဆိုတော့ ကားတွယ်စီးလာတာ လက်အံကလည်း သေနေပြီ။ ခြေထောက်ကလည်း ညောင်းဆိုတော့ ဟ… ဘာလဲဟ ဆိုပြီး အဲဒီကုလား ဦးလေးကြီးကို ကြည့်လိုက်တော့ သူ့နေရာမှာ လာထိုင်ပါတဲ့၊ သူ့မှာပါတဲ့ ပစ္စည်းတွေကို ကိုင်ပေးပါတဲ့။ အဲဒီမှာတင် စဉ်းစားမိလိုက်တယ်။ သြော် ဗမာတွေတောင် မသိတတ်တဲ့ဟာ ဒီကုလားကြီးက မသိချင်ယောင် ဆက်ဆောင်နေလိုက်တော့ပေါ့။ ခုတော့ အားနာလို့နဲ့တူတယ် ငါ့ကို ထပေးရှာတယ်လို့ တွေးမိတယ်။ လူတွေ တော်တော်များများက ရယ်တော့ ရယ်ရတယ်နော် အကူအညီလိုရင်သာ လိုက်ပြီး အကူအညီ တောင်းကြတယ်။ သူများ ဒုက္ခရောက်ရင် ကူညီဖို့ ၀န်လေးတတ်ကြတယ်။ ဒါဟာ တိုးတက်နေတဲ့ တိုင်းပြည်က လူတွေရဲ့ အကျင့်စရိုက်တွေလား။ ယဉ်ကျေးမှုရှိတဲ့ နိုင်ငံက လူတွေလား။ ဘယ်လို ပြောရမှန်းကို မသိတော့ပါဘူး။ ဒီတော့ ကျွန်မလေ အတွေ့အကြုံတွေ ရလိုက်တာပေါ့။ ငါ ကားစီးရင် အခက်အခဲဖြစ်နေတဲ့ မည်သူမဆို မိန်းမ ယောကျာ်းမရွေး ကူညီမယ်ဆိုတဲ့ အသိစိတ်ဓာတ် တစ်ခုကို ထပ်မံရရှိခဲ့ပြီလေ။ ကျေးဇူးလည်း တင်ပါတယ်။ အရင်တုန်းကဆို ကျွန်မက မိန်းမတွေကိုပဲ ကူညီလေ့ ကူညီထ ရှိပါတယ်။ နောက်ဆို မည်သူမဆို အမြင်မတော်တာရှိရင် ကူညီမယ်ဆိုတဲ့ အသိတရား ရရှိခဲ့လို့ပါပဲ။
မိတ်ဆွေရော ဘာလုပ်မှာလဲဟင်။ ကြက်နာရောဂါအပြင် ကြက်လိမ်ရောဂါပါ မြန်မာပြည်မှာ ပြန့်ပွားနေကြဦးမယ်နော်။ ဟား.. ဟား.. ဟား။ ရောဂါကင်းပျောက်အောင် ကျင့်ကြံကြပါစို့နော်။

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *