“လူကြီးနဲ့ ကလေး ဘာတွေကွာလဲ၊ ဒီထက်ပိုပြီး တိတိကျကျ ပေးရမယ်ဆိုရင် ကလေးလူနာနဲ့ လူကြီးလူနာ ဘာကွာလဲ၊ ဒီထက်တစ်ဆင့်တက်ပြီး မေးရမယ်ဆိုရင် လူကြီးလူနာကုရတာနဲ့ ကလေးလူနာ ကုရတာ ဘာတွေကွာလဲ”
“မေးခွန်းတွေက များလှချည်လား ဆရာရယ်” လက်ထောက် ဆရာဝန်လေး ဒေါက်တာဝေမိုးက မျက်လုံးအပြူးသားနှင့် ပြောသည်။ ရန်ကုန် ခဏခဏတက်ပြီး ကျန်းမာရေး ပညာပေး သင်တန်းများ တက်ရောက်ပြီး ပြန်လာကတည်းက မိမိလေ့လာ ဆည်းပူးခဲ့သမျှတို့ကို ပြန်လည် ဖောက်သည်ချရန် တာစူ လိုက်ခြင်း ဖြစ်သည်။ စာရေးသူတို့ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း (ခ) တက်ရောက်စဉ်အခါက ဆရာတစ်ဦး၏ မေးခွန်းကို အတွေး၊ အာရုံထဲ ဝင်လာသဖြင့် အစမရှီ၊ အဆုံးမရှိ ထမေးမိလိုက်ခြင်း ဖြစ်သည်။

“အသက်ကွာတာပေါ့ ဆရာရယ်”ဟု မိမိတို့ ငယ်စဉ်က နောက်ပြောင်၍ ဖြေခဲ့ဖူးသည်။ မိမိ၏ လက်ထောက် ဆရာဝန်ငယ်များကား မိမိတို့ ငယ်စဉ် ကထက် တော်သည်။ အဖြေ တစ်ခုကို လွှတ်ကနဲ့ ရမ်းမပေးကြ၊ အသေအချာ စဉ်းစားပြီးမှ ဒေါက်တာ မြတ်နိုးက “ကွာတာတော့ အများကြီးပါ ဆရာ၊ အဓိက အသက်၊ ဒုတိယ ရောဂါသဘာဝ၊ တတိယက အာဟာရ၊ စတုတ္ထက ရောဂါကို ခံနိုင်စွမ်းအား စတာတွေပေါ့”
“ဟုတ်ပါတယ်၊ ဆရာဖြေတာတွေကို အနှစ်ချုပ်လိုက်ရင် ကလေးတွေဟာ နုနယ်တယ်၊ ခံနိုင်ရည် နည်းတယ်၊ နူးည့ံလွန်းလို့ ပန်းလေးများလိုပဲ နေကောင်းရင် လန်းမယ်၊ မကောင်းရင် နွမ်းမယ်၊ မာယာမများဘူး၊ ဟန်မဆောင် တတ်ဘူး၊ ပြီးတော့ လူကြီးတွေရဲ့ ပြုစု စောင့်ရှောက်မှု ကောင်းဖို့ လိုအပ်တယ်” ဒီတော့ ကလေးလူနာတွေ ကုရတဲ့အခါ စောစောစီးစီး ရောဂါသိရင် သိသိသာသာ တိုးတက်မှုကို တွေ့ရမယ်။ နောက်ကျရင်လည်း နောက်ကျသလို မကယ်နိုင်တာမျိုး ဖြစ်မယ်။ ဒါကြောင့် အချိန်မီ သတိမူဖို့ လိုတယ်”

“ဒီတစ်ပတ် ဆရာတို့ ရန်ကုန်မှာ တီဘီတိုက်ဖျက်ရေး အဖွဲ့ကြီးနဲ့ ကလေး ဆရာဝန်ကြီးတွေ ပူးပေါင်းရေး ဆွဲကြတဲ့ တီဘီကုထုံး (၂၀၁၂)ကို ပြန်လည် ရှင်းလင်းသင်ပြ ပို့ချတာ တက်ခဲ့ရတယ်လေ”
“မြန်မာပြည်မှာ တီဘီပိုးရှိတဲ့ လူကြီးရော၊ ကလေးပါ ဦးရေ တစ်သိန်းခွဲ နီးပါးနှစ်စဉ် ကုသပေးနေရတယ်။ ဒါတောင် လက္ခဏာ မပြတာ (သို့) ပြရဲ့သားနဲ့ ဆေးရုံ၊ ဆေးခန်း မလာကြတာတွေ ရှိသေး ဆိုပဲ”
“အထူးသဖြင့် ကလေးတွေမှာဆို တီဘီ ရှိ၊ မရှိ ဆေးသောက်သင့် မသောက်သင့် ဆိုတာကို အချိန်ယူ ဆုံးဖြတ်ရတာကြောင့် လေ့လာခဲ့မိပါတယ်။ တကယ် မဖြစ်ဘဲ တီဘီဆေး တိုက်စေချင်တဲ့ မိဘတွေရှိသလို တကယ်ဖြစ်တာတောင် ဆေးမတိုက်ချင်တဲ့ မိဘတွေလည်း ရှိကြတယ်တဲ့”
“ဒါကြောင့် တို့ကိုသင်ပေးတဲ့ ပါမောက္ခ ဆရာကြီးက ဘယ်လို ပြောသလဲဆိုရင်”
“သူနာပြု ဆရာမလေး မေသဇင်မိုးက စိတ်မရှည်စွာဖြင့် မေးသည်။
“ဆရာကြီးတို့ရဲ့ ဆရာကြီးတွေ ခေတ်ကဆိုရင် ကလေးတစ်ယောက်ကို တီဘီဆေးတိုက်ဖို့ မတိုက်ဖို့ဆိုတာ အပျိုကြီး တစ်ယောက် လင်ယူဖို့ မယူဖို့ ဆုံးဖြတ်ရတာထက် ပိုပြီး စဉ်းစားရတယ် ဆိုပဲ”

“ဟားဟား..ဟားဟား ပေါက်ပေါက် ရှာရှာ ဆရာရယ်”
“အဲဒါ ကျွန်တော် ထွင်ပြောတာ မဟုတ်ဘူး၊ ဆရာကြီး ကိုယ်တိုင်ပြောတာ”
“ပြီးတော့ ကလေး ဆရာဝန်ကြီးက ပြောသေးတယ်”
“ဘာပြောလဲဆရာ” ထုံးစံအတိုင်း မေသဇင်မျိုးက စကား ထောက်ပြန်သည်။
“လူကြီး လူနာတစ်ယောက်ကို ကုလို့ နေကောင်းသွားရင် သူကိုယ်တိုင်ရယ် သူနဲ့ နီးနီးစပ်စပ်နေတဲ့ သူတစ်ဦး နှစ်ဦးပဲ ပျော်ကြရတာတဲ့”
“ကလေးတစ်ယောက်ကို ဆေးကုပေးလို့ နေကောင်းသွားရင်တော့ သိတတ်တဲ့ အရွယ်ဆိုရင် သူကိုယ်တိုင်ရယ်၊ အဖေနဲ့ အမေရယ်၊ နှစ်ဖက် အဘိုး အဘွား လေးဦးရယ် စုစုပေါင်း အနည်းဆုံး ပုဂ္ဂိုလ် (၇)ဦးလောက် ပျော်ကြရတယ်တဲ့”
“ဒါကြောင့် လောကကြီးကို ပိုမို ပျော်ရွှင် သာယာဖွယ်ဖြစ်အောင် ကုတဲ့ ဆရာဝန်တွေထဲမှာ ကလေး ဆရာဝန် တွေက ပိုပြီးတော့ အရေးပါတယ်လို့ ပြောသွားသေးတယ်”
“ဆရာပြောတော့လည်း ဟုတ်သားပဲ၊ နဂို မစဉ်းစားမိဘူး။ သမီးလည်း ဒါဆို MSc Contrance ဖြေရင် CHILDပဲ ဖြေတော့မယ်” လက်ထောက် ဆရာဝန်မလေး ဒေါက်တာ ဝဿန်က သူ့စိတ်ကူးကို ပြော၍အားလုံး သဘောကျ ရသည်။
“ခုနက တီဘီကိစ္စကို ဆက်ရမယ်ဆိုရင် အရေးကြီးတဲ့ တစ်ခုရှိသေးတယ်၊ ဆရာတို့က ကလေးတစ်ယောက်ကို တီဘီဆေးတိုက် သင့်မသင့် စဉ်းစားရင် တီဘီကူးနိုင်ဖွယ်ရှိ၊ မရှိ (TB Contact ရှိ၊ မရှိ) မေးကြရတယ်။ အဲဒီမှာ မိဘတွေက မူကြိုတို့၊ ကျောင်းတို့က အတန်းဖော် သူငယ်ချင်းတွေကို စွပ်စွဲချင်ကြတယ်။ သိထားရမှာက ကလေးတွေမှာ တီဘီပိုး ရှိနေတယ်ဆိုရင်တောင် ကလေး တစ်ယောက် ကနေ အခြားတစ်ယောက်ကို ကူးစေနိုင်လောက်တဲ့ ပိုးကောင် ပမာဏ မရှိတဲ့ (နည်းပါးလှတဲ့) Paucibacillary TBဖြစ်လို့ ကလေး ကလေးချင်း မကူးနိုင်ဘူး ဆိုတာပဲ။ အဓိကက သလိပ်ပိုး ရှိနိုင်တဲ့ (သို့) ပိုးကောင်ရေများများ ရှိနိုင်တဲ့ လူလတ်ပိုင်းတို့ လူကြီးတို့ဆီကပဲ ကူးနိုင်တယ်ဆိုတာ သိထားသင့်တယ်”

“တချို့တွေက အိမ်မှာ လူကြီး တီဘီ ရောဂါပိုး ရှိတဲ့သူ ရှိလား မေးရင် ကျွန်မတို့ အမျိုးက တီဘီမရှိဘူးလို့ မေးတာကိုတောင် မကြိုက်တဲ့ ပုံစံမျိုးနဲ့ ဖြေတတ်ကြတယ်လေ”
“တကယ်တော့ မျိုးရိုးလိုက်လို့ မေးတာ မဟုတ်ဘူး၊ ကလေးနဲ့ အမြဲ တွေ့ထိနေတဲ့ သူတွေထဲမှာ အမျိုး မဟုတ်လည်း ဘယ်သူဖြစ်ဖြစ် ရက်ရှည် ချောင်းဆိုးနေတာ၊ သလိပ်သွေး ပါရင် ဖြစ်ဖြစ်၊ တရှောင်ရှောင် နေမကောင်းတဲ့သူ ဖြစ်ဖြစ်၊ ဝိတ်ကျ၊ အစားပျက်တဲ့သူတွေ၊ အရက်သောက်တဲ့ သူတွေ၊ ဆေးလိပ်သမားတွေ ရှိလား၊ ရှိရင် အားလုံးက တီဘီရှိလို့ ရှိမှန်းမသိဘဲ ကလေးဆီ ကူးသွားတာမျိုး ဖြစ်နိုင်လို့ပဲ”
“လူကြီးတွေကိုကျတော့ တီဘီရှိတယ် ယူဆရင် မနက်စောစောတိုင်း သလိပ် ဟပ်ခိုင်းပြီး တီဘီပိုး ရှိ၊ မရှိ ရှာနိုင်တယ်။ ဒီနေရာမှာလည်း အရေးကြီးတာက သလိပ်ကို သေချာ ဟပ်ထုတ်ဖို့ပဲ၊ သလိပ် မဟုတ်ဘဲ တံတွေးတွေ ထည့်ပေးလိုက် ရင်တော့ ပိုးတွေ့မှာ မဟုတ်ဘူး။ သလိပ်ကို (၃)ရက် ဆက်တိုက် စစ်ဆေးပြီး (၂)ရက်မှာ တွေ့ရရင်ဖြစ်ဖြစ်၊ (၁)ရက်ထဲ တွေ့ပြီး ပိုးမွေးကြည့်တဲ့အခါ တီဘီပိုးကောင် အစစ်တွေ့ရင်ပဲ ဖြစ်ဖြစ်၊ သလိပ်ပိုးတွေ့၊ အဆုတ်တီဘီ (Sputum Positive Case)လို့ ခေါ်တယ်။ သလိပ်ပိုး မတွေ့ပေမယ့်လည်း အဆုတ်ဓာတ်မှန်မှာ တီဘီလို့ ယူဆရတဲ့ လက္ခဏာတွေ ဝေဒနာတွေ ခံစားနေရတာက တီဘီနဲ့ တူရင်လည်း တီဘီ (Sputum Negative Case)လို့ ခေါ်တယ်”
“ကလေးတွေမှာကျတော့ အသက် (၆)နှစ် အရွယ်လောက်အထိ သလိပ် မဟပ်တတ်တော့ သလိပ်ပိုး ရှာဖို့ မလွယ်ဘူး၊ ဟပ်နိုင်တဲ့ အရွယ်ရောက် တောင် သလိပ်အစစ် သေချာ ဟပ်ပေးဖို့ လိုတယ်”
“ကလေးတွေမှာ မရမက လုပ်နိုင်တဲ့နည်း မရှိဘူးလားလို့ မေးရင်တော့ ရှိတယ်။ ကလေးတွေဟာ သလိပ်ဆိုတာကို ဟပ်မထုတ်တတ်တော့ အသက်ရှု လမ်းကြောင်းက တက်လာတဲ့ ချွဲသလိပ်တွေကို ပြန်မျိုချတတ်ကြတယ်။ အဲဒီတော့ သလိပ်ပိုးကို အစာအိမ်ထဲကနေ စုပ်ယူလို့ ရတယ်”
“အဲဒီလို သလိပ်စစ်ဖို့ တကယ်လိုပြီ ဆိုရင်တော့ ကလေးကို ဆေးရုံတင်ပြီး မနက်စောစောတိုင်း အစာအိမ်ထဲကို ပိုက် (Nasogastric Tube) ထည့်ပြီး စုပ်ယူ စစ်ဆေးရင် လူကြီးတွေ ဟပ်ထုတ်တဲ့ သလိပ်လိုပဲ (၆၀)ရာခိုင်နှုန်းလောက် တိကျ မှန်ကန် အသုံးဝင်တယ်တဲ့”
“ဆရာ ကလေးတွေကိုလည်း ဓာတ်မှန် ရိုက်ကြတယ်မလား”
“ကလေးတွေမှာ ဓာတ်မှန်ကတော့ ပြတ်ပြတ်သားသား လက္ခဏာ ပြတတ် တာလည်း ရှိသလို တစ်ခါတစ်လေ မသိသာတာတွေလည်း ရှိတတ်တော့ သူ့တစ်ခုတည်းနဲ့ ဆုံးဖြတ်ရခက်တယ်”

“ပိုးသတ်ဆေး ရက်ပြည့်အောင် ပေး၊ ကိုယ်အလေးချိန်ကို တစ်လတန်သည် နှစ်လတန်သည် တိုင်းပြီး စောင့်ကြည့်၊ တီဘီရဲ့ လက္ခဏာတွေ ဖြစ်တဲ့ ခဏခဏ ကျောပူခေါင်းပူရုံ ဖျားတာ၊ ခေါင်းပဲ ချေွးထွက်တာ အစားအသောက် ပျက်တာ၊ ဝိတ်ကျလာတာတွေ ရှိ၊ မရှိ စောင့်ကြည့်၊ အားဆေးလည်း တိုက်ကြည့်၊ မျိုးစုံ ကြိုးစား ကြည့်ပြီး မထူးခြားဘူး ဆိုမှ တီဘီဆေး စတိုက်ဖို့ စဉ်းစားကြရတယ်တဲ့”
“ဒီခေတ်မှာတော့ တီဘီဆေးကို နှစ်ပတ်လောက် စမ်းတိုက်တာမျိုး၊ နဂိုခေတ်ကလို မသုံးတော့ဘူးတဲ့၊ မတိုက်ရင်လည်း အရှင်းပဲ၊ တိုက်ရင်လည်း (၆)လ အနည်းဆုံး တိုက်ကြရမယ်တဲ့”
“ကလေးတွေကို နောက်တစ်မျိုး စမ်းလို့ရတာက Tuberculin Skin Testလို့ ခေါ်တဲ့ အရေပြားထဲကို ဆေးလေးထိုးပြီး ကလေးမှာ တီဘီပိုး ဝင်ဖူးလား မဝင်ဖူးလား ဓာတ်ကို စမ်းသပ်တာမျိုး ရန်ကုန်မှာ လုပ်လို့ရတယ်တဲ့၊ ဆေးထိုးထားတဲ့ နေရာဟာ နောက် (၇၂)နာရီလောက်မှာ ဖုဖောင်းလာရင် အဲဒီအဖု ပမာဏကို တိုင်းတာပြီး ဆုံးဖြတ်ရတယ်တဲ့”
“အရေးကြီးတာက ကလေးပဲ ဖြစ်ဖြစ်၊ လူကြီးပဲ ဖြစ်ဖြစ်၊ တီဘီဆေး သောက်ရပြီဆိုရင် အချိန်မှန်မှန် တစ်ရက် မလျှော့ မမေ့ဘဲ သောက် ကြရမယ်။ ကိုယ့်သဘောနဲ့ကိုယ် ဆေးက ပြင်းလို့၊ သက်သာလာလို့ ဘာလို့ ဘာလု့ိ ဆိုပြီး ဆေးကို ဆက်မသောက်တာတို့ ရက်ခြား သောက်တာတို့ ဆေးလျှော့ သောက်တာတို့ မလုပ်ရဘူး ဆိုတာပဲ။ အဲဒီလို လုပ်မိခဲ့ရင် မိမိသာမကဘူး တစ်မျိုးသားလုံးကနေ တစ်ကမ္ဘာလုံးရှိ လူသားအားလုံးကိုပါ ခြိမ်းခြောက်နေတဲ့ ဆေးယဉ်ပါး တီဘီ (Drug Resistant TB)ဖြစ်လာမယ်”

“ဆရာ Multi Drug Resistant MDR-TB ဆိုတာ မြန်မာပြည်မှာ ရှိနေပြီလား”
“ရှိပြီလို့ ပြောတယ်၊ အဲဒါကြောက်ရတာပေါ့။ AIDSကတောင် ရောဂါရှိတဲ့သူနဲ့ လိင်ဆက်ဆံတာတို့ သွေးသွင်းတာတို့ မလုပ်ရင် မကူးဘူး။ ဒါက ကိုယ့်ဘာသာ နေတာတောင် လေထဲကနေ ပိုးက ကူးတာဆိုတော့ အလွယ်တကူ ကူး နိုင်တယ်။ ဒါကြောင့် တစ်မျိုးသားလုံး အန္တရာယ်ပေါ့”
“ဒါဆို ကျွန်တော်တို့က” “ဟုတ်တာပေါ့ဗျာ ရောဂါပိုး ပြင်းတဲ့လူ ဆိုတာ ဆရာဝန် ဆရာမတွေနဲ့ပဲ ပို တွေ့နိုင်တာ”
“အဲဒီတော့ …”အားလုံး မျက်လုံး အဝိုင်းသားနဲ့ ဖြစ်သွားပြီ။
“အဲဒီတော့ စိတ်ကောင်းမွေး၊ ကိုယ်ခံအား ကောင်းအောင်နေ၊ လူနာကိုင်ပြီး လက်ဆေး၊ လိုအပ်ရင် (ဖြစ်သင့်တာက အမြဲ)နှာခေါင်းဖုံးတတ်ပေါ့”
“လူတိုင်းသေရမှာပဲ၊ ဆရာဝန်လည်း သေရမှာပဲပေါ့” အားလုံး သက်ပြင်း ချလိုက်ကြတော့သည်။