“အဘ ဟိုဘက် နည်းနည်းတိုးပေးပါ”
ကားပေါ်မှာ ကိုယ့်နောက်က ထွက်ပေါ်လာတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အသံပါ။

“အဘ…အဘ နည်းနည်း တိုးပါဦး”
နောက်ထပ် ကြားရပြန်တယ်။ ဆင်းရမယ့် မှတ်တိုင် ရောက်ခါနီးပြီမို့ အပေါက်ဝနား မရောက်တရောက် တိုးထားတဲ့ ကိုယ့်ကို ဒီတစ်ခါတော့ လက်တို့ပြီး နည်းနည်း ဖယ်ပေးဖို့ ပြောလာပါတယ်။ သူက အထဲကို ဝင်ဖို့အတွက် ကိုယ့်ကို ဖယ်ပေးဖို့ပြောတာ။ ကိုယ်က “အဘ”ဆိုတာ ကိုယ့်ကို ပြောနေမှန်း မသိ။ မကြားချင်ယောင် ဆောင်နေတာတော့ မဟုတ်ပါ။ တကယ်တော့ ကိုယ်က ကိုယ့်အသက် ကိုယ် မေ့နေတာ။

ကိုယ်က အဘ အခေါ်ခံရမယ့် အရွယ်တောင် ရောက်နေပြီလား။ ဌာနဆိုင်ရာမှာတုန်းကတော့ ကလေးတွေက ဆရာတို့၊ ဦးစီးတို့ ခေါ်တယ်။ အဘ ခေါ်တာ တစ်ယောက် နှစ်ယောက် ရှိတယ်။ တကယ်တော့ ရုံးတွေမှာက ညွှန်မှုးနဲ့ အထက်ကို ဝန်ကြီး အထိပေါ့။ အဘလို့ ခေါ်ကြတာ။ အခုတိုက်မှာတော့ ကလေးတွေက ကိုယ့်ကို အစုံခေါ်ကြတယ်။ အဘခေါ်တဲ့ သူနဲ့၊ ဦးလေး၊ အန်ကယ် ခေါ်တဲ့ သူနဲ့။ ဖြစ်နိုင်ရင် ကိုယ်က ရှိရင်း အသက်ကို မေ့ထားချင်တဲ့သူ တစ်ယောက်ပါ။ စိတ်ပျိုရင် ကိုယ်နုတယ်လို့ ဆိုတယ် မဟုတ်လား။ ဒါပေမယ့် ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ ဆိုတဲ့ တရားသဘောအတိုင်း အိုခြင်းကိုတော့ တားလို့မရပါ။ သင်လည်း တစ်နေ့ အိုရမည် ဆိုတဲ့ စကားလေးလိုပေါ့။ အချိန်ကို ဆွဲထားလို့ မရသလိုပဲ နုပျိုခြင်းကိုလည်း ဆွဲထားလို့ မရပါ။

တကယ်တော့ ကိုယ်နဲ့ တန်းတူ သူငယ်ချင်း တချို့၊ ကိုယ်နဲ့ ရွယ်တူတွေထဲက တချို့ဆိုရင် မြေးတောင် ရကုန်ကြပြီ။ ကိုယ်ကသာ အိမ်ထောင်ပြု နောက်ကျလို့ ကလေးက ငယ်သေးတာ။ ကိုယ်က အသက်ရှည်မယ့် လက္ခဏာတော့ပါတယ်။ အသက်လမ်းကြောင်းကြီးက လက်ကောက်ဝတ်ကို ပတ်နေတာ။ တစ်ခုတော့ ရှိတယ်။ အသက်ရှည်ပြီး ကျန်းမာနေဖို့တော့ လိုတယ်။ အိပ်ရာထဲ လဲနေပြီးတော့ သေမယ့်ရက်ကို စောင့်နေတဲ့ နာတာရှည်မျိုးလည်း မဖြစ်ချင်ဘူး။ အိုမင်း မစွမ်း ဆိုတဲ့အတိုင်း မစွမ်းနိုင်တော့တဲ့ အခြေအနေမျိုးနဲ့လည်း အသက် မရှည်ချင် ပါ။ ကိုယ်က မစွမ်းနိုင်တော့လို့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရသလို ကိုယ့်ကို ပြုစုရတဲ့ လူတွေမှာလည်း မည်မျှပင် ဆွေရင်း၊ သားရင်း ဖြစ်ပါစေ ပင်ပန်းပြီး အချိန်ကြာ လာတာနဲ့အမျှ ကိုယ့်အပေါ် စိတ်ရှည်နိုင်မည် မဟုတ်ပါ။

ပြီးခဲ့တဲ့ တစ်ပတ်က 7 Day News ဂျာနယ် အတွဲ ၁၂၊ အမှတ်-၁ရဲ့ Life စာမျက်နှာ “တွယ်ရာမဲ့ ဘိုးဘွားအိုတို့ရဲ့ အနာဂတ်”ဆိုတဲ့ အောင်သစ်လွင်ရဲ့ ဆောင်းပါး တစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။ အသက် ၈၈နှစ် အရွယ် အမေအိုကြီးကို သားအရင်း ဖြစ်သူက ဆေးရုံမှာ စွန့်ပစ်ထားခဲ့တဲ့ အကြောင်း၊ ဆေးသွားဝယ်မယ် ဆိုပြီး ပြန်မလာတော့တဲ့ သားဖြစ်သူကို မျှော်ရင်း တာဝန်ကျ ဆရာမတွေ ကျေွးတဲ့ ထမင်းကို စားရင်း အသက် ဆက်ခဲ့ရတဲ့ အဘွားအိုကို နောက်ဆုံးမှာ ဆေးရုံအုပ်ကြီးရဲ့ အကူအညီနဲ့ ဆရာမ ဒေါ်သန်းမြင့်အောင် တည်ထောင်ထားတဲ့ ဆည်းဆာရိပ် ဂီလာန ဘိုးဘွားရိပ်သာကို ပို့ပေးခဲ့ကြောင်း၊ အမေအိုကြီး ကတော့ ဘိုးဘွားရိပ်သာကနေ သားဖြစ်သူ ပြန်အလာကို မျှော်နေဆဲဖြစ်တဲ့ အကြောင်းပါ။ နောက်တစ်ဦးကတော့ သားနှစ်ယောက်ကို ဆယ်တန်း အောင်တဲ့အထိ ကျေွးမွေး စောင့်ရှောက်ခဲ့ပြီး မိသားစု တစ်စုလုံးကို ဦးဆောင် ဦးရွက် ပြုလို့ ရှေ့ဆုံးက ရင်ဆိုင် ဖြေရှင်းပေးခဲ့ပေမယ့် စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့တဲ့ အိုမင်းမစွမ်း ရောက်ချိန်မှာ သား၊ သမီး၊ မြေး၊ မြစ်တွေရဲ့ အငြိုအငြင်ခံပြီး ထမင်း စားနေရတဲ့ ဘဝမျိုးကို ရေရှည် မခံစား နိုင်တော့တဲ့အတွက် ကားမှတ်တိုင်မှာ လမ်းသွား လမ်းလာတွေဆီကနေ အလှုခံပြီး စားနေတဲ့ အသက် (၇၆)နှစ်အရွယ် အဘိုးအိုပါ။ သူကတော့ သားတွေဆီကနေ တစ်ပတ် ပြန်လည်လာမယ့် မေတ္တာတရားကို မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

သူ့လိုပဲ ကားမှတ်တိုင်မှာ အလှု ခံစားနေတဲ့ အသက် ၇၈နှစ်အရွယ် သီလရှင် ဆရာကြီး တစ်ဦးကတော့ အရင်က ဘိုးဘွားရိပ်သာမှာ နေခဲ့ဖူးပြီး စည်းကမ်းချက်တွေ သတ်မှတ်လို်က်တဲ့အတွက် ထောက်ပံ့ပေးမယ့် ဆွေမျိုးသားချင်း မရှိလို့ ဘိုးဘွားရိပ်သာမှာ ပြန်နေလို့ မရတော့တဲ့အကြောင်း ဖြစ်ပါတယ်။ ဘိုးဘွားရိပ်သာ များမှာ ပြုစုစောင့်ရှောက်မှု ခံယူနေတဲ့ ဘိုးဘွား အများစုဟာ အမှန်တကယ် ခိုကိုးရာမဲ့ မဟုတ်ဘဲ ၎င်းတို့ရဲ့ မိသားစုဝင်တွေက အိမ်မှာ နေရတာထက် အေးချမ်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပို့ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်တစ်ခုကတော့ အတော် ကြေကွဲစရာကောင်းတဲ့ အဖြစ်လေးပါ။ သူကွယ်လွန်ပါက သူ့ကို မြှုပ်နှံမယ့် အုတ်ဂူမှာ သားသမီး ကိုးယောက်က ပြန်မကြည့်နိုင်လို့ ကိုယ့်စရိတ်နှင့်ကိုယ် ရပ်ကွက်မှ သဂြိုလ်၍ သူ့ရဲ့ ဆန္ဒအတိုင်း ဒီစာကို ရေးထိုးပါတယ်လို့ ခိုင်းခဲ့တဲ့ အဘိုးအို တစ်ဦးပါ။ သူပေးသလောက် ပြန်မရခဲ့တဲ့ မိသားစု မေတ္တာတရားကို အတော် စိတ်နာသွားပုံ ရပါတယ်။

သူ့လိုပဲ သားသမီး ဆွေမျိုး အသိုင်းအဝိုင်းကို နောက်ဆုံး ထွက်သက်အထိ စိတ်နာပြီး ဘဝ နိဂုံးချုပ်သွားတဲ့ ခိုကိုး ရာမဲ့ သက်ကြီးရွယ်အိုများ ရှိသလို မိသားစု ဆွေမျိုးသားချင်းတွေရဲ့ ဖေးမ စောင့်ရှောက်မှုနဲ့ ဘဝ နေဝင်ချိန်ကို အေးအေးလူလူ ဖြတ်သန်းခွင့်ရတဲ့ သက်ကြီးရွယ်အိုများလည်း ရှိပေမယ့် အချိုးအစား အလွန် ကွာခြားကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာ လူဦးရေရဲ့ တစ်ဆယ် ရာခိုင်နှုန်းဟာ သက်ကြီးရွယ်အိုများ ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သက်ကြီးရွယ်အို သုံးသောင်းကျော်ဟာ ခိုကိုးရာမဲ့ ဖြစ်နေလျက် မဖြစ်မနေ စောင့်ရှောက်မှုပေးရန် လိုအပ်နေကြောင်းနဲ့ လူမှုဝန်ထမ်း ဦးစီးဌာနက အသိအမှတ် ပြုထားတဲ့ တရားဝင် ဘိုးဘွား ရိပ်သာ ၅၉ခု ရှိပြီး ပြုစု စောင့်ရှောက်ခွင့်ရတဲ့ ဘိုးဘွားက ၂,၀၀၀လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။ ဖြစ်ပျက်ဆိုတဲ့ သဘောတရားအရ ခန္ဓာကိုယ်ကြီးဟာ စက္ကန့်တိုင်းအတွင်းမှာ ယိုယွင်း ပျက်စီးနေတာပါ။ ငယ်ရွယ်တဲ့ အချိန်မှာ မသိသာပေမယ့် အသက် အရွယ် ကြီးရင့်လာတဲ့အခါကျတော့ ရုပ်ခန္ဓာကြီးဟာ တဖြည်းဖြည်း ကျလာတာ သိသာပါတယ်။ အိုနာကျိုးကန်း ဆိုတဲ့ အတိုင်း အိုမင်း ရင့်ရော်လာတဲ့အခါ မျက်စိက မှုန်၊ နားက ထိုင်း၊ ခါးက ကိုင်းနဲ့၊ ကိုယ့်ကို ပြုစု စောင့်ရှောက်ရတဲ့ သူတွေ စိတ်ငြိုငြင် စေတာတော့ အမှန်ပါ။ စည်းစိမ် ဥစ္စာတွေကို ကိုယ် ထိန်းသိမ်းနိုင်စွမ်း မရှိတော့တဲ့ တစ်ချိန်မှာ ကိုယ့်ကို ငြိုငြင် လာကြမှာ ဓမ္မတာပါ။
စုန်ရေ ဆိုတာပဲ ရှိတယ်။ ဆန်ရေဆိုတာ မရှိဘူးဆိုတဲ့ အတိုင်း ကိုယ်တွေကတော့ သားသမီးအပေါ် မျှော်လင့်မထားပါ။ ကိုယ်တွေ ဝတ္တရားရှိတဲ့ အတိုင်းတော့ သူတို့ကို ပျိုးထောင် ပေးသွားမှာပါ။ သူတို့ အသီးအပွင့်ကို သူတို့ ခံစားရရင်ပဲ ကျေနပ်ပါပြီ။ ကိုယ်တွေ လင်မယား နှစ်ယောက်က ပင်စင်လစာလေးနဲ့ လောက်ငှအောင် နေထိုင်သွားပြီး ဘဝမှာ နောက်ဆုံး အချိန်လေးတွေကို အေးအေးလူလူ ဖြတ်သန်းသွားနိုင်ဖို့ပဲ မျှော်လင့်မိပါတယ်။

TZO
အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။