စေတနာဆိုသော စကားလုံးကို အလွဲသုံးစား မလုပ်တဲ့ စေတနာရှင် အမှန် » ICT.com.mm
Need Help? Call 0942 000 4551
အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးမည်။ ပစ္စည်း အာမခံချက် တာဝန်ယူသည်။

စေတနာဆိုသော စကားလုံးကို အလွဲသုံးစား မလုပ်တဲ့ စေတနာရှင် အမှန်

စေတနာဆိုသော စကားလုံးကို အလွဲသုံးစား မလုပ်တဲ့ စေတနာရှင် အမှန်
May 6, 2013 Dr. PTS

အချိန်တွေပြောင်း၍ အတိတ်တွေလည်း ဟောင်းခဲ့ချေပြီ။ ဂိမာန်နွေရဲ့ အလျှော့မပေးသော အမုန်းကြောင့် တစ်ကျောလုံး ပူလွန်းလို့ မပြုံးနိုင်တာလည်း ကြာခဲ့ချေပြီ။ “နွေပဲပူမှာပေါ့လေ” “ပူတာကို ပူတယ်လို့မှတ်” “ပူတာ၊ အိုက်တာကို ဒေါသထွက်နေရင် အကုသိုလ် တက်တာပဲရှိမယ်၊ ပူတာလေးကို လိုက်မှတ်ရင်း မှတ်ရင်းနဲ့ အပူဓာတ်လေး ပြောင်းလဲလာတာ မြင်လာရင် အဲဒီပူတဲ့ဒဏ်ကို ကိုယ်တိုင်မခံရတော့ဘဲ ဘေးကကြည့်နေသလို ဖြစ်လာလိမ့်မယ်။ ငါ့သား “တရားဘာဝနာ ကျင့်ကြံ အားထုတ်ပွားများလေ့ရှိသူ မိခင်ကတော့ အားပေးမြဲ။ ပုထုဇဉ်မို့ လောဘ၊ ဒေါသ၊ မောဟ မကင်းနိုင်ပါဘူးဟု အမြဲ ဆင်ခြေပေးနေမြဲ။ “ဒေါသကို ဒေါသနဲ့ တုံ့ပြန်ရင် ပိုပင်ပန်းတယ်” ဆရာတော်များ ဟောမြဲ၊ ဒီအပူ၊ ဒီဒေါသကို ဒီနှစ်ပိုခံရခြင်း အကြောင်းကား သစ်ရိပ်၊ ဝါးရိပ်ပေါသော ကျေးလက်တောရွာ (အမှန်တကယ်တော့ မြို့နယ်လေးတစ်ခု)မှ ရွေှမြို့တော် ရန်ကုန်သို့ ဒေါက်တာ ပီတိတစ်ယောက် ရောက်ရှိလာ၍တည်း။

“သူငယ်ချင်း မင်းရောက်တုန်း ဒီည ငါ Night Duty ဆေးရုံလာလည်ပါလား” ရန်ကင်းကလေး အထူးကု ဆေးရုံကြီးတွင် ဆေးပညာမဟာသိပ္ပံ သင်တန်း တက်ရောက်နေသူ သူငယ်ချင်းမှ ခေါ်၍ သွားရောက် လေ့လာဖြစ်သည်။ အစိုးရ၏ စီမံအုပ်ချုပ်မှုအောက်တွင် ကျန်းမာရေး ဝန်ကြီးဌာန၏ ပံ့ပိုးမှု၊ ဝန်ထမ်းများ ခန့်အပ် တာဝန်ထားရှိမှုနှင့် အလှုရှင်၏ ဆေးရုံပြင်ဆင် တည်ဆောက်မှုတို့ကြောင့် ကောင်းသတင်းများဖြင့် နာမည်ကြီးလာသော ထိုဆေးရုံကြီးသည်ကား၊ အမှန်တကယ်ပင် ခေတ်မီသပ်ရပ် သန့်ရှင်းလှသည်။ ဆေးဝါး အများစုကိုလည်း အခမဲ့ ထောက်ပ့ံပေးနိုင်ရုံမက ကလေးငယ် လူနာတို့အား အာဟာရပင် ကျေွးမွေးနိုင်သည်ဟု ကြားရ၍ ဝမ်းသာမိသည်။ ဆေးရုံအုပ်ကြီး အပါအဝင် ပါမောက္ခဆရာကြီး၊ ဆရာမကြီး အားလုံးသည်လည်း စာရေးသူတို့ လေးစားရသော ကျေးဇူးရှင်ကလေးအထူးကု ဆရာဝန်ကြီးများ ဖြစ်ကြသည်။

သူငယ်ချင်း ဖြစ်သူမှာလည်း မိမိကိုသာ ဆေးရုံလာလည်ရန် ခေါ်ထားသော်လည်း ဂျူတီဝင်ချိန်မှစ၍ ဂျူတီခန်းမှ တစ်ဖဝါးမှ မခွာနိုင်။ သူငယ်ချင်း ငါထမင်းကြော် မှာထားတယ်၊ လာရင် စားနှင့် ငါ့မစောင့်နဲ့”ဟု တစ်ခွန်း လာပြောသည်မှ လွဲ၍ မိမိအား ဧည့်မခံနိုင်။ “တို့တောက ဆရာဝန်တွေကတော့ ဒီလောက် မရှုပ်ဘူး”ဟု ကိုယ့်ကိုယ်ကိုယ် ထင်မိသည်။ အထူးကု ဘွဲ့လွန်သင်တန်း တက်ရန်ပင် ဝန်လေးလာမိသည်။ ဂျူတီချိန် ဂျူတီ၊ ဂျူတီ မဟုတ်လျှင်လည်း စာအုပ်ပုံထဲ ခေါင်းစိုက်နေမည့် သူငယ်ချင်းသည်ကား ဆေးကျောင်းသား ဘဝကပင် ကံ၊ ဉာဏ်၊ ဝီရိယ အားကောင်း လှသည်။ စေတနာကောင်း၍ အနစ်နာလည်း ခံတတ်သလို ဝါသနာလည်း သန်လွန်းသဖြင့် ဘွ့ဲလွန်သင်တန်း တက်ရောက်ခွင့်ရရန် စာမေးပွဲ အောင်မြင်ပြီး ရွေးချယ်ခံရသည်မှာလည်း ငြင်းဖွယ်ရာမရှိ။

သူငယ်ချင်း ဧည့်ခံသော ညစာကို တစ်ကိုယ်တည်း စားပြီးနောက် သူတို့ ဂျူတီခန်း (Station) ရှိရာသို့ သွားမိသည်။ Hause Surgeon (အလုပ်သင် ဆရာဝန်) သုံး၊ လေးဦး၊ သူနာပြုဆရာမ နှစ်ဦးတို့နှင့် လက်မလည်အောင် အလုပ်ရှုပ်နေကြသည်။ SiR (Seriously Ill Room) အသည်း လူနာခန်းထဲတွင် ကလေးလူနာ (၁၀)ယောက်ခန့်ကို အောက်စီဂျင် ရှုသူရှု၊ Dripပိုက် တပ်သူတပ်နှင့် အပြိုင်အဆိုင် မနေမနား ဖြစ်နေကြသည်။

“သူငယ်ချင်း Sorryပဲကွာ။ မင်းကို ဧည့်မခံနိုင်ဘူး၊ ဒီနေ့ Caseတွေ ရှုပ်နေလို့” “မဟုတ်ပါဘူးကွာ၊ ငါက မင်းကိုတောင် ပြန်အားနာနေတာ ဂျူတီချိန် လာရှုပ်လို့၊ ငါ ခဏနေပြန်တော့မယ်”
သူငယ်ချင်း နှစ်ယောက် ထိုသို့ပြောရင်း ဂျူတီခန်းမှ ထွက်မည်အပြု “ဆရာ NA (လူနာသစ်)လာတယ်၊ အသက်တစ်နှစ် DHF-သွေးလွန်တုပ်ကွေးတဲ့” အလုပ်သင် ဆရာဝန်လေးမှ ပြေးလာပြောသည်။ သို့ဖြင့် နှစ်ဦးသား ခြေဦး ပြန်လှည့်ရတော့သည်။

“ဆရာ Pressure (သွေးပေါင်ချိန်)ချိန်လို့ မရဘူး”

သူငယ်ချင်း ဖြစ်သူမှ ပြေးသွားပြီး ကလေးကို ကိုင်ကြည့်ကာ “Dengue Shock သွေးလွန်တုပ်ကွေးနဲ့ သွေးလန့်နေတာ၊ တစ်ကိုယ်လုံး အေးစက်နေတာ ဘယ်လောက်ကြာပြီလဲ၊ လာကြဟေ့ Cannula (သွေးပြန်ကြောထဲ ပိုက်သွင်းရန်) ထိုးမယ်” “O2လည်း ပေးထား”

“မနက်ကတည်းက ဖြစ်နေတာ၊ ပိုက်ဆံမရှိလို့ မလာနိုင်တာပါ” ကလေး၏ မိခင်ဖြစ်သူက မျက်ရည်စက်လက်နှင့် ဖြေသည်။

“ဆရာတို့ ဆေးရုံတွေ အခုချိန်မှာ ပိုက်ဆံမလိုဘဲ ကုပေးနေတာ မကြားမိဘူးလား၊ စောစောလာမှပေါ့။ အခုကလေး အခြေအနေက စိုးရိမ်ရတယ်” “ဟုတ်ပါတယ် ဆရာ၊ ခရီးစရိတ်တောင် မရှိလို့ပါ”

ကြားရသည်မှာ နားဝမချမ်းသာ၊ သူငယ်ချင်းတို့အဖွဲ့ ကလေး၏ ဘယ်လက်၊ ညာလက်၊ ဘယ်ခြေ၊ ညာခြေတို့တွင် Cannula ပိုက်သွင်းရင် သွေးကြော ပိုက်စိတ်တိုက် ရှာနေကြပြီ။ “Veinတွေ (သွေးပြန်ကြောတွေ) အားလုံး Collapse ဖြစ်(ပြားနေ)ပြီ” “ဆရာမရေ ကူပါဦး” အတွေ့အကြုံ ပါဝင်သော သူနာပြု ဆရာမကြီးကိုပါ အကူအညီတောင်းပြီး သွေးကြော ရှာနေကြရပြီ။ ဒေါက်တာ ပီတိအဖို့တော့ သာမန် ကလေးတစ်ဦးကိုပင် ခက်ခက် ခဲခဲတွေ၊ ကြောရှာသွင်းရ တတ်သဖြင့် ဤကဲ့သို့ အသက်လုရမည့် သွေးလန့်သည့် ကလေးငယ်မျိုးကိုတော့ သူငယ်ချင်း အထူးကုထက်ပို၍ ရှာနိုင်မည် မဟုတ်သည်မှာ သေချာသည်။ သူကအထူးကု ဖြစ်ဖို့အစား Training ရထားသည် မဟုတ်လော။

သွေးပိုက် Cannula တစ်ချောင်း၊ နှစ်ချောင်းမှ ခြောက်ချောင်း၊ ခုနှစ်ချောင်း အထိ ဖြစ်လာသည်။ သွေးကြောကောင်းကောင်း မပွင့်၊ သွေးမလိုက်၊ အသက်ကယ်စလိုင်း (Resuscitation Fluid)သွင်း၍မရ။ ကလေးငယ်ကာ သွေးဆုတ်လာချေပြီ။ ဖြူလျော့လာပြီ။ မငိုနိုင် မလှုပ်နိုင်တော့။ ဘေးမှ ကြည့်နေသော စာရေးသူပင် ဆရာဝန်တစ်ဦး ဖြစ်လင့်ကစား ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်လာသည်။ မရတော့ဟု လက်လွှတ် လိုက်ရတော့မည်။ သွေးကြောရှာရင်း အသက်ထွက်သွားသူများ စာရေးသူတို့ ကြုံဖူးသည်။ လွန်မှလာလျှင်တော့ သိကြားပင် ကယ်နိုင်မည်မထင်။ သူငယ်ချင်းဖြစ်သူကား ပြာယာခတ်မနေ။ လက်မတုံ၊ ခြေမတုံ။ သွေးကြော တစ်ချောင်းပြီး တစ်ချောင်း တိုးနေသေးသည်။

“ဆရာ Bone Marrow Box (ပိုးသတ်ပေါင်းထားသော ရိုးတွင်းချဉ်ဆီဖောက်အပ်ဘူး)ပြင်ပေးတော့ Surgical Glove (ပိုးသတ်ထားသော လက်အိတ်) ဖာပေး၊ Intraosscous ထိုးတော့မယ်”
စာရေးသူ အံ့သြသွားသည်။ ချီးကျူးမိသည်။ ထို့ပြင် လုပ်နိုင်ပါ့မလားဟု သံသယ ဝင်မိသည်။ ကိုယ်ခန္ဓာ တစ်ကိုယ်လုံးတွင် သွေးမရှိတော့အောင် ဆုတ်သွား၍ သွေးကြောရှာမရ၊ စလိုင်း လွှတ်မရလျှင် နောက်ဆုံး နည်းလမ်း ဖြစ်သည့် အရိုးအတွင်း (တစ်နည်း) ချဉ်ဆီအခန်းအတွင်း အပ်စိုက်၍ စလိုင်း လွှတ်ခြင်းတည်း။ စာရေးသူတို့အဖို့ စာအဖြစ်သာ သင်ဖူးသည် လက်တွေ့နေနေသာသာ မြင်တောင်မမြင်ဖူး။ တည်တည်ငြိမ်ငြိမ်နှင့် လုပ်သင့်သည်ကို အချိန်မနှောင်းပဲ လုပ်ရန် ဆုံးဖြတ်ချက် ချနိုင်သည့် သူငယ်ချင်းကို လေးစားသွားသည်။ လိုအပ်သော ပိုးသတ်ပြင်ဆင်မှု အပြီး၌ အရိုးအတွင်း အပ်စိုက် သွင်း၍ စလိုင်းလွှတ်တော့သည်။ “နေရာမှန်ကို သေချာဝင်ရင် Row စီးဆင်းမှု ကောင်းရမယ်” ပါးစပ်မှ ပြောရင်း Salineကို လွှတ်သည်။ အရည်ကောင်းကောင်း ကျသည်။ အားလုံး ဝမ်းသာသလို ခံစားမိသည်။ သူငယ်ချင်း၏ တည်ကြည်သော မျက်နှာပေါ်တွင်ကား အပြုံးရိပ် မတွေ့ရသေး။ ထို့ကြောင့် စိတ်မချနိုင်သေးသည်ကို သဘောပေါက်မိသည်။

“ဆရာလေးက ဒီ Needleကို သေချာကိုင်ထားပါ” အလုပ်သင် ဆရာဝန်လေးအား ကိုင်ခိုင်းထားပြီး ဘယ်လက်၊ ညာလက် ဘယ်ခြေ၊ ညာခြေ သွေးကြောပြန် ရှာနေပြန်သည်။ တစ်ချောင်းပြီး တစ်ချောင်း ထိုးနေသည်။ မလျှော့သော ဇွဲနှင့် ဆယ့်ငါးမိနစ်ကြာမျှ ထိုးရင်းနှင့်မှ သွေးကြောတစ်နေရာ ကောင်းကောင်း ဝင်သွားပြီ။ “ဒီဘက်မှာ တစ်လိုင်းတပ်” သူ၏မျက်နှာ ဝင်းလာသည်ကို တွေ့ရပြီ။ သွင်းရမည့် အရည် ပမာဏကို တွက်ချက်ပြီး သွင်းသည်။ ကောင်းကောင်းဝင်သည်။ အားလုံး သက်ပြင်းချရသည်။ သူငယ်ချင်းကား ထို Cannula ပိုက်နှင့် ကလေးလက်ကို မလွှတ်သေး။ မည်သည့်အကြောင်း တစ်ခုကြောင့်မျှ ထိုအပ်နှင့် ပိုက်ဖြုတ်ထွက်သွားမည်ကို လက်ခံနိုင်မည် မဟုတ်။ ဆယ်မိနစ်ခန့်ကြာမှ ထိုပိုက်နှင့် Cannulaကို တိပ်ကပ်ကြသည်။ ကလေးလည်း လူးလူး လွန့်လွန့် ဖြစ်လာချေပြီ။ ယခင် ဖြူစုပ်နေရာမှ ပန်းရောင် သန်းလာချေပြီ။ စာရေးသူကိုယ်တိုင် ဝမ်းသာလွန်း၍ မျက်ရည်ပင် လည်လာမိသည်။

“Pulse Volume (သွေးခုန်နှုန်း)လေး စမ်းမိလာပြီ Pressure တိုင်းကြည့်ပါဦး”

“70/40 ရလာပြီ ဆရာ”

ရင်ထဲတွင် အတိုင်းမသိသော အပျော်များ တလှိုက်လှိုက် တက်လာသည်။ သူငယ်ချင်းဖြစ်သူ၏ ပခုံးကို ပုတ်ပြီး ကောင်းချီးပေးနေမိသည်။
“တကယ်တော်တဲ့ ငါ့ သူငယ်ချင်းပဲ” ဟု အားရမိသည်။

သေမင်း၏ ခံတွင်းဝမှ ကလေးငယ်ကို ကယ်ထုတ်ခဲ့ချေပြီ။ ကလေးမိဘ အဘိုးအဘွားတို့၏ အပျော်ကား နှိုင်းဖွယ်ရာ ရှိမည်မထင်။ “ICU (Inlensive Cave Unit)ကို အထူးကြပ်မတ်ဆောင်ကို အကြောင်းကြားရမယ်” သူငယ်ချင်း ဖြစ်သူကား အောင်မြင်မှုအတွက် ရင်ကော့၍ အောင်ပွဲမခံ။ လုပ်သင့်သည်များကို အချိန်နှင့်အမျှ ဆုံးဖြတ်ချက်ချ ညွှန်ကြား လုပ်ကိုင်နေသည်။ လုပ်ရင်း ကိုင်ရင်းနှင့် အရည်သွင်းချိန် တစ်နာရီမျှ ကြာလာချိန်တွင် ကလေးငယ်က ရှုးရှုးပေါက်ချေပြီ။ “Unine Output ရှိပြီဟေ့” သို့ဆိုလျှင် သွေးလန့်မှုကို ကျော်နိုင်ပြီ သာမက ကျောက်ကပ် ပျက်သွားခြင်းလည်း ဖြစ်မသွားဟု ယေဘူယျ တွက်ဆနိုင်၍ ထပ်ဆင့်ပျော် ကြရသည်။ အထူးကြပ်မတ်ဆောင်သို့ လွှဲအပ်ပြီး လိုအပ်သော စောင့်ကြည့်မှု၊ ကုသမှုတို့ကို သူကပင် ကြီးကြပ်ပေးနေရပြန်သည်။

“သြော် တန်ဖိုးဖြတ်မရတဲ့ လူ့အသက်အတွက် ဒီလိုတော်တဲ့ ငါ့သူငယ်ချင်း ဆရာဝန်၊ ဒီလိုပြည့်စုံတဲ့ ဆေးရုံနဲ့ တွေ့ရတာ ဒီကလေးကံပဲ”ဟု စိတ်ထဲမှ ရေရွတ်မိသည်

သုံးလေးရက်ကြာမှ သူငယ်ချင်းထံ ဖုန်းဆက်မိသည်။ ရန်ကုန်မှအပြန် နှုတ်ဆက်စကားဆိုရင်း ထိုကလေး၏ အခြေအနေ မေးကြည့်မိသည်။ “အဲဒီညက Shock Revired သွေးလန့်တာ ပြန်ကောင်းပြီးကတည်းက Shable ဖြစ်သွားတယ်၊ နောက်နေ့ကျ သူမဟုတ်သလိုပဲ၊ ဒီနေ့ပဲ ဆေးရုံ ဆင်းခွင့် D/C ပေးလိုက်ပြီ၊ တွေ့လား ငါပြောဖူးသလိုပဲ မိုးတွင်းတောင် မရောက်သေးဘူး။ သွေးလွန်တုပ်ကွေးက ဘယ်လောက် ဒုက္ခပေးနေပြီ ဆိုတာ။ မင်းလည်း ကလေး လူနာတွေ သတိထား၊ တတ်နိုင်သမျှ DHF သွေးလွန်တုပ်ကွေးရဲ့ အရေးကြီးတဲ့ အန္တရာယ် လက္ခဏာတွေ DANGER SIGNSတွေကို လူတွေ သိဖို့ ကူညီ ပညာပေးပေးပါကွာ” ကလေးတစ်ဦး၏ အသက်ကို ကယ်ရသည်ကိုသာ အားမရသေးဘဲ ကလေးအားလုံး၏ အန္တရာယ်ကိုပါ ကြိုတင်တွက်ဆ ကာကွယ်လိုသော သူငယ်ချင်း၏ စိတ်ဓာတ်ကား ကလေး အထူးကု ဖြစ်ထိုက်သည်။ အထူးကု ဘွဲ့လွန် သင်တန်းသား တစ်ဦးပင်လျှင် ထိုမျှ ကျွမ်းကျင် သေချာပိုင်နိုင်လျှင် ထိုသူတို့ကို မွေးထုတ် သင်ကြားပေးသော ပါမောက္ခအထူးကု ဆရာ၀န်ကြီးများ၏ အရည်အချင်းကား အ့ံမခန်းပင် ဖြစ်သည်။ “တို့ရဲ့ ဆရာတွေ၊ အစ်မ (ဆရာမ)တွေက တို့ကို သူတို့ရဲ့ ပညာကုန် ပို့ချပေးတာ၊ နိုင်ငံခြားပြန်တွေ ဆိုတဲ့အတိုင်း သူတို့ရဲ့ အတွေ့အကြုံ ဗဟုသုတ အပြင် ကြုံခဲ့ရတဲ့ ဘ၀ သင်ခန်းစာတွေကိုပါ ငါတို့ကို တစ်ခါတည်း ခူးပြီးသား ခပ်ပြီးသား ကျေွးသလို သင်ပေးလို့သာ ငါတို့ ဒီလို အသက် ကယ်နိုင်တာပေါ့” ထိုညမှ သူငယ်ချင်း ဖြစ်သူ၏ ကျေးဇူးရှင် ဆရာများအပေါ် ချီးမွမ်းစကား။

နေရိပ်အထာကို နေပူမှ စောင့်ခဲ့ကြသော ထိုဆရာကြီးများ၏ ကျေးဇူးကြောင့်လည်း နောင်လာနောင်သား စာသင်သားတို့မှာ နေပူတွင် ကြာကြာ မနေရဘဲ နေရိပ်ကို စောစောရကြသည် မဟုတ်လော။ အထူးကု ဖြစ်ဖို့ဟူသည်ကား လွယ်လှသည်တော့ မဟုတ်။ ထိုမျှမက ပါမောက္ခဖြစ်ဖို့ ဆိုသည်ကား ဆိုဖွယ်ရာ မရှိ။ လွယ်လွယ်နှင့် လူတိုင်းရနိုင်၊ လုပ်နိုင်သည်တော့ မဟုတ်။ အချိုပင်စိုက်လျှင် အချိုသီး သီးပေမည်။ သို့သော် အခိျန် တစ်ခုတော့ စောင့်ရမည်။ အသီးသီးချိန် ရောက်လျှင်တော့ ခူးဆွတ်၍ အချိုသီးကို ချိုမြိန်စွာ စားရုံပင်။ အချိုပင် မစိုက်ခဲ့ဘဲသူများ အပင်အသီးသီးကာမှ မနာလို တိုရှည်၊ ဖျက်လို့ ဖျက်ဆီး လုပ်လျှင်တော့ ထိုသူ့အလွန်ပင်။ ဇာတ်ကား တစ်ကားတွင် ခေါင်းဆောင်မင်းသားသည် ဇာတ်၀င်ကြေးအများဆုံး ရသည်။ သူ၏ ကံကြမ္မာ၊ သူ၏ ရုပ်လက္ခဏာ၊ သရုပ်ဆောင် ကျွမ်းကျင်မှုနှင့် စန်းတို့ အပေါ်မူတည်၍ ၎င်း၏ အောင်မြင်မှုနှင့် ၀င်ငွေကောင်းမှုကို မီးထိုးမှန် ထိုးသမားက ပခုံးချင်း ယှဉ်လိုပြီး မနာလို ၀န်တိုဖြစ်က မည်သို့ဖြစ်မည်နည်း။ ထိုမင်းသား မွဲသွားအောင် အခွန်ငွေ သိန်းထောင်ချီ၍ ကောက်ခိုင်းမည်လော။ သူငယ်ချင်း စိတ်ပညာရှင် တစ်ဦးဆိုသလိုပင် “မင်းကွာ လူမှန်ရင် စဉ်းစားတတ်ပါတယ်” ဟု ပြောရပါတော့မည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*