သင် … တစ္ဆေကြောက်တတ်ပါသလား ? » ICT.com.mm
Need Help? Call 0942 000 4551
အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးမည်။ ပစ္စည်း အာမခံချက် တာဝန်ယူသည်။

သင် … တစ္ဆေကြောက်တတ်ပါသလား ?

သင် … တစ္ဆေကြောက်တတ်ပါသလား ?
Feb 25, 2015 TZO
သင် … တစ္ဆေကြောက်တတ်ပါသလား ?

ကျောင်းသားတွေဆီကနေ မဒမ်ဘအေးသိမ်းလာတဲ့ “ကိုယ်တွေ့တစ္ဆေမှတ်တမ်း”ဆိုတဲ့ စာအုပ်လေးကို ကိုဘအေးလည်း ပျင်းပျင်း ရှိတာနဲ့ ဖတ်ကြည့်မိတယ်။ အမယ် – စာအုပ်မျက်နှာဖုံးရဲ့ ညာဘက်ထောင့်မှာ ကော်နာပုံဒေါင့်ဖြတ် စာတမ်းလေးတစ်ခုက “ကြောက်တတ်သူမဖတ်ရ” ဆိုပဲ။ အဲဒီစာတမ်းလေးကြောင့်ပဲ စာအုပ်ကိုပိုပြီး စိတ်ဝင်စားမိသွားတယ်။ စာအုပ်ထဲမှာ စာရေးဆရာ (၆)ဦးရဲ့ ဝတ္ထုတို ခြောက်ပုဒ်ပါတယ်။ ပထမဆုံးအပုဒ်က နန္ဒာမိုးကြယ်ရဲ့ “ခန္ဓာမြောင်၏ နောက်ဆုံးနေ့” ဆိုတဲ့ ဝတ္ထုဖြစ်ပါတယ်။

နာတာရှည်ရောဂါ ဖြစ်နေတဲ့ အသက် ၈၀ အရွယ် အဖွားကြီးတစ်ယောက် တစ်နေ့မှာ သတိလစ်မေ့မြောသွားပြီးတော့ ပြန်သတိ ရလာတဲ့အခါ နေ့ဘက်မှာ မှိန်းနေတတ်ပြီး ညဘက်ကျမှ အစာတောင်းစားတတ်ကြောင်း၊ အသားဟင်းကိုမှ အဓိကစားကြောင်း၊ ညဘက်အတူစောင့်အိပ်တဲ့ မြေးအကြီးမဟာ တဖြည်းဖြည်းပိန်လှီလာပြီး ကျန်းမာရေးချို့တဲ့လာကြောင်း ၊ ကြာလာတော့ မိသားစု သင်္ကာမကင်း ဖြစ်လာပြီး မိတ်ဆွေတွေနဲ့ တိုင်ပင်ကြည့်တဲ့အခါ ဖုတ်ဝင်နေတာ ဖြစ်နိုင်ကြောင်း အဖွားကြီးရဲ့ အိပ်ရာအောက်မှာ ခုံဖိနပ်တို့ ၊ သြဇာရွက်တို့ကို သူမသိအောင် ထားကြည့်ဖို့ အကြံပေးတဲ့အတိုင်း လုပ်ကြည့်ပေမယ့် မရကြောင်း၊ အဖွားကြီးကလည်း ညဘက်ကျမှ အစာစားပြီး အဲဒီလိုစားနေပေမယ့်လည်း အရိုးပေါ် အရေတင်ပဲ ဖြစ်နေကြောင်း၊ တစ်ခါတော့ သမက်ဖြစ်တဲ့သူက သိကျွမ်းဖူးတဲ့ ဂန္ဓာရီဆရာမြဆိုတာကို သတိရပြီး အကျိုးအကြောင်းသွားပြောပြတဲ့အခါ ဆရာမြက သူကူညီပါမယ်ဆိုပြီး သူနဲ့ အကျွမ်းတဝင်ရှိတဲ့ သုခကာရီဝတ်အသင်းက အသင်းသားငါးယောက်နဲ့ စာရေးဆရာကိုပါခေါ်ပြီး သွားကြကြောင်း…………….

အဲဒီအိမ် ရောက်တော့ ဆရာမြတို့က ဘုရားရှိခိုး ငါးပါးသီလခံယူ နတ်တွေကိုပင့်ဖိတ်ပြီး မေတ္တာသုတ် ၊ ရတနာသုတ် ၊ အာဋာနာဋိ ယသုတ် တို့ကို ရွတ်ဖတ်ကြကြောင်း ၊ အဲဒီအခါမှာ အဖွားကြီးဟာ အိပ်ရာထက်က ငေါက်ခနဲထထိုင်ပြီး နားနှစ်ဖက်ကို ပိတ်ကာ အသံနက် ကြီးနဲ့ “တော်ပါတော့ ရပ်ပါတော့” နားမခံသာတော့ဘူး သွားကြ … သွားကြ ” ဆိုပြီး စူးစူးဝါးဝါး အော်ကြောင်း အဖွားကြီး ဘယ်လိုအော်အော် ဆရာမြတို့အဖွဲ့ကတော့ ရွတ်ဖတ်မြဲ ရွတ်ဖတ်လျက်၊ အိမ်ကမိသားစုတွေကလည်း ပါးစပ်အဟောင်း သားနဲ့ တအံ့တသြ ဖြစ်နေကြကြောင်း၊ အာဋာနာဋိယသုတ်ဆုံးတော့ ဆရာမြတို့လည်း ပဋ္ဌာန်း(၂၄)ပစ္စည်းနဲ့ သမ္ဗုဒ္ဓေဂါတာတော် ကြီးကို ဆက်ရွတ်ကြောင်း ၊ သမ္ဗုဒ္ဓေဂါထာတော်ကြီး မဆုံးခင်ပဲ အခြေအနေတွေက တစ်မျိုးတစ်ဖုံ ဖြစ်ကုန်ပြီ “ အား … အမလေး ကြောက်ပါပြီ မနေရဲတော့ပါဘူး။

မကပ်ရဲတော့ပါဘူး၊ သွားပါတော့မယ် ၊ သွားပါတော့မယ်” အဖွားကြီး အသံနဲ့မတူတဲ့ အသံနက် နက်ကြီးက စူးစူးဝါးဝါး ပေါ်ထွက် လာပြီး ထိုင်နေတဲ့ အဖွားကြီးရဲ့ ခန္ဓာကိုယ်ကြီးဟာ အရုပ်ကြိုးပြတ် ဘုန်းကနဲလဲကျသွား ကြောင်း ၊ အိမ်သားတွေ သွားကြည့်ကြ တော့ အသက်ဝိညာဉ် လုံးဝကင်းမဲ့နေပြီ ဖြစ်ကြောင်း ၊ ဂန္ဓာရီဆရာမြက “အင်း …….. စိတ်မကောင်းစရာ ပဲပေါ့ဗျာ၊ နာနာဘာဝ ပူးကပ်ပြီး ဘွားမယ်မ ဒီပုံစံနဲ့ ဆက်ပြီး လိုက်လျောနေမယ်ဆိုရင် ခင်ဗျားသမီးရဲ့ အခြေအနေ ဆိုးရွားသွားနိုင်သလို အိမ်မှာလည်း မဖြစ်သင့်တာတွေ ဖြစ်သွားနိုင်တယ်။

ခင်ဗျား ယောက္ခမကြီးက မေ့မြောသွား ကထဲက အသက်မရှိတော့ပါဘူး။ ဒါကို နာနာဘဝက စားချင် သောက်ချင်တာနဲ့ ပူးကပ်ဝင် တော့တာပဲ။ ဒါပေမယ့်ဗျာ ကျုပ်တို့ဘုရားရှင်ရဲ့ ပရိတ်တော်တွေ၊ ဂါထာတော်တွေ ၊ ပဋ္ဌာန်းတွေက ကောင်းကောင်းကြီး နိုင်နင်း ပါတယ်” လို့ ဆိုကြောင်း ဖတ်လိုက်ရတာပါ။ ဖုတ်ဝင်တယ်ဆိုတာကိုတော့ ကိုဘအေးလည်း ကြားဖူးပါတယ်။ ဖုတ်ဝင်နေတဲ့သူက နေ့ဘက်မှာ အိပ်နေတတ်ပြီး ညဘက်လူခြေတိတ်တဲ့ အချိန်ကျမှ အစာတွေရှာဖွေစားသောက် တတ်တယ်။ ဖုတ်ဝင်တဲ့သူရဲ့ အိပ်ရာ အောက်မှာ သြဇာရွက်တို့ ၊ ခုံဖိနပ်တို့ ထည့်ထားပြီး ဖုတ်ထုတ်ရတယ်ဆိုလို့ ပြောကြတယ်။ ဒီဝတ္ထုထဲက ဘွားမယ်မကိုဝင်တဲ့ ဖုတ်ကတော့ ဒီလောက်နဲ့ မဖြုံဘူး။ မြတ်စွာဘုရားရဲ့ ပရိတ်တော်တွေ ၊ ပဋ္ဌာန်းတရားတော်တွေရွတ်မှ ထွက်ပြေးတော့တယ်။

တချို့အစားကို အငမ်းမရစားတဲ့ သူတွေကို ဖုတ်ဝင်နေသလား မသိဘူးလို့ ပြောလေ့ရှိကြတယ် မဟုတ်လား။ နောက်တစ်ပုဒ် ကတော့ နေပုညရဲ့ “ငါ့ဟာပြန်ပေး” ဆိုတဲ့ ဇာတ်လမ်းပါ။ လယ်သူအပျိုကြီးတစ်ယောက်က ခြေကျင်းဝတ်မှာ နှင်းခူဖြစ်နေတာ။ ဆေးနည်းကလည်း ဟိုလူပြော ဒီလူပြောနဲ့ စုံနေပြီ။ ဒါပေမယ့်လယ်သူမဆိုတော့လည်း ရေထဲဆင်းနေရတာဆိုတော့ တက်ထရာ ဆိုက်ကလင်း အမှုန့်လေး သိပ်ပေးထားရင် ချပ်သွားတဲ့အနာက ပြန်စိုပြီး ပွထလာပြန်ရော။ အနာရှိန်နဲ့ပေါင်ရင်းမှာ အကြိတ်ခိုပြီး ဖျားချင်သလိုလိုရှိလာရင် ကိုဒါနင် အနာဂျက်ဆင်တို့ သောက်လိုက်နဲ့ပေါ့။

ယောက်မဖြစ်သူက တစ်နေ့တော့ “ဟဲ့ သန်းရင်ရဲ့ ၊ နင်လုပ်ရဲ မလုပ်ရဲတော့ မသိဘူး နည်းကတော့ ငါ့မျက်မြင် အလွှားလိုက် ကွာကျပြီး အသားကောင်းဖြစ်သွားတာပဲ၊ နည်းကတော့ လူအရိုးကို သွေးပြီးလိမ်းရတာပဲဟဲ့” ယောက်မစကားကြောင့် မသန်းရင် ကျောတွန့်သွားတယ်။ “နေပါစေတော့ အရွှေရယ် ၊ ရေနူးပြီးပွတက်လာတာ ၊ ခုတက်တာစိုက်ခင်း (တက်ထရာဆိုက်ကလင်း) အမှုန့်သိပ်ပေးထားတာ တော်တော်ချပ်နေပါပြီ ၊ နောက်နှစ်ရက်ဆို ဘကြီးရွှေဖန်တို့ ဘင်းဒရဲစောင်းက လယ်စိုက်ရင်တော့ ဆင်းနိုင်မှာပါ။ မဆင်းလို့လည်း မဖြစ်တော့ဘူး တစ်ယောက်တည်းနေပြီး ကြပ်နေပြီ အရွှေရေ” “ညဉ်းကလည်းအေ … အရိုးက နင့်ကို ဘာလုပ်နိုင်မှာမို့လို့လဲ၊ တယ်လေ ငါပြောလိုက်ရ မကောင်းဖြစ်တော့မယ်” အရွှေက ပြောပြောဆိုဆို သူမတို့အိမ်ဝိုင်းဘက်ကို ကူးသွားတော့တယ်။

ဒီလိုနဲ့ အဖျားသက်သာသွားတဲ့ လယ်သူမအပျိုကြီး မသန်းရင်တစ်ယောက် ကောက်စိုက်ပြန်ဆင်းတဲ့ တစ်နေ့မှာ မာကျောကျော အရာတစ်ခုကို လယ်မြေထဲမှာ စမ်းမိပြီး ဆွဲဖော်လိုက်တဲ့အခါ တစ်ထွာကျော်ကျော် အရှည်ရှိပြီး လုံးပတ်နှစ်လက်မလောက်ရှိတဲ့ အရိုးတစ်ချောင်း သူမ လက်ထဲပါလာပါတယ်။ ဘာရိုးမှန်းတော့မသိဘူး သူမစိုက်ရတဲ့အကွက်က ဘင်းဒရဲနဲ့ ကျုံမတင် အစပ် ၊ ကျုံမတင်ဆိုတာက ရွာရဲ့သုဿန်၊ ဟိုတုန်းက မြေမြှုပ်တဲ့ အလေ့ရှိပြီး ရွာကလူတွေ ဝက်ပေါ်နွားပေါ်တဲ့ နေရာလည်းဖြစ်တယ်။ ဒါ့ကြောင့် မသန်းရင်က အရိုးကို မခွဲခြားတတ်ဘူး။ သူမရှာနေတာက လူအရိုး။ ဘာပဲဖြစ်ဖြစ်ယူသွားဖို့ ဆုံးဖြတ်ပြီး ရွာရောက်မှ ဘကြီးဦးသူတော်တို့ ဆရာပုတို့ကို ပြကြည့်ပြီး မဟုတ်တော့လည်း လွှင့်ပစ်လိုက်တာပေါ့။

ရွာရောက်တော့ ဆရာပုဆီသွားတော့ ဆရာပုက အိမ်မှာမရှိဘူး။ တံခွန်တိုင်က လာပင့်သွားတယ်လို့ ပြောတယ်။ ဘကြီးဦးသူ တော်ကလည်း ဇလွန်ကိုသွားတယ်ဆိုတော့ ကောက်လာတဲ့ အရိုးကို အိမ်အမိုးတံစက်မြိတ် သက်ကယ်နဲ့ ဝါးနှီးတွဲချည်တဲ့နေရာမှာ ထိုးထားလိုက်တယ်။ ဒီလောက်ဆိုရင် “ငါ့ဟာပြန်ပေး”ဆိုတဲ့ ဇာတ်လမ်းရဲ့သဘောကို စာဖတ်သူ ပေါက်လောက်ပြီ ထင်ပါတယ်။
ဆိုပါတော့ ။ မသန်းရင်လည်း ရေမိုးချိုး ၊ ထမင်းစား ဘုရားရှိခိုးပြီး အိပ်ရာဝင်တော့ ညရှစ်နာရီထိုးပြီ။တစ်နေကုန် ခါးချိုးအလုပ် လုပ်ခဲ့ရတဲ့အတွက် နောက်ကျောတွေ တဖျင်းဖျင်းတက်လာတယ်။ နှင်းခူကို ရေစိုမှာစိုးတဲ့အတွက် ငပျော့ဆီက ငှားဝတ်တဲ့ လည်ရှည်ဖိနပ်နဲ့ ဗွက်ရုံးထားရတဲ့အတွက် ပေါင်ကြော၊ ခြေသလုံးကြောတွေကလည်း တောင့်တင်းနေတယ်။

ဒီအချိန်မှာ သူမရဲ့ အဖော်ဖြစ်တဲ့ ငနီရဲ့ စူးစူးဝါးဝါးထိုးအော်သံကြောင့် ခြံဝကို လက်နှိပ်ဓါတ်မီးနဲ့ ထိုးကြည့်လိုက်ပြီး ငနီကို ဟန့်လိုက်တော့ ငနီကငြိမ်သွားတယ်။ ခြံဝမှာလည်း ဘာမှမတွေ့ရဘူး။ ဒါနဲ့ကို ဒါနင်နှစ်ပြားကို ရေနွေးကြမ်းနဲ့ သောက်ချပြီး အိပ်ရာပေါ် ပြန်လှဲနေလိုက်တယ်။ တစ်နေကုန် ပင်ပန်းလွန်းလို့ မသန်းရင် တစ်ယောက်ဆေးသောက်ပြီး မကြာခင် မျက်တောင် စင်းလာတယ်။ ရွာထိပ်ကင်းတဲကစပြီး ထွက်ပေါ်လာတဲ့ ခွေးအူသံဟာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အကာလညအချိန်ကို သည်းထိတ်ရင်ဖို ချောက်ချားဖွယ်ရာပင်။

တစ်ကောင်အူတာနဲ့ နောက်အကောင်တွေကပါ ဆက်အူတတ်တဲ့ ခွေးတို့ရဲ့ သဘာဝ အတိုင်း ခွေးအူသံရှည်ကြီးက အဆက်မပြတ် ရွာထဲကို ဝင်လာတယ်။ ငနီက အခြားခွေးတွေလို မအူပဲ ခြံဝကိုသာ သည်းကြီး မည်းကြီး ထိုးဟောင်နေတယ်။ ဒါပေမယ့် ကြာကြာ မဟောင်ပဲ တအီအီသာ အသံထွက်ပေါ်နေတယ်။ မသန်းရင်ကတော့ ပြင်ပကမ္ဘာနဲ့ လုံးဝအဆက်အသွယ် ပြတ်သွား ချေပြီ။ သူမရဲ့ ဟောက်သံကတော့ ပုံမှန်ထွက်ပေါ်လျက်။

မျက်လုံးပြူးပြူး ၊ နဖူးပြောင်ပြောင် ၊ မေးရိုးကားကား ၊ အသားမည်းမည်း လူဝကြီးတစ်ဦး အိမ်ဝိုင်းထဲဝင်လာတယ်။ သူ့ရဲ့ တစ်ကိုယ်လုံးဟာ အမွေးအမှင်တွေနဲ့ မည်းသည်းနေတယ်။ လူဝကြီးဟာ အလွန်ဒေါသထွက်နေပုံရတယ်။ ငနီကလည်း အဲဒီလူဝ ကြီးကို စူးစူးဝါးဝါး ထိုးဟောင်နေပြီး ငနီ့ဟောင်သံက လူဝကြီးရဲ့ ဒေါသကို ဆွပေးနေသလိုလို။ လူဝမည်းကြီးဟာ ငနီ့ကို ဒေါသ တကြီးနဲ့ လှမ်းကန်လိုက်တော့ ငနီက ခုန်ရှောင်ကာ အိမ်အောက်ထဲဝင်ပြေးပြီး ဖင်သီနေတော့တယ်။ လူဝမည်းကြီးရဲ့ လှုပ်ရှား မှုမှာ ဘယ်ဘက်လက်ကတော့ တွဲလောင်းကျနေတယ်။ လူဝမည်းကြီးဟာ အိမ်ထဲကိုမဝင် ၊ အိမ်ဝမှနေပြီး မသန်းရင်ကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး ဒေါသတကြီး ဟစ်အော်ပြောလိုက်တယ်။

“ဟဲ့ကောင်မ … နင်ယူသွားတဲ့ ငါ့အရိုးတစ်ချောင်း ခုချက်ချင်းပြန်ပေးစမ်း ၊ ငါ့လက်တစ်ဖက် လှုပ်လို့မရတော့ဘူး။ မပေးရင် ခုညနင့်ကိုငါသတ်မယ်၊ သတ်မယ်။ ငါ့ဟာပြန်ပေး ၊ ခုချက်ချင်း ၊ ငါ့ဟာပြန်ပေး” လူမည်းကြီးဟာ ပြောရင်းနဲ့ ပိုပြီး ဒေါသထွက် လာပုံရတယ်။ ညာလက်နဲ့အိမ်ကို ကိုင်လှုပ်တာ သုံးပင်နှစ်ခန်း ဝါးအိမ်လေးဟာ သိမ့်သိမ့်ခါနေတယ်။ မသန်းရင်လည်း အိမ်မက် ကမ္ဘာက ဖျတ်ကနဲ လန့်နိုးလာပြီး သူမရဲ့ တစ်ကိုယ်လုံး ချွေးတွေရွှဲနေတယ်။ သူမငုတ်တုပ် ထထိုင်လိုက်တယ်။ သူမရဲ့ ဝါးအိမ် လေးက ပြင်ပကမ္ဘာမှာလည်း တသိမ့်သိမ့်လှုပ်နေဆဲ။ ဗြန်း … ဗြန်း … ဗြန်း အဲဒီအချိန်မှာ အိမ်ထရံကို လက်ဝါးနဲ့ ရိုက်သံ သုံးချက် ထွက်ပေါ်လာတယ်။ မသန်းရင်တစ်ယောက် ငယ်သံပါအောင် အော်တော့တယ်။

“အစ်ကိုချစ်ရေ ၊ အရွှေရေ … ငပျော့လေးရေ လာကြပါဦး” အဲဒီအခါ အိမ်ဝိုင်းချင်း ကပ်နေတဲ့ ဆွေမျိုးတွေ တုတ်ဆွဲ ၊ ဓါးဆွဲ ရောက်လာကြတော့ မသန်းရင်က စောင်ခေါင်းမြီးခြုံပြီး တဆတ်ဆတ်တုန်နေတယ်။ ပါးစပ်ကလည်း “လူမည်းမည်းဝ၀ကြီး ၊ လူမည်းမည်းဝ၀ကြီး” လို့ပဲ ပြောနေတယ်။ အရွှေက ဘုရားသောက်တော်ရေ တစ်ခွက်စွန့်ပြီး တိုက်လိုက်တယ်။ ဇလွန်က ပြန်ရောက်လာတဲ့ ဘကြီးဦးသူတော်ကလည်း သူ့ရဲ့သိမ်ဝင်ပုတီးကို မသန်းရင် ခေါင်းကစွပ်ပေးလိုက်တယ်။ ဒီတော့မှ မသန်းရင်ဆီက စကားသံထွက်လာပြီး ဖြစ်ကြောင်းရယ်ကုန်စင်ကို သိရတော့တယ်။

ချုပ်လိုက်ရင်တော့ မသန်းရင်ယူလာတဲ့ အရိုးဟာ လူရဲ့လက်ဖျံရိုးမှန်းသိတော့ မနက်အထိ မထားရဲပဲ ညတွင်းချင်း သူမယူလာတဲ့ နေရာကို လူအုပ်ကောင်းကောင်းနဲ့ သွားပြန်ထားလိုက်ပါတယ်။ ဘကြီးဦးသူတော်ရဲ့ ပြောပြချက်အရ မသန်းရင်ပြောတဲ့ ပုံပန်း သဏ္ဍာန်အတိုင်းဆိုရင် အဲဒီ နယ်တစ်ခွန်မှာ တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ ဓါးပြချက်ကြီးဖြစ်ပြီး သူ့ကို ရွာသူရွာသားတွေရဲ့ ရှေ့မှာတင် ကွပ်မျက်ပြီး ဒီနေရာမှာ မြှုပ်ထားခဲ့တာဖြစ်ပါတယ်။ ခုထက်ထိမကျွတ်လွတ် သေးတာပေါ့။ အဆုံးသတ်မှာတော့ အပျိုကြီး မသန်းရင်ဆီက အသံထွက်လာတယ်။

“အရွှေရယ် … အရွှေပြောတော့ အရိုးကနင့်ကို ဘာလုပ်နိုင်မှာလဲလို့ ၊ ငါမပြောလိုက်ချင်ဘူး။ ခုတော့ လုပ်များလုပ်သွားရင် ကျွန်မ … ” မသန်းရင်ရဲ့ စကားမဆုံးခင် အရွှေရဲ့ မျက်စောင်း တစ်ချက်ကို မှုန်ပြပြမီးရောင်အောက်မှာ တွေ့လိုက်ရပါတော့တယ်။
ဒါတွေကတော့ ကိုယ်တွေ့တစ္ဆေ မှတ်တမ်းဆိုတဲ့အထဲက အဓိကကျမယ် ထင်တာလေးတွေ ထုတ်နှုတ်ဖော်ပြထားတာပါ။ အသေး စိတ်မဟုတ်ပါ။ လိုရင်းကို မပေါ်လွင်ဘူးဆိုရင်တော့ ကိုဘအေးရဲ့ ညံ့ဖျင်းမှုလို့ပဲ မှတ်ယူစေချင်ပါတယ်။ အစမှာ ဖော်ပြခဲ့သလိုပဲ စာအုပ်ထဲမှာ ဝတ္ထု(၆)ပုဒ် ပါတာဖြစ်တဲ့အတွက် နောက်(၄)ပုဒ်ကတော့ မောင်နီချိုရဲ့ “ပျဉ်းမပင်နှင့်ဘုကြီးနှစ်လုံး” ၊ နန်းကြော့ သျှင်ရဲ့ “ရုက္ခစိုးနတ်သမီး” ၊ မုံရွာ – အောင်စကြာရဲ့ “ဘုရားဆွမ်းတော်” ၊ ကျော်မင်းနိုင် ရဲ့ “နေ့စံ၍ ညခံရသူများ” တို့ဖြစ်ပြီး အရှေ့ဘက်ကောင်းကင် စာအုပ်တိုက်က ဖြန့်ချီတာ ဖြစ်ပါတယ်။ ရိုက်နှိပ်ဖြန့်ချီတဲ့ ခုနှစ်ကိုတော့ မတွေ့ရပါဘူး။ ဖတ်ချင်ရင် ရှာဖတ်လို့ရအောင် ညွှန်းပေးတာပါ။

တစ္ဆေသူရဲဆိုတာတွေကိုတော့ ကိုဘအေးလည်း တစ်ခါမျှ မမြင်ဘူး။ မတွေ့ဖူးပါဘူး။ အခြောက်လည်း မခံရဖူးပါဘူး။ ဒါပေမယ့် တစ္ဆေသူရဲကို မကြောက်ဘူးလားလို့ မေးလာခဲ့ရင် ပွင့်ပွင့်လင်းလင်းဝန်ခံရရင် ကြောက်တယ်လို့ပဲ ပြောရမှာပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ ပရလောက ဆိုတာ ကိုယ်မြင်ရတာမှမဟုတ်တာ။ နာနာဘာဝ ဝိနာဘာဝတွေ ဆိုတာရှိတယ်မဟုတ်လား။ ကဲ အဲဒါတွေကို မြင်ရတယ်ဆိုရင်ကော မြင်ရရင် ပိုဆိုးတာပေါ့။ တစ္ဆေသူရဲဆိုမှတော့ ချောချောလှလှလေး ကြည့်ကောင်းတာ ဘယ်လာပါ့မလဲ။ ချောတယ် လှတယ်ဆိုတဲ့ ဥစ္စာစောင့်ဆိုတာ တောင်မှ နှစ်ယောက်ချင်းတွေ့ရရင် လန့်သွားမိမှာပဲ။ ဥစ္စာစောင့်တွေက ဇာတ်ထဲက မင်းသမီးတွေလို ဝတ်စားထားတာလို့ ကြားဖူးတယ်။ သူတိုနဲ့တွေ့လို့ ရွှေမန်ကျည်းတောင့်တွေ ဘာတွေပေးသွားရင် တော်သေး တယ်။ လိပ်ပြာနှုတ်သွားမှဖြင့် အခက်။

ပြည်ထောင်စုရိပ်သာမှာ ကိုဘအေးနေတုန်းက ၁၉၈၀ ဝန်းကျင်လောက်ပေါ့။ သမ္မတရုံမှာ ကိုးနာရီခွဲပွဲ ကြည့်ပြီးတော့ ညသန်း ခေါင်ကျော်လောက် တစ်ယောက်ထဲ လမ်းလျှောက်ပြန်လာခဲ့ ဖူးတယ်။ ဦးဝိစာရလမ်းတစ်လျှောက် လူမပြောနဲ့ ကားအသွား အလာတောင် မရှိတော့ဘူး။ ကန်တော်မင်ပန်းခြံနား ရောက်တော့ လူကကြက်သီးမွေးညှင်းတွေ ဖြန်းကနဲ တစ်ချက်ဖြစ်သွား တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥစ္စာစောင့်တွေက ကန်တော်မင် ပန်းခြံထဲက ထွက်ထွက်လာပြီးတော့ မော်တော်ကားတွေကို တားတတ်တယ်လို့ ကြားဖူးထားတာကိုး။ (ကိုဘအေးကတော့ ခြေကျင်လျှောက်လာတဲ့ လူမို့လို့ ဒီလူအပလာပဲဆိုပြီး ထွက်မလာ တာပဲ ဖြစ်လိမ့်မယ်) ကိုဘအေးလည်း နောက်လှည့်မကြည့်တော့ပဲ အိမ်ရှိရာ မနော်ဟရီလမ်း ဘက်ကို အလျင်အမြန်ချိုးကွေ့ပြီး ခြေကုန်သုတ်ခဲ့တော့တယ်။ အမှန်ကတော့ တစ်လမ်းလုံး တစ်ယောက်ထဲလျှောက်ပြန်လာပြီး အဲဒီနားရောက်မှ စိတ်ထဲက မသိုးမသန့် ဖြစ်သွားတာ။ ကိုယ့်စိတ်က ကိုယ့်ဖာသာ ခြောက်ခြားသွားတာပါ။

နေပြည်တော် ရောက်ခါစတုန်းက ပစ္စည်းတွေပြောင်းရွှေ့နေရာချထားပြီးတော့ မောမောနဲ့ မဒမ်ဘအေးတစ်ယောက် အိပ်ပျော် သွားတယ်။ အိပ်မက်ထဲမှာ ဥစ္စာစောင့်တစ်ယောက် ပေါ်လာပြီး သူနဲ့လိုက်ခဲ့ပါလားလို့ခေါ်တယ်။ မဒမ်ဘအေးက မလိုက်ဘူးလို့ ငြင်းလိုက်ပြီး လန့်နိုးလာတယ်။ တောတွေတောင်တွေကို ခုတ်ထွင်ရှင်းလင်းပြီး နေပြည်တော်ကို တည်ရတာဆိုတော့ မမြင်အပ်တဲ့ သတ္တဝါတွေ ရှိနေမှာပါ။ နောက်ပြီးတော့ နေပြည်တော်တည်စ လမ်းတွေဖောက်၊ အဆောက်အဦးတွေဆောက်ရင်း မတော်တဆပဲ ဖြစ်ဖြစ် ဖျားလို့နာလို့ပဲဖြစ်ဖြစ် သေဆုံးခဲ့ကြတဲ့ သူတွေလည်း ရှိတယ်မဟုတ်လား။ ကိုဘအေးတို့မိသားစုတွေ မခေါ်ရသေးခင် သူ့တိုက်နဲ့ သူ့အဆောင်သဘောမျိုး စုနေကြရတုန်းက ဒရိုင်ဘာတွေ စုနေကြတဲ့အခန်းမှာ အိပ်နေရင်း ခြေထောက်ကို လာလာဆွဲ တယ်လို့ ပြောကြတယ်။ ကိုယ်ကတော့ သူတို့မူးမူးရူးရူးနဲ့ လျှောက်ပြောကြတာပဲလို့ အောက်မေ့တယ်။

နောက်ပိုင်းမှာ မိသားစုတွေရောက်လာကြတော့လည်း အဲဒီအခန်းမှာ နေကြတာပဲ။ ဘာမှပြောသံ မကြားရတော့ပါဘူး။ ဒါပေမယ့် မရှိဘူးလို့လည်း ပြောလို့မရပြန်ဘူး။ လူတွေများလာလို့ တခြားရောက်သွားတာလဲ ဖြစ်နိုင်တယ်။ နိုင်ငံတော်ကောင်စီရုံး ဝင်ဒါ မီယာမှာတုန်းက ညဖက်ဂျူတီကျရင် ကိုဘအေးတစ်ယောက်ထဲ နေရတာတွေရှိတယ်။ ညစောင့်တစ်ယောက်ရယ် ဒရိုင်ဘာရယ် ရှိပေမယ့် အိုဗာတိုင်ဆိုရင် ဂျူတီကားနဲ့ပဲ လိုက်ပို့ရတော့ အပြန်မှာ ဒရိုင်ဘာ တစ်ယောက်ထဲ ဖြစ်နေမှာစိုးလို့ ညစောင့်က လိုက် သွားတတ်တယ်။ ဝန်ထမ်းတွေက တောင်ဥက္ကလာ ၊ မြောက်ဥက္ကလာ ၊ သာကေတစသဖြင့် နေရာအနှံ့လိုက်ပို့နေရတော့ ၁၂ နာရီ တစ်ချက်လောက်မှ သူတို့ပြန်လာတတ်ကြတယ်။ ဂျူတီခန်းအရှေ့ ကိုက် ၅၀ အကွာလောက် မော်တော်ယာဉ်ဋ္ဌာနရှေ့မှာ ပေ ၄၀ ကျော်လောက်မြင့်တဲ့ သစ်ညိုပင်ကြီးရှိတယ်။ အရွက်တွေအုပ် ဆိုင်းဆိုင်းနဲ့ ညဖက်ဆိုရင် သဘက်ကြီး တစ်ကောင် ရပ်နေသလား လို့ ထင်ရတယ်။

လေတိုက်ရင် အရွက်တွေက တစ်ရှဲရှဲနဲ့ သစ်ပင်ကြီးက လှုပ်လာသလိုပဲ။ ကိုယ်လည်း သစ်ပင်ကြီးကို မကြည့်မိအောင် သတိထား နေပြီး ကိုယ့်ဖာသာ စာအုပ်တစ်အုပ်လောက် ကောက်ဖတ်နေလိုက်တယ်။ နို့မဟုတ်ရင် တစ်ယောက်ထဲဆိုတော့ စိတ်ကခြောက် ခြားချင်လာတယ်။ ဝန်ကြီးများရုံးတုန်းက ပိုဆိုးတာပေါ့။ ဘိုမသူရဲ ရှိတယ်လည်းပြောတယ်။ ညဆိုဂျူတီကျရင် အပေါ်ထပ် တစ်ခန်းလုံးမှာ ကိုယ်တစ်ယောက်တည်း။ ည ၈ နာရီ ၉ နာရီအထိတော့ ဝန်ထမ်းရေး ရာဘက်မှာက လူတွေရှိတတ်တယ်။ သူတို့ပြန်သွားရင်တော့ တိတ်ဆိတ်သွားပြီး ကိုယ်တစ်ယောက်ထဲပဲ ကျန်တော့တယ်။ အဲဒီတုန်းကတော့ ထူးခြားဖြစ်စဉ်တွေ ဘာတွေ မတင်ရသေးဘူး။ အဲဒီတော့ စာရိုက်မယ့်လူလည်း မလိုတော့ ညဂျူတီကိုတစ်ယောက်ထဲပဲ ချထားတာ။ ဝန်ကြီး ရုံးဘက်ကလည်း ဂျူတီသမားတွေရှိပါတယ်။

ဒါပေမယ့် ကိုယ်တွေနဲ့က နည်းနည်းလှမ်းတယ်။ အဲဒီတော့ ဘိုမသူရဲလည်း လာရင်လာစမ်း။ တွေ့ဖူးတာပေါ့ ၊ စိတ်ထဲကကျုံးဝါး လိုက်တာပါ။ တကယ် နဖူးတွေ့ ဒူးတွေ့ဆိုရင်တော့ ဘယ်လိုနေမလဲ မပြောတတ်ဘူး။ ၁၉၆၉ ခုနှစ် အ သုံးလုံး လုပ်အားပေးခဲ့ တုန်းက တာဝန်ကျတဲ့ အညာဘက်က ရွာတစ်ရွာမှာ အိမ်သာတက်ချင်ရင် တစ်ရွာလုံးမှ အိမ်သာသုံးလုံးရှိတဲ့ အထဲက ရွာသုဿန် နားက မူလတန်းကျောင်းက အိမ်သာကိုသွားရတာပါ။ ကြောက်တယ်ဆိုပြီး အိမ်သာမတက်လို့မှ မရတာ။ သာမန်အားဖြင့် ဆိုလျှင် တော့ တစ္ဆေသူရဲနဲ့တွေ့တယ်။ တစ္ဆေအခြောက်ခံရတယ်ဆိုရင် ကံနိမ့်လို့လို့ ပြောတတ်ကြတယ်။

ကံနိမ့်တဲ့သူမှ သူရဲကိုတွေ့ရတာလို့ ဆိုတာကိုး။ ဒါပေမယ့် အတွေ့အကြုံရှိပြီး သမ္ဘာရင့်ကျက်တဲ့ ဆရာတော်တွေကတော့ မိမိတို့ရဲ့ ဘဝပေး ကံကြမ္မာ၊ ကျိုးကြောင်း ဆက်နွယ်မှု ပဋ္ဌာန်းဆက်များကြောင့် အဲဒီလိုတစ္ဆေသူရဲ ပြိတ္တာတွေနဲ့ လူတို့ ကြုံတွေ့ရတယ်လို့ ဆိုခဲ့ဖူးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူရဲမကြောက်ဘူးဆိုပြီး သူရဲရှိတယ်ဆိုတဲ့ နေရာသွားပြီး သူရဲကို စိန်ခေါ်တာတို့ ၊ သုဿန် ထဲမှာ ညဘက် တစ်ယောက်ထဲသွားနေ တာတို့ စတဲ့ မိုက်ရူးရဲဆန်တဲ့ အလုပ်တွေကြောင့် ဒုက္ခရောက်ကြတဲ့ အကြောင်းတွေ ကိုတော့ ကြားဖူးကြမှာပါ။ သိပ္ပံထွန်းကားတဲ့ အနောက်နိုင်ငံတွေမှာတောင် တစ္ဆေသူရဲယုံတဲ့သူတွေ ရှိတာပဲနော့။

ဒါပေမယ့် သူရဲဆိုတာကို တအားကြောက်နေဖို့တော့ မလိုပါဘူး။ တကယ်တမ်းတော့ သူရဲ ခြောက်ခံရတဲ့ သူဆိုတာ ဒဿမ သုည သုည တစ် ရာခိုင်နှုန်းတောင် မရှိပါဘူး။ တစ်ဆင့်စကား တဆင့်နားနဲ့သာ ကြားဖူးကြတာပါ။ ကိုယ်တိုင်ကြုံဖူးတဲ့သူ ရှားပါတယ်။ ဒါ့ကြောင့်လည်း သူရဲဆိုတာကို အလွန်အကျွံ ကြောက်နေဖို့ မလိုဘူးလို့ ပြောတာပါ။ ကိုဘအေးလည်း သူရဲကြောက်တယ်လို့ ဝန်ခံ ဖူးပါတယ်။ ဒါပေမယ့် သန်းခေါင်သန်းနွဲ့မှာ လမ်းပေါ်တစ်ယောက်ထဲ လမ်းလျှောက်ခဲ့ဖူးပြီး ရုံးကြီးတစ်ခုလုံးမှာလည်း ကိုယ်တစ် ယောက်ထဲ ညအိပ်ခဲ့ရတာ သုဿန်နားကအိမ်သာ သွားတက်ဖူးတာတွေဟာ ကိုယ့်စိတ်ကို ကိုယ်အားတင်းထားနိုင်လို့ပါပဲ။ ပြီးတော့လည်း ဘုရား ၊ တရားဂုဏ်တော်တွေ ပွားများအောက်မေ့နေရင် ကြောက်စိတ်တွေ ပယ်ဖျောက်ထားနိုင်ပါလိမ့်မယ်။ဒီတော့ မိတ်ဆွေ သင်ရော သူရဲကြောက်တတ်သလားလို့ မေးချင်ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*