မြို့နယ်များ၏ ဖံွ့ဖြိုးရေးအတွက် လွှတ်တော်ဘတ်ဂျတ်မှ ကျပ်သိန်းတစ်ထောင်ခန့်စီ ချထားပေးမည် » ICT.com.mm
Need Help? Call 0942 000 4551
အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးမည်။ ပစ္စည်း အာမခံချက် တာဝန်ယူသည်။

မြို့နယ်များ၏ ဖံွ့ဖြိုးရေးအတွက် လွှတ်တော်ဘတ်ဂျတ်မှ ကျပ်သိန်းတစ်ထောင်ခန့်စီ ချထားပေးမည်

မြို့နယ်များ၏ ဖံွ့ဖြိုးရေးအတွက် လွှတ်တော်ဘတ်ဂျတ်မှ ကျပ်သိန်းတစ်ထောင်ခန့်စီ ချထားပေးမည်
Apr 29, 2013 Kan Gyi
yangoon-south

မြို့နယ်များတွင် ဖံွ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် လွှတ်တော်ဘတ်ဂျတ်မှ ကျပ်သိန်းတစ်ထောင်ခန့်စီ ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ပထမအကြိမ် လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးများတွင် ဘတ်ဂျတ် ကိစ္စများ ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးဌာန တစ်ခုမှ ပိုလာသည့် ဘတ်ဂျတ်ငွေများကို မြို့နယ်ဖံွ့ဖြိုးရေးလုပ်ငန်းများတွင်အသုံးချရန်လွှတ်တော်ကဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းမင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်ဖြူဖြူသင်းက ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

“ပြီးခဲ့တဲ့ လပိုင်းတွေက မြို့နယ်တွေကို သမ္မတရုံးက တိုက်ရိုက် ညွှန်ကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို ဖံွ့ဖြိုးရေး လုပ်ဖို့ အဖွဲ့တွေ ဖွဲ့ခိုင်းတယ်။ အုပ်ချုပ်ရေးပိုင်းနဲ့ စည်ပင်တွေလည်းပါတယ်။ အစ်မတို့ NLDကိုလည်း အကြောင်းကြားတယ်။ တချို့နေရာတွေမှာတော့ အကြောင်းမကြားသေးဘူး။ ဘတ်ဂျတ်အတွက် ကြည့်ရတာတော့ တစ်မြို့နယ်ကို အနီးစပ်ဆုံး ကျပ်သိန်းတစ်ထောင်စီ ချပေးမယ်လို့ ကြားတယ်”ဟု ဒေါ်ဖြူဖြူသင်းမှ ဆက်လက် ပြောကြားပါသည်။သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်ကလည်း မြို့နယ် တစ်မြို့နယ်ကို သိန်းတစ်ထောင်စီ ချပေးမည်ဟု ကြားကြောင်း၊ မည်သို့ချပေးမည်၊ မည်သည့်အချိန် ချပေးမည်ဆိုသည်ကိုမူ မသိသေးကြောင်း သင်္ဃန်းကျွန်းမြို့နယ်အတွက် ဆိုလျှင်တော့ ရေရရှိရေးကိုအဓိက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပြည်သူ့လွှတ်တော်ရုံး၏ နှစ်စဉ်ရ သုံးမှန်းခြေငွေစာရင်းတွင် မြို့နယ်အလိုက် သုံးစွဲရမည့် လျာထားသည့် ဖံွ့ဖြိုးရေး ရန်ပုံငွေကို ထည့်သွင်း သုံးစွဲရမည်ဖြစ်ပြီး မြို့နယ်ဖံွ့ဖြိုးရေး ရန်ပုံငွေထိန်းသိမ်း သုံးစွဲရေးနှင့် စပ်လျဉ်း၍ တာဝန် ပေးအပ်ခြင်း ခံရသော ကော်မတီသည် သက်ဆိုင်ရာ မြို့နယ်၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး လုပ်ငန်းနှင့် ဖံွ့ဖြိုးရေးဆိုင်ရာ အခြားလုပ်ငန်းများကို ကော်မတီ၏ သဘောတူညီချက်ဖြင့်သာ သုံးစွဲရမည်ဟု ပြည်သူ့လွှတ်တော် နည်းဥပဒေ ဖံွ့ဖြိုးရေး ရန်ပုံငွေ သုံးစွဲခြင်း အခန်းတွင် ဖော်ပြထားပါသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*