တပေါင်းမင်းလွင့်ဟန် » ICT.com.mm
Need Help? Call 0942 000 4551
အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးမည်။ ပစ္စည်း အာမခံချက် တာဝန်ယူသည်။

တပေါင်းမင်းလွင့်ဟန်

တပေါင်းမင်းလွင့်ဟန်
Feb 28, 2015 TZO
တပေါင်းမင်းလွင့်ဟန်

နေ့ပူညချမ်း တပေါင်းလ လသရမ်း … တဲ့။ ဘယ်သူပြောခဲ့တာလည်းတော့ မသိဘူး။ တပေါင်းလတောင် လသရမ်း ဖြစ်သွား တယ်။ အခုဆိုရင် တပေါင်းလထဲဝင်လာတာ နောက်သုံးလေးရက်ဆိုရင် လတောင်ပြည့်တော့မယ်။ ဆောင်းကခွာနေပြီမို့လို့ ညဖက်မှာ သိပ်ပြီးတော့တောင် မချမ်းတော့ပါဘူး။ နေ့ခင်းပိုင်းကတော့ပူတယ်။ ဒါပေမယ့် တစ်ချက်တစ်ချက်တောင် လေလေး တိုက်နေတော့ သိပ်အပူကြီးတော့ မဟုတ်ဘူး။

နေ့ပူညချမ်းဆိုတဲ့ အဆိုကတော့ အညာဖက်ကိုပဲ ရည်ညွှန်းတာဖြစ်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ စာဆိုတွေက အညာဒေသကပဲ ထွက်တာများတယ်လေ။ အညာဖက်ကတော့ ဒီလိုအချိန်သွားရင် နေ့ဘက်မှာ အရမ်းပူပြီး ညဖက်မှာ အချမ်းပိုတာကြုံဖူးတယ်။ စာဆိုနဲ့ညီတယ် ပြောရမှာပေါ့။

အများအားဖြင့် ဘုရားပွဲတွေက တပေါင်းလမှာ ကျင်းပကြတာများတယ်။ ခြေခင်းလက်ခင်း သာတဲ့အချိန်လည်း ဖြစ်တယ်။ မဟုတ်လား။ ရှေးတုန်းကတော့ တပေါင်းလမှာ သဲပုံစေတီပွဲတွေ ကျင်းပကြတယ်လို့ ကြားဖူးတယ်။ တပေါင်းလမှာ မြစ်ရေကျစ ပြုပြီလေ။ အဲဒီတော့သဲသောင်တွေ ပေါ်လာတာပေါ့။ ကမ်းစပ်သဲသောင်မှာ ယိုင်ပတ်တွေကာပြီး သဲပုံစေတီတည်ပြီး ပူဇော်ကြ တယ်လို့ သိရပါတယ်။

တပေါင်းလဘုရားပွဲတွေနဲ့ ပတ်သက်လို့ ကိုဘအေးကြုံဖူးတာ ရွှေတိဂုံဘုရား တပေါင်းပွဲ တော်ရယ် ၊ မော်တင်စွန်းဘုရားပွဲရယ်ပါ။ အနယ်နယ် အရပ်ရပ်က ဘုရားပွဲတွေ သိပ်မရောက်ဖူးပေမယ့် ရွှေတိဂုံတပေါင်းပွဲကတော့ အကြီးကျယ်ဆုံးနဲ့ အစည်ကားဆုံးလို့ ထင်ပါတယ်။ ရွှေတိဂုံ ဘုရားကြီးရဲ့ ပရဝုဏ်က တော်တော်ကျယ်ပါတယ်။ ဘုရားပတ်ပတ်လည်မှာ ဇာတ်ရုံကြီးတွေပွဲ ဈေးတန်း ဆိုင်ခန်းတွေက အပြည့်ပါ။ ပြည်ထောင်စုရိပ်သာမှာ နေတာဆိုတော့ ဘုရားပွဲကို ညတိုင်း ရောက်ပါတယ်။ တခြားဟာတွေကို သိပ်မမှတ်မိပေမယ့် တောင်ဘက်မုခ်နားက မန္တလေးနဂါးဒေါ်ဥ ရဲ့ ဆေးပေါ့လိပ်ဆိုင်ကြီးကိုတော့ ကောင်းကောင်းမှတ်မိနေတယ်။

ဆေးလိပ်ရောင်းတဲ့ မန္တလေး သူ အမျိုးသမီးတွေက ဘီးဆံပတ်ကြီးတွေနဲ့ ကုန်းဘောင်ခေတ် အမျိုးသမီးတွေပုံစံ ဝတ်စားထားကြ တာ။ ရွှေတိဂုံဘုရား တပေါင်းပွဲနဲ့ ပတ်သက်ပြီး မှတ်မှတ်ရရ တစ်ခုကတော့ အိမ်က အစ်ကိုအကြီးဆုံး ကိုဂျော်ကီရဲ့ သားနှစ်ယောက်ဖြစ်တဲ့ ကိုချိုနဲ့ ငယ်ငယ်တို့နဲ့ အနောက်ဘက်မုခ်မှာလုပ်တဲ့ စတိတ်ရှိုးပွဲကို သွားကြည့်ကြတာ။ ကိုချိုတို့က ငယ်ငယ်ပဲရှိသေးတယ်။ ၉ နှစ် ၁၀ နှစ်လောက်ပဲ ရှိဦးမယ်ထင်တယ်။ သူတို့အဖေနဲ့အမေက မသွားချင်လို့ ကိုဘအေးနဲ့ လွှတ်လိုက် တာ။ ပွဲစလို့ မကြာသေးဘူး ရုံကပြည့်သွားပြီဆိုတော့ အပြင်မှာလူတွေက ရုံဖွင့်ပေးဖို့ အော်ဟစ်နေကြတယ်။

ဇာတ်ရုံထဲက တာဝန်ရှိသူတွေနဲ့ လုံခြုံရေးတွေက ဖွင့်မပေးဘူး။ အဲဒီမှာ အတင်းအဓမ္မဝင်လာကြတာ ဘုန်းကြီးတွေလည်း ပါတယ်။ ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြရော။ အဲဒီတုန်းက ထိုင်ခုံတွေက သစ်သားခေါက် ကုလားထိုင်လေးတွေ၊ အခုလို ပလတ် စတစ်ခုံတွေ မပေါသေးဘူး။ အဲဒါအထဲက လုံခြုံရေးတွေက ခေါက်ကုလားထိုင်တွေနဲ့ရိုက်။ ဘာပြောကောင်းမလဲ။ ကိုဘအေး လည်း တူနှစ်ယောက်လက်ကိုဆွဲပြီး လွတ်ရာထွက်ပြေးခဲ့ရတာပေါ့။ အဲဒီနောက်ပိုင်း ဘုရားပွဲဆိုရင် ကြောက်သွားတယ်။

ကိုဘအေးတို့ ပြည်ထောင်စုရိပ်သာက မပြောင်းခင်တစ်နှစ်မှာလည်း (ခုနှစ်တော့မမှတ်မိတော့ဘူး) တောင်ဘက်မုခ်က စကိတ်ရှိုး ရုံမှာ စိုင်းထီးဆိုင်ရဲ့ “အရင်ညကသာလွန်းတဲ့မောင့်လပြည့်ဝန်း …” လို့ဆိုရုံလေးရှိသေးတယ် (ကိုဘအေးတို့က အိမ်ကနေ ကြားနေရတာ) ဝုန်းဆို ရုံပွင့်ထွက်သွားပြီ ရုတ်ရုတ်သဲသဲဖြစ်သွားလို့ ပွဲပျက်သွားတယ်လေ။ အဲဒီနောက်ပိုင်း တပေါင်းပွဲလည်း မလုပ်ဖြစ်တော့ဘူး။ ဗုဒ္ဓပူဇနိယပွဲတော်ကို ပဋ္ဌာန်းပွဲနဲ့ ဆွမ်းဆန်စိမ်းလောင်းပွဲတို့နဲ့ပဲ ပြီးသွားရတယ်။

မော်တင်စွန်းဘုရားပွဲကတော့ ကိုဘအေး ပုသိမ်မှာရှိနေတုန်း ရောက်ဖူးတာ။ ကိုဘအေးက နှစ်ခေါက်လောက် ရောက်ဖူးပြီး သွားပြီ။ အဲဒီနှစ်က ရန်ကုန်က ညီအကိုတွေက ကျောင်းပိတ်လို့ လာလည်ကြတာ။ မော်တင်စွန်းဘုရားပွဲကလည်း ရှိနေတော့ ကမ်းနားလမ်းမှာနေတဲ့ ဦးလေးကြည်တို့ မိသားစုက စီစဉ်ပြီးတော့ လိုက်ပို့တာ။ (ကိုဘအေးက ဆယ်တန်းဖြေမယ့်နှစ် ၊ နံ့ကြော ဆွဲပြီး လိုက်သွားသေးတယ်။) အဲဒီတုန်းက ရန်ကုန်-ပုသိမ်ပြေးတဲ့ ဗန္ဓုလသင်္ဘောမှာ ဦးလေးတစ်ယောက်က စာရေးကြီးဆိုတော့ သူ့သင်္ဘောနဲ့ပဲ သွားဖြစ်ကြတယ်။ အရင်တုန်းကတော့ မော်တင်စွန်းဘုရားပွဲရှိရင် ရန်ကုန်-ပုသိမ်သင်္ဘောတွေက မော်တင်စွန်းကို ဝင်ပေးတယ်။

တိုက်ရိုက်ရောက်တာတော့ မဟုတ်ဘူး။ သင်္ဘောကဟိုင်းကြီးကျွန်း ချောင်းဝမှာ ဆိုက်ပြီးတော့ အဲဒီကမှ ခမောက်မော် ဆိုတာကို စက်လှေနဲ့ ကူးရတယ်။ ပင်လယ်ဆိုတာကို တစ်ခေါက်မှ မရောက်ဖူးတဲ့ သူတွေဆိုတော့ လှိုင်းမူးပြီး အန်တဲ့သူက အန်ပေါ့။ ပုသိမ်ကနေတော့ ပုဂ္ဂလိက နှစ်ထပ်သင်္ဘောတွေက ခမောက်မော် ဆိပ်ကမ်းကို တိုက်ရိုက်ရောက်တယ်။ မော်တင်စွန်းမှာက လှေဆိပ်သင်္ဘောဆိပ် မရှိဘူး။ ခမောက်မော်ကနေ ကမ်းခြေတစ်လျှောက် သစ်သားဘော်ဒီ ဘတ်စ်ကားကြီးတွေနဲ့ တဆင့်သွားကြ ရတယ်။

အဲဒီတုန်းက ညီအစ်ကိုတွေက ကားမစီးတော့ဘဲ ကမ်းခြေကနေပဲ လမ်းလျှောက်သွားကြတာ။ သဲသောင်တွေပေါ်မှာ လှိုင်းရိုက်ပြီး ကျောက်ပွင့်တွေ အများကြီးတင်နေတာ တွေ့ရတယ်။ လူသံကြားလို့ ကဏန်းလေးတွေကလည်း ပြေးလိုက် လွှားလိုက်နဲ့ပေါ့။ တံတားတစ်ခုကို ဖြတ်ရင်းနဲ့ ကိုတုတ်တစ်ယောက် ခြေထောက်ကို ဝါးရှသွားတာ မှတ်မိနေသေးတယ်။ မနက်စောစော ဝေလီ ဝေလင်းမှာ ကမ်းခြေသဲသောင်ပေါ်မှာ လမ်းလျှောက်သွားရတာ ပျော်ဖို့တော့ ကောင်းပါတယ်။ မော်တင်စွန်းဟာ မြန်မာနိုင်ငံရဲ့ အနောက်တောင်ဘက်စွန်းမှာ ရှိပြီး နဂါးမင်းကနေ မြတ်စွာဘုရားရဲ့ဆံတော်ရှင် အစစ်ကို ဌာပနာပြီး စေတီတည်ထားတာလို့ သိရပါတယ်။

တန်ခိုးကြီးဘုရား တစ်ဆူပါပဲ။ ရေလယ်ဘုရားလည်း ရှိပါတယ်။ ဘုရားလည်းဖူးရင်း ပင်လယ်ကမ်းစပ်မှာ ရေကစားကြရတာ ပျော်စရာတစ်မျိုး ကောင်းပါတယ်။ ဟိုတုန်းကတော့ ချောင်းသာတို့ ငွေဆောင်တို့ မပေါ်သေးတော့ မော်တင်စွန်းဘုရားပွဲကို လာရင်း ပင်လယ်ရဲ့ အရသာကို ခံစားကြရတာပေါ့။ တပေါင်းလ ဘုရားပွဲနဲ့ ပတ်သက်ရင် ဒါတွေက မှတ်မှတ်ရရ ရှိနေတာပါ။
တပေါင်းလဟာ မြန်မာဆယ့်နှစ်လရာသီထဲမှာ နောက်ဆုံးလဖြစ်ပြီး သာယာမှုအပေါင်းရဲ့ ထိပ်ခေါင်တင်ဖြစ်လို့ “တပေါင်းသာခေါင် လများနောင်”လို့ဆိုပါတယ်။

ကုန်းဘောင်ခေတ် စာဆိုကြီး ဦးကြင်ဥဟာ တပေါင်းလဖွဲ့ကို (၇)ဖွဲ့တောင် ရေးစပ်ခဲ့တာ တွေ့ရပါတယ်။ ဒီအကြောင်း ဆောင်းပါး တစ်ခုမှာလည်း ကိုဘအေးရေးခဲ့ဖူးတယ်။ နောက်တစ်ခါက အမျိုးသမီးစာဆိုတော် ရှင်မင်းဆိုသူ က “တပေါင်းမင်းလွင့်ဟန်” ဆိုပြီးတော့ ဘုရားတိုင် မောင်ဘွဲ့အဖြည့်ခံ ရတုတစ်ပုဒ် စပ်ဆိုခဲ့တာ တွေ့ရပါတယ်။ ရှင်ဥတ္တမကျော်ရဲ့ “ရွှေစက်တော်သွား တောလား”ကလည်း တပေါင်းလ အခါသမယရဲ့ တောတောင်သာယာပုံတွေကို ဖွဲ့ဆိုထားတာပါ။

ရွှေစက်တော်ကိုလည်း ကိုဘအေး ရောက်ဖူးပါတယ်။ ၆၈ ခုနှစ်လောက်ကပါ။ ကားလမ်းတွေမကောင်း ဖုန်တွေက တထောင်း ထောင်းနဲ့မို့ တပေါင်းလရဲ့ သာယာမှုကို မခံစားခဲ့ရပါ။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ဖခမည်းတော်ရဲ့ ကပ္ပိလဝတ် ပြည်ကို ကြွမြန်းဖို့ အမတ်အသီးသီးစေလွှတ်ပြီး ပင့်လျှောက်ပေမယ့် ဘာမှမထူးဘူး။ ဒီလိုနဲ့ တပေါင်းလရောက်လာတာပေါ့။ နောက်ဆုံးအခေါက် ကာဠုဒါယီအမတ်ကြီးက တပေါင်းလရဲ့ တောတောင်သာယာပုံတွေကို ဂါထာခြောက်ဆယ်နဲ့ လျှောက်ထား တော့မှ မြတ်စွာဘုရားက ဖခမည်းတော်နဲ့ ဆွေတော်မျိုးတော်တွေကို တွေ့ဆုံပြီး အဖူးမြှော်ခံဖို့ ကပ္ပိလဝတ်ပြည်ကို ကြွချီတော် မူတယ်လို့သိရပါတယ်။ တပေါင်းလရဲ့ သာယာကြည်နူးဖွယ်ကောင်းပုံဟာ မြတ်စွာဘုရားရဲ့ စိတ်တော်ကို ဆွဲဆောင်နိုင်တယ်လို့ ဆိုရမှာပေါ့နော်။

အိုင်စီတီဂျာနယ် ထုတ်တုန်းကတော့ “ရသေ့သူတော်တိုင်မှ ဉာဏ်မခိုင် ဈာန်ယိုင်လျှောရတယ်” ဆိုပြီး တပေါင်းလဖွဲ့နဲ့ ပတ်သက် တဲ့ ဆောင်းပါးတစ်ပုဒ် ရေးဖူးတယ်။ ဒီဇိုင်းဆရာ ကိုချမ်းမင်းရဲ့ သရုပ်ဖော်ပုံလေးနဲ့ပေါ့။ အထက်က ဖော်ပြခဲ့တဲ့ တပေါင်းလ ဖွဲ့တွေအထဲက အမျိုးသမီးစာဆိုဖြစ်သူ ရှင်မင်းရဲ့ ဘုရားတိုင်မောင်ဘွဲ့ အဖြည့်ခံရတုလေးကိုပဲ ဒီတစ်ပတ် တင်ပြချင်ပါတယ်။ အဖွဲ့အနွဲ့လေးလည်း လှလို့ပါ။ ပိုဒ်စုံရတုဆိုရင် သုံးပိုဒ်ရှိပါတယ်။ လှိုင်ထိပ်ခေါင်တင်တို့ နတ်သျှင်နောင်တို့ စပ်ဆိုခဲ့တဲ့ရတုမျိုးပါ။

အခုရှင်မင်းရဲ့ ရတုက နှစ်ပိုဒ်ထဲမို့လို့ အဖြည့်ခံရတုလို့ ဆိုတာပါ။ ရတုတစ်ပိုဒ်ထဲပဲရှိတဲ့ ဧကပိုဒ်ရတုလည်း ရှိပါတယ်။ အမျိုးသား စာဆိုတွေက မယ်ဘွဲ့တွေ ဖွဲ့ကြတယ် မဟုတ်လား။ ဒီတော့ အမျိုးသမီးစာဆိုတွေကလည်း မောင်ဘွဲ့ဆိုပြီး ဖွဲ့ကြတာပေါ့။ ရိုးရိုး မောင်ဘွဲ့မဟုတ်ဘဲ ဘုရားကိုတိုင်တည်ပြီး ဖွဲ့ဆိုတာမို့လို့ ဘုရားတိုင်မောင်ဘွဲ့လို့ ဆိုတာပါ။

ဒီရတုကဗျာလေးက “ တပေါင်းမင်းလွင့်ဟန် ” လို့ နာမည်ပေးထားတဲ့အတွက် တပေါင်းလနဲ့ပတ်သက်ပြီး ရေးနေတဲ့ကိုဘအေးက ရွေးလိုက်တာပါ။ ကဗျာရဲ့ခေါင်းစဉ်ကို စာဆိုက ပေးခဲ့တာတော့ ဟုတ်ချင်မှ ဟုတ်မယ်။ ကဗျာရဲ့ ပထမပိုဒ် အဆုံးသတ်မှာ “လွမ်းတာလွမ်းကြောင်း ၊ ပွားဆင့် လောင်းသည်။ တပေါင်းမင်းလွင့်ဟန်ကိုလည်း” ဆိုတာထဲက နာမည်လှတဲ့ “တပေါင်းမင်း လွင့်ဟန်” ကိုယူပြီး နှောင်းလူတို့ မှည့်ခဲ့ကြတာလို့ ထင်ပါတယ်။ သမိုင်းကို စစ်စစ်ပေါက်ပေါက် လေ့လာဖို့ ကျမ်းပြုနေတာ မဟုတ် တော့လည်း ဒီလောက်ပဲ ထားလိုက်တော့နော်။

တပေါင်းမင်းလွင့်ဟန်

၁။ အနှုန်းမမြင် ၊ ဘုန်းခြောက်အင်နှင့် ၊ ကောင်းကင်တိမ်ဆိုင်း ၊ ရပ်ရှစ်တိုင်းပင် ၊ ရီမှိုင်းပြိုးပြက်၊ လျှပ်စုံထွက်၍ အောင်ချက်ဒေသ ၊ တောင်ညိုမြထက် ၊ တပါ့နောင်မြောက် ၊ သုံးပါးနောက်ကို၊ လျှံတောက်စက်ရွှေ ၊ ဖလ်ရဝေလျှင် ၊ မဇ္ဈေလကျ်ာ ၊ ဝင်ခဲ့လာ၍ ၊ လိတ္တာပြည့်ဆုံး ၊ နှစ်ဆယ့်သုံးတွင် ၊ သွယ်ကုံးရှိရည်၊ မယ်လျှောက်သည်ကား ၊ လေးမည်ဖြူလွ ၊ မိုးစင်ကပင် ၊ သြဃလေးထွေ ၊ မြင့်မိုရ်ခြေဝယ် ၊ ကုဋေဘိုးကြူး ၊ မျက်ရှင်မြူးသို့ ၊ တထူးသာကြည် ၊ မှတ်ပါသည်ကို ၊ နေ့ရှည် လွမ်းရက် ၊ ကွာသည့်တွက်ကြောင့် ၊ မယ့်သက်နဂို ၊ မေတ္တာညိုခဲ့ ၊ သည်ကိုယ်ဘုန်းမြင့် ၊ ကယ်မှသင့်ရှင့် ၊ ပုံသင့်တော်ရာ ၊ မယ်ဗျာပါလည်း ၊ လွမ်းတာလောင်းကြောင်း ၊ ပွားဆင့်လောင်း သည် ၊ တပေါင်းမင်းလွင့်ဟန်ကိုလည်း။

၂။ ဂမုန်းသဇင် ၊ ပန်းမြင်မြင်လည်း ၊ ဂုဏ်အင်ရည်သွေး ၊ ဖက်စံဝေးရှင့် ၊ မွှေးလည်းမွှေးညီ၊ တရာသီတွင် ၊ နီညိုရွှေမှိုင်း ၊ ပွင့်ချင်တိုင်းနှင့် ၊ ခက်ကျိုင်းသုံးဖြာ ၊ ဖြစ်မဲ့ရာတွင် ၊ မုတ္တာစင်စစ်၊ ငွေစင်နှစ်သို့ ၊ ခါသစ်ချိန်ဆုန်း ၊ ပွင့်မြူးတုန်း၌ ၊ ဘုန်းမျာ့ပရမေ ၊ ထွတ်ခေါင်နေကို ၊ ဆောင်းနွေ မမြန်း ၊ ရာသီပန်းနှင့် ၊ တိုင်တန်းဖော်မြွက် ၊ မယ်လျှောက်ချက်ကား ၊ တသက်ကြည်ညို ၊ ဖြစ်ပါ လိုဟု ၊ ကိုယ်နှင့်အကြံ ၊ မဆက်ဆံဘဲ ၊ ကံကိုရင်းတည် ၊ စွန့်ဘူးသည်ကို ၊ မြရည်ဘုန်းမို ၊ ပေးမည်ဆိုက ၊ နဂိုမဏ္ဍိုင် ၊ တုန်လှုပ်ယိုင်လိမ့် ၊ ပိုင်ရင်းပိုင်ရင်း ၊ သည်အခင်းကို ၊ ပဝင်းရွှေဉာဏ်၊ နှစ်ထပ်ပန်လော့ ၊ ကိုးတန်ဂုဏ်ပေါင်း ၊ ညိုလဲ့မောင်းသည် ၊ တသောင်းလင်းပွင့် ဝှန်ကိုလည်း။
(ရှင်မင်း၏ ဘုရားတိုင်မောင်ဘွဲ့အဖြည့်ခံရတု ၊ ပါမောက္ခဦးဧမောင်၏ အနုစာပေကောက်နုတ်ချက်မှ ထုတ်နှုတ်ဖော်ပြပါသည်။)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*