ကလေးရှိသူတိုင်း သိထားဖို့ရာ » ICT.com.mm
Need Help? Call 0942 000 4551
အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးမည်။ ပစ္စည်း အာမခံချက် တာဝန်ယူသည်။

ကလေးရှိသူတိုင်း သိထားဖို့ရာ

ကလေးရှိသူတိုင်း သိထားဖို့ရာ
May 27, 2013 Dr. PTS

“ကွေးသောလက်မဆန့်မီ
ဆန့်သောလက်မကွေ့မီ”
မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း၌ လူတို့၏ အသက်သည် မျက်လှည့် ပြကွက် တစ်ခုကဲ့သို့ တမုဟုတ်ချင်း ပျက်သုဉ်း သွားနိုင်ပါသည်။ ထို့ကြောင့်လည်း ဗုဒ္ဓရှင် တော်မြတ်က “မမြဲသော အနတ္တတရားနှင့် ဖြစ်ပျက်သဘောတို့ကို ဟောညွှန်ဆုံးမ လမ်းပြခဲ့ပါသည်။ “အိုနာသေ”ဟူသော လူ တို့၏ တစ်ခုတည်းသော သွားရာလမ်း သည်ကား မည်သူမည်ဝါထံ ရုတ်တရက် ရောက်ရှိလာမည်ဆိုသည်ကား ကြိုသိနိုင် ဖွယ်ရာ မရှိ။ အသက် အရွယ်ကြီး စဉ်ငယ် လိုက် အစဉ် အတိုင်းသာ လျှောက်ကြ ရ မည်ဟု တွက်ဆ၍မရ။ အလှည့်ကျော်၍ အကြီးမှ အငယ်သို့ ရုတ်တရက် ဖြစ်နိုင်သည် မဟုတ် လော။

“သေဆုံးခြင်း”ဟူသည်ကား မွေးဖွားစဉ် ကတည်းက တစ်ပါတည်း ရရှိခဲ့သော ဘဝ ခရီး၏ လက်မှတ်တစ်ခုပါတကား။ သံသရာ ခရီးဝယ် “ဘဝ”တစ်ခုဟူသော ခရီးတစ်ခု ရှိပြီဆိုသည်နှင့် အသွား၊ အပြန် လက်မှတ် တစ်ပါတည်း ဖြတ်ခဲ့ရခြင်းတည်း။ ထိုခရီး၌ အချိန်မည်မျှ ကြာအောင် နေရမည်ကိုကား မည်သူမျှ မသိ။ အချို့ကား ရောက်ရောက် ချင်း ဝင်လှည့်ပြန်ကြရသလို အချို့လည်း သူများထက် ပိုကြာအောင် နေခဲ့ကြရသည်။ မည်သို့ဆိုစေ မိမိ၏ မိသားစုမှ တစ်စုံတစ်ဦး ခွဲခွာသွားမည် ဆိုလျှင် မည်မျှပင် ကြိုတင် သိစေကာမူ ဖြေဆည်နိုင်မည် မဟုတ်သလို ရုတ်တရက်ဆိုလျှင်ကား ဆိုဖွယ်ရာမရှိ။ ထို့ အတူ အရွယ်မရောက်သေးသူ ရင်နှစ်သည်း ခြာ ရတနာလေးများ ကြေွလွင့်ပျက်စီးရလျှင် ကား ရူးမတက်ဖြစ်ရမည်မှာ မိဘတိုင်းတည်း၊ အချို့လည်း ကုသမရနို်င်သော ရောဂါမျိုး ကြောင့်၊ အချို့လည်း မတော်တဆမှုကြောင့် “အဖြစ်ဆိုး”နှင့် ကြုံတွေ့ရတတ်သည့် မိသား စု များ၏ ရင်နင့်ဖွယ်ရာ ဇာတ်လမ်းမျိုးစုံသည် ကား စာရေးသူတို့ သက်တမ်းတစ်လျှောက် မကြုံချင်လည်း ကြုံရ၊ မဆုံချင်လည်း ဆုံခဲ့ ရသည်။ မိမိအလုပ်သည် ဆရာဝန် မဟုတ် ပါလော။ “အသည်းမာသည့်”ဟု လူနာရှင် များ၏ ယိုးဖွဲ့ခြင်း ခံရသော အသည်းနှလုံးများ သည်လည်း တိတ်တဆိတ် ဒဏ်ရာရပေါင်း မနည်းတော့။

“မည်သို့မျှ မခံစားရလေဟန်”မျက်နှာ ထားနှင့် ဆက်လက်၍ လုပ်သင့်လုပ်အပ် သည့် တာဝန်ဝတ္တရားများကို တိုင်းတာ၍ မရနိုင်သော ရင်နင့်ကြေကွဲမှုများဖြင့် ငိုကြေွး နေကြသော သေသူ၏ မိသားစု ဘေးတွင် ကြံ့ကြံ့ခံရပ်တည်ရင်း ဆောင်ရွက်မှသာ အရေးပေါ် ဆရာဝန်၊ တာဝန်ကျ ဆရာဝန် တစ်ဦးသည် နိုင်ငံတော်အပေါ်တွင် တာဝန် ကြေွးမတင်မည် မဟုတ်ပါလော။ ဖြစ်နိုင် လျှင် မည်သူ့ကိုမျှ အဖြစ်ဆိုးနှင့် မကြုံတွေ့ စေလိုသော်လည်း မဖြစ်နိုင်ဖို့ များသည်။ သို့ သော် ရာခိုင်နှုန်း အနည်းငယ်မျှသော ကြို တင် ကာကွယ်၍ ရနိုင်သည့် အကြောင်း အရာများ၊ သတိထား ရှောင်ကြဉ်ရမည့် အခြင်းအရာများကို အလျဉ်းသင့်သလို ဖော်ပြရင်း ကယ်နိုင်သော သူများကို ကယ်တင်လို၍ အကျိုးပြု ဆောင်းပါးများ ရေးသားရခြင်း ဖြစ်ပါသည်။ ယခုလည်း ကိုယ်တိုင် မကြုံတွေ့ခဲ့ရသော်ငြား ရင်နင့် ဖွယ် ဇာတ်လမ်းလေး တစ်ပုဒ်ကို သူငယ်ချင်း အရေးပေါ် ဆရာဝန်ထံမှ ကြားသိရ၍ “ကလေးရှိသော မိသားစုတိုင်း သိရှိစေရန်” လက်ဆင့်ကမ်း အသိပေး မျှဝေရခြင်း ဖြစ်ပါသည်။

အသက်နှစ်နှစ်ခွဲအရွယ် ကလေးငယ်များ သည်ကား “တီတီတာတာ”ပြောတတ်၍ “တောက်တောက် တောက်တောက်” လျှောက်တတ်သော ချစ်စရာ အရွယ်ဖြစ်၍ လူတိုင်းက ချစ်ခင်တတ်ကြသည်။ ဆွေမျိုး တော်သည် ဖြစ်စေ၊ မတော်သည်ဖြစ် စေ ဝိုင်း၍ ထိန်းချင်ကြသည်။ အိမ်လည်း ခေါ်တတ်ကြသည်။ ထိုသို့ အိမ်လည် ခေါ်ရာမှ ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက် တစ်ခု ဖြစ်ပွားခဲ့သည့် အချိန်ကိုသာ ပြန် လှည့်ခွင့်ရှိလျှင် ထိုကလေး၏ မိဘများ ရော၊ အိမ်လည်ခေါ်သော အိမ်ရှင်ပါ ထိုသို့ မခံစား ရစေချင်။ ဖြူဖြူဝဝ တုတ်တုတ် ခိုင်ခိုင် ချစ်စရာ ကလေးလေး မောင်လူဖွေး (နာမည်လွဲ) မိခင်ဖြစ်သူနှင့် အိမ်ဘေးအိမ်မှ အလည်ခေါ်၍ (ကာယကံရှင်များ ပိုမို ခံစားရမည် ဆိုး၍ ဇာတ်လမ်းကို အတိအကျ မရေးဖွဲ့လိုပါ) ယခင်နေ့များကဲ့သို့ သွား သည်။ ထုံးစံအတိုင်း ချစ်စရာ မောင်လူဖွေး ရောက်လျှင် အိမ်ရှင်ကြီးကြီးက မုန့်မျိုးစုံ ကျေွးသည်။ ယနေ့တော့ ကိတ်မုန့်၊ ဟိုပြေး ဒီပြေးနှင့် မောင်လူဖွေး တစ်ယောက် ရေ ငတ်လာပြီ။ အိမ်ရှိ ဘဘ အလုပ်စားပွဲပေါ်မှ အကြမ်းပန်းကန်လုံးနှင့် ထည့်ထားသော အဖြူရည် တစ်ခွက်လုံး မော့ချလိုက်ပြီ။ လူ ကြီးတွေ မသိလိုက်ကြ။ ငါးမိနစ် ဆယ်မိနစ် ကြာတော့ မောင်လူဖွေး တစ်ကိုယ်လုံး ပြာပြီး တက်သွားပြီ။ အိမ်ရှင် ဘဘလာတော့ “ငါ အလုပ်စားပွဲပေါ်က ရွေှချေးချွတ်တဲ့ အ ရည်ထည့်ထားတဲ့ ပန်းကန်ထဲ ဘာမှ မရှိတော့ပါလား။

ဘုရားဘုရား ကလေးများ သောက်ချလိုက်ပြီလား”နောက်ကျခဲ့ပြီ။ နောက်ကျသည်မှ ဆေးရုံရောက်သည့်အချိန် မိနစ်အစိတ်ခန့်တွင် မောင်လူဖွေးလေး အသက်မရှိတော့။ အရေးပေါ် ဆရာဝန်နှင့် ကလေးဆရာဝန်ကြီးများပါ အသက်လု အသက်ကယ်ကြသော်လည်း မမီတော့ချေ။

နာရီဝက်ဟူသော အချိန်တိုတို ပြန်လှည့် ၍ ရလျှင် အားလုံး ပြန်လှည့်စေချင်ကြမည်။ ကလေးတစ်ဦး၏ အသက်ကို မကယ်လိုက် နို်င်သော်ငြား မိမိလက်လှမ်းမီသူ ကလေး ရှိသူ မိသားစု အားလုံးကို ထိုသို့သော အဖြစ်ဆိုးမျိုးမှ ကာကွယ်ရန် လက်ဆင့်ကမ်း ဗဟုသုတ ပြန့်ပွားပေးစေလိုပါသည်။ Poisoning အဆိပ်မိခြင်း အများစုတွင် Accidental Expasureအမှတ်မထင် မတော် တဆ ထိတွေ့မှုတို့သည် ကလေးသူငယ်များ တွင် အဖြစ်များသည်။ မောင်လူဖွေးတို့ ကဲ့ သို့ အရွယ်သည် အန္တရာယ် အများဆုံး ဖြစ်တတ်သလို ထိုထက်ကြီးသော အရွယ် ငယ်လွန်းသော အရွယ်တို့တွင်လည်း အန္တရာယ်တော့မနည်း။ မိခင်နှင့် အတူနေရာ မှ သတိတစ်ချက် လွတ်သော အချိန်တွင် အနားမှာ ကလေးမရှိတော့။ ဝမ်းနည်းဖွယ် ရာ ရေတိမ်နစ်ခြင်းမျိုးများလည်း မကြာခဏ ကြားရသည်။

ကလေးများသော (သို့) ကလေးကလေးချင်း စောင့်ရှောက်ရသော မိသားစုများတွင် အန္တရာယ်များသည်။ စာရေးသူတို့ ဆေးကျောင်းသား ဘဝက အဖြစ်တစ်ခုကား ယနေ့အထိ မမေ့သေး။ အစ်မကြီးလုပ်သူ (ရှစ်နှစ်ခန့်)က ဆရာဝန် လုပ်တန်း ကစားရင်း မောင်နှစ်ယောက် (ငါးနှစ်နှင့် သုံးနှစ်)တို့ကို ဖခင်သောက်နေကျ ဆေးကဒ်များမှ ဆေးများ တိုက်သည်။ ကလေး နှစ်ယောက်လုံး မနည်းအသက် ကယ်ခဲ့ရသည်။ “သွေးကျဆေးလုံး”များ တိုက်လိုက်ခြင်းတည်း။ သို့ဆိုလျှင် မည်သို့ ကာကွယ်ရမည်နည်း။

အိမ်တွင်ရှိသော အဆိပ်ဖြစ်တန်သည့် အရာဝတ္ထုများ၊ အရည်များကို ကလေးတို့နှင့် ဝေးရာ မမြင်ကွယ်ရာ၌ အသေအချာ သော့ ခတ် သိမ်းဆည်းရမည်။ ရေနံဆီသောက်၊ ဓာတ်ဆီသောက်သော ကလေးများကား စာရေးသူတို့ ကြုံဖူးပေါင်း မနည်းတော့။ အိမ်သုတ်ဆေး၊ ဖျက်ဆေး၊ ကြေွချီး ချွတ် ဆေးမှ လက်သည်း၊ ဆိုးဆေး၊ လက်သည်း ဖျက်ဆေး၊ အရက်ပျံ အစရှိ သည်များလည်း။ ရေမွေှး၊ ဘော်ဒီ စပရေး၊ ခြင်ဆေးခွေ၊ ခြင် ဖျန်းဆေး တို့လည်း အပါအဝင်။ လူကြီး များ၏ ဆေးဝါး၊ ကလေးများကို တိုက်ကျေွး လက်စ ရှိသော ဆေးဝါး များကိုလည်း လက်လှမ်းမီရာ မထားသင့်။ ပါရာစီတမော အရည်ကို အရသာကြိုက်သဖြင့် တစ်ပုလင်း လုံး မော့ခဲ့သော ကလေး အားဆေးခဲကို ကြိုက်၍ တစ်ဘူးလုံး တစ်လုံးမကျန် စားခဲ့သော ကလေးများ ရှိသည်။ တန်ဆေး လွန်ဆေး ဖြစ်မည် မဟုတ်လော။

အန္တရာယ်ရှိသော အချွန်အထက် ပစ္စည်း များ (သို့) Chemicalsများနှင့် မလွဲသာ မရှောင်သာ လုပ်ကိုင်ရမည် ဆိုလျှင် သတိတစ်ချက် မလွတ်ပါစေနဲ့။ လုပ်လက်စ တန်းလန်းတွင် ဧည့်သည်လာ၍ ဖုန်းလာ၍ ခဏထားခဲ့မိချိန်မှ အန္တရာယ်ဖြစ်တတ်သည်။ မိမိထားခဲ့ရမည်ဆိုလျှင် လုံခြုံစွာ သိမ်းဆည်း ပြီးမှ ထွက်ခွာပါ။ Chemicalsများ၏ တံဆိပ်များ၊ ဘူးများကို မပြောင်းလဲပါနှင့်။ အရေးအကြီးဆုံးကာ ထို Chemicalများကို “အစားအစာ ထည့်သော ဘူး၊ ခွက်၊ ပန်းကန် များနှင့် ထည့်၍ သုံးစွဲခြင်း မပြုရန် ဖြစ်ပါ သည်။ “ရေသန့်ဘူးထဲက ဟာကို ရေအမှတ် နဲ့ သောက်လိုက်မိတာ”ဟူသော ဖြစ်စဉ်မျိုး သည်ကား ထိုဗဟုသုတ မရှိ၍ ဖြစ်သည်။ Glue၊ ကော်တို့ကို Jellyအမှတ်နှင့် စား မိသော ကလေးများလည်း မနည်း။ ထို့ အပြင် မိဘများ ပြုမူမိတတ်သော အမှားမျိုးကား ဆေးတို်က်ရခက်သော ကလေးများကို ဆေးအား “သကြားလုံး”ဟု ညာတိုက်ရာမှ ကလေးက သကြားလုံး အမှတ်ဖြင့် များစွာသောက်မိခြင်းတည်း။ အနံ့မွေှးသော ပေါလစ်ဆီနှင့် တာပင်တိုင် အစရှိသည်တို့ကို ပုလင်းဖြင့် ထည့်ထားရာမှ အချိုရည်အဖြစ် မှားသောက်မိသော ကလေးများလည်း ရှိဖူးသည်။

ပရုတ်လုံးစားသော ကလေး၊ ငှက်ထောင် ဖမ်းသော ဆေး (ပိုတက်)စားသောကလေး၊ ကြွက်သတ်ဆေးလုံး စားမိသော ကလေး များကိုလည်း စာရေးသူတို့ တွေ့ဖူးသည်။ “မည်သူ၏ တာဝန်ပေါ့လျော့မှု Neglect-gence”ဟူ၍ နိုင်ငံခြား တိုင်းပြည်များတွင် အရေးယူမှု ရှိသော်လည်း မဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်း၊ သတိထားခြင်းက ပို၍ တန်ဖိုးကြီးပေမည်။ မီးကို မလောင်ခင် တားရမည်။ “မီးတကာမီးတွင် ထို အပူမီး သည်ကား တော်ရုံနှင့် ငြိမ်းရန်မလွယ်။ ဆင်းရဲချမ်းသာမရွေး မိမိတို့ အသက် မိမိတို့ မိသားစု အသက်ကို ချစ်ကြသည်။ မည်သူ ကိုမျှ အဖြစ်ဆိုးနှင့် မကြုံတွေ့စေလိုကြ။ ကာကွယ်နိုင်သမျှ ကာကွယ်ကြမည်။ အနတ္တကို ဆန့်ကျင်ခြင်းတော့ မဟုတ်။ ကံကံ၏ အကျိုးတော့ ရှိဦးမည်။ သို့သော် “ကံသည် အလုပ်”ဟု ဆရာတော်များ ဟောကြားသည်။ ဘာဝနာ ကုသိုလ် အပါ အဝင် အလုပ်ကောင်းများ လုပ်၊ အကျင့် ကောင်းများ မွေးပြီး “ကုသိုလ် ကံကောင်း သော ဘဝများ”ကို ပိုင်ဆိုင်နိုင်ကြပါစေ။ သဗေ္ဗသတ္တာ၊ ကမ္မသကာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*