တန်ဖိုးမဖြတ်နိုင်သော PRICE » ICT.com.mm
Need Help? Call 0942 000 4551
အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးမည်။ ပစ္စည်း အာမခံချက် တာဝန်ယူသည်။

တန်ဖိုးမဖြတ်နိုင်သော PRICE

တန်ဖိုးမဖြတ်နိုင်သော PRICE
May 13, 2013 Dr. PTS

“မင်္ဂလာပါ ဆရာမ” “မင်္ဂလာပါ တပည့်တို့”

အမှန်စင်စစ် စာရေးသူ၏ နားတွင် ကြားယောင်နေမိသော ထိုနှုတ်ခွန်းဆက် စကားလေးသည် စာရေးသူ တစ်ဦးတည်းသာ ကြားဖူးခြင်း ဟုတ်မည်မထင်။ ကျောင်းနေဖူးသူတိုင်း အနည်းနှင့် အများ ကြားဖူးကြမည်သာ။ စာရေးသူတို့ ပညာရည် နို့ချိုသောက်သုံးခဲ့ဖူးသော အမျိုးသား ကျောင်းတော်ကြီးသည်ကား နွေရာသီ ကျောင်းပိတ်ရက်ဖြစ်သည်နှင့် အညီ ပကတိ တိတ်ဆိတ် ငြိမ်သက်လျက် နွေသရုပ်ဖော် ပန်းချီကား တစ်ချပ်နှယ် လှပနေစေကာမူ မလှုပ်မယှက် အသက်မဲ့လျက် ရှိပါသည်။ ကျောင်းတော်ကြီးရှေ့ ခဏရပ်ကာ ငယ်စဉ်က ပုံရိပ်လွှာများကို ပြန်လည် မြင်ယောင်ရသည်မှာ ကြည်နူးဖွယ် ကောင်းလှပါသည်။

“ဆရာမကြီး ဒေါ်မြင့်မြင့်များ ရှိပါသလား ခင်ဗျာ”
“ရှိပါတယ် နေမကောင်းလို့ အိပ်ရာထဲ လှဲနေပါတယ်”
“ကျွန်တော် သူ့တပည့်ဟောင်းပါ။ ပုသိမ်ပြန်လာတုန်း ဂါဝရပြုချင်လို့ပါ”
“ကြွပါရှင် အထဲကို’’
“ဆရာမကြီး ကျွန်တော့်ကို မှတ်မိပါသလား”
“သိပ်မှတ်မိတာပေါ့၊ မင်းမောင်……မလား။ လူကြီးတွေ ဖြစ်ကုန်ကြပြီပဲ”
“ဆရာမကြီး နေမကောင်းလို့ဆို”
“အေးကွယ် လူကတော့ မြင်တဲ့အတိုင်း အကောင်းကြီးဆိုရမှာပဲ။ အသက်ကကြီး လူကလည်း ဝတော့ ကိုယ့်ကိုယ်ကိုယ်တောင် မသယ်နိုင်တော့ဘူး။ ဒူးနာတာ အဓိက ဆိုပါတော့”
“ဆရာမ ဒေါ်နန်းဆင့်နဲ့ တွေ့ချင်လို့ပါ”
“အေး၊ မောင်…….၊ ဘယ်တုန်းက ရောက်လဲ၊ လာခဲ့ ဆရာမ ဒီဘက် အိမ်မှာ”
“ဆရာမ နေကောင်းတယ်နော်၊ ကျွန်တော်လည်း ပုသိမ်မရောက်တာ အတော်ကြာသွားပြီ”
“အေးကွယ်၊ လူကတော့ ကောင်းပါတယ်။ မကောင်းတာက ဒီဒူးပဲ”
“ဘွားဘွားမြ နေကောင်းရဲ့လား”
သြော်၊ အေး မောင်……….၊ ကောင်းပါတယ်ကွယ် ဒူးလေး နာတာက လွဲရင်ပေ့ါ”
“သြော်၊ ဒူး၊ ဒူး၊ ဒီဒူးပဲ ဒုက္ခကို ပေးနိုင်လွန်းတယ်”

စာရေးသူ၏ လူနာရင်း ဒေါ်စိန်ပု ညည်းနေကျ စကားလေးကို ပြန်လည် ကြားယောင်လာမိသည်။ ဟုတ်ပါသည်။ အသက်ကြီးသူ ဆယ်ဦးတွင် ခြောက်ဦးခန့်မျှ ဒူးနာသော ဒုက္ခကို တစ်ခါ (သို့မဟုတ်) အကြိမ်ကြိမ် ခံစားရဖူးမည် သေချာပါသည်။ အသက်ငယ်သူများ၊ အထူးသဖြင့် လှုပ်ရှားမှု များသူများ၊ အားကစားသမားများအဖို့ ဆိုလျှင်လည်း ဒဏ်ရာရ လွယ်သော နေရာတစ်ခုဟု ဆိုရပေမည်။ ဒူးခေါင်းသည် ကိုယ်ခန္ဓာ၏ အကြီးဆုံးနှင့် အထိခိုက် အလွယ်ဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ နေ့စဉ်နှင့်အမျှ အကွေ့အဆန့်၊ အလှည့်အပတ် လုပ်နေရသကဲ့သို့ ကိုယ်ခန္ဓာ၏ဝန်ကို ခြေနှင့် မြေပေါ်သို့ မသက်ရောက်မီ တစ်ဆင့်ခံ ပေးနေရခြင်းကြောင့်လည်း ဖြစ်သည်။ အကွေးအဆန့် လုပ်နိုင်သော်လည်း ဘယ်ညာ တိမ်းနွဲ့ရာ၌ တန်သည် ပို၍ ညွှတ်မိလျှင် ဒဏ်ရာရဖို့ သေချာလှသည်။

“Strains and Sprains” ဟူသော ရုတ်တရက် (သို့မဟုတ်) တာရှည် မနိုင်ဝန် ထမ်းရခြင်းသည် လူကြီးလူငယ် လူရွယ်အားလုံးကို ဒုက္ခပေးသည်။ ပြင်းထန်သော လေ့ကျင့်ခန်းများ၊ အားကစားခြင်းများကြောင့် အရွတ်ပြတ်သွားခြင်း၊ ကြွက်သား ပြဲသွားခြင်းများ ဖြစ်နိုင်သည်။ “Bursitis”ဟုခေါ်သော ဒူးအဆစ်အကြား (Cushioning) ကူရှင်အဖြစ် ခံပေးထားသော အစိတ်အပိုင်းများ ရောင်ရမ်းမှုကြောင့်လည်း ဒူးနာနိုင်သည်။ “Csteoarthritis”ဟုခေါ်သော အရိုးအဆစ် ရောင်ခြင်းကြောင့်လည်း ဒူးနာနိုင်ပါသည်။ လူပိန်း နားလည်အောင် “ဒူးအရိုးကျီးပေါင်း တက်ခြင်း”ဟု ပြောနိုင်သည်။ “ဇရာ”၏ လက္ခဏာ တစ်ခုဖြစ်သော ထို “OA Knee”ဟူသော Csteoarthritisသည် သက်ကြီးရွယ်အိုများတွင် ချဉ်ဆီ ခန်းခြောက်ခြင်းကြောင့်လည်း ဖြစ်တတ်သည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဖော်ပြဖူးပါသည်။ စာရေးသူ၏ ဆရာမတို့ ဖြစ်သော အရိုးအဆစ်နာတို့၏ (၇၀)ရာခိုင်နှုန်းတို့သည်ကား ထို OA Kneeကြောင့်ပင် ဖြစ်မည်ဟု ထင်မိပါသည်။

“သွေးလေးဖက်နာ” ဟုခေါ်သော Connective Tissues Disorders Sle, RAကဲ့သို့သော ရောဂါများ၊ လေးဖက်နာဟု ခေါ်သော Rheumatic Discaseတို့သည်ကား မီးကောင်ပေါက်အရွယ် မိန်းမငယ်တို့ကို အဓိက ဦးတည် တိုက်ခိုက်သော ရောဂါများ ဖြစ်သည်။ ထိုကြောင့် ဒူးနာရောဂါသည် တစ်ဦးကို တွေ့လျှင် အသက်အရွယ် အလိုက်သော်လည်းကောင်း “ကျား၊ မ” လိုက်၍သော်လည်းကောင်း၊ Differential Diagnosis ဖြစ်တန်သည့် ရောဂါတူ ရောဂါကွဲများကို စဉ်းစားကြရသည်။ အပျော်အပါး လိုက်စားတတ်သူများ အဖို့ကား “Reactive Arthritis” ဟုခေါ်သည့် အဆစ်ရောင်ရောဂါ၊ Gonococcal Arthritisဟူသော ရောဂါများ ဖြစ်တတ်ကြပါသည်။ “Gout” ဂေါက်ရောဂါဟု လူသိများသော ရောဂါတွင်လည်း Uric Acidဓာတ် များပြားခြင်းကြောင့် အရိုးအဆစ်ရောင်ခြင်း (အထူးသဖြင့် ခြေမ၌) ဖြစ်တတ်သည်ကို သတိပြုကြရသည်။

“အဆစ်ရောင်လျှင်” “ဒူးနာလျှင်” ဆရာဝန်က ဘာတွေ စစ်မည်နည်း။ အဖြေက ရှင်းပါသည်။ ဖြစ်သင့်သည်က ဆိုခဲ့ဖူးသော အသက်အရွယ်၊ ရောဂါ လက္ခဏာနှင့် သက်ဆိုင်သည့် အခြား ရောဂါများပါ ရှိ၊ မရှိ “ဒူး” တစ်ခု တည်းသာ မဟုတ်ဘဲ တစ်ကိုယ်လုံး ရောဂါရှာဖွေရမည်ဟု နိုင်ငံတကာတွင် ညွှန်ကြားချက်များ ရှိပါသည်။ သို့သော် စာရေးသူတို့ကဲ့သို့ နယ်တွင် တာဝန်ထမ်းရသော ဆရာဝန်များအဖို့ မိမိနှင့် လက်လှမ်းမီသည့် ရောဂါ ရှာဖွေမှုမျိုးသာ လုပ်နိုင်သည်။ ဓာတ်မှန်တစ်ချက် ရိုက်ဖို့ပင်လျှင် မဖြစ်နိုင်သော နေရာဒေသတွင် ဆေးကုရမည်ဆိုလျှင် မည်သည့် ဓာတ်ခွဲခြင်း၊ သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းမျှ မပြုဘဲ မိမိ၏ ဦးနှောက်ကိုသာ လွှာ၍ စဉ်းစား အသုံးချပြီး အဖြစ်တန်ဆုံး ရောဂါ သတ်မှတ်ချက် ချကာ ကုရပါတော့မည်။ ထို့အတွက် အပြစ်တင်စရာ ရှိမည် မထင်ပါ။ ထို့ကြောင့် မြန်မာပြည်မှ ဆရာဝန်များ၏ လက်နှင့် ဦးနှောက်သည် အခြား နိုင်ငံများထက် သာသည်ဟု ဆိုကြခြင်း ဖြစ်သည်။ အနောက်နိုင်ငံများရှိ ဆရာဝန်များက သွေးစစ်ခြင်း ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းမျှ မရှိလျှင် ဆေးမကုရဲဟု ဆိုကြသည်။ ဖြစ်နိုင်လျှင်တော့ ရိုးရို်းဓာတ်မှန် သာမက အထူး MRT(Magnetic Resonance Imaging) CT (Computed Tomography) အထိ လုပ်ရပါမည်။ လိုအပ်လျှင် အဆစ်အတွင်းမှ အရည်ကြည်ကိုပင် အပ်နှင့် စုပ်ယူ စစ်ဆေးရပါမည်။ Ulhasand ဟုခေါ်သော (တယ်လီဗေးရှင်း ဓာတ်မှန်ဟု အများသိသည့်) စက်ကြီးနှင့်လည်း ရောဂါကို အတိမ်အနက် ခွဲခြား သိရှိနိုင်ပါသည်။ ဘာကြောင့်ဖြစ်ဖြစ် ဒူးနာပြီ ဆိုလျှင်ကား ဆရာဝန်နှင့် ပြသသင့်သည်။ ထိခိုက် ဒဏ်ရာရ၍ အရိုးကျိုးခြင်းမှအပ ဆရာဝန်နှင့် မပြသဖြစ်သေးခင် စပ်ကြားကာလတွင် မိမိတို့ ကိုယ်တိုင် ကြိုတင် ကုသထားနိုင်သော ကုထုံးအချို့ကို ဖော်ပြလိုပါသည်။ မည်သို့ပင် ဒူးနာပါစေ ထိုဒူးကို ထပ်မံ မထိခိုက်အောင် ဦးစွာ ကာကွယ်သင့်ပါသည်။ ကိုယ်ခန္ဓာ၏ တစ်နေရာရာ၌ ထိခိုက် ဒဏ်ရာရဖူးလျှင် (သို့) နာကျင် ခံစားနေရလျှင် နောက်တစ်ခါ ထိုနေရာကိုပင် ထပ်မံ ထိခိုက်တတ်ကြသည်ကို အချို့သူများ ခံစားဖူးကြမည်။ အကြောင်းမှာ Balance ပျက်နေ၍ ကောင်းသည့်ဘက်နှင့် မကောင်းသည့်ဘက် Harmony မဖြစ်ဘဲ ထိုဘက်ကို ထပ်မံ ထိခိုက်မိတတ်ခြင်း ဖြစ်သည်။ ဂရုစိုက်သည့်ကြားမှ ပိုဖြစ်တတ်ကြသည်။

ဒုတိယအချက် အနေဖြင့် ထိုနာကျင်နေသော ဘက်ကို အနားပေးသည်။ ဤနေရာ၌လည်း တန်ဆေး လွန်ဘေးဟူသော စကားကို လက်ကိုင်ထားရမည်။ ဒူးနာဖူးသူ လူကြီးတိုင်း ခံစားဖူးကြမည်မှာ ညာဘက် ဒူးနာ၍ လှေကားဆင်း၊ လှေကားတက်ကို ဘယ်ဘက် တစ်ဘက်တည်းသာ အားပြုပြီး ညာဘက်ကို ညှာရင်း ဘယ်ဘက် ဒူးပါ မထောက်နိုင်လောက်အောင် နာကျင်လာတတ်ခြင်း ဖြစ်သည်။ ဖြစ်နိုင်လျှင် နှစ်ဖက်စလုံးကို ဝန်မပိစေရန် တတ်နိုင်သမျှ နားနားနေနေ နေကြရမည်။ သို့သော် ၂၄နာရီ ၇ရက် တစ်ပတ်၊ တစ်လ စသဖြင့် အိပ်ရာမှ မထဘဲ လဲနေပြန်လျှင်လည်း မဖြစ်သေး။ နောက်ဆက်တွဲ ရောဂါများ ဝင်လာဦးမည် ဖြစ်သည်။

တတိယနည်း အနေဖြင့် ထိုနာနေသော ရောင်နေသော ဒူးကို ရေခဲကပ် ပေးခြင်းအားဖြင့် ရောင်ရမ်းမှုကို ကျစေရုံသာမက နာကျင်ကိုက်ခဲမှုကိုပါ သက်သာစေပါသည်။ စဖြစ်ခါစ ကနဦး အချိန်ကာလ ၂ရက် ၃ရက်အတွင်း ဆိုလျှင် ၂နာရီခြား ၃နာရီခြားပြီး တစ်ခါလျှင် ၁၅မိနစ်ခန့် ရေခဲကပ်ပေးရမည်။ စတုတ္ထကုထုံးအနေဖြင့် ထိုဒူးခေါင်းကို ဆေးပတ်တီးဟု လူသိများသော ကျုံ့နိုင်ဆန့်နိုင်သည့် Elastic Bandageကို မတင်းလွန်း၊ မလျော့လွန်းသော အနေအထားဖြင့် ပတ်စီးရမည်။ ထိုသို့ ပတ်စီးခြင်းသည် အရောင်ကျစေ နိုင်သကဲ့သို့ ထိခိုက်မှုမှ ထပ်မံ ကာကွယ် ပေးရာရောက်၍ အကျိုးရှိလှသည်။ နောက်ကုထုံး တစ်ခုကား ထိုခြေထောက်ကို ခွေးခြေ (သို့) ကုတင်ပေါ်၌ သက်သာသော အနေအထားဖြင့် တင်ထားရမည်။ မတ်တပ်ရပ်ခြင်း၊ ခြေချ ထိုင်ခြင်းတို့သည် ရောင်ရမ်းမှုကို ပိုစေသည်သာမက နာကျင်မှုကိုလည်း တိုးစေသောကြောင့် ဖြစ်သည်။

ထို Protect, Rest, Ice, Compress, Elevationဟူသော PRICEဟူသည့် ရှေးဦး ကုထုံးလေးသည်ကား သင်၏ ဒူးနာကို ဆရာဝန်ထံ မရောက်မီ သက်သာစေနိုင်သော နည်းကောင်းတစ်ခု ဖြစ်သည်။ လူတိုင်းလိုလို ဆရာဝန် မပြမီ ပြုမူမိသည်ကား အကိုက်အခဲ ပျောက်ဆေး သောက်ခြင်းပင် ဖြစ်သည်။ “စပ်ဆေး”ဖြင့် နာမည်ကြီးသော ကွမ်းယာဆိုင်၊ အချို့ဆေးဆိုင်ကြီးများကို ရောက်သွားပြီး “အကိုက်အခဲပျောက်ဆေး ကောင်းကောင်း၊ အရောင်ကျ ဆေးကောင်းကောင်း စပ်ပေးစမ်းပါ”ဟု ပြောမိသူများလည်း ရှိပေမည်။ အကိုက်အခဲ ပျောက်ဆေး သောက်သင့်သည်မှာ မှန်သော်လည်း မိမိ၏ ရောဂါသဘာဝ၊ ခံနိုင်ရည်အား၊ အစာအိမ်၊ အသည်း၊ ကျောက်ကပ်စသည် ကိုယ်ခန္ဓာ၏ အရေးကြီးသော အစိတ်အပိုင်းများ၏ ဓာတ်ခံပေါ်မူတည်ပြီး သင့်လျော်ရမည့် အကိုက်အခဲပျောက်ဆေးကို သောက်သုံးသင့်သည်။ ထို့ကြောင့် ဆရာဝန်နှင့် မပြမီ “ဆေးကောင်းကောင်း ဆေးပြင်းပြင်း”ကို မတမ်းတပါနှင့်။ လတ်တလော၊ ခေတ္တသက်သာပြီး ဒူးနာသာမက တစ်ကိုယ်လုံး “ဂျုံးဂျုံးကျ” သည်အထိ ရောဂါတိုးသွားနိုင်၍ ဖြစ်သည်။ ထို့ကြောင့် သာမန် အကိုက်အခဲ ပျောက်ဆေး Paracetamol (ဈေးကွက် အတွင်းရှိ နာမည်ကြီးသော Biogesic, Lensen, Paragesic, Paracap အစရှိသည် တို့ကိုသာ သောက်ထားသင့်သည်။ (Ibuprofen, Diclofenicတို့သည်လည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိ၍ ဆရာဝန်ညွှန်မှ သောက်သင့်သည်)

လောကကြီးကား ဆန်းကြယ်လှသည်။ ဆရာဝန်တစ်ဦးအဖြစ် မွေးထုတ် ပြုစုပျိုးထောင် ပေးခဲ့ကြသော ကျေးဇူးရှင် မိဘနှစ်ပါးနှင့် ကျေးဇူးရှင် ဆရာသမားများသည်ကား သားဆရာဝန်၊ တပည့်ဆရာဝန်ဖြစ်၍ “ပီတိကို စားပြီး အားရှိ” ရရုံသာ။ ဆရာဝန်သား၊ ဆရာဝန် တပည့်၏ အနီးကပ်ပြုစု စောင့်ရှောက် ကုသမှုကိုကား မခံစားရချေ။ စိုက်ပျိုးပြုစုပေးခဲ့သော အပင်လေးမှ စိမ်းလန်းစိုပြည်လာကာ အသီးအပွင့်များ ဝေဆာလာချိန်တွင် ဂုဏ်ယူရရုံသာ။ ကိုယ်တိုင် ခူးဆွတ် စားသုံးခွင့် မရလိုက်ကြပါ။ သို့သော် စုန်ရေသာရှိသော ထိုမိဘနှင့် ဆရာသမားတို့၏ မေတ္တာစေတနာများသည်ကား လောဘကင်းသော ပြန်လည် ရယူလိုမှုကင်းသော သန့်ရှင်းစင်ကြယ်လှသည့် အနန္တ ကျေးဇူး တရားများ ဖြစ်ပါ၍ မြူမှုန် တစ်မှုန်စာမျှ ကျေးဇူးဆပ်ရာရောက်လျှင် စာရေးသူအဖို့ ကျေနပ်လှပါပြီဟု စိတ်ဝယ်မှတ်ရင်း အဝေးရောက်နေသော ဒူးနာနေသည့် မိဘဆရာ သမားများအတွက် ရည်စူး ရေးသား လိုက်ရပါတော့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*