တော်ကဆုန် ညောင်ရေ သွန်းချိန်မို့ » ICT.com.mm
Need Help? Call 0942 000 4551
အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးမည်။ ပစ္စည်း အာမခံချက် တာဝန်ယူသည်။

တော်ကဆုန် ညောင်ရေ သွန်းချိန်မို့

တော်ကဆုန် ညောင်ရေ သွန်းချိန်မို့
May 13, 2013 TZO

တပုံတခန်း၊ ကဆုန်ဆန်းမို့၊ ယုန်စန်းငွေလ၊ စန္ဒရနှင့် … လို့ဆိုတဲ့ လကဆုန်ကို ရောက်ပြန်ဦးတော့မယ်။ တော်ကဆုန် ညောင်ရေသွန်းချိန်မို့… ဆိုတဲ့ အတိုင်း ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေအဖို့ ဂေါတမမြတ်စွာဘုရား အမှီပြု ပွင့်တော်မူရာ ရွေှညောင်ပင်ကို နံသာရည် ထုံမွှမ်းတဲ့ အတာ ရေအိုးများနဲ့ ညောင်ရေသွန်းလောင်းကြတဲ့ ပွဲတော်ချိန်ခါလည်း ဖြစ်ပါတယ်။

ဟေမန်နွေလှန်လို့ တုံ့ပြန်တော့၊ ဗွေသဟံဝေယံအု့ံဆီက လေပြန် လှု့ံဆော်ခဲ့ပြီ။ ကဆုန်လဟာ နွေအကုန်မိုးအကူး ကာလဖြစ်ပြီးတော့ တောင်လေ ပြန်တိုက်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ ပင်ပေါ်ထက်၊ ရော်ရွက်ဝါ ထိန်ဝေနှင့် ခါဂိမှေသည် တစ်ခေတ်တွင်မှ၊ ညှာလိမ်ကြေွ တမည် သစ်မည်ကြောင့် အသစ်တွေ ထွေကာစုပါလို့၊ ပုရစ်ခွေ တမာနုမှာကွယ်၊ ကျေးဥစီစီ…တဲ့ ရှေးစာဆိုတော်များကတော့ မြန်မာ့ဆယ့်နှစ်လရာသီကို အမျိုးမျိုး ဖွဲ့နွဲ့ စပ်ဆိုခဲ့ကြတာ တွေ့ရပါတယ်။ သာယာနာပျော်ဖွယ်တွေ၊ ဆွတ်ပျံ့ ကြည်နူးဖွယ်တွေ၊ လွမ်းမော ကြေကွဲဖွယ်တွေနဲ့ တောအလှ၊ တောင်အလှ မောင်ဖွဲ့ မယ်ဖွဲ့တွေ မျိုးစုံနေအောင် ရေးဖွဲ့ခဲ့ကြတာ ဖြစ်ပါတယ်။

တကယ်တော့ ကဆုန်လဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် ထူးခြား မွန်မြတ်လှတဲ့ လတစ်လဖြစ်ပါတယ်။ ဂေါတမဗုဒ္ဓလို့ ဖြစ်လာမယ့် ဘုရားအလောင်းတော် သိဒ္ဓတ္တမင်းသားဟာ မဟာသက္ကရာဇ် ၆၈ခုနှစ်၊ ကဆုန်လပြည့် သောကြာနေ့မှာ ဒေဝဒဟပြည်နဲ့ ကပိလဝတ်ပြည်တို့ရဲ့ အကြားမှာ ရှိတဲ့ လုမ္ဗီနီသာမောအင်ကြင်းတောမှာ မယ်တော် မာယာရဲ့ ဝမ်းကြာတိုက်မှာ မီးရှုးသန့်စင် ဖွားမြင်တော်မူခဲ့ပါတယ်။ နောက်တချို့ ဘုရားအလောင်းတော် အသက် ၃၅နှစ်အရွယ် မဟာသက္ကရာဇ်၊ ၁၀၃ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ မိုးသောက်ယံမှာ အာသဝေါတရားလေးပါးတို့ရဲ့ ကုန်ခြင်းကို ပြုတတ်တဲ့ “အာသဝက္ခယဉာဏ်”ရတော်မူပြီး လောကသုံးပါးမှာ အတုမရှိတဲ့ သဗ္ဗညုဘုရားအဖြစ်ကို ရောက်တော်မူခဲ့ပါတယ်။

အဲဒီနောက် ၄၅ဝါ ကာလပတ်လုံး သတ္တဝါတို့ရဲ့ အကျိုးစီးပွားကို မနားမနေ ဆောင်ရွက်တော်မူခဲ့ပြီး သက်တော် ၈၀အရွယ် သဗ္ဗညု ဘုရားရှင်ဟာ မဟာသက္ကရာဇ် ၁၄၈ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့မှာ ကုသိနာရုံပြည်က မလ္လာမင်းတို့ရဲ့ ဥယျာဉ်မှာ ပရိနိဗ္ဗာန် ဝင်စံတော်မူခဲ့ပါတယ်။ ဒါကြောင့် ကြည့်လိုက်ရင် ကဆုန်လပြည့်နေ့ဟာ မြတ်စွာဘုရား ဖွားမြင်တော်မူတဲ့နေ့၊ ဘုရားဖြစ်တဲ့နေ့နဲ့ ပရိနိဗ္ဗာန် စံဝင်တော်မူတဲ့နေ့တွေအဖြစ် တွေ့ရမှာ ဖြစ်တဲ့အတွက် ထူးခြားမွန်မြတ်တယ်လို့ ပြောရတာပါ။ ဂေါတမမြတ်စွာဘုရား အမှီပြုပြီး ပွင့်တော်မူရာ ရွေှညောင်ပင်ကို ရှင်သန်စေအောင် ရေစင်များ သွန်းလောင်းကြတဲ့ ညောင်ရေသွန်းပွဲတော်ကို အနယ်နယ်အရပ်ရပ်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပကြတာ ဖြစ်ပါတယ်။

အရင်တုန်းက ပြည်ထောင်စု ရိပ်သာမှာနေတော့ ရွေှတိဂုံဘုရားနဲ့နီးလို့ ကဆုန်လပြည့်နေ့ဆိုရင် ကိုဘအေးက ညောင်ရေ သွားသွန်းနေကျ။ ညီဖြစ်တဲ့ ကိုတူးလေးနဲ့ နှစ်ယောက်သား ဘုရားသွားကြပြီး ညောင်ရေ သွန်းကြတာ။ ရွေှတိဂုံဘုရား ရင်ပြင်ပေါ်က ညောင်ပင်ကြီး ရှိတဲ့ထောင့်မှာ (ရာဟုထောင့်လို့ ထင်ပါတယ်၊ ကိုဘအေးလည်း မရောက်တာကြာလို့ သိပ် မမှတ်မိတော့ဘူး) အလှုငွေထည့်ပြီး အတာအိုးလေးတွေယူ၊ န့ံသာဆီမွေှး ထည့်ချင်ရင်လည်း ဝယ်ပြီး တာအိုးထဲထည့်၊ ပြီးရင် ညောင်ပင်ကြီး ပတ်ပတ်လည်မှာ ဝိုင်းပြီးတန်းစီပြီး ညောင်ရေလောင်း ကြရတာ။ ညောင်ပင်ကြီးအောက်က ဗုဒ္ဓဆင်းတုတော်ကိုလည်း ရေသပ္ပာယ်ကြတယ်ပေါ့။ အဲဒီအချိန်မှာတော့ ဘာသာရေး အသင်းအဖွဲ့တွေ ဝတ်အသင်းတွေကလည်း အဖွဲ့လိုက်လာပြီး ညောင်ရေသွန်းကြတော့ သူတို့တွေနဲ့ရော ဘုရားဖူး လာသူတွေနဲ့ရော ရှုတ်ယှက်ခပ်ပြီး ကိုဘအေးတို့ ညီအစ်ကိုတွေ တိုးဝှေ့ပြီး ညောင်ရေလောင်းကြရတာ။ ကုသိုလ်ရချင်လို့လေ တကယ် ပြောတာပါ။

ကိုဘအေးတို့ ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်းရင်းနဲ့ မိုးရွာတာ အမြဲ ကြုံရတယ်။ အမှန်တော့ မိုးမင်းကြီးက သူလာတော့မယ်လို့ သတိ ပေးတာဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနောက်ပိုင်း မိုးက ကျပြီလေ။ ကိုဘအေးတို့က ရွေှတိဂုံဘုရားတက်ရင် အနောက်ဘက်မုခ်က တက်ပြီး တောင်ဘက်မုခ်က ပြန်ဆင်းတယ်။ ပြီးရင် အဲဒီတုန်းက ဖွင့်တဲ့ ဆက်သွယ်ရေးတပ်က လက်ဖက်ရည်ဆိုင်မှာ သွားထိုင်ကြတယ်။ စားပွဲထိုးတာက ကောင်မလေးတွေ တပ်ထဲက လူတွေရဲ့ သားသမီးတွေပါပဲ။ ကိုတူးလေးက အဲဒီထဲက ကောင်မလေး တစ်ယောက်နဲ့တောင် ချိတ်တိတ်တိတ် ဖြစ်လိုက်သေးတယ်။ ဒါပေမယ့် နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတဲ့ ကိုတူးလေးတစ်ယောက် အခုထိ လူပျိုကြီးဘဝနဲ့ပဲ ရှိသေးတယ်။

တကယ်တော့ ကိုဘအေးကလည်း နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတဲ့ လူတစ်ယောက်ပါ။ အဲဒီကျွန်းကြီး ရေမြှုပ်သွားမှ မိန်းမရတာ။ ကမ္ဘာကြီး ပူနွေးလာတဲ့ ဖန်လုံအိမ် အာနိသင်ရဲ့ ကျေးဇူးလို့ပဲ ပြောရမယ်။ မြောက်ဝင်ရိုးစွန်းက ရေခဲပြင်တွေ အရည်ပျော်လာပြီး ပင်လယ်ရေပြင် မြင့်တက်လာတော့ ကျွန်းတွေ မြှုပ်ကုန်တာလေ (ဘာမှ မဆိုင်ဘူးနော်၊ ကိုယ်မစံွရင် မစံွဘူးပေါ့) အဲဒီတုန်းက ကိုဘအေးလည်း ဦးကြင်ဥရဲ့ ကဗျာလေးတွေလိုပဲ လွမ်းနေရတာပေါ့။ ဘာကို လွမ်းလို့ လွမ်းနေလဲတော့ မသိဘူး။ အော်……..ဖော်ဝေးမစုံ၊ ဆွေးဖို့ ကြုံအောင်၊ တပုံတခန်း၊ ကဆုန်ဆန်းမို့၊ ယုန်စန်းငွေလ၊ စန္ဒရနှင့် ပုဏ္ဏာ့တာရာ၊ ကြယ်ဝိသာလဲ၊ အာကာမြင့်ခေါင်၊ ကွန့်ရွှန်းငယ်ပြောင်သည်၊ တိမ်မှောင်ချေွလို့ လင်းတော့တယ်။ လွမ်းလို့ကောင်းနေတာ။ ဒါပေမယ့်………….သံဝှန်ငယ် ညောင်းငြိမ့်၊ စည်မောင်းလှိမ့်လို့၊ ဝတိန့်ခွန်ဆွတ်၊ နတ်များ ထွတ်ကို၊ သခွတ်စားငယ်၊ ပြည်သမီးရင်း၊ လက်စကြွင်းကြောင့်၊ ရန်တင်းငယ် လှယ်သည်၊ စစ်ဆွယ် ပြိုင်လု့ိ ကျင်းတော့တယ်။ သိကြားမင်းနဲ့ အသူရာတို့ သမီးယောက္ခမ အချင်းများတဲ့ကြားမှာ ထီးမပါတဲ့ ကိုဘအေးတို့လည်း မိုးလွတ်အောင် ပြေးကြရတာပေါ့။

ဝသန်မိုးလေးက တဖွဲ့ဖွဲ့ရွာလာတဲ့ အခါကျတော့ မြေသင်းနံ့လေးတွေက တကြိုင်ကြိုင် ထွက်လာကြပြန်တယ်။ သင်းမြေနံ့ တကြိုင်၊ စကားရွေှဝါနှင့် ညောင်သီဒါ ရေတော်သွန်းချိန်မို့ ရွှန်းဝေလို့လှိုင်။ မြိုင်မြစ်စုံ ယမုန်ခပါတဲ့၊ ပြည်အမရ မဏ္႑ိုင်၊ခရိုင်နယ့်တဝိုင်း။ သို့ချိန်ဆီ၊ ရင့်ကျူး ပဉ္စင်္ဂီနှင့်၊ တိမ်ပန်းချီ ပွေလို့ရေးပေလိမ့်၊ ဆေးရင့်ပြာလှိုင်း..တဲ့။ ဖော်မစုံတဲ့ သူတစ်ယောက် အတွက်တော့ ပတ်ဝန်းကျင်မှာ အရာရာဟာ လွမ်းချင့်စရာတွေချည်းပဲ။ လူပျို ဘဝတုန်းကတော့ ကိုဘအေးလည်း လွမ်းငွေ့တဝေဝေ (ရုပ်ရှင်မဟုတ်ပါ)နဲ့ပေါ့။ အလကားနေရင်းလည်း စိတ်ကူးယဉ်ပြီး လွမ်းနေတာ။ အိမ်ထောင်လည်း ကျသွားရော လွမ်းချိန်မရတော့ဘူး။ လက်တွေ့ဘဝ ရောက်လာပြီလေ။ ကလေးရတော့ ပိုဆိုးတာပေါ့။ အလွမ်းအဆွေးတွေ Go Awayပဲ။ ရုပ်ရှင်လည်း အလွမ်းကားတွေ မကြည့်တော့ဘူး။ အလွမ်းဝတ္ထုတွေ မဖတ်တော့ဘူး။ အဲ……တစ်ခုတော့ ရှိတယ်။ မိသားစုနဲ့ ဖြစ်လာတော့ ရုံးကိစ္စနဲ့ ကိုယ်ခရီးဝေးထွက်ရတဲ့အခါ ဖြစ်ဖြစ်၊ ဖောင်ကြီးတို့ မင်္ဂလာဒုံတို့ စသဖြင့် ရုံးက သင်တန်းတွေ သွားတက်နေရတဲ့အခါဖြစ်ဖြစ် ကိုယ့်မိသားစုကို လွမ်းတဲ့ စိတ်ကလေးတော့ ဖြစ်မိတာပေါ့။ မိသားစုနဲ့ ဖြစ်လာတဲ့ အချိန်မှာလည်း မိသားစုနဲ့ အတူ ရွေှတိဂုံဘုရားတို့ ဆူးလေတို့မှာ ညောင်ရေသွန်း ခဲ့ဖူးတယ်လေ။ ဒါကြောင့် အထူးသဖြင့် ဒီလိုအချိန်မှာ ခရီးထွက်ရရင် အိမ်ကို ပိုပြီး လွမ်းမိတယ်။
ခင်တန်းလျှို သပြေပင်က၊ ရွေှသဇင်သုတ်လေနှောပြန်တော့၊ နေဝင်လျှင် ဘုတ်တွေရောပါလို့၊ အုတ်ရွေှသြရယ်က တွန်သံချီ၊ ဌာနီနှင့် ကွာဝေး…။ ဖန်ခါခါ၊ လမ္ဗရာ စည်ဍိဏ္႑ိပေမို့၊ ဝသန်မှာ ဆည်မချိပြီဘူ့ ပူမိသည်မှော်ရဂုံက၊ တော်ကဆုန် ညောင်ရေသွန်းချိန်မို့၊ ဖော်မစုံ အောင်မြေကွန်းဆီသို့၊ လွမ်းလိုက်လှသေး………..။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*