ခဏတော့ သည်းခံပါ၊ အချိန်လေးတစ်ခုအထိ စောင့်ပေးပါ » ICT.com.mm
Need Help? Call 0942 000 4551
အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးမည်။ ပစ္စည်း အာမခံချက် တာဝန်ယူသည်။

ခဏတော့ သည်းခံပါ၊ အချိန်လေးတစ်ခုအထိ စောင့်ပေးပါ

ခဏတော့ သည်းခံပါ၊ အချိန်လေးတစ်ခုအထိ စောင့်ပေးပါ
Jun 22, 2013 Dr. PTS

“ယခု ရေတွင်းတူးပြီး ယခုပင် ရေကြည် သောက်လို”၍ မရနိုင်မှန်း လူတိုင်း သိကြပါသည်။ ဆိုလိုသည်မှာ အရာရာ တိုင်းကို “ယခုချက်ချင်း” အမြန် လိုချင်၍ မရနိုင်ခြင်းပင် ဖြစ်သည်။ ထိုသူသည် မည်မျှပင် ဥစ္စာဓန ကြွယ်ဝပါစေ၊ ပညာဉာဏ် ထက်မြက်သူပင် ဖြစ်ပါစေ။ တန်ခိုးအာဏာရှိသူ ဖြစ်ပါစေ။

လူအများ၏ ခေါင်းဆောင်ကြီး ဖြစ်နေပါစေ။ ကိစ္စရပ် တိုင်းကို ယခုချက်ချင်းဟူ၍ ပြောင်းလဲ၍ မရနိုင်ပေ။ စာရေးသူ အဓိက ရည်ရွယ် ဆိုလိုသည်မှာ “ကျန်းမာရေး” “ဝေဒနာ” “ရောဂါ”တို့နှင့် ပတ်သက်၍ ဖြစ်ပါသည်။ အသွေးအသားတို့ဖြင့် ဖွဲ့စည်းထားသော လူ့ခန္ဓာကိုယ်ကြီး၏ မမြဲသော အနိစ္စ တရားနှင့် “အိုနာသေဘေး”တို့ကို မည်သူ အံတုအံ့နည်း။ သို့သော် ထို အိုနာသေဘေး တို့မှ အပြီးတိုင် ကင်းလွတ်အောင် မစွမ်းနိုင်စေကာမူ အနည်းငယ် သက်သာအောင် ကူညီပေးနေသော ကျန်းမာရေး ဝန်ထမ်းတို့ကိုကား
***
“ဆေးခန်းသုံးခုတောင် ပြောင်းပြပြီးပြီ အခုထိ မသက်သာသေးဘူး” ထိုသို့သော ဒေါသအဖွင့်စကားနှင့် စာရေးသူတို့ထံ လာပြသော လူနာများလည်း မနည်းလှ။ စာရေးသူ ဆေးတစ်ရက်စာ ပေးလိုက်ပြီး မသက်သာလျှင်လည်း “ဆေးခန်းလေးခန်း ရှိပြီ”ဟု ဆိုပြီး ငါးခန်းမြောက် ဆေးခန်းကို ပြေးဦးမည်။

ယခုခေတ်တွင် နိုင်ငံတော်၏ စေတနာကြောင့် မြို့ပြများတွင် ဆရာဝန် များ ပေါများလာကြပြီ မဟုတ်လော။ Doctor Shopping ထွက်သည်ဟု ပြောရလောက်အောင် နံနက်ဆေးခန်း တစ်ခု၊ နေ့လည် ဆေးခန်းတစ်ခု၊ ညနေ ဆေးခန်းတစ်ခု ပြောင်းပြကြသည့် အလေ့ ရှိသူများလည်း ရှိသည်။ ယိုယွင်းပျက်စီး တတ်သော ခန္ဓာ၏ မမြဲသော ပြောင်းလဲမှု အဖြစ် ခံစားကြလာရသည်။ “ဝေဒနာ”ကို သည်းခံနိုင်စွမ်း မရှိတော့။ “ဒေါသ” ဖက်လာသည်။ အမှန်တကယ် ဆင်ခြင် ကြည့်လျှင်
ဝေဒနာဖြစ်အောင် ဖန်တီးသူက ခန္ဓာ၊ ဒေါသ ဒဏ်ခံရသူက ဆရာဝန်။ လွဲတော့ လွဲနေချေပြီ။

“ဆရာ ဟိုဘက်ဆေးခန်းကလည်း ဒီဆေးပဲ တိုက်ခိုင်းတာပဲ၊ သား အဖျားက …..နဲ့ဆို မကျဘူး” တချို့မိဘများ၏ သောက စကား။ သွေးလွန်တုပ်ကွေး အဖြစ်များသော စာရေးသူတို့ ဤနိုင်ငံ ဤအချိန်တွင် ကလေးတစ်ယောက်၏ အဖျားအတွက် Paracetamol ပါရာစီတမောမှ လွဲ၍ အခြား အဖျား ကျဆေးများ မပေးရဲ။ ပါရာစီတမောကို ကုမ္ပဏီအလိုက် နာမည်ကြီး ဈေးကြီး ဆေးများမှအစ ဈေးအမျိုးမျိုး နာမည် အမျိုးမျိုးဖြင့် တင်သွင်းကြသည်။ နာမည်ကြီး ကုမ္ပဏီမှ “……” ပါရာစီတမောကို “ဒီဆေးနှင့် အဖျား မကျ”ဟု ဆို၍ အခြားကုမ္ပဏီမှ “…..” နာမည်ဖြင့် ပါရာစီတမော ပြောင်းပေး လိုက်တော့မှ အဖျားကျပြီတဲ့။ အရင် ဆေးနာမည် ပျက်၍ နောက်ဆေး နာမည် တက်ချေပြီ။ ဆရာဝန်လည်း ထို့အတူပင်။ ယခင်နေ့ရက်များက အခြား ဆေးခန်းများ၌ ကုသမှု ယူပြီးမှ “အဖျားမကျလို့”ဟူ၍ မိမိ ဆေးခန်း
ရောက်လာသည်။ ကျချိန်တန်၍ အဖျားကျတော့ “ဒီဆရာဝန်နဲ့မှ အဖျား ကျတော့တယ်”ဟူ၍ ဖြစ်ချေပြီ။

လူနာတစ်ဦးကို ဆေးကုသရာ၌ Science အတတ်ပညာ၊ Knowledge ဗဟုသုတနှင့် Experience အတွေ့အကြုံများ ပါဝင်နေသည့်အပြင် Arts of Management စီမံခန့် ခွဲမှု လက်ရာ (အနုပညာ)သည်လည်း အရေးကြီး လှသည်။ လူနာတစ်ဦးကို ရောဂါ အမည်တတ်ခြင်း၊ ဆေးဝါးပေးခြင်းတို့သည် မှန်ကန်တိကျဖို့ လိုအပ်သကဲ့သို့ လူနာ၏ ဆရာဝန်အပေါ် ယုံကြည်မှု ပြည့်ဝ စေနိုင်ရေးသည်လည်း အရေးပါလှသည်။ ယခုခေတ် မြောက်များစွာ ထွက်ပေါ်နေသော နေ့စဉ်ထုတ် သတင်းစာများနှင့် ဂျာနယ်များ၌ စာရေးသူ တို့ သုံးစွဲလေ့ရှိသော “ပွင့်လင်းမြင်သာမှု” Transparency၏ အနှစ်သာရသည် “ဝေဒနာ သက်သာရေးအတွက် ဆေး တစ်ခွက်ဖြစ်မည်။ “ဒီဟာ ဒီရောဂါ။ ဒါတွေတော့ စစ်ရမယ်။

ဒါတော့ ရှောင် ရမယ်။ ဒီဆေးတွေတော့ ဒီလောက် သောက်ရမယ်။ ……ရက် စောင့်ကြည့်မယ်။ မသက်သာရင် ဒါထပ် လုပ်ရမယ်။ ဒီရက်အတွင်း ဒီလိုနေပါ” စသဖြင့် ပွင့်ပွင့်လင်းလင်း မှာကြားလိုက် သည်ကို နားထောင်သည့် လူနာဦးရေက တစ်ဝက်မျှ မရှိကြ။ လောကကြီး၏ ဆန်း ကြယ်သော သဘောတရားများထဲ၌ “ဆေး လိုက်ခြင်း”ဟူသည်လည်း တစ်ခု အပါအဝင် ဖြစ်သည်။ ညွှန်ကြားသည့်အတိုင်း ပြုမူ ကျင့်ကြံ စားသောက် နေထိုင်ပြီး ကုသမှု ခံယူသူ အများစုသည် ရောဂါလက္ခဏာ သက်သာလာကြမြဲဖြစ်ပြီး ယုံကြည်မှု အားနည်းပြီး သံသယစိတ်ဖြင့် ကုသမှု ခံယူသူတို့သည် ပိုမို ရှုပ်ထွေးသော ရောဂါများအဖြစ်သို့ ပိုမို ရောက်ရှိ ကြရသည်။

“ရှင်းပြရမည်က မိမိတာဝန်”ဟူ၍ စာရေးသူ၏ လက်အောက် ငယ်သား များအား အမြဲ ညွှန်ကြားရသည်မှာလည်း မိမိတို့ဘက်မှ အားနည်းမှုများကြောင့်ပြဿနာတက်ခဲ့ရသည့်
သာဓကများ ရှိခဲ့၍ ဖြစ်သည်။ လူနာဟုဆိုရာ၌လည်း (၃)မျိုး ရှိသည်။ မည်မျှပင် ရှင်းပြပြောဆိုစေကာမူ “ဆရာ ကောင်းတာသာ လုပ်ပါ။ ဟူ၍ ခေါင်းထဲ မထည့်သော အုပ်စု၊ ဟိုဟာ မဟုတ်ဘူးလား၊ ဟိုလို ဘာလို့ မလုပ်တာလဲ။ ဒီဟာနဲ့ ရပါ့မလား အစရှိသဖြင့် “လား”ပေါင်းများစွာ၊ သံသယ များစွာ ရှိသော အုပ်စု တစ်စုနှင့် ဖြစ်နိုင်ချေ မဖြစ်နိုင်ချေတို့ကို လက်ခံပေးနိုင်သည့် အုပ်စု တစ်စုတို့ ဖြစ်ကြသည်။ “ဒီမိုကရေစီ နှင့် “ဝေဖန်ရှုံ့ချမှု”တို့သည် ဒွန်တွဲ နေသည်မှာ မှန်သော်လည်း အရာရာကို အဆိုးမြင် ဝါဒနှင့် လိုက်လံဝေဖန် အပြစ်တင်နေသည့် လွဲမှားနေသော ဒီမိုကရေစီ ခံယူချက်ကို ပြည်သူများ နားလည်သင့်ပါသည်။ ၉၉.၉ ရာခိုင်နှုန်း အောင်မြင်သော်လည်း ၀.၁ ရာခိုင်နှုန်း မအောင်မြင်သည့်အတွက် တစ်စိတ်ကို တစ်အိတ် ချဲ့ချင်သူများကြောင့် ပြည်သူ များမှာ ၉၉.၉ ရာခိုင်နှုန်း အောင်မြင်မှန်းပင် အမှန် မသိလိုက်သူများ ရှိနေကြ သည်။

“You Client is always Right. You don’t have any excuse!”ဟူသော သတိပေး စကားလေးကို အောင်မြင်သည့် လူထု အကျိုးပြု ကုမ္ပဏီ တစ်ခု၏ ရှေ့၌ တွေ့ဖူးပါသည်။ လူထု အကျိုးပြုလုပ်ငန်း လုပ်ဆောင်သူများ ထားအပ်သော သဘောထားဟု ဆိုလျှင်လည်း မမှားပေ။ သို့်သော် သေမင်း၏ လက်အတွင်းမှ ခဏတာ ကယ်ထုတ်ပေးနေရသည့် ကျန်းမာရေး ဝန်ထမ်းများကား လူနာရှင်နှင့် လူနာတို့၏ အလိုကို အစဉ်အမြဲ အလိုက် ဆောင်နေ၍ မဖြစ်။

“ဟိုဆေးလေး ပြောင်းပေးပါ” “ပိုးသတ်ဆေး ထည့်ပေးပါ” “….. လေး ထိုးပေးပါ” အစရှိသဖြင့် မိမိ၏ ကိုယ်ပိုင် ကုထုံးဖြင့် စာရေးသူကို လာကု ခိုင်းသူများ ရှိခဲ့ဖူးသည်။ ဘေးဥပါဒ် မဖြစ်တန်သည် တို့ကို အလို လိုက်နိုင်သော်လည်း အချိန်တိုင်း အရာတိုင်းတော့ မဖြစ်နိုင်။ ထိခိုက် နစ်နာမည်ဆိုလျှင် လူနာသာ နစ်နာမည်။ ဆရာဝန်က အမုန်းခံ၍ အလို မလိုက်သည်မှာ မိမိတို့အတွက် ဖြစ်သည် ဟူသော အချက်ကို မိဘပြည်သူများ သဘောပေါက်စေချင်ပါသည်။ စာရေးသူ အပါအဝင် ဆရာဝန်အများစုသည် သာမာန် တုပ်ကွေးဟုခေါ်သော ဗိုင်းရပ်စ်ပိုးကြောင့် နှာစေးဖျားနာ ချောင်းဆိုးခြင်းမျှကို ပိုးသတ်ဆေး ပေးလေ့ မရှိ။

တုပ်ကွေး သဘာဝအရ အဖျားကျစေရန် ပါရာစီတမောမျှ သောက်ပြီး အရည်များများ သောက်၊ အစားကောင်းကောင်း စားပြီး အိပ်ရေး ဝဝ အိပ်ပြီး ကိုယ်ခံအား မွေးပါက (၃)ရက်၊ အလွန်ဆုံး (၅)ရက်ဆိုလျှင် သက်သာပြီ။ သို့သော် လူနာများကား (၃)ရက် မပြောနှင့်။ တစ်ညမျှပင် မစောင့်နိုင်ကြ။ သုံးရက်အတွင်း ဆေးခန်း သုံးခု ပြောင်းပြပြီး နောက်ဆုံးနေ့ ဆရာဝန်မှ လူနာအလို လိုက်၍ ပိုးသတ်ဆေး ထည့်ပေးလိုက်မှ အဖျားကြသည်ဟု မှတ်ယူလိုက်ကြသည်။ ၎င်းကို “Dependence”ဟု
ခေါ်သည်။ လူနာကလည်း ပိုးသတ်ဆေးကို Dependence ဖြစ်သလို ဆရာဝန်ငယ်များ ဘက်မှလည်း “မထည့်ရင် ရပါ့မလား”ဟူ၍ Antibiotic Denpedence
ဖြစ်လာသည်။ ထို့သို့ “Antibiotics Misused” များကြောင့် Antibiotic Resistence ဆေး ယဉ်ပါးခြင်းများ ဖြစ်လာသည်။ ဤအချက်သည် လူသား အားလုံး
အတွက် အကြောက်ရဆုံးသော အန္တရာယ် ဖြစ်ကြောင်း အသိပေးချင်ပါသည်။

လိုအပ်၍ ပိုးသတ်ဆေး Antibiotics သုံး ရမည်ဆိုလျှင်လည်း ရောဂါနှင့် တန်သည့် သက်ဆိုင်သည့် ဆေးကို သတ်မှတ်ကာလ အတွင်း သတ်မှတ်ထားသည့်အတိုင်း သောက်ရမည်။ ပိုးသတ်ဆေး အပါအဝင် ဆေးဝါးများသည် ခန္ဓာကိုယ်အတွင်း Steady State ဆိုသည့် Drug Level တစ်ခု ရောက်မှ အာနိသင် စရသည်။ ယခုတစ်လုံး သောက်၍ ယခုရောဂါ မသက်သာနိုင်သေး။ ဤအချက်ကို မသိရှိသောကြောင့် “ဆေးက ပျော့တယ်၊ ဆေးပြောင်းပေးပါ”ဟူ၍ လာကြသည်။ ယေဘုယျအားဖြင့် ပိုးသတ်ဆေး တစ်ခု၏ အာနိသင် စတင် ရရှိရန် ၂၄နာရီမှ ၄၈ နာရီအထိ ကြာတတ်သည်ကို သိရှိထားပါလျှင် ပြည်သူများ ဝေဒနာ
အပေါ်တွင် ဒေါသနှင့် သောက နည်းသွားပေမည်။

ထိုထက် ကြောက်ဖို့ကောင်းသည်က “ဟိုတစ်ခါ ဖြစ်တာ ဒီပိုးသတ်ဆေးနဲ့မှ ကောင်းတာ”ဟူ၍ အစွဲမှားဖြင့် ပိုးသတ်ဆေးကို ပဲကြီးလှော်ကဲ့သို့ စားလာခြင်း၊ ဆေးဆိုင်များမှ “ဒီလို ရောဂါကို ဒီဆရာဝန်က ဒီဆေးပေးတာပဲ”ဟူ၍ အခြားသူများကို အလွယ်တကူ ဆေးစပ်ပေးခြင်း များသည်လည်း စာရေးသူတို့ နိုင်ငံ၏ အနာဂတ်အတွက် စိုးရိမ်စရာ ဖြစ်သည်။ ဆေးကောင်စီနှင့် ကျန်းမာရေး ဝန်ကြီးဌာနများမှ စဉ်ဆက်မပြတ် ပညာပေးခြင်း၊ Antibiotic Policy ချမှတ်ခြင်းများ၊ OTC Drugs (Over the Counter Drugs) ဆေးစာ မပါဘဲ လွယ်လင့်တကူ ဝယ်နိုင်သော ဆေး) သတ်မှတ်ရေးများအတွက် အကောင်အထည်ဖော်ခြင်းသည်ကား ခေတ်မီသော နိုင်ငံများ၏
ကောင်းသော အတုယူခြင်းများဟု ဆိုနိုင်သည်။

ယခုမီဒီယာများနှင့် အင်တာနက်ပေါ်တွင် ဖြစ်ပေါ်နေကြသော ကျန်းမာရေးနှင့် ပတ်သက်သည့် ပြဿနာများသည်ကား ၉၉.၉ရာခိုင်နှုန်းခန့် လူနာမှ မကောင်းသည်ကို မကျေနပ်၍ ရေးသားပြောဆိုနေကြခြင်းသာ ဖြစ်ပါသည်။ ကျန်းမာရေး ဝန်ထမ်းနှင့် ဆေးရုံများမှ ကုသပေးလိုက်၍ သက်သာ သွားသော လူနာများကား ဒုနှင့် ဒေး ရှိသည် မဟုတ်လော။ သို့သော် သူတို့က ကောင်း သွားတာကို ကလောင် မတင်တတ်ကြပါ။ အမှန်ဆိုရလျှင် တစ်မျိုးသားလုံးအတွက် ပိုမို အရေးပါသော ဆေးယဉ်ပါးမှု တားဆီး ရေးအတွက် ပုဂ္ဂလိက တစ်ဦးတစ်ယောက် စာထက် ကလောင်စွမ်း မီဒီယာစွမ်းဖြင့်
ကူညီကြသင့်ပါကြောင်း…………။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*