သင်္ကြန်နှစ်ဦး တူးပို့ တူးပို့ တူးပို့မြူး သံသာ သင်္ကြန်မယ်များ တူးပို့တူးပို့ ထူးမာရဲ့နော်ဗျာ ငွေငန်းသံစုံ တူးပို့တူးပို့ အာရုံဖျော်ဖြေတာ မယ်တို့ကိုလည်း တူးပို့တူးပို့ မာပါစေခင်ဗျာ…။

သင်္ကြန်နီးလာပြီမို့ သင်္ကြန် ပိုးလေး နည်းနည်းဝင်လာတဲ့ ကိုဘအေး တစ်ယောက် ရေချိုးခန်း မင်းသား လုပ်နေမိတာ။ အဖေကြီးရေ အအေးမိ နေဦးမယ် ဆိုတဲ့ မဒမ်ဘအေးရဲ့ အသံကြားတော့မှ ကိုဘအေးလည်း ရေတစ်ခွက်နှစ်ခွက် ထပ်လောင်းပြီး ရေချိုးတာကို လက်စသတ်လိုက်ရတယ်။ တကယ်တော့ သင်္ကြန်ဆိုတာ အပျော်တွေ ကူးစက်တဲ့ ပွဲတော်ပဲ။ သင်္ကြန်သီချင်းတွေ ကြားရရင်၊ ရေပက်ခံထွက်တဲ့ ကားတွေ ကနေ ဟေး၊ ဟားနဲ့ အော်သံတွေ ကြားရရင် စိတ်တွေက အလိုလို မြူးကြွလာတာ။ သင်္ကြန်မှာကတော့ ဟိုး…ပိစိအရွယ်လေးတွေကနေ အသက် လေးငါးဆယ်ကျော် အရွယ်အထိ မြူးကြ ပျော်ကြတဲ့ ပွဲပါပဲ။ ဒ့ီထက် ကြီးသွားရင်တော့ (ကိုဘအေးတို့ အရွယ်လောက်ပေ့့ါ) သိပ်ကဲလို့ မကောင်းတော့ဘူး။ ဘုန်းကြီးကျောင်းသွား ဥပုသ်စောင့်ရမယ့် အရွယ်ဖြစ်နေပြီလေ။ ဒါပေမယ့့် အဲဒီအချိန်ကျရင် သင်္ကြန် အပျော်တွေ ကိုဘအေး ရင်ထဲကို ဝင်လာတာတော့ တားဆီးလို့ မရပါ။

“သင်္ကြန်”ဆိုတဲ့ စကားကို ပါဠိဘာသာ “သင်္ကန္တ”၊ သက္ကတ ဘာသာ “သင်္ကြန္တ”ကနေ ဆင်းသက်လာတာလို့ ဆိုပါတယ်။ “ကူးပြောင်းခြင်း”လို့ အဓိပ္ပာယ် ရပါတယ်တဲ့။ နှစ််ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတာပေါ့။ တစ်နည်းအားဖြင့်တော့ Myanmar New Yearပေါ့။ နောက်တစ်ခုက ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းကို ကိုင်ထားရတဲ့ နတ်သမီးက သူ့အလှည့်သ့ူတာဝန် ပြီးဆုံးလို့ နောက်နတ်သမီးတစ်ဦးကို ဗြဟ္မာဦးခေါင်းကြီး လက်လွှဲလက်ပြောင်း လုပ်ပေးတဲ့ အချိန်လို့ ဆိုပါတယ်။ Handover လုပ်တာပေါ့လေ။ အမ်မယ်…အဲဒီ ဦးခေါင်းကြီး မြေပေါ်ကျရင် ကမ္ဘာကြီး မီးလောင်တတ်တယ်တဲ့။ နတ်သမီးတွေတော့ လက်လွှဲလက်ပြောင်း လုပ်တဲ့အချိန်မှာ အတော်သတိထား ရမယ်နော်။ (အိုလံပစ် မီးရှုးတိုင်ကို လက်ဆင့်ကမ်း သယ်ယူရတာ၊ ပြည်ထောင်စုအလံတော်ကို လက်ဆင့်ကမ်း သယ်ယူရတာတို့လို နေမှာပေါ့) တကယ်တော့ ဒါတွေက ဗြဟ္မဏ အယူအဆတွေလို့ ပြောရမယ်။ သင်္ကြန်ရေကစားကြတဲ့ အဓိက ရည်ရွယ်ချက်ကတော့ နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေနဲ့ ဆေးကြောပစ်တဲ့ အဓိပ္ပာယ်ပါပဲ။

သင်္ကြန်မဏ္႑ပ်တွေမှာ သင်္ကြန်ထမင်းတို့၊ မုန့်လုံးရေပေါ်တို့ ရွေှရင်အေးတို့ကို စတုဒီသာကျေွးပြီး အလှုလုပ်ကြတာ၊ ဘုရားကျောင်းကန် ဇရပ်တွေ သွားပြီး ဥပုသ်သီတင်း စောင့်ကြတာ၊ အဘိုးအို အဘွားအိုတွေကို ခြေသည်းလက်သည်း ညှပ်ပေးကြတာ၊ ခေါင်းလျှော်ပေးကြတာ စတာတွေဟာ မြန်မာလူမျိုးတို့ရဲ့ ချစ်စရာ့ ရိုးရာဓလေ့စရိုက်များပဲ ဖြစ်ပါတယ်။ ပုဂံခေတ်က စခဲ့တယ်ဆိုတဲ့ သပြေခက်နဲ့ ရေပက်တဲ့ ယဉ်ကျေးမှုကနေ အခုတော့ ရေပိုက်နဲ့ ထိုးတဲ့ ယဉ်ကျေးမှု ဖြစ်နေပါပြီ။ ကိုဘအေးတို့ ငယ်ငယ်ကတော့ သင်္ကြန် နီးလာပြီဆိုရင် နို့ဆီခွက်တွေ ရှာရတာ အမော၊ နို့ဆီခွက် ဖင်မှာ လက်ထည့်လို့ ရအောင် သားရေကြိုးနဲ့ ပတ်ရတာ၊ ခွက်စောင်းခုတ်ဖို့လေ။

ရေပက်ခံထွက်တဲ့ လူတွေကတော့ အမျိုးမျိုးပဲ။ ခြေကျင်လျှောက်ပြီး ရေပက်ခံတဲ့လူ ရှိတယ်။ အမျိုးသမီးရော အမျိုးသားတွေရောပေါ့။ တချို့ကလည်း စက်ဘီးတို့ ဆိုက်ကားတို့ ဆိုင်ကယ်တို့နဲ့။ ထော်လာဂျီနဲ့ ထွက်တဲ့လူတွေလည်း ရှိတယ်။ မြင်းလှည်းရှိတဲ့ အရပ်ကျတော့ မြင်းလှည်းနဲ့ပေါ့။ တတ်နိုင်တဲ့လူတွေက ကားနဲ့ လည်ကြတယ်။ အခုခေတ်မှာတော့ ကုမ္ပဏီတွေက များလာတော့ ရေပက်မဏ္႑ပ်တွေကလည်း ပေါလာတယ်။ မဏ္႑ပ်တွေကို ဟီးနေအောင်ဆောက်ထားပြီး အဆိုတော်တွေ သရုပ်ဆောင်တွေ ခေါ်ပြီး အပြိုင်အဆိုင် စည်ကားအောင် လုပ်ကြတာ။ ကြော်ငြာတဲ့ သဘောလည်း ပါတာပေါ့။ အဲဒီကုမ္ပဏီ မဏ္႑ပ်တွေမှာတော့ ရေပက်ခံကားတွေ လူတွေနဲ့လည်း အစည်ကားဆုံးပေါ့လေ။ သင်္ကြန်နဲ့ ပတ်သက်ပြီးတော့ ရာဇဝင်ထဲက ကြေကွဲစရာ ဇာတ်လမ်းလေး တစ်ပုဒ် ကိုလည်း သွားပြီး သတိရမိ ပါတယ်။ တရုတ်ပြေးမင်းလို့ ခေါ်တဲ့ နရသီဟပတေ့မင်းဟာ ရေသဘင်ပွဲတစ်ခုမှာ မိဖုရားစောလုံကို ကျီစယ်တဲ့ အနေနဲ့ အမှတ်မထင်ရေနဲ့ လောင်းလိုက်ပါတယ်တဲ့။ အများရှေ့မှာ ရေတွေ စိုရွဲသွားတဲ့အတွက် သူ့ကို အရှက်ခွဲတယ်လို့ အငြိုးထားပြီး မင်းကြီးရဲ့ ပွဲတော်အုပ်မှာ အဆိပ်ခတ်လိုက်ပါတယ်။ အဲဒါကို မင်းကြီးက သိသွားတဲ့အတွက် မိဖုရားစောလုံ အသတ်ခံရတဲ့ ဇာတ်လမ်း လေးပါ။ အချစ်ကြီးလို့ အမျက်ကြီးတယ်လို့ ပြောရမလား။

လတန်ခူးပေမို့ အလှထူးပါဘိ မြမြဖူးရယ်တဲ့ ခိုင်ရွေှဝါ ဆိုသလိုပဲ သင်္ကြန်လ ဖြစ်တဲ့ (ကိုဘအေးတို့ အပျော်လ ဖြစ်တဲ့) တန်ခူးလနဲ့ ပတ်သက်ပြီး ရှေးစာဆိုတွေက အလွမ်းအဆွေးဘက်ကိုကဲပြီး ဖွဲ့ဆိုခဲ့ကြတာ တွေ့ရပါတယ်။ ဘကြီးတော်မင်းလက်ထက်ကနေ ပုဂံမင်း လက်ထက်အထိ စာပေရေးသား ပြုစုခဲ့တဲ့ စာဆိုတော်ကြီး ဦးကြင်ဥရဲ့ တန်ခူးလဖွဲ့ တစ်ခုကိုပဲ ကြည့်ပါ။ အော်…ဆွေမစုံဖက်၊ ဖြေပုံခက်အောင်၊ မကရ်းကွက်ချွန်၊ တိမ်ရွက်ကွန်လဲ၊ လက်ပုဇွန်ရိုး၊ ရွာစချွန်ငယ်၊ သံဝှန်ဖြိုးမျှ၊ မြူခိုးငယ်မှောင်ခြေွ၊ ထောင်ရောင်နေလဲ၊ မဇေ္ဈလမ်းကွန့်၊ ပြင်နန်းစွန့်လို့၊ ကိုက်ညွန့်ငယ် ဖူးစီ၊ ဂေါ်ငွေခိုင်ဝတ်၊ လေယိုင်ညွတ်သည်၊ ဖက်ဆွတ်ချီနှင့်၊ ယဉ်သီဒါမြို့၊ သောင်ကမ်းစို့မှာ၊ နှစ်ကိုယ့်တကိုယ်၊ ဟင်္သာသောင်တင်း၊ ရွေှပိန်ညင်းတို့၊ ချစ်တင်းဆိုသည်၊ မ,ဖို တောင် ဖြန့်ဝဲတော့တယ်။
ဒွါဒရာလက်၊ ဆယ့်နှစ်ကွက်တွင် ဂုဏ်အနဂ ္ဃချိန်နှိုင်းစက်လဲ ဖက်မမျှဘူး၊ စိတ္တရခါ၊ ကြယ်ထွန်းပတဲ့၊ လအတာမှာ အသာခေါင်ခန့်ကဲတော့တယ်။ ကြည်ကွဲ လွမ်းရန်၊ ကြဌန်းမွေ့တဲ့ သန်းရွေမှန်တို့ ဘယဉာဏ်ကြံံ့ခိုင် တံ့စားနိုင်လိမ့်…ဆိုပြီး ဖွဲ့ဆိုထားတာ တွေ့ရပါတယ်။ လေးချိုးသဖြန် အနေနဲ့ကတော့ –
ဖြေမနိုင် ရေစိုင်ဝဲသို့ မှိုင်ပွဲတဲ့ သစ်စေ၊ မုတ်ကွန်းဆောင်ပျံနှင့် ခြငေ်္သ ခံမှန် ပြတင်းမှာမှ သွင်းတဲ့လေပြေ။ မျိုလို့သာခဲရတယ်။ သဲနောက် ကျူဗျာပွေ၊ ကြေွကြေွဘွယ့်ဘနန်း၊ နှင်းသတ်အထုံ၊ ဝရတ်ကယ် သဉ္ဇာဘုံက၊ ထည်ကောဋုံ ခြုံရုံထွေးသော်လည်း မလုံမစုံသေးသူတို့ ဆွေးဘို့စတမ်းလို့ပဲ ဖြစ်ပါတယ်။
ဦးကြင်ဥဟာ တောတောင်ရေမြေနဲ့ ရာသီဥတုတို့ရဲ့ သာယာပုံများကို လှပစွာ စီကုံးပြီး ကြည်နူးလွမ်းဆွတ်မှုကို ပေါ်လွင်ထင်ရှားစွာ ထုတ်ဖော်တင်ပြ ဖွဲ့နွဲ့နိုင်တဲ့ ကဗျာစာဆိုကြီး တစ်ဦး ဖြစ်ပါတယ်။ ဦးကြင်ဥ ရေးတဲ့နောက် တန်ခူးလဖွဲ့ တစ်ခုကတော့ ခွန်းထောက်ညှပ်ပါ ပါတဲ့အတွက် တော်တော်ရှည်ပါတယ်။ ဒါ့ကြောင့် အစပိုင်း အဖွဲ့လေးလောက်ပဲ ဖော်ပြပါရစေ။ အော်…ဘုံစိတြာ ယုန်ဣဌာလဲ၊ လိတ္တာလုံးညီ၊ တင့်ဆုံးမှီတဲ့၊ ရာသီတော်ခါ၊ သင်္ကြန်တာဝယ်၊ စံရာပန်းသတ်၊ နန်းဝရတ်က မြတ်သမ္ဘာကြွယ်၊ ယဉ်တမွှတ်ကျုံး၊ လှလွတ်နှုန်းသည်၊ တဘုန်းမယ်တို့ လွမ်းနယ်ကြားပြန့် တားမတံ့အောင်၊ သားခြံ့ငယ် သိရ်ညီ၊ တိမ်စဉ်စီကို၊ ပန်းချီ ငိုရေးကမောက်တော့တယ်။
ဈာနငယ်လာဘီ၊ ညည်ခါမှီကို၊ ဝသီငါးရပ်၊ မပွားတတ်အောင် ချားရဟတ်နှောင်၊ နီဝရဏ တိလောကမှာ လောဘမှောင်နှင့် ထောင်ပေါ်ငါးရာ၊ ကိလေရှဉ်ရှဉ်၊ သံယောဇဉ်ကို မကြင်မှားမို့၊ ယဉ်အားတန်တန်၊ မဖို တုံ့ခွန်း ဘုံတသွန်းမှာ၊ လှုံ့ညွှန်းသံနှင့်၊ စံသမ္ဘာညီ၊ မာယာပြီ၊ ပလီချိုဧက နှောက်တော့တယ်။ သင်္ကြန်နဲ့ ပတ်သက်ပြီးတော့ စာတော်ဖတ် ဦးကြော့ (အရင်တုန်းက စာတော်ဘတ်လို့ သုံးထားပါတယ်)ရဲ့ ခါသင်္ကြန်ဆိုတဲ့ လေးချိုးသဖြန်လေးနဲ့ပဲ အဆုံးသတ်ပါရစေ။

ပုရစ်တံမြရည်သွေးငယ်နှင့် နှစ်သင်္ကြန် လမည်ပေးမယ်လို့၊ လှကြည်ဆေးငယ်က တင်လိုက်တာ။ အသွင်မြတ်ပါဘိ၊ ရင်ခတ်ကယ် ရွေှမာလာတို့ ဗွေချာမှာ ရန့ံသင်းလို့ရယ် ဟေမဝါစုံမြိုင်တွင်းမှာ ဆင်းဖန့်ဖန့်ဝါ။ နွေဂိမှာန် မိဿစန်းဟာမို့ ထွေထိန်လျှံ စိတြဆန်းပြန်တော့၊ နန်းမေရုဗွေအာကာ၊ တာရာက ရောင်စုံမြူး။ နှစ်သင်္ကြန် ကူးခေတ်ဆော်စီမံ၍၊ လှုဒါနံညောင်ရေပန်းတွေနှင့် ရေဖျန်းကိုယ်စီခံကြ၊ စဲမညံပွဲတော်တွင်းပေမို့ လဲ့လဲ့ဝင်းမေကညာဖြူတို့နှင်၊့ ပဏ္ဏာတူ အချစ်စမ်းချိန်မို့၊ ငွေသိင်္ဂါ ရဝေနန်းဆီသို့ လွမ်းစိတ်နှင့်ရူး…။
သင်္ကြန်နှစ်ဦးမှာ မြူးတူးပျော်ရွှင်နိုင်ကြပါစေ….။

TZO
အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။