ငါ့ကို . . . သတ်တော့မယ် . . . » ICT.com.mm
Need Help? Call 0942 000 4551
အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးမည်။ ပစ္စည်း အာမခံချက် တာဝန်ယူသည်။

ငါ့ကို . . . သတ်တော့မယ် . . .

ငါ့ကို . . . သတ်တော့မယ် . . .
May 20, 2013 Dr. PTS

တလွင့်လွင့် လွင့်နေသော ခန်းဆီး လိုက် ကာလေးသည် အေးမြသော လေနု လေချို အေးလေးကို တစ်ယောက်သော သူ၏ ရင် ကို အဆက်မပြတ် ရိုက်ခတ်စေရန် အားပေး နေသည်။ လေပြေက အေးမြသော်လည်း ပူ လောင်နေသော ရင်ခွင်တစ်ခုကို ပိုင်ဆိုင် ထားသူမို့ အများထင်သလို မအေးမြနိုင်သူ ကတော့ မေသဲချို။

“သမီး ဘာငေးနေတာလဲ၊ ဒီစွပ်ပြုတ် လေး သောက်လိုက်ဦးလေ”
ရှည်လျား မဲနက်သော မျက်တောင်များ အောက်မှ ဝိုင်းစက်သော မျက်ဝန်းအစုံမှ မျက်ရည်များသည် ပုလဲလုံးများသဖွယ် ဝန်း စက်စွာသီးလာပြီး ပိန်းကြာရွက်ပေါ်မှ မိုးစက် သို့ မြေခသည့်နှယ် ဖွေးနုသော ပါးပြင်ပေါ်သို့ သက်ဆင်းလာချေပြီ။

“ဒီအချိန်ရောက်မှတော့ ငိုနေလို့လည်း အပိုပဲ မိချို”
ခက်ထန်တင်းမာသော အသံတစ်စုံက မေသဲချို၏ နှလုံးသဲစိုင်ကို သံမှိုနှက်သကဲ့သို့ နာကျင်လှသဖြင့် မျက်စိအစုံကို ပိတ်၍ ရှိုက်ကြီးတငင် ငိုချေပြီ။ ဘယ်သူမပြု၊ မိမိမှုပါ တကား။
ကြည်လင်သာယာသော ကောင်းကင်ပြာ ပေါ်တွင် ဖြူးဝင်းအိစက်သော တိမ်တောင် တိမ်လိပ်တို့က လှပသော ပန်းချီကား တစ် ချပ်သဖွယ် အသက်ဝင် သာယာလှသည်။ ဖြူနီပြာဝါရောင်စုံ လူအပေါင်းကလည်း ထို ပန်းချီကား၏ အလှတန်ဖိုးကို မြင့်စေသော ဆေးစက်လေးများတည်း။ ထိုရောင်စုံ ဆေး စက်များတွင် အတက်ကြွဆုံး အပျော်ရွှင်ဆုံး လူသားနှစ်ဦးကား “မြတ်နိုးသူနှင့် မေသဲချို” “ကိုကို့ အချစ်ကို လက်ခံလိုက်ပြီနော်”ဟု Galaxy Note II Screenပေါ်မှ မေသဲချို၏ လက်ရေးမူလေးသည်ကား မြတ်နိုးသူ၏ (၂၁)နှစ်မြောက် မွေးနေ့လက်ဆောင်။ တစ် နည်းဆိုရလျှင် ငါးသိန်းကျော် ပေးဝယ်ရ သော Galaxy Note IIရသည်ထက်ပင် ပို၍ တန်ဖိုးမဖြတ်နိုင်သော မွေးနေ့ လက်ဆောင် ဟုဆိုလျှင် မောင်မြတ်နိုးအတွက်မမှား။

နေပြည်တော်ရုံမှာ ရုပ်ရှင်ကြည့်၊ Cafe Aeromaမှာ Coffee သောက်ရင်း တစ်ဦး မျက်နှာ တစ်ဦးထိုင်ကြည့်ပြီး၊ အပြုံးပန်းများ ဝေဆာနေသူ နှစ်ဦးကား ပြင်ပလောက၌ မိုးသည်း မုန်တိုင်းတိုက်နေပင်လျှင် သိမည် မဟုတ်။
“မေသဲချို ညည်းခြေလှမ်းတွေ ပျက်နေ တာ ငါသိတယ်နော်”

“သင်တန်း သင်တန်းဆိုပြီး မိုးလင်း ကတည်းက ထွက် မိုးစုပ်စုပ်ချုပ်မှ အိမ်ကို ခြေဦးလှည့်လည်နေတာ ငါမသိဘူးများ ထင်သလား၊ ညည်းအဖေက ဒီရက်ပိုင်း အလုပ်များနေလို့ ဒေါ်လေးက မတိုင်သေး လို့၊ နင် သက်သာတယ်မှတ်၊ နင့်အချိုးတွေ မပြင်လို့ကတော့ ငါ့အဆိုးမဆိုနဲ့”

မိတဆိုးလေးမို့ ဖခင်ဖြစ်သူ ဦးလွန်းချိုက သမီးအပျိုပေါက်ဖြစ်ကတည်းက နယ်မှာ နေသော ညီမဝမ်းကွဲ ဒေါ်သင်းနန္ဒာကို ကျောင်းဆရာမ အလုပ်မှ ထွက်ခိုင်းကာ စောင့်ရှောက်ထားခိုင်းခြင်း ဖြစ်သည်။ ငယ်စဉ်ကတော့ “ဒေါ်လေး၊ ဒေါ်လေး”နှင့် အဒေါ်ဖြစ်သူ၏ လက်ကို စွဲကာ နေရာတကာ လိုက်နေတတ်သော်လည်း တက္ကသိုလ် စတက်ချိန် ကတည်းက အလှအပနှင့် အပေါင်း အသင်း ခုံမင်လာသော မေသဲချို အဖို့ အဒေါ် ဖြစ်သူနှင့် အံမဝင််သည်က များ လာသည်။

“ကိုယ်တို့ အတူနေချင်ပြီကွာ၊ လက်ထပ် ကြရအောင်နော်”
“သြော်.. ကိုရယ်၊ ချိုလည်း အတူ နေချင် တာပေါ့။ ဖေဖေ့ကိုလည်း ပြောရမှာ ကြောက် တယ်။ ဒီကြားထဲ ဒေါ်လေးက ပိုဆိုးသေး”

“ဟား…ဒါတွေပဲ အမြဲကြား နေရတာပဲ ကွာ၊ ကိုယ်တို့ ချစ်သက်တမ်း တစ်နှစ်ပြည့် တော့မယ်၊ ဒီလိုပဲ လျှောက်သွား၊ လျှောက်စား အဆင့်က မတက်သေးဘူး”

ငိုတတ်သော ကလေး မုန့်ရသည်ဆိုသော စကားကို တကယ်တော့ မိချို သတိမထား မိခဲ့။ ဆန့်ကျင်ဘက် ဆွဲအားနှစ်ခုအကြား မေသဲချို ရောက်နေပေပြီ။ တစာစာ ပူဆာ နေသော တစ်ဘဝလုံး လက်တွဲရမည့်သူနှင့် အတူနေထိုင်ခွင့်ကို ဖခင်နှင့် အဒေါ်ဖြစ်သူ ထံမှ တောင်းရန် မေသဲချို အင်အားမရှိခဲ့။ နှစ်ဖက်စလုံးကို စိတ်ချမ်းသာစေချင်သည်။ တစ်ဖက် စကားနားထောင်လျှင် တစ်ဖက်ကို စိတ်ဆင်းရဲစေမည်။ တစ်ပတ်၊ နှစ်ပတ် တစ်လ နှစ်လ ကြာသည်အထိ အုပ်ထိန်း သူတို့အား ဖွင့်ဟတောင်းဆိုနိုင်ခွင့် မရခဲ့။ ရင်နှင့် အမျှ ချစ်ရသူ၏ ဆန္ဒကို မဖြည့်ဆည်း နိုင်၍လည်း ဝမ်းနည်းရသည်။

ချစ်စကြင်နာစက ပျော်ရွှင်ဖွယ် နေ့ရက် ချိုလေးများကား ခါးသက်စပြုလာပြီ။ ထာဝစဉ် ရွှန်းလဲ့ တောက်ပနေသော အားအင် အပြည့် ရှိသည့် မျက်ဝန်းအစုံကို ပိုင်ဆိုင်သည့် ချစ်ရသူ၏ မျက်ဝန်းများသည် တစ်နေ့ထက် တစ်နေ့ အားလျော့လာပြီ။ တက်ကြွ ပျော်ရွှင် တတ်သည့် အနေအထိုင် အမူအကျင့်တို့ သည် မြတ်နိုးသူ၏ နေ့စဉ်လှုပ်ရှားမှု ကဏ္႑မှ ခွဲခွာစ ပြုနေပေပြီ။

“ချို ဘာလုပ်ရမလဲ၊ ချို ဘာလုပ်ရမလဲ”
သူ့ကိုလည်း ပျော်စေချင်သည်။ လူကြီး များကိုလည်း စိတ်မညစ်စေချင်။ ထို့ကြောင့် မျက်လုံးအစုံကို မှိတ်၊ နားအစုံကို ပိတ်၍ မေသဲချို တစ်ယောက် ဆုံးဖြတ်ချက်ချလိုက် ပြီ။ ထိုဆုံးဖြတ်ချက်သည်ကား မေသဲချို၏ တစ်ဘဝလုံးကို ကျဆုံးအောင် ရိုက်ခတ် စေမည့် မုန်တိုင်းမျိုးမှန်း ထိုစဉ်ကသာ သိခဲ့ပါလျှင်….

“သမီး ဖေဖေက နေသိပ်ကောင်းတာ မဟုတ်ဘူး။ စီးပွားရေး လုပ်ငန်းတွေက လည်း ဒီရက်ပိုင်း ကိုယ်တိုင် မကြီးကြပ်နိုင်လို့ အရှုံးပေါ် သွေးတိုးကလည်း ထိန်းမရနဲ့မို့ ကြီးမေတော့ သမီးရဲ့ မေတ္တာရေး ကိစ္စကို မပြောစေချင်သေးဘူး”

မေသဲချို ငယ်စဉ်ကတည်းက အိမ်ထိန်း သဖွယ် ထိန်းသိမ်းစောင့်ရှောက်လာသော ကြီးမေ ဒေါ်နန်းရွေှစင်က တားသည်။ မေသဲချို၏ မိခင်မဆုံးပါးခင်ကတည်းက ဘွဲ့ရ ပညာတတ် မဟုတ်သော်ငြား အိမ်၏ စရိတ်နှင့် လိုအပ်သော ကွပ်ကဲမှုတို့ကို လုံးဝ တာဝန်ယူထားသူမို့လည်း မိချိုတို့က လေး စား ချစ်ခင်ရသည်။ ကြီးမေ ဟန့်လျှင် တန့် သည်။ ကြီးမေတောင်းလျှင် ပေးသည်။

ဒီလိုနှင့် နွေရာသီ ကုန်ဆုံး၍ မိုးရာသီ စလာချေပြီ။ အပူစင်၍ အအေးဝင်တော့မည် ဖြစ်၍ အားလုံး ပျော်နေကြပြီ။ မပျော်နိုင်သူ ကတော့ မေသဲချို။ ရှေ့မှ ဖြတ်လျှောက် သူကိုလည်း မမြင်တော့။ ဘေးမှ ထပ်အော် လျှင်ပင် မကြားရတော့။ ရင်တွင်း၌ ဗလောင် ဆူနေချေပြီ။ ကိုယ့်အကြောင်း ကိုယ်သိ နေပြီ။ မိန်းကလေးတို့ သဘာဝ၊ မိန်းကလေး တို့ရဲ့ အစဉ်အလာ၊ မိမိမှာ ပျောက်နေပြီလား။

“ဘုရား၊ ဘုရား မဟုတ်ပါစေနဲ့”
ငယ်စဉ်ကတည်းက ဘုရားမှာ သစ္စာဆို ဆုတောင်းလျှင် ပြည့်သည်က များသည်။ ယခုတော့ မေသဲချိုတို့ ဆောက်တည်ရာ မရတော့။

“မဖြစ်ပါစေနဲ့” ဆုတောင်းသော်ငြား။
အဖြေက ဘွားကနဲ ယနေ့ပေါ်လာပြီ။

“သေချာတယ် နှစ်ကြောင်း ပေါ်နေပြီ ဟ” သူငယ်ချင်း ဖြစ်သော ဆေးကျောင်းသူ မေဇင်သောင်းက ပြောပြီ။
“ငါဘာလုပ်ရမလဲ၊ သူငယ်ချင်းရေ ငါ့ကို ကူညီပါ”

လုပ်အပ်သည် မလုပ်အပ်သည်တို့ကို ကရား ရေလွတ်ဆုံး မသွားသော သူငယ်ချင်း ၏ စကားများသည်ကား မိချို၏ နားသို့ သံ ရည်ပူ လောင်းသည့်နှယ်။

“ငါ အဖေကို သတ်တဲ့ သမီး မဖြစ်ချင် ဘူး” မေသဲချို ဆုံးဖြတ်ချက် ချလိုက်ပြီ။ ထို ဆုံးဖြတ်ချက်သည်ကား မေသဲချို၏ ဘဝ တွင် ဖျက်မရသော အမည်းစက်ကြီး တစ်ခု ဖြစ်လာခဲ့ပေပြီ။
ဘောင်းဘီရှည် အနက်စင်းနှင့် အကျႌ လက်တို အဖြူစင်းကို စတိုင်ကျကျ ဝတ် ဆင်၍ ဆေးရုံလူနာဆောင်အတွင်း ဝင်လာ သူ၏ သွက်လက်သော ခြေလှမ်းများ။ လက် တစ်ဖက်မှာ ဆရာဝန်သုံး နားကြပ်ကို ကိုင်၍ တစ်ဖက်၌ စာရွက်စာတမ်း တပွေ့တပိုက်ကို သယ်လာသော သူကား ဒေါက်တာ ရဲမြတ် ခိုင်။ ရှုးဖိနပ်ကို စီးထားသော်ငြား ညင်သာ လှသော ခြေနင်းသံကြောင့် အိပ်မောကျနေ သူ လူနာများကား သူဖြတ်သွားသည်ကိုပင် သတိမထားမိကြ။ သို့သော် သိလိုက်သူ တစ်ယောက်တော့ ရှိသည်။ သင်းပျံ့သော ရေမွေှး ရနံ့လေးက လေအဝှေ့မှာ မေသဲချို၏ အာရုံတို့ကို နိုးထစေခဲ့သည် မဟုတ်လော။

“ဆရာ Goodmorning ဆရာ”

“Good Morning ပါ။”

“Very Good Morningပါ ”

ဆေးရုံတစ်ခုလုံးတွင် မနက်ခင်း နှုတ်ဆက် ကြိုဆိုမှုများနှင့် မင်္ဂလာယူနေသူများကား ဆရာဝန် ဆရာမများတည်း။ မွေးလူနာမှအပ အခြားလူနာ မှန်သမျှ ဆေးရုံတက်ရသည် ဆိုကတည်းက မင်္ဂလာရှိဖွယ်ရာမရှိ။

“ညက Induced Abortion ကိုယ်ဝန် ဖျက်ချတဲ့ လူနာတစ်ယောက် ရောက်တယ် ဆရာ”

“ဟုတ်ပြီလေ ဆရာ၊ ကျွန်တော် Professor ဆီကို ဒီစာလေးတွေ ပြပြီးရင် စ Round မယ်လေ။ ဆရာတို့ ကြိုကြည့်ထား နှင့်ကြပါ”

“22 years G1, Bleeding Per Vagina after 2 months of Amenonhocaပါ ဆရာ၊ အရပ်လက်သည် လုပ်ဖူးတယ်လို့ ပြောတဲ့ အဒေါ်ကြီးတစ်ယောက်က ငွေငါး သောင်းနဲ့ Induced Abortion လုပ်လာတာ တဲ့”

“အခုတော့ Po+ ဖြစ်သွားပြီ၊ ညက DBC လုပ်လိုက်ပြီးပြီ၊ Antibiotic Cover လဲ ပေး ပြီးသား၊ Vital Signs လဲ Stable ဖြစ်ပါပြီ ဆရာ”

“Marriedလား၊ Unmarriedလား”

“Unmarriedပါ ဆရာ Familyကို ဖွင့် မပြောရဲတာနဲ့ လုပ်လိုက်ရတာပါတဲ့”

“ဟုတ်ပြီလေ ပြီးရင် ဆရာ လူနာ စကြည့် မယ်”

ဒါမျိုးဇာတ်လမ်းတွေ ဒေါက်တာရဲတို့ ရိုးနေပြီ။ တိုးတက်သည်ဟူသော ဒီခေတ် ကြီးတွင် Pre-Marietal Relationship၊ Living Togetherစသည်တို့သည် အဆန်း မဟုတ်သယောင်။ Vrginityဟူသော ဂုဏ် ပုဒ်နှင့် အပျိုစင်၏ တန်ဖိုးသည် မရှိတော့ သယောင်။ စီးပွားရေး အဆင်မပြေသေးလို့၊ ကျောင်းမပြီးသေးလို့၊ အိမ်ကို ပြောရမှာ ကြောက်လို့၊ လွတ်လပ်လွန်းလို့ စသဖြင့် အ ကြောင်းပေါင်းများစွာနှင့် လွယ်လင့်တကူ ဝင်ထွက်နိုင်သော အအေးခန်း တည်းခို ရိပ် သာများ၊ အလုံပိတ် အခန်းနှင့် စားသောက် ဆိုင်များသည်လည်း ယနေ့ခေတ်ကြီး၏ အ ကျည်းတန်စေသော အဖြစ်ဆိုးများကို ဖန် တီးပေးနေသည်။

“ဟယ်.. မင်းမောင်ရဲမြတ် မဟုတ်လား”

“ဒေါ်ဒေါ်က ဒေါ်နန်းရွေှစင်မဟုတ်လား၊ သူက ….”

“ဟုတ်ပါတယ် ဒေါ်ဒေါ်ရဲ့ မိုက်မဲလှတဲ့ တူမမိုက် မေသဲချိုပေါ့”

“ညီမလေး ကိုယ်တို့ မြို့လာတုန်းက ကလေးပဲ ရှိသေးတာ။ ဘယ်လိုဖြစ်ရတာလဲ ကလေးရယ်”

ဒီအချိန်မှာ မိသဲချို ပြောလိုက်ချင်သည်က “အရှက်ကို အသက်နဲ့သာ လဲလိုက်ချင်တော့ တယ် ကိုကိုတို့ ဒေါ်ဒေါ်တို့ရယ်”

“ဆရာနောက်ဆုံး ဇာတ်လမ်းက ဘယ် လို ဆက်ဖြစ်သွားလဲ၊ ကောင်မလေး ဆေးရုံ က ဆင်းတော့ သူ့အရင် ကောင်လေး န့ဲပဲ လက်ထပ်ဖြစ်လား။ ဒါမဟုတ် ဟို ဆရာဝန် နဲ့ရော ဘာဆက်ဖြစ်သေးလဲ”

“ဟားဟားဟား ကျွန်တော့ လက်ရာက ဒီလိုဆို မဆိုးဘူးပဲ။ ဆရာလေးတို့ကို ဆန့် တငံ့ငံ့ ဖြစ်အောင် ဒီလောက်အထိပဲ ပေးဖတ် ထားတာ၊ နောက်ကျန်နေတဲ့ အပိုင်းကို ဘယ်လိုဖြစ်စေချင်လဲ ဘယ်လို ဖြစ်သင့် သလဲ ဆိုတာ စဉ်းစားကြည့်ကြပေါ့။ အဓိက ရည်ရွယ်ချက်ကတော့ Induced Abortion ကိုယ်ဝန်ဖျက်ချခြင်းကို တားဆီးဖို့ ကျန်းမာရေး ပညာပေးဖို့ ရည်ရွယ်ပြောတာပါ”

“ဟုတ်တယ်နော်၊ အခုနယ်မှာရော ရန်ကုန်မှာပါ စုံတွဲတွေက လက်မထပ်ခင် စည်းကျော်ကြ၊ မဖုံးနိုင် မဖိနိုင်ဖြစ်မှ အလွယ် နည်းနဲ့ ဖြေရှင်းကြနဲ့”

“မှန်တယ် ဆရာက ပညာပေး ကာတွန်း လေးတစ်ခုကို ဖတ်မိပြီး ကတည်းက အဲဒီ အကြောင်းလေးကို စာနဲ့ ထည့်ရေးချင် နေတာ။ ကာတွန်းပုံမှာ ကိုယ်ဝန်နဲ့ မိန်းက လေးက “ငါ့ကို ငါ့အမေတော့ သတ်တော့ မှာပဲ”လို့ စဉ်းစားနေချိန်မှာ သူ့ဝမ်းထဲရှိ တဲ့ သူ့ရင်သွေးလေးကလည်း “ငါ့ကို ငါ့အမေ တော့ သတ်တော့မှာပဲ”လို့ တစ်ပြိုင်နက် တွေးတော ပူပန်နေပုံလေး ပြထားတာ၊ ဆရာ အရမ်းကြိုက်တယ်”

“ကိုယ်ဝန်ကို ဖျက်ချရင် ကလေးကို သတ်တဲ့အမှု ရောက်တယ်။ လုပ်ပေးတဲ့သူ ကိုလည်း ဥပဒေအရ အရေးယူလို့ ရတယ်” “ကံဆိုးရင် ကိုယ်ဝန်ဆောင်ရဲ့ အသက် အန္တရာယ်ကိုပါ ထိခိုက်နိုင်တယ်။ အသက် မထိရင်တောင် သားအိမ်ထုတ်ပစ်ရတာတို့၊ မျိုးပွားအင်္ဂါစု ပိုးဝင်ပြီး ပြည်တည်နာ ဖြစ်တာ တို့ ဖြစ်နိုင်တယ်။ တဒင်္ဂ ဆုံးဖြတ်ချက် အမှား လေးတစ်ခုက တစ်ဘဝလုံးကို နင်းချေဖျက် နိုင်တယ်”
မိမိ၏ ဝတ္ထုတိုများထဲမှ တစ်ခုကို လက် ထောက် ဆရာဝန်များအား ပေးဖတ်ခဲ့ခြင်း တည်း။

“အဲဒါ ဆရာ့တကယ့် အတွေ့အကြုံလား၊ အဲဒီထဲက ဇာတ်ကောင်တွေ အပြင်မှာ တကယ်ရှိခဲ့လား”

သူတို့ မေးကြပြီ။ ဒေါက်တာ ပီတိ ပြန်မဖြေ၍ အားမလို အားမရ ဖြစ်ကြပြီ။ တကယ်တော့ “မေသဲချို”တွေ အပြင် လောကမှာ အများကြီး ရှိနေသည်ကို သူတို့ မသိ ကြသလော။

Comments (2)

  1. Kyu Lin 4 years ago

    သေလိုက်

  2. may thu kyaw 4 years ago

    မေသဲချိုလိုမဖြစ်အောင် ကိုယ်ကိုထိန်းသိမ်းတာအကောင်းဆုံးဘဲ

Leave a reply

Your email address will not be published. Required fields are marked *

*