ရထား မှားစီးခဲ့တဲ့ ကိုဘအေး » ICT.com.mm
Need Help? Call 0942 000 4551
အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးမည်။ ပစ္စည်း အာမခံချက် တာဝန်ယူသည်။

ရထား မှားစီးခဲ့တဲ့ ကိုဘအေး

ရထား မှားစီးခဲ့တဲ့ ကိုဘအေး
Apr 29, 2013 TZO

ရုံးက Reporterလေး တစ်ယောက် UMFCCI ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှာ လုပ်တဲ့ အခမ်းအနား တစ်ခုကို သတင်းယူဖို့ သွားရင်း အဲဒီက ထုတ်တဲ့ BUSINESS မဂ္ဂဇင်းလေးတွေ ယူလာပြီး အဘဖတ်ဖို့ ဆိုပြီး ကိုဘအေးကို ပေးပါတယ်။

အဲဒီမဂ္ဂဇင်း စာအုပ်တွေထဲက အတွဲ ၁၃ အမှတ်-၂၊ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီ လထုတ်မှာ ခရီးပန်းတိုင် Wrong Train ဆိုတဲ့ ဒေါက်တာ ခင်မောင်ညိုရဲ့ ဆောင်းပါး တစ်ပုဒ်ကို ဖတ်ရပါတယ်။ ဆောင်းပါးကို ၁၉ ရာစုနှစ်က ဒီးထရစ်ချ်ဘွန်ဟောဖဝါရဲ့ အဆိုအမိန့်လေးနဲ့ ဖွင့်ထားပါတယ်။ ရထား မှားစီးမိရင်တော့ ဦးတည်ရာ ပြောင်းပြီး ရထားထဲမှာ လျှောက်ပြေးနေရင်လည်း အလကားပဲ” တဲ့။

ဆောင်းပါး အစမှာ ဆရာ ရေးထားတာက “ကျွန်တော်က ရန်ကုန် ကနေ မော်လမြိုင်ကို သွားချင်တယ်။ အလျင်စလိုနဲ့ ရထား မှားတက်မိတယ်။ ပြည်မြို့ကို သွားတဲ့ ရထားတဲ့။ ဒါဆိုရင် ကျွန်တော် ဘာလုပ်ရမလဲ။ အဲဒီ ရထား ကနေ ဆင်းရမှာပေါ့။ အဲဒီရထားပဲ စီးပြီး ရထားပေါ် ပြောင်းပြန် ပြန်ပြေးရုံနဲ့ မော်လမြိုင် မရောက်နိုင်ပါဘူး” တဲ့။ နောက်ပြီးတော့ မော်လမြိုင် သွားတာဟာ ကျွန်တော်တို့ ပန်းတိုင်ဆိုရင် လူတိုင်းမှာ ပန်းတိုင်တွေ ရှိတယ်ဆိုတာကို အလေးအနက်ထား ပြောချင်ပါတယ်။ ဒီတော့ မိမိရွေးချယ်တဲ့ ပန်းတိုင်နဲ့ ပတ်သက်ပြီးတော့ ပေါ့လေ။ အမှန်အမှားကို သုံးသပ်ရမှာ ဖြစ်တယ်။ မိမိအနေနဲ့ ရထား အမှားကြီးကို စီးမိတယ်ဆိုရင် ဒီရထား ပေါ်ကနေ ဆင်းရမှာပဲ။ ဘာလို့ ရထား ပေါ်မှာ လျှောက်ပြေးနေရမှာလဲ” တဲ့။ “ဘာဖြစ်လို့ ဒါတွေ ပြောနေရလဲ ဆိုတော့ ဒီလို ဖြစ်ကြတဲ့သူတွေ အများကြီး ရှိလို့ပါပဲ” လို့ ဆိုပါတယ်။

ဆရာက ဆက်ပြီးတော့ “အချို့က ဆရာဝန်လိုင်း လိုက်ချင်သတဲ့။ ဆရာဝန် ဖြစ်တဲ့ ရထားကြီးကို စီးမိတာပဲ။ ဒါပေမယ့် တချို့ကတော့ တစ်ဝက် တစ်ပျက်ကနေ ဆင်းပြေးတယ်။ သူတို့ ရထား မှားပါပြီလို့ သိလိုက်တယ်။ ဒီအထဲမှာ ကမ္ဘာ့ အချမ်းသာဆုံး ဘီလ်ဂိတ်လည်း ပါတယ်။ သူကတော့ တစ်ဝက် တစ်ပျက် လမ်းခုလတ်က ရထားပေါ်ကနေ ပြေးဆင်းခဲ့တယ်။ သူသာ ဘွဲ့ရအောင် တက်ခဲ့ရင် လောကကြီးဟာ တစ်မျိုးတစ်ဖုံ ပြောင်းသွားမှာပဲ။ အခုတော့ သူဟာ လမ်းကြောင်း မှန်ရော၊ ကိုယ့်ရထားရဲ့ လမ်းမှာ တွေ့တဲ့ ဘူတာကနေ ဆင်းပြေးတယ်။ ဒီတော့ သူလမ်းမှန်ကို ရောက်သွားတယ်လို့ ဆိုနိုင်တာပဲ။ သူ ဘီလျံနာ ဖြစ်သွားတယ်။ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်လာတယ်။ သူက မှန်တဲ့ ရထားပေါ်ကို ရောက်သွားတာကိုး” လို့ မှတ်ချက် ပြုခဲ့ပါတယ်။ ကျွန်တော်တို့ တစ်တွေရော၊ ရထားပေါ်ကနေ ဆင်းရဲတဲ့ သတိ္တ ရှိကြရဲ့လားလို့ ဆရာက မေးထား ပါတယ်။ တို့တွေ လမ်းမှားနေပြီလို့ ဘယ်သူကများ ပြောဖူးလို့လဲ။ တို့တော့ ရထား မှားစီးမိပြီလို့ ပြောသူ အလွန် နည်းတယ်။ ခရီးကို ဆက်နေကြတာ စမ်းတဝါးဝါးနဲ့ ပါပဲတဲ့။

ကိုဘအေး ဒါတွေ ပြန်ရေးပြ နေရတာဟာ ဆရာ့ရဲ့ အဲဒီဆောင်းပါးကို ကြိုက်နှစ်သက်မိသလို ကိုဘအေး ကိုယ်တိုင်ကလည်း ရထား မှားစီးမိခဲ့တဲ့ လူတစ်ယောက် ဖြစ်နေလို့ပါ။ ကိုဘအေး တစ်ခါက ရေးခဲ့ဖူးတဲ့ “ကိုဘအေးနဲ့ အလွဲလေးများ” ဆိုတဲ့ စာစုထဲမှာ ကိုဘအေးတို့ မိသားစု နေပြည်တော်ကို သွားဖို့ ရန်ကုန်ဘူတာကြီးမှာ ရထား မှားတက်မိတဲ့ အကြောင်း ရေးဖူးပါတယ်။ ဒါပေမယ့် ရထား မထွက်ခင် ပြန်ဆင်း ပြီးတော့ နောက်ရထားအမှန်ကို စီးနိုင်ခဲ့ပါတယ်။

ကိုဘအေးရဲ့ ဘဝမှာ တကယ် ရထား မှားစီးခဲ့တာ ကတော့ ဆယ်တန်း အောင်ကတည်းကပါ။ သိပ္ပံတွဲနဲ့ အောင်ပြီးတော့ မြန်မာစာ အဓိက တက်ခဲ့ရတာကိုပေါ့။ အဲဒီရထားပေါ်က ဆင်းဖို့ ကြိုးစားခဲ့ပေမယ့် နောက်ကျ သွားခဲ့ပါတယ်။ တက္ကသိုလ်ဝင်ခွင့် သိရ ကတည်းက မေဂျာပြောင်း ပြန်လျှောက် ရမှာပါ။ အနည်းဆုံးတော့ Maths မေဂျာ ပြန်ရပါတယ်။ သူငယ်ချင်းတွေ ထဲမှာလည်း ရှိပါတယ်။ တောင်ကြီး ကောလိပ်တို့ ဘာတို့ ရောက်သွားတယ်။

ကိုဘအေးက မန္တလေး တက္ကသိုလ်ကို သွားလိုက်သေးတယ်။ ကျောင်းတွေ ဖွင့်မှ ဆိုတော့ မေဂျာအပြောင်း ပြန်လျှောက်လို့ မရတော့ဘူးပေါ့။ ဒါနဲ့ပဲ အဲဒီ ရထား မှားကြီးကိုပဲ ဆက်စီးပြီးတော့ မြန်မာစာနဲ့ ဘွဲ့ရခဲ့ပါတယ်။
ဘွဲ့ရပြီးတဲ့ အခါကျတော့ ပန်းဆိုးတန်းက လေဘာရုံး ရှေ့မှာ တန်းသွားစီတာက တစ်နှစ်ပါ။ အလုပ်ခေါ်တဲ့ ကြော်ငြာတွေ ကြည့်ပြီး တစ်နေ့ တစ်နေ့ လေဘာ ထပ်ရတာ အမောပဲ။ ကိုယ်က ဘွဲ့ရပြီးမှ လေဘာ (အလုပ်သမား မှတ်ပုံတင်) လုပ်တာဆိုတော့ အချို့က ဆယ်တန်း အောင်ကတည်းက လုပ်ထားတဲ့ လေဘာသက်ကို ဘယ်မှီမလဲ၊ အဲဒီတော့ လေဘာ ထပ်လိုက်ရင် ကိုယ်က ပြုတ်ကျ ကျန်ခဲ့တာ များတယ်။ နောက်ဆုံးတော့ ၁၉၇၃ ခုနှစ်၊ ဇွန်လမှာ လူဝင်မှု ကြီးကြပ်ရေးက စက်စာရင်းပြု ဌာနခွဲ အတွက် ဝန်ထမ်းတွေ အများကြီး ခေါ်ပါတယ်။ ယာယီ အောက်တန်း စာရေးနဲ့ပါ။ ဆွမ်းကြီးလောင်း ဆိုတော့ ကိုဘအေးလည်း ပါသွားတယ်ပေါ့။ အဲဒီ Projectက သုံးနှစ်ဆိုတော့ တခြား ဌာနကူးဖို့ ကြိုးစား ကြရပြန်တယ်။ အဲဒီတုန်းက လူဝင်မှု ကြီးကြပ်ရေးက ပြည်ထဲရေးနဲ့ သာသနာရေး အောက်ပဲ ဆိုတော့ ဝန်ကြီးဌာန တစ်ခုတည်း ဖြစ်တဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ပြောင်းဖို့ လုပ်ပါတယ်။

နောက်တစ်ခါဖွဲ့စည်းပုံအရ နိုင်ငံတော် ကောင်စီရုံးကို ရောက်ပါတယ်။ နိုင်ငံတော် ကောင်စီရုံး မှာလည်းပဲ ရုံးရဲ့ မူအရ ရုံးချုပ် ဒုဦးစီးက သုံးနှစ်နေရင် ဦးစီးဖြေရပြီး နယ်ဒုဦးစီး တွေက ၇နှစ်ဆိုတော့ ရာထူး အတက် မြန်အောင် ရုံးချုပ်မှာပဲ ကပ်နေ လိုက်ပါတယ်။ (အဲဒီတုန်းက နယ်ဆင်း သွားတဲ့ သူတွေ မဝတ အတွင်းရေးမှုး တစ်ခေတ်ကို မှီပြီး စားသာသွားကြပါတယ်။ နောက်ပိုင်းမှာလည်း မယက ဥက္ကဋ္ဌတွေ ဖြစ်ကြပြီး အဆင်တွေ ပြေသွားကြပါတယ်။ အကြောင်းကြောင်းကြောင့် အဆင်မပြေတဲ့ သူတွေလည်း ရှိကြမှာ ဖြစ်ပေမယ့် အနည်းစုပါ) အဲဒီလိုနဲ့ပဲ ဦးစီးအရာရှိ မဖြစ်ခင် ၈၈ အရေးအခင်း ဖြစ်ပြီး နဝတ ရုံးမှာ ခဏနေပြီးတော့ ပြည်ထဲရေးကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအနေနဲ့ ပြန်ပြောင်းရပါတယ်။ ဘဝ သံသရာဆိုတာ ကိုဘအေးတို့မှ အစစ်ပါ။

ကိုဘအေးက ဝန်ထမ်း ရွေးချယ်ရေး စာမေးပွဲ ဝင်ဖြေပြီး ရထားပေါ်က ဆင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ရထားပေါ်က မဆင်းနိုင်ခဲ့ပဲ ရိုးရိုးတန်းကနေ အထက်တန်း၊ အထက်တန်း ကနေ အိပ်စင်၊ အဲဒီလိုပဲ အဆင့်ဆင့် ပြောင်းပြီး နောက်ဆုံး ပင်စင်ဆိုတဲ့ ဘူတာကြီးကိုပဲ ဆိုက်ခဲ့ပါတယ်။

ဆရာ ဒေါက်တာ ခင်မောင်ညိုရဲ့ ဆောင်းပါးကိုပဲ ပြန်ဆက်ချင်ပါတယ်။ “ကျွန်တော်တို့ အလုပ်လုပ်နေတာပေါ့လေ၊ ဒါကို ကျွန်တော်တို့က မှန်တယ်လို့ ထင်နေကြတယ်။ တစ်သက်လုံး သွားခဲ့ ပြီးကာမှ ဒီလမ်းကြီးက လွဲနေတယ် လို့ သိသူတွေ ဘယ်နှစ်ယောက်ရှိလဲ သိပ်နောက်မကျခင် လမ်းကြောင်း ပြောင်းရပါမယ်” ဆရာက ပြောပါတယ်။ တစ်ခါက လူတစ်ယောက် ရှိတဲ့အကြောင်း၊ သူဟာ သိပ္ပံပညာကို တတ်ချင်ပေမယ့် ဒဿနိကဗေဒကို သိပ္ပံပညာလို့ ထင်ပြီး တက္ကသိုလ်မှာ ဘာသာတွဲ မှားသွားကြောင်း၊ သူသိတဲ့ အချိန်မှာ သူပြောင်းလို့ မရတော့ဘဲ သူ့ဘဝကို မြှုပ်နှံ ထားလိုက်ကြောင်း ယနေ့ အထိတော့ သူဟာ ပါမောက္ခအဆင့်ထိ ရောက်ခဲ့ပေမယ့် အရက်သမားကြီး ဖြစ်ပြီး လောကကို အမြင်တွေ မကြည်တော့ကြောင်း ဖြစ်ပါတယ်။

ဒီလိုပဲ ရထားပေါ်က မဆင်းပဲ ပေခံကာ ဘဝကို ဆက်သွားသူတွေထဲမှာ တက္ကသိုလ် ဆရာတစ်ယောက်ဟာ ဘာသာရပ် ဆိုင်ရာမှာလည်း အင်မတန် တော်ပြီး ဒေါက်တာဘွဲ့ထိ ရကြောင်း၊ နိုင်ငံခြား ကိုလည်း အများကြီး သွားရပြီး လုပ်ငန်း မှာလည်း အထိုက်အသင့် အောင်မြင်ကြောင်း၊ ဒါပေမယ့် သူ ဝါသနာ ပါတာက ကာတွန်းရေးဆွဲတာ ဖြစ်ကြောင်း၊ ပါမောက္ခ တစ်ယောက်အနေနဲ့ ကာတွန်း ဆရာဘဝနဲ့ ဘယ်လိုမှ မအပ်စပ်တဲ့ အတွက် နောက်ဆုံး သူအနားယူတဲ့ အခါကျမှ ကာတွန်း စာအုပ်တစ်အုပ် ထွက်ကြောင်း၊ အောင်မြင်ကြောင်း၊ သို့သော် သူ့အသက်အရွယ်နဲ့ နောက်တစ်အုပ် ရေးဖို့ မဖြစ် နိုင်တော့ကြောင်း၊ ရေးနိုင်ရင်တောင် တစ်အုပ်၊ နှစ်အုပ်ပဲ၊ သူကာတွန်းဆရာ မဖြစ်နိုင်တာကို နားလည်ကြမှာပါ။ သူရထားပေါ်က မဆင်းရဲတာပဲ ဆိုတာကို သဘောပေါက်နိုင်ပါကြောင်း ဖြစ်ပါတယ်။

ဆရာ ကထိက ဘဝက တက္ကသိုလ် ဘုန်းနိုင်နဲ့ တွဲလုပ်ဖူးကြောင်း စာရေးဆရာ ဖြစ်ချင်တဲ့အကြောင်း ပြောတော့ စာရေးဖို့ ပြောပြီး အခုကတည်းက စရေးဖို့ ပြောကြောင်း ရထား မှားစီးတဲ့သူတွေဟာ ပြောင်းဖို့ ကြောက်ပြီး ခရီးကလည်း အတော် ရောက်နေပြီဖြစ်တဲ့အတွက် စောင့်ကြည့်ပြီး ခရီး ဆက်ခဲ့ကြကြောင်း ဒီနေ့တော့ ဆရာက သူမလုပ်ချင်တဲ့ အလုပ်တွေကို ရပ်ပြီး လုပ်ချင်တာတွေ လုပ်နေကြောင်း “သူတို့ကို ကျွန်တော် မေးကြည့်တယ်၊ ကျွန်တော် နောက်ကျပြီလား Better be late than Never ဆိုတဲ့ စကားရှိပါတယ်။ နောက်ကျတာဟာ မလုပ်တာ ထက်တော့ ကောင်းပါတယ်။ ယနေ့ ရေဒီယို အသံလွှင့်တဲ့ အစီအစဉ်မှာ ကျွန်တော်ရဲ့ ဆောင်းပါး ပါလာတာကို ကြည်နူးရပါတယ်။ ရုပ်သံလွှင့်ခွင့်တွေ ရတယ်၊ စာအုပ် ၂၅အုပ် ထွက်လာပါပြီ။ ငါတော့ နောက်မကျတန် ကောင်းပါဘူးဟုသာ မှတ်ယူရပါတယ်”လို့ ပြောပါတယ်။ ကိုဘအေးလည်း အခုတော့ ကိုယ်ဝါသနာပါတာ စာရေးရတ့ဲအလုပ် လုပ်နေရပြီဖြစ်လို့ ကိုယ့်စာမူလေးတွေ ဂျာနယ် စာမျက်နှာပေါ်မှာ ဖတ်ရပြီး ကြည်နူးရပြီ ဖြစ်ပါတယ်။ ကိုဘအေးလည်း နောက်မကျသေးဘူးလို့ ယူဆပါတယ်။
ဒါကြောင့် ဆရာ ဒေါက်တာ ခင်မောင်ညိုရဲ့ ဆောင်းပါးက နိဂုံးချုပ် အမှာလေးကိုပဲ ဖော်ပြရင်း အဆုံးသတ်ပါရစေ …………။

“လူငယ်တွေကို မှာချင်တယ်။ မိမိ ရည်ရွယ်ချက်ဟာ ဘာလဲ။ ရထားများ မှားနေပြီလား ဆန်းစစ်ပါ။ ရထား မှားနေရင် ပြန်ဆင်းရပါမယ်။ ရထားပေါ်ကနေ ဆင်းပြီးတော့လည်း မိမိအတွက် သင့်တော်တဲ့ ခရီးကို ဆက်ပါ”
(ဆရာ ဒေါက်တာ ခင်မောင်ညို ကျန်းမာစွာနဲ့ စာတွေ အများကြီး ရေးနိုင်ပါစေ)။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*