အလောင်းအစား လုပ်နေရတဲ့ လူ့ဘဝ » ICT.com.mm
Need Help? Call 0942 000 4551
အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးမည်။ ပစ္စည်း အာမခံချက် တာဝန်ယူသည်။

အလောင်းအစား လုပ်နေရတဲ့ လူ့ဘဝ

အလောင်းအစား လုပ်နေရတဲ့ လူ့ဘဝ
Jun 3, 2013 TZO

ကိုဘအေးရဲ့ သူငယ်ချင်း တစ်ယောက် က ပြောပြလို့ သူတို့ ရပ်ကွက်ထဲက ကိုတင်စိုး ဆိုသူရဲ့ မိန်းမရဲ့ အစ်မက မမာ နေတာ ကြာပြီ။ မိန်းမရဲ့ အစ်မဆိုတော့ ကိုတင်စိုးနဲ့ ဘာတော်မလဲ။ မိန်းမရဲ့ ညီမ ဆိုရင်တော့ ခယ်မလို့ ခေါ်တာ သိတယ်။ အစ်ကို့ရဲ့ မိန်းမကိုတော့ ညီဖြစ်သူက မရီး တော်ပြီး၊ ညီမအနေနဲ့က ယောက်မတော် တယ်။ အခုဟာက မိန်းမရဲ့ အစ်မဆိုတော့။ အစ်မတော်တယ် ပြောရအောင်လည်း အသက်က သူ့ထက်ငယ်တယ်။ ဒီတော့ ကိုဘအေးလည်း ဆွေမျိုးမစပ်တတ်တော့ ဘူး။ ကိုဘအေးက ကိုယ်တင် ဦးနှောက် စားတာ မဟုတ်ဘူး၊ ရုံးက လူတွေကိုပါ ဦးနှောက်စားအောင် လုပ်လိုက်သေးတယ်။ ထားလိုက်တော့။ ကိုတင်စိုး မိန်းမရဲ့ အစ်မကို မမြင့်လို့ပဲ ထားလိုက်တော့။

အဲဒီမမြင့်က ပြီးခဲ့တဲ့ ၁၀ရက်လောက်က ဆေးရုံတက်တယ်။ အဲဒီမတိုင်ခင် တစ်ပတ် လောက်က သာကေတ၊ ဇိနမရ်အောင်ဘုရား နားက ကုသိုလ်ဖြစ် ဆေးခန်း တစ်ခုမှာ သွား ပြပြီး၊ အဲဒီက ညွှန်ကြားချက်အရ ဆေးရုံသွား တက်ရတာ။ ပြောရရင် သူကလည်း နေမ ကောင်း ဖြစ်နေတာ ကြာပြီ။ စဖြစ်တာက တော့ ခြေထောက် အရိုးအဆစ်တွေ နာတာ၊ ကြည် မြင့်တိုင် အရိုးဆေးရုံကြီးမှာ သွားပြပြီး ပေးတဲ့ ဆေးတွေ သောက်တယ်။ တစ်ခါ နှစ်ခါ ပြပြီးတော့ ဆက်မသွားတော့ဘူး။ ဝေးတာလည်း ပါတယ်။ အဖော်လည်း မရှိ တော့၊ တက္ကစီနဲ့ပဲ သွားရတာ ဆိုတော့ နောက်ပိုင်း ဆေးရုံက ပေးတဲ့ ဆေးအတိုင်း ဆေးဆိုင်မှာ ဝယ်သောက်တယ်။ သက်သာ သွားလိုက်၊ ပြန်ဖြစ်လိုက်၊ ဆေးသောက် ထားတဲ့ နေ့သက်သာတယ်။ နောက်နေ့ ပြန် ဖြစ်တယ်။ နောက်ပိုင်းမှာ လက်မောင်းတွေ ပါနာလာတယ်။ ရောင်လာတယ်။ လေးဘက် နာလား ဆိုပြီး လေးဘက် နာဆေးတွေလည်း သောက်တယ်။ မသက်သာဘူး။

နာရင် ညည်းနေရတယ်။ တစ်နေ့တော့ (တစ်နေ့ တော့ဆိုတာ အဲဒီလို ဖြစ်နေတာ တစ်နှစ် လောက် ရှိတော့မှ) အပြင် ဆေးခန်း တစ်ခု မှာ သွားပြဖြစ်တယ်။ အရိုးပွတာလို့ပြောပြီး၊ အရိုးဆေးတွေ ပေးလိုက်တယ်။ ဆေး သောက်နေတုန်း အချိန်မှာ သက်သာပါ တယ်။ အရင်မစားချင် မသောက်ချင် ဖြစ်နေ တာတွေလည်း နည်းနည်းပါးပါး စားနိုင် သောက်နိုင်လာတယ်။ စားချင်သောက်ချင် စိတ်ရှိလာတယ်။ ဒါပေမယ့် လူကတော့ သွားတဲ့လာတဲ့အခါ ပုံစံ သိပ်မကျဘူး။ ခြေ ထောက်တွေနာတဲ့ အခါကျတော့ ညှာပြီး တော့ လျှောက်ရင်းနဲ့ ကွတကွတ ဖြစ်နေ တယ်။ တချို့ဝတဲ့လူတွေ လျှောက်တာ ခြေ ထောက် ကြီးတောင့်ပြီး ဘယ်ယိမ်းလိုက် ညာယိမ်းလိုက်နဲ့လေ။ အဲဒီလိုပဲ ပုံပေါ် အောင်တော့ သိပ်မပြောတတ်ဘူး။ လက် တွေလည်း ရောင်ပြီးတော့ နာနေတာ။ အရိုး ပွတယ်ဆိုတော့ ကယ်လ်စီယမ်ပါတဲ့ ဆေး တွေရော၊ အကိုက်အခဲ ပျောက်တဲ့ဆေး တွေလည်း ပါမှာပေါ့။ နောက် အယ်လင်း ဆိုတဲ့ နိုမှုန့်လည်း သောက်တယ်။

အရိုးတွေ နာတယ်ဆိုတာက ခြေ ထောက်တွေတင် မဟုတ်ပဲ လက်တွေ လည်း နာတာ။ ကိုင်ရတွယ်ရတာ မကောင်း ဘူး။ အိမ်မှာ မချက်မပြုတ်တာ တောင် ကြာပြီ။ ဘာမှ မလုပ်နိုင်ဘူး။ ဟိုတုန်းက တော့ ယောက်ျားရဲ့ အဝတ်အစားတွေရော၊ သားတွေရဲ့ အဝတ်အ စားတွေရော ကိုယ်ပဲ အားလုံး လျှော်ပေးတာ။ အခုတော့ ကိုယ့် အဝတ်အစားတောင် ကိုယ် မလျှော်နိုင် တော့ဘူး။ သားတွေကတော့ အရင် တုန်းက အမေက လျှော်ဖွပ်ပေးတော့ အကြော့သား ဝတ်စားနေကြတာ။ အခုဆိုရင် ကိုယ့်အဝတ် ကိုယ်မလျှော်နိုင်ကြတော့ (မလျှော်ချင်ကြ တာ၊ လျှော်ဖို့ ပျင်းကြတာ) အဝတ်ဟောင်း တွေက တစ်ပုံကြီး ဖြစ်နေတယ်။ အမှန်တော့ ကိုယ့်အမေက ဒီလောက် ဖြစ်နေတာ၊ လုပ် နိုင်တုန်းကလည်း လုပ်ပေးခဲ့ပြီလေ။ ကိုယ့်အားကိုယ်ကိုးကြရတော့မှာပေါ့။ တခြား မလိမ်မာတာတွေလည်း ရှိသေးတယ်။ ပြော မဆုံးပေါင် တောသုံးတောင် ဖြစ်မှာ။

သူ့သားသမီးတွေ အသာထား မမြင့် အကြောင်းပဲ ပြန်ဆက်ရအောင်။ နာတာ ကျင်တာ သက်သာတယ်ဆိုတော့ အကိုက် အခဲ ပျောက်ဆေးတွေလည်း ပါမှာပေါ့။ အဲဒါတွေ သောက်တာ ကြာလာတဲ့ အခါကျ တော့ အစာအိမ်ကိုပဲ သွားထိသလား၊ မသိ ဘူး။ ဗိုက်နာတာတွေ ဗိုက်အောင့်တာတွေ ဖြစ်လာတယ်။ ကိုယ်တွေ ပူလာတယ်။ ကိုယ်ပူတာကတော့ ကိုယ်ပူကျဆေး (အင်္ဂလိပ်ဆေး) သောက်လိုက်ရင် ကိုယ်ပူ က ကျသွားပြန်ရော။ နောက်တော့ သူ့ရဲ့ သူငယ်ချင်း တစ်ယောက်ကပေးတဲ့ ဗမာ ဆေးတစ်မျိုး (ဆရာကြီးဆေးလို့ ပြောတယ်။ သူကဖော်ခိုင်းမှ ဖော်ပေးတာ) သောက် ကြည့်တယ်။ အိပ်လို့တော့ ပျော်တယ်။ ခါတိုင်းကတော့ တစ်ညလုံး ဗိုက်အောင့်လို့ ညည်းနေရတာ။

အဲဒီတုန်းက ကိုတင်စိုးတို့က နယ်မှာ နေကြတာ။ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် များတဲ့ အခါကျမှ ရန်ကုန်ကို ပြန်လာဖြစ် ကြတာ။ အဲဒီတော့ ကိုယ်က ကြည့်ရုံကြည့် ပြီးတော့ပဲ။ စားချင်သောက်ချင်တာလေးတွေ ရှိရင် ဝယ်ခြမ်း ပေးပြီးတော့ပဲ ပြန်ကြရတာ။ ဒီလိုပဲ ကိုယ် ရောက်တဲ့အခါ သက်သာနေတဲ့ အခါကြုံရင်တော့ စိတ်ချမ်းသာရပါတယ်။ တစ်ခါတစ်လေတော့ ရောဂါမသက်သာလို့ ညည်းညူနေတာနဲ့ ကြုံတဲ့အခါကျတော့စိတ် မချမ်းမြေ့ရပြန်ဘူး။ ဒီလိုနဲ့ပဲ အဝေးကပဲ သတင်းနားထောင်ပြီး စိတ်ပူနေရတာပေါ့။ ကိုယ်တွေကလည်း ကိုယ့်အလုပ်နဲ့ ကိုယ် ဆိုတော့ အချိန်တုန်းလည်း စိတ်မရောက် နိုင်ဘူး။

ဒီလိုနဲ့ ကိုတင်စိုးတို့ ရန်ကုန်ကို ပြန် ပြောင်းရတယ်။ ရန်ကုန်မှာတော့ မိန်းမရဲ့ မိဘ အိမ်မှာပဲ အစ်မမိသားစုနဲ့ အတူနေ ကြတယ်။ မိဘတွေကတော့ မရှိကြတော့ ဘူး။ မမြင့်က အဲဒီမိဘတွေကို သူပဲ ပြုစုခဲ့ရ တာပါ။ ညီမဖြစ်သူက အိမ်ထောင်ကျ ပြီးတော့ ယောင်နောက်ဆံထုံးပါ။ ယောက်ျား နောက်ပဲ လိုက်နေရတာ။ ပြီးတော့ ညီမက ကျောင်း ဆရာမဆိုတော့ အစိုးရ ဝန်ထမ်း ဖြစ်တဲ့ ကိုတင်စိုး ပြောင်းရွှေ့ရာ လိုက် ပြောင်းနေရတာပေါ့။ အခုတော့ အစ်မဖြစ်တဲ့ မမြင့်ကို (ကျောင်းပိတ်ထားချိန်လည်း ဖြစ် လို့) အနီးကပ် ပြုစုခွင့်ရတယ်။ တစ်ရက် တော့ အထူးကုတွေလည်း လာထိုင်တယ် ဆိုတဲ့ အဲဒီ ကုသိုလ်ဖြစ် ဆေးခန်းမှာ ညီမက အဖော်လုပ်ပြီး သွားပြကြတယ်။ ဆရာဝန် မကြီးက ကြည့်ရှုစစ်ဆေးပြီးတော့ ဆေးရုံ သွားတက်ဖို့ ပြောပါတယ်။ ဆေးစာလည်း ရေးပေးလိုက် ပါတယ်။ ဒါနဲ့ပဲ မမြင့်လည်း ဆေးရုံတက်ဖြစ် သွားတယ်ဆိုပါတော့။

မမြင့်မှာ သားသုံးယောက် ရှိတဲ့အထဲက အလတ်ကောင်က အိမ်ထောင်ကျသွားပြီး မိန်းမဘက်က အခြေအနေ ကောင်းတဲ့ အတွက် လူလူသူသူလေး ဖြစ်သွားတယ်။ မိဘလည်း တတ်နိုင်သလောက် ပြန်ကြည့်ပါ တယ်။ အမေဆေးခန်း သွားမယ်ဆိုရင် သူ့ ကားလေးနဲ့လာခေါ်ပြီး လိုက်ပို့ပေးပါတယ်။ ဆေးရုံတက်တော့ နေ့တိုင်း လာကြည့်ပြီး ကုန် ကျစရိတ်ကိုလည်း ယောက်ျားသား ချည်းပဲရှိတော့ ဆေးရုံက အမျိုးသမီးဆောင် မှာ အမျိုးသား မစောင့်ရတော့ ညစောင့် အမျိုးသမီး တစ်ယောက်ကို မမြင့်သူငယ်ချင်း တစ်ယောက်ကပဲ ခေါ်ပေးလို့ တစ်ည လေး ထောင်နဲ့ ငှားရတယ်။ ဆေးရုံစတက်တဲ့ ညကတော့ မမြင့်ရဲ့ ညီမက စောင့်တယ်။ လူနာစောင့်တယ် ဆိုတာက သိတဲ့အတိုင်း အိပ်ရေးပျက်တယ်။ လူနာရဲ့ အခြေအနေကို ကြည့်ပြီး အိပ်ရတာ ဆိုတော့ ကုလားသေ ကုလားမော အိပ်နေလို့ မရဘူး။ ကြက်အိပ် ကြက်နိုးပဲ။ အလေးအပေါ့ သွားချင်ရင် ထတည်ပေးရတယ်။ ဆေးတိုက်ချိန် ထတိုက် ရတယ်။ ညလယ်ဆေး၊ မနက် အစောကြီး ဆေး စသဖြင့်ပေါ့။ ဆေးသောက်မယ် ဆို တော့လည်း အစားတစ်ခုခု ကျေွးရပြန် တယ်။ မမြင့်ရဲ့ ညီမက တစ်ရက်ပဲ စောင့် အိပ်ရတယ်။ အိပ်ရေးပျက်လို့ မစောင့်နိုင် တော့ဘူး။

(ဒီလို အားကိုးရတာနော်) အော်…သူက အိမ်မှာလည်း သူ့ယောက်ျားနဲ့ သမီးရဲ့ ဝေယျာဝစ္စက ရှိသေးတာကိုး။ နောက်တစ် ရက် သားအငယ်ဆုံး သွားစောင့်ပြီးတော့ ယောက်ျားလုပ်သူက တနင်္ဂနွေနားတော့ စနေညမှာ စောင့်အိပ်ပေးတယ်။ အဲဒီမှာ နောက်တစ်နေ့မှာ ဆေးရုံက အပြာဝတ် ဆရာမကြီးက အမျိုးသမီးဆောင်မှာ အမျိုး သားတွေ မစောင့်ရဘူးလို့ အမိန့်ထုတ်ပါ တယ်။ ဒါနဲ့ပဲ အမျိုးသမီး ညစောင့်ငှားရ တယ်ပေါ့။ သူကတော့ နိုးနိုး ကြားကြား အိပ် ပါတယ်။ လူနာကတောင် ပြန်နှိုးရတယ် ပြောတယ်။ ဆေးရုံစတက်တက်ချင်း သွေး အားနည်း နေတယ်ဆိုပြီး သွေးတစ်ပုလင်း သွင်းရပါ တယ်။ (လူနာက ထမင်းကောင်း ကောင်း မစားနိုင်တာ ကြာပြီဆိုတော့ တော် တော် ပိန်ပြီး၊ အားကလည်း နည်းနေတယ်) နောက်နေ့မှာ သွေးစစ်ရတယ်၊ ဓာတ်မှန် ရိုက်ရတယ်။ သွေးစစ်တော့ သွေးဖြူဥ နည်း နည်း များနေတယ် ဆိုပြီး နောက်တစ်နေ့မှာ သွေးတစ်ပုလင်း ထပ်သွင်းရတယ်။ မမြင့်က အိုသွေးသမား၊ လမ်းထဲမှာ သွေးလှုတဲ့ လူရှိ လို့ တော်သေးတယ်။ ဆေးရုံကို သွေးအစား ပြန်ပေးရတယ်။ ဓာတ်မှန်မှာကတော့ ဝမ်း ဗိုက်ရဲ့ ဘယ်ဘက်ခြမ်း နံရိုးအောက်ဘက် ဆိုတော့ အစာအိမ် ရှိမှာပေါ့။

အဲဒီမှာ ကျောက်ကလေး သေးသေးလေး တွေ့တယ်။ အဲဒီအတွက်တော့ ဆေးမပေးဘူး။ ရေများ များ သောက်ရင် ပျောက်သွားမယ် ပြောတယ်။ ခက်တာက ဆေးရုံ ရောက်ပြီးကတည်းက အပူတွေ တက်နေတာ။ ၁၀၀ကျော် အထိ တက်တက်နေတယ်။ ဆေးပုလင်း ချိတ်ပေး ရင်တော့ အပူကျသွားပြန်ရော။ ပိုးသတ် ဆေးလို့ ပြောတယ်။ သောက်ဆေးပေးပေ မယ့် မရလို့။ မက်ထရိုလို့တော့ သိရတယ်။ သူက ဝမ်းကိုက်ရင်လည်း ပေးတဲ့ပိုးသတ် ဆေးပဲ။ သူက Course ကုန်အောင်တော့ သောက်ရတယ်လို့ သိရတယ်။ မမြင့်က လက်တွေလည်း အကိုင်မခံနိုင်ဘူး။ လက်ခုံ မှာ ဆေးသွင်းဖို့လုပ်ရင် ဖြည်းဖြည်း သက်သာကိုင်မရတယ်။ နဂိုကလည်း ပိန်တယ် ဆိုတော့ TBဖြစ် မလားဆိုပြီး ဆေးရုံမှာ သလိပ် စစ်ရသေးတယ်။ အဖြေ မပေါ်ဘူး။ အခုအဲဒီလို အရိုးတွေ နာတယ် ဆိုတော့ အရိုးတီဘီများ ဖြစ်နေမလား ဆိုပြီး ရိုးတွင်း ချဉ်ဆီထုတ်ပြီး စစ်မယ်ပြောပါတယ်။ အော်..သွေးတွေ သလိပ်တွေ စစ်တာက ဆေးရုံက စစ်တာ အဖြေမပေါ်ဘူး ဆိုပြီး အပြင်ဓာတ်ခွဲခန်းမှာ စစ်ခိုင်းလို့ သွားစစ် ရပါသေးတယ်။ ဆေးရုံက ဓာတ်ခွဲခန်းက အဆင့်မမီလို့လား၊ အတွေးရတော့ ကြပ် ပါတယ်။ သားအလတ်ကတော့ ဆေးရုံက လုပ်ခိုင်းတာ အကုန်လုပ်၊ စိုက်စရာရှိတာ စိုက်ထား၊ သူအကုန်ပြန် ရှင်းပါတယ်။

ဒီလိုနဲ့ ဆေးရုံမှာ ၁၀ရက်ကျော်သွားပြီ၊ ကုန်ကျ စရိတ်ကလည်း တစ်သိန်းကျော် သွားပြီ ထင်တယ်။ ညစောင့်အတွက်ပဲ ငါး သောင်းလောက် ရှိနေပြီ။ ဆေးရုံမှာက ကိုယ်အပူချိန်က ၁၀၀အောက် မကျဘူး။ အစားအသောက်ကလည်း ခနောဆန်ပြုတ် လေး နည်းနည်းပဲ သောက်နိုင်တယ်။ ရောဂါ အဖြေကလည်း အခုထိ မပေါ်သေးဘူး။ ဒါနဲ့ ရိုးတွင်း ချဉ်ဆီဖောက်ဖို့ ပြောလာတယ်။ အကုန်အကျက ထပ်များဦးမှာပေါ့။ လူနာက သူလည်း ခံနိုင်မှာ မဟုတ်ဘူး။ သားဖြစ်သူကို လည်း အားနာလာပြီး ဘာပဲဖြစ်ဖြစ် ဆေးရုံ ကဆင်းတော့မယ်ဆိုပြီး အတင်းပြောပြီး ဆင်းခဲ့တော့တယ်။ သောက်ရမယ့် ဆေး တွေတော့ မေးခဲ့တယ်ပေါ့။ TB Suspect ဆိုပြီး TBဆေးတွေလည်း သောက်ရတယ်။(ဘယ်ဆေးရုံ တက်ခဲ့တယ် ဆိုတာတော့ ကိုတင်စိုးက မပြောဘူး။)

မမြင့်က ဆေးရုံမတက်ခင်တုန်းကတော့ မနက်မိုးလင်းရင် လမ်းထိပ်ကို ကိုယ့်ဘာသာ ထွက်ပြီး အသုပ်ကလေးစား (အသိဆိုင်ဆို တော့ များများလည်း မစားနိုင်တော့ ၁၀၀ဖိုး လောက်ပဲ ဝယ်စားပြီးတော့ လက်ဖက်ရည် လေး တစ်ခွက်သောက်ပြီး အိမ်ပြန်လာနိုင် သေးတယ်)။ အဲဒီမတိုင်ခင်ကဆိုရင် ဈေး တောင် တစ်ခါတစ်လေ သွားနိုင်သေးတယ်။ ဆေးရုံကနေ အိမ်လည်း ပြန်ရောက်ရော အိပ်ရာထဲကနေထဖို့ ထူပေးရတယ်၊ အိမ် ရှေ့ထွက်ဖို့ တွဲပြီး လျှောက်ရတယ်။ အလေး အပေါ့ကို သူများက လုပ်ပေးရတယ်။ ကိုယ့် ဘာသာ အီးမကုန်းနိုင်ဘူး။ အိမ်မှာကျတော့ ကိုယ်ပူချိန်တက်တာ မရှိတော့ဘူး။ မမြင့်က တော့ ပြောတယ်။ ဆေးရုံမှာ အပူတက်တာ က သွေးသွင်းဆေးသွင်းဖို့ လက်ခုံမှာ အကြောရှာပြီး အပ်ကြီးသွင်းထားတဲ့နာတဲ့ အရှိန်ကြောင့်လားတော့ မသိဘူးလို့ ပြော တယ်။ ပုတ်ချင်လည်း ဟုတ်မှာပဲ။

အခုတော့ သင်္ဃန်းကျွန်းက ဆရာကြီး ဆေးလို့ ပြောတယ်။ သူ့ယောက်ျား တစ်နေ့ က သွားယူပေးလာတာ၊ အဲဒါပဲ သောက် တော့တယ်။ အိပ်လို့ ပျော်တယ်ပြောတယ်။ အစားအသောက်လည်း နည်းနည်းစားနိုင် လာတယ်။ လန်းလန်းဆန်းဆန်းလည်း ရှိ လာတယ်။ အရိုးအဆစ်တွေကတော့ နာနေ သေးတယ်။ ဆေးရုံတက်တုန်းက အခြေ အနေနဲ့တော့ မတူတော့ဘူး။ ဆေးရုံဆိုရင် လူတွေက ရှိန်ကြတယ်။ ဆေးရုံရောက်မှ ရောဂါက ပိုသည်းလာသလိုပဲ။ ကိုယ့်ရောဂါ အတွက် စိတ်ပူရသလို ဆေးရုံစရိတ်အတွက် ကလည်း သိပ်မတတ်နိုင်တဲ့သူတွေအတွက် က ပူပင်သောကဖြစ်နေရတာလေ။ ဒီတော့ တော်ရုံတန်ရုံဆိုရင် ဆေးရုံကို သိပ်မတက် ချင်ကြဘူး။ ပြီးတော့ ဆေးရုံတက်တာ (၁၀)ရက်ကျော်တာတောင် ဘာရောဂါမှန်း ရှာမ တွေ့ပဲ စမ်းတဝါးဝါး ဖြစ်နေတော့။ တကယ် လို့ တတ်နိုင်လို့ အထူးကုဆိုတာတွေနဲ့ ပြမယ်ဆိုရင်ရော…။

အဲ…အဲဒီမှာပဲ ကိုဘအေး ဒီဆောင်းပါး ရေးဖြစ်တာ၊ ကိုဘအေး မနေ့က (မေလ ၂၇ရက်နေ့က) ဖတ်လိုက်ရတဲ့ မီဒီယာဝမ်း ဂျာနယ်ထဲက ဆောင်းပါးရှင် နန်းဦးလွင် (MA, Japan)ရဲ့ “ဆရာဝန်အလွဲ”ဆိုတဲ့ ဆောင်းပါးကို ဖတ်မိပြီး အထူးကုသမားတော် ကြီးတွေ၊ ပါမောက္ခကြီးတွေဆိုတာကလည်း လွဲတတ် နေတာ တွေ့ရတော့…။ (ပညာကို စော်ကားတာ မဟုတ်ပါ၊ မမှားသော ရှေ့နေ မသေသော ဆေးသမား ဆိုတဲ့ စကားလည်း ရှိပါတယ်) ဒါပေမယ့် အဲဒီအလွဲတွေက လူ့ရဲ့ ကျန်းမာရေး၊ လူ့ရဲ့ အသက်တစ်ချောင်း အတွက်….။
လူ့ဘဝမှာ လူတွေဟာ ကိုယ့်ကိုယ်ကို်ယ် အလောင်းအစား လုပ်နေရတယ်လို့ ထင်ပါ တယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*