ဘယ်ရန်သူကို ဘယ်လက်နက်နဲ့ တိုက်မှနိုင်မှာလဲ » ICT.com.mm
Need Help? Call 0942 000 4551
အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးမည်။ ပစ္စည်း အာမခံချက် တာဝန်ယူသည်။

ဘယ်ရန်သူကို ဘယ်လက်နက်နဲ့ တိုက်မှနိုင်မှာလဲ

ဘယ်ရန်သူကို ဘယ်လက်နက်နဲ့ တိုက်မှနိုင်မှာလဲ
Apr 1, 2013 Dr. PTS

လူတို့၏ အသက်ဟူသည် တန်ဖိုး ကြီးလှသည်။ တလောကပင် သူငယ်ချင်း တစ်ဦး၏ ဖခင် နားမကျန်း ဖြစ်သည်ဟု ကြားလိုက်ရပြီး မကြာလိုက်ပါ “ဆုံးပြီ”ဟု ၀မ်းနည်း သတင်း ကြားရသည်။ တလောကလည်း စီနီယာ အထူးကု ဆရာ၀န်တစ်ဦး မမျှော်လင့်ဘဲ ဆုံးပါးသွားကြောင်း ကြားရပြန်သည်။ မိမိကသာ “မမျှော်လင့်ဘဲ”ဟု သုံးနှုန်း မိသည်။ သူ၏ မိသားစုမှာတော့ သူခံစား ခဲ့ရသော ရက်သတ္တပတ် သုံးပတ်မျှအတွင်း “ဘယ်နေ့ ကံဆိုးမှာလဲ”ဟု ကြောက်လန့်စွာ စောင့်စားခဲ့ရသည်တဲ့။ မိမိဘက်ကို (၁)ရာခိုင်နှုန်းမျှပင် မျက်နှာသာပေးဖွယ် မရှိခဲ့သော နှလုံးရောဂါနှင့် နောက်ဆက်တွဲ ကံဆိုးမိုးမှောင်မှုကြီး ကြုံခဲ့ရသည်ကို ကြားခဲ့ရသည်။ မိမိ၏ အသိအကျွမ်း မိတ်ဆွေများထံမှ ကောင်းသတင်းကိုသာ ကြားလိုသည်။ သတင်းဆိုးကို သယ်မလာပါ နှင့်ဟု ကံကြမ္မာကို ပြောလိုက်ချင်ပါသည်။

“လူ့အသက်ကို မသေအောင် ကာကွယ်၍ ရနိုင်မည်လော”ဟု မေးခွန်း ထုတ်ခဲ့သူများကား အသချေၤ၊ အနန္တ။ “အသက်ကို ဉာဏ်စောင့်သည်။ ဥစ္စာကို ကံစောင့်သည်” ဟူ၍လည်း ပြောကြသည်။ ကျန်းမာရေးကို စောင့်ရှောက်နိုင်သော ဆေးပညာလောကကိုလည်း တည်ထောင် ခဲ့ကြပြီ။ “Immortal” ဟူသော “မသေဆေး၊ မသေသောနည်းလမ်း”နှင့် ပတ်သက်၍ ဒဏ္႑ာရီများ ရှိခဲ့သလို “အစားထိုးကုသခြင်း”၊ Transplantation မှအစ “ပုံစံတူပွားခြင်း၊ Claning” “မျိုးရိုးဗီဇ ပြုပြင်ခြင်း Genetic Engineering” အစ ရှိသည်များမှာလည်း အကောင်အထည် ပေါ်လာမည့် ဆေးပညာ၏ အိပ်မက်များ ဖြစ်လာသည်။ “မည်သည့်အကြောင်းနှင့်မျှ မသေစေရ” ဟူသော “ပြီးဆေး” မျိုးကား မရှိသေး၊ ဖြစ်နိုင်ဖို့ရာလည်း ေ၀းသေးသည်။ “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” တရားတော်မြတ်ကို ယုံကြည်သူ တစ်ဦးအနေဖြင့် “မည်သို့မျှ မသေဆေး”ဟူသည်ကား ပေါ်လာနိုင်စရာ မရှိဟု ယုံကြည်သည်။ ဤရောဂါနှင့် မသေလျှင်၊ ဟိုရောဂါနှင့် သေမည်။ နောက်ဆုံး ရောဂါပေါင်းစုံကို ဖြစ်သည်နှင့် ပျောက်အောင် ကုနိုင်သည်ထားဦး၊ ဘေးဒုက္ခ တစ်ခုခုကိုတော့ ကာကွယ် နိုင်မည် မထင်။

သို့သော် ကမ္ဘာကြီးတစ်ခုလုံး၌ လူမျိုး ပြုတ်သွားနိုင်လောက်အောင် လူအစုလိုက် အပြုံလိုက် သေစေနိုင်သော ရောဂါများအတွက် ဆေးပညာ သိပ္ပံပညာရှင်များက “မသေဆေး” ဖော်စပ်ခဲ့ဖူးသည်ဟု ပြောလျှင် အံ့သြစရာဖြစ်ပြီး ယုံနိုင်ဖွယ်ရာမရှိ။ ဟုတ်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း (၂၀၀)ကပင် “မသေဆေး”ကို တီထွင် နိုင်ခဲ့ပြီး လူ့အသက်အားလုံးကို ကယ်တင် နိုင်ခဲ့ပေပြီ။ ၄င်းမသေဆေးကား အခြား မဟုတ် “ကာကွယ်ဆေးထိုးခြင်း Imminination”တည်း။ လူတို့ကို ခြိမ်းခြောက်နေသော ရောဂါအုပ်စုကြီး နှစ်ခုသာ ရှိသည်။ ပထမအုပ်စုကား “ကူးစက်နိုင်သော ရောဂါများ Communicable Diseases”နှင့် “မကူးစက်နိုင်သော ရောဂါများ” “Non-communicable Diseases”တို့ပင်တည်း။ ကူးစက်သောရောဂါ ဟူသည်ကား လူသား တစ်မျိုးလုံးကို အချိန်တိုအတွင်း အမျိုးပြုတ် သွားစေနိုင်သော ကြောက်မက်ဖွယ်ရာ “ကပ်”ရောဂါများ ပါ၀င်သော အုပ်စုကြီးဖြစ်သည်။ ၀မ်းရောဂါကပ်၊ ကျောက်ရောဂါကပ်၊ တုပ်ကွေးရောဂါကပ်ဘေး စသဖြင့် စာရေးသူတို့ သက်တမ်း မတိုင်မီ ကတည်းက ဖြစ်ပျက်ခဲ့ဖူးသော၊ ကြားဖူးခဲ့သော ကပ်ဆိုးကြီးများကို ယခု အချိန် စာရေးသူတို့ သက်တမ်းတွင် သိပ်ကြောက်စရာ မဟုတ်ဟု ထင်ခဲ့ ကြရပြီ။ မည်သူတို့၏ ကျေးဇူးနည်း။ ဆေးပညာရှင်များ၏ တီထွင် ကြံဆ မှုများတည်း။ “ကူးစက်နိုင်သော ရောဂါ”များကို မကူးစက်ခံရအောင် ကာကွယ်နည်းများ ကူးစက်ခံရသည့် တိုင်အောင် အသက်မသေအောင် ကာကွယ်နည်းများကို ဖော်ထုတ်ခဲ့ကြသည့် “မသေဆေး” မဟုတ်သော်လည်း “သေမည့်ဘေးမှ” ေ၀းအောင် ကာကွယ် ပေးသော “ကာကွယ်ဆေးများ”ကို တီထွင်ခဲ့၍သာ စာရေးသူတို့ ယခုကဲ့သို့ စိတ်အေးလက်အေး နေနိုင်ခြင်းတည်း။
သို့ဆိုလျှင် “မသေအောင် ကာကွယ်ဆေး ထိုးနေမည်ဆိုလျှင် ရှိသမျှ ကာကွယ်ဆေး ထိုးဖို့ လိုပါသည်”ဟု ပြောလာစရာ ရှိပါသည်။ ရောဂါတိုင်း အတွက်တော့ ကာကွယ်ဆေး တစ်မျိုးစီ မရှိသော်လည်း ၅နှစ်အောက် ကလေးငယ်များ၏ အသက်အန္တရာယ် အပေးဆုံး ရောဂါဆိုးများကို ကာကွယ်သည့် ကာကွယ်ဆေးများကား မြန်မာပြည်တွင် ရှိနေပြီဖြစ်သည်။ စာရေးသူ၏ ကျေးဇူးရှင်ဆရာ ပါမောက္ခကြီးသည် ကာကွယ်ဆေး ထိုးခြင်းနှင့် ပတ်သက်၍ မကြာခဏ ဟောပြောလေ့ရှိသည့် ပညာရှင်ကြီး ဖြစ်သဖြင့် စာရေးသူတို့ကား ကာကွယ်ဆေးနှင့် ပတ်သက်၍ နားရည် ၀နေကြသည်။ ဆရာကြီးသည် စာပေဗိမာန် ဆုရ နိုင်ငံကျော် စာရေးဆရာကြီး တစ်ဦး ဖြစ်သည်နှင့်အညီ ဆရာ၏ ဆန်းသစ်သော အတွေးအမြင် တို့သည်လည်း အတုယူ အားကျ လေးစားဖွယ်ဖြစ်သည်။ သူ ဆိုခဲ့ဖူးသော စကားများသည်လည်း လေးစားဖွယ်ဖြစ်သဖြင့် တစ်ခုကို ဖောက်သည် ပြန်ချရလျှင် “လူတွေက အမှတ်တရတွေ၊ ဂုဏ်ပြုတာတွေ၊ ချီးမြှင့် မှုတွေ လုပ်တဲ့အခါ ပထမဆုံး Vaccine (ကာကွယ်ဆေး) ထုတ်လုပ်သူ ပညာရှင် ဥပမာ- Eduard Icnnerကိုသာ လူတိုင်းက အသိအမှတ် ပြုတာတွေ လုပ်ကြပေမယ့် ဆရာကတော့ ပထမဆုံး ကာကွယ်ဆေးကို စမ်းသပ်အထိုးခံတဲ့ သူကိုပါ အမြဲ ထည့်သွင်း ဖော်ပြ ဂုဏ်ပြုလေ့ရှိတယ်။ ဘာလို့ဆိုတော့ အခုခေတ်လို Vaccine ဆိုတာ တကယ်ကောင်းတဲ့ ကာကွယ် ဆေးကြီးပါလားလို့ မသိခင်က ဘာဖြစ်မယ်မှန်း မသိတဲ့ ဆေးကို အထိုးခံခဲ့တဲ့ သူ့ရဲ့ သတ္တိနဲ့ စွန့်လွှတ် အနစ်နာ ခံမှုကလည်း ဂုဏ်ပြု ချီးမွှမ်း စရာပဲ” ဟူ၍တည်း။

“ကာကွယ်ဆေး”ဆိုတာဟာ သက်ဆိုင်ရာ ရောဂါတစ်ခုအတွက် “ပြီးဆေး”ဟု ဆိုနိုင်ပါသည်။ သဘာ၀ တရား၏ ဖန်တီးမှုအရ ပတ်၀န်းကျင်တွင် မမြင်နိုင်သော ရောဂါပိုးမွှားများရှိသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် လူ့ခန္ဓာအတွင်းသို့ ရောဂါပိုး ၀င်ရောက် လာပါက လူ့ခန္ဓာကိုယ် Immune Systemက (ခုခံကာကွယ်မှုစနစ်)၏ နယ်စောင့်တပ်က သိသည်။ သိလျှင် ရန်သူအင်အား၊ ရန်သူ့လက်နက် စသည်တို့ကို အကဲခတ်ပြီး မည်သည့် လက်နက် မည်သည့်ဗျူဟာဖြင့် တိုက်ခိုက်ရမည်ကို ခန္ဓာ၏ ခုခံစွမ်းအား (Body Defence System) Immune System က အဆုံးအဖြတ်ပေးသည်။ ဤရန်သူ၊ ဤလက်နက်ဟု တွဲ၍ မှတ်သားထားပြီး နောက်တစ်ခါ ဤရန်သူ အုပ်စုထပ်၀င်လာလျှင် အချိန်ယူ စောင့်ကြည့်စရာ မလိုတော့၊ ဆိုင်ရာလက်နက်နှင့် ထတိုက်ရုံပင်။ “နောက်တစ်ခါ ၀င်ရဲ၀င်ကြည့်၊ သေပြီသာမှတ်” ဟူ၍ ပြောနိုင်ပြီ။
ဤသဘောကို နားလည်လျှင် ဆေးပညာ သဘောနှင့် ထပ်မံ တင်ပြ ပါဦးမည်။ ရောဂါပိုး (Bacteria/ Virus) အစရှိသည်တို့တွင် ကိုယ်ပိုင်အမှတ်အသား Antigen ကိုယ်ပိုင် ရှိကြသည်။ ၄င်းတို့ကို စာရေးသူတို့ ခန္ဓာ၏ Immunie System က ထောက်လှမ်းသိရှိသည်နှင့် တိုက်ခိုက်ရန် လက်နက် Antibody ပိဋိဇီ၀ဓာတ်ကို ဖော်ထုတ်သည်။ ထိုရောဂါပိုး တစ်ခါ၀င်သည်နှင့် လူ၏ သွေးအတွင်း Antibody ရှိလာသည်။ သက်ဆိုင်ရာ ရောဂါပိုးပေါ်တွင် မူတည်ပြီး Antibody၏ ပမာဏာ အနည်းအများနှင့် တည်ရှိမှု အချိန်ကာလ အတိုအရှည် ကွာခြားကြသည်။ ထို Antibody ရှိမရှိကို တိုင်းတာနိုင်လာသောအခါ အဆိုပါ ရောဂါပိုး ၀င်ခဲ့/ မ၀င်ခဲ့ကြောင်းပါ သိရှိနိုင်လာသည်။ ဥပမာ ပေးရလျှင် HIVပိုး ၀င်လာလျှင် ခန္ဓာကိုယ်က Antibodyကို စထုတ်သည်။ ထို Antibody Levelသည် တိုင်းတာ၍ မရနိုင်သေးသော ပမာဏ၌ ရှိနေသေးလျှင် ရောဂါပိုး ကူးစက် ခဲ့ပြီးသည့်တိုင် သွေးစစ်ချက် HIV Antibodyက Non-Reactive (Negative) ဖြစ်ရမည်။ ထိုသု့ိ ပိုး၀င်နေလျက်နှင့် သွေးစစ်ချက် မပေါ်သေးသော လကို Window Period ဟုခေါ်ကြပြီး ၄င်းကာလလွန်လျှင်ကား တစ်သက်သာ မပျောက်တော့သော Antibody Positivity ဖြစ်လာတော့မည်။ အခြား ရောဂါများတွင်ကား ခန္ဓာမှ Antibody ထုတ်နိုင်လျှင် ရောဂါကို ခုခံတိုက်ခိုက် အနိုင် ရနိုင်သော်လည်း HIVပိုး ကြောင်းကား ခန္ဓာကိုယ်မှ Antibodyသာ ထုတ်သည်။ ရောဂါပိုးကို အနိုင်မရရှိနိုင်၍သာ ယခုအချိန်အထိ “ကုရာနတ္ထိ ဆေးမရှိ” ဖြစ်နေရသည်။

ထို့ကြောင့် ရောဂါအချို့တွင် Antibody ပေါ်လျှင် ရောဂါကို နိုင်ပြီဟု ဆိုနိုင်သဖြင့် ထိုအချက်ကို အခွင့်ကောင်းယူကာ Vaccineကို တီထွင်ကြခြင်း ဖြစ်သည်။ ကာကွယ်ဆေး ဟူသည်ကား အလွယ် ပြောရလျှင် ခန္ဓာထဲသို့ ရောဂါပိုး အပျော့စား ထိုးသွင်းပြီး ၄င်းနှင့် အတွင်တူ ရောဂါပိုးအပြင်းစားတို့ကို တိုက်ခိုက်နိုင်မည့် Antibody ကြိုတင် ထုတ်ခိုင်းခြင်းပင် ဖြစ်သည်။ တနည်းအားဖြင့် လူကို ဒုက္ခပေးနိုင်သော ရောဂါပိုး အစစ်၏ Antigen အပိုင်းကို အဓိကထား ထိုးသွင်းခြင်းဖြစ်သည်။ ထိုအခါ ခနာကိုယ်က နောက်တစ်ခါ ရောဂါပိုးအစစ်နှင့် တွေ့သောအခါ Antibody အဆင်သင့် ရှိနေပြီး လက်ဦးမှု ရနိုင်ခြင်း ဖြစ်သည်။ ထိုသို့ ကာကွယ်ခြင်းကို တစ်ဆင့်ခံ ကာကွယ်ခြင်း Passire Immunization ဟုခေါ်သည်။ ထိုကဲ့သို့ ကြိုတင် မကာကွယ်မိခဲ့သော ရောဂါအချို့အတွက်ကား ခန္ဓာကိုယ်မှ ပဋိဇီ၀ဓာတ် Antibody ထုတ်နိုင်ရန် အချိန်မပေးနိုင်၊ မစောင့်နိုင်တော့သည့်အခါ ပြင်ပမှ Antibody အတုကို တစ်ပါးတည်း ထိုးပေးခြင်းမျိုးလည်း ရှိလာသည်။ ၎င်းကို Active Immunization ဟုခေါ်သည်။ ဥပမာ – မေးခိုင်ရောဂါ၊ ခွေးရူးရောဂါ အစရှိသည်တို့ ဝင်ခဲ့လျှင် ယခင်က ကြိုတင် မကာကွယ်ထားမိ၍ ခန္ဓာကတော့ Antibody ထုတ်၍တိုက်ရန် ပြင်နေသော်ငြား မမီနိုင်၊ နောက်ကျလျှင် လက်ဦးမှု မရလျှင် အသက်ဆုံးရှုံးရမည် ဖြစ်သဖြင့် Tetanus Immunegbbulin Rables Immuneglobulin (Antibody)များပါ Active Immuniaqtion ပေးရတော့မည်။

ထို့ကြောင့် ထိုကာကွယ်ဆေးများ ထိုးနှံ ပြီးပါက ထိုရောဂါအတွက် ကိုယ်ခန္ဓာ၌ Antibody လုံလုံလောက်လောက် ရှိနေသရွေ့ ကာလပတ်လုံး “ရောဂါပြီးသည်”ဟု ဆိုနိုင်သည်။ Antibody ပမာဏလျှော့ပါးလာမည့် အချိန်ကိုလည်း ဆေးပညာရှင်များက သုတေသန ပြုထားကြပြီး သူ့ရောဂါ သူ့ကာကွယ်ဆေးအလိုက် ထပ်ဆောင်း အားဖြည့်ထိုး (Booster Dose)ရမည့် အချိန်ကိုပါ တစ်ပါတည်း မှာကြား လိုက်ကြသည်။ ထို့ကြောင့် အနောက်နိုင်ငံများက မဖြစ်နိုင်သော အိပ်မက်တစ်ခု ဖြစ်သည့် “မည်သည့် ရောဂါနှင့်မျှ မသေဆေး”ကို တမ်းတ နေချိန်တွင် မိမိတို့ နိုင်ငံသားများ အဖို့ လက်ရှိ လက်ဝယ် ရှိနေသော မသေဆေး ဖြစ်သည့် ကာကွယ်ဆေးများကို မိမိ တို့၏ ရင်သွေးငယ်ကို ထိုးပေးရန်ပင် ဝန်လေးနေကြသည်။ “ကာကွယ်ဆေး ထိုးလျှင် ဖျားမှာစိုးလို့”ဆိုပြီး အယူလွဲမှား ကြတတ်သဖြင့် ကလေး သူငယ်ပေါင်း များစွာ၏ အသက်များကို ကာကွယ်နိုင်လျက်နှင့် လက်လွှတ် ဆုံးရှုံးကြရသည်က များသည်။ “ပိုက်ဆံပေးစရာမလို”၊ “တစ်အိမ် တက်ဆင်း” တက်ထိုးသည့် စနစ်များ ရှိသည့်တိုင် မသေဆေးကို “ပေးကားပေး၏ မရ”သောအဖြစ် ဆိုက်ရောက်နေသော စာရေးသူတို့ တိုင်းပြည်၏ ကျန်းမာရေး ဗဟုသုတကို စာဖတ်သူ မိဘပြည်သူ အပေါင်းက ဝိုင်းဝန်းမြှင့်တင်ပြီး ကာကွယ်ဆေးထိုးဖြစ်ရန် တိုက်တွန်း အားပေးစေလိုပါသည်။ မည်သည့် အခါတွင်မဆို ရန်သူကို မျက်နှာသာ ပေးလွှတ်ထားပါက ရန်သူက အနိုင်ယူ သွားပေမည်။ ရန်သူလည်း သိပြီ၊ မည်သည့် လက်နက်နှင့် တိုက်သင့်သည်လည်း သိပြီ၊ နိုင်အောင် တိုက်ဖို့သာ လိုသည်။ တိုက်သင့်၊ မတိုက်သင့် တွေဝေနေဦးမည်လော။ ကုရာနတိ္ထဆေးမရှိ ဆိုသည့် HIV AIDS ရောဂါတောင် ကမ္ဘာပေါ်တွင် နှစ်ဦးတိတိ ရောဂါကင်းစင် ပပျောက်သွားပြီဟု ဝမ်းသာအားရဖွယ် ကြားရသည်။ ထို့ကြောင့် အလှမ်းဝေးလွန်းသော အိပ်မက်ကမ္ဘာကို တမ်းတနေရင်း လက်ဝယ်ရှိသော လက်တွေ့ ကမ္ဘာတွင် ပျော်မွေ့နိုင်ပါစေဟု ဆန္ဒပြု ရေးသားလိုက်ရပါသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*