ကျွန်တော် ကိုဘအေးတစ်ယောက် ကံကောင်းထောက်မစွာနဲ့ ဂျာနယ် တိုက်မှာ အယ်ဒီတာ အလုပ်ကလေး တစ်နေရာ လုပ်ကိုင်ခွင့် ရရှိခဲ့ပါတယ်။ (ကံကောင်းတယ် ဆိုတာ၊ အလုပ် ကောင်းလို့ပါ။ တစ်နည်းအားဖြင့်၊ ကောင်းတာ လုပ်လို့ပါ။ ကုသိုလ် အလုပ် ပေါ့နော်။ ပြီးတော့ ထောက်မတဲ့၊ ထောက်ကူတဲ့ ပုဂ္ဂိုလ်များလည်း တွေ့ကြုံရလို့ပါ။ ဒီကျေးဇူးတရားတွေကို တစ်သက်တာ အမှတ်ရနေမှာပါ။) အငြိမ်းစားတွေ တကယ်ငြိမ်းပြီလား..လို့၊ မနောဖြူလေး Question ထုတ်ထား သလိုပဲ တကယ်မငြိမ်းသေးတဲ့ ကိုဘအေး လည်း အလုပ်ကလေး ရှာပြီး၊ လုပ်ခဲ့ရတယ် ဆိုပါတော့။ အယ်ဒီတာဆိုတာကတော့ အင်္ဂလိပ် ေဝါဟာရ (Editor)ကို မြန်မာ က မွေးစားတာပါ။ မြန်မာက မွေးစားတဲ့ စကားလုံးတွေက အများသား။ မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ ဒရိုင်ဘာ၊ တယ်လီဖုန်း စသည်ဖြင့် အများကြီးပါ။ စာတမ်းတစ်စောင် လုပ်ရင်တောင် ရနိုင်ပါတယ်။ မွေးစား စကားလုံးတွေနဲ့ ပတ်သက်ပြီး၊ ဂျာနယ် တစ်စောင်မှာ ဆရာကြီး ဦးခင်မောင်အေး မောင်ခင်မင် (ဓနုဖြူ) ရေးခဲ့တာကို ဖတ်လိုက်ရဖူးပါတယ်။ မော်တော်ကားတို့၊ မော်တော် ဆိုင်ကယ်တို့ကို မြန်မာပြန်ပြီး စက်တပ် လေးဘီးယာဉ်တို့၊ စက်တပ် နှစ်ဘီးယာဉ်တို့ ခေါ်ကြည့်ပါ။ ခေါ်လို့ မကောင်းပါဘူး။ ဒရိုင်ဘာကို ယာဉ်မောင်းလို့ ခေါ်တာကမှ အဆင်ပြေသေးတယ်။ ဒါတောင် ဒရိုင်ဘာလို့ ခေါ်တာက နှုတ်ကျိုးနေပြီ။ နောက်တစ်ခု ရှိသေးတယ် တယ်လီဖုန်းကို စကားပြော ကြေးနန်းလို့ခေါ်ရင် အဆင်မပြေပါ။ မင်းအိမ်မှာ စကားပြော ကြေးနန်းရှိလားလို့မေးရင် အမေးခံရတဲ့သူတောင် ကြောင််သွား နိုင်ပါတယ်။

ဟန်းဖုန်းကိုလည်း လက်ကိုင်ဖုန်းဆိုတာလောက်ပဲ ပြောလို့ရမယ်။ လက်ကိုင် စကားပြော ကြေးနန်းဆိုရင် အဆင်ပြေမှာ မဟုတ်ဘူး။ ထို့အတူ ဟန်းဆက်ကိုလည်း ဟန်းဆက်လို့ ခေါ်တာကပဲ အဆင်ပြေပါတယ်။ ဒါကြောင့် ခေါ်ရတာလည်း လွယ်တဲ့ အတွက် မွေးစားစကားလုံးတွေကို ဒီအတိုင်း ခေါ်နေကြတာပါ။ ကိုဘအေး တီဗီဇာတ်လမ်းတွဲတွေ ကြည့်ရင်းနဲ့ သတိထားမိတာ တစ်ခု ရှိပါတယ်။ ကိုဘအေးတို့က ဖုန်းပြောရင် ဟယ်လို (Hello)လို့ ပြောပါတယ်။ ကိုရီးယားတွေကတော့ ဟယ်လိုလို့ မပြောဘူး။ ယော်ဘိုဆယ်ယိုလို့ ပြောတယ်။ (အသံထွက် မှန်ရဲ့လား မသိဘူး။) တရုတ်တွေကျတော့ “ဝေ”တဲ့၊ ဟယ်လိုလို့ မပြောတဲ့ တခြားလူမျိုးတွေလည်းရှိရင်ရှိမှာပါ။ ကိုဘအေးက တရုတ်ကားတွေ၊ ကိုရီးယားကားတွေပဲ ကြည့်ဖူးတာကိုး။ ဂျပန်တွေက မူရှီ မူရှီလို့ ပြောတာတွေ့ရတယ်။ အခု နောက်ပိုင်း တီဗီမှာက ဂျပန်ကားတွေ မပြသလောက်ဘဲ။ ကိုဘအေးတို့ လူငယ် ဘဝတုန်းကဆိုရင် ဂလုပ်ရုံ (ဂုဏ်ရုံ)တို့၊ ပလေဒီယံ(ပပ၀င်းရုံ)တို့မှာ ပြတဲ့ ဂျပန်ကားတွေကို တခုတ်တရ သွားကြည့်ကြရတာ။ Murder in the Deepတို့ Take Me Awayတို့ဆိုရင် အရမ်းကောင်းတဲ့ ရုပ်ရှင်ကားတွေပါ။ အခု Traders Hotel ဆောက်ထားတာ၊ အဲဒီ ရုပ်ရှင်ရုံတွေ နေရာပေါ့။ ကိုဘအေးလည်း မွေးစား အခေါ်အဝေါ်တွေအကြောင်း ပြောရင်းနဲ့ စကားပြောရှည်သွားပြီ၊ အယ်ဒီတာဆိုတာကို ပြန်ဆက်ရအောင်။ အယ်ဒီတာဆိုတာ အသံထွက် အမှန်က (အက်ဒစ်တာ)ပါ။ စာတည်း၊ တည်းဖြတ်သူလို့ အဓိပ္ပာယ် ဖွင့်ပါတယ်။ တကယ့် အသံထွက် အက်ဒစ်တာက ခေါ်လို့မကောင်းဘူး။ အယ်ဒီတာလို့ မြန်မာမှု ပြုခဲ့တာကို ကျေးဇူးတင်ရပါမယ်။ ယေဘုယျအားဖြင့်တော့ စာမူ တည်းဖြတ်တဲ့သူကို စာတည်းလို့ အတိုချုပ်ပြီး ခေါ်တာပေါ့။ တချို့က တာဝန်ခံ စာတည်းတို့၊ စာတည်းချုပ်တို့ သုံးကြပါတယ်။ သတင်းစာတို့၊ ဂျာနယ်တို့ မဂ္ဂဇင်းတို့မှာ သတင်းတွေ၊ ဆောင်းပါးတွေ၊ စာမူတွေကို တည်းဖြတ်သူပေါ့။ အခု သတင်းစာ တွေမှာတောင် အယ်ဒီတာ့ အာဘော်လို့ပဲ သုံးတာ တွေ့ရပါတယ်။ စာတည်းအာဘော်လို့ မသုံးပါ။ အမှန်ပြောရရင် အယ်ဒီတာ ဆိုတာလေးက ခေါ်လို့ကောင်းတယ်။ သူ့နေရာနဲ့ သူ အယ်ဒီတာတွေကတော့ အများကြီးဗျ။ ဖလင် အယ်ဒီတာ၊ ရုပ်သံ အယ်ဒီတာ၊ ဓာတ်ပုံ အယ်ဒီတာ စသဖြင့်ပေါ့။ အယ်ဒီတာဆိုတာ တည်းဖြတ်သူ ဆိုတော့ ရုပ်ရှင်တွေမှာ စာတမ်းထိုးရင် ဖလင် အယ်ဒီတာကို ကတ်ကြေးပုံလေးနဲ့ သငေ်္ကတပြတာတွေ တွေ့ဖူးကြမှာပေါ့။ ဖလင်တွေကို ဟိုဖြတ် ဒီဖြတ်နဲ့ လုပ်ပြီး ဇာတ်လမ်း အချိတ်အဆက် မိအောင် ပြန်ဆက်ရတာ။ ရုပ်သံဘက်ကျတော့ ဒီလို မဟုတ်တော့ဘူး။ ကွန်ပျူတာနဲ့ပဲ လုပ်သွားတော့တာ။ အခုခေတ်ကတော့ စာပေ ပုံနှိပ်ထုတ်ဝေတဲ့ ဘက်မှာလည်း ကွန်ပျူတာပဲ သုံးကြပါတော့တယ်။ စာကို ခဲစာလုံးနဲ့ စီတဲ့ခေတ်က မရှိတော့ သလောက်ပါပဲ။ အရင်တုန်းက ကိုဘအေးတို့ ဘွဲ့တံဆိပ် ဂုဏ်ပြုစာလွှာ တွေကို သိမ်ဖြူလမ်းက အစိုးရ ပုံနှိပ်တိုက်မှာ သွားပြီး ရိုက်ရပါတယ်။ အဲဒီမှာ စာစီတဲ့ သူတွေကို တွေ့ဖူးတာပါ။ ခဲစာလုံးလေးတွေကို သူ့အံခွက်နဲ့သူ ထည့်ထားပြီး ဇာဂနာနဲ့ ယူပြီးတော့ စာတွေကို ပြောင်းပြန်စီရတာပါ။ ဥပမာ – “ဆ” ဆိုရင် ခဲစာလုံးက 06လို့ ဖြစ်နေတာပါ။ စက္ကူမှာ ပုံနှိပ်လိုက်တဲ့ အခါကျတော့ အတည့်ဖြစ်သွားတာပေါ့။ ကျွမ်းကျင်ရာ လိမ်မာပေါ့လေ။ အခုခေတ် ကလေးတွေကတော့ တွေ့ဖူးကြမှာ မဟုတ်ပါဘူး။ ဘယ်လိုကြီး လဲလို့ ပြောကြမှာ။ အခုခေတ်က ကွန်ပျူတာ ခေတ်၊ အိုင်တီခေတ် ဖြစ်နေပြီ မဟုတ်လား။ စာရိုက်တာ၊ စာပြင်တာ၊ ပုံတွေထည့်တာ၊ အရောင်ခွဲတာ၊ အရောင်ထပ်တာ၊ စာဖောင် ဖွဲ့တာ အားလုံးက ကွန်ပျူတာနဲ့ပဲ လုပ်သွားပါတယ်။ လက်ရှိဂျာနယ်တိုက်မှာ အားလုံးက ကွန်ပျူတာနဲ့ပဲ အလုပ် လုပ်ကြတာ။ ကွန်ပျူတာ ကမ္ဘာကြီးထဲ ရောက်နေရသလိုပဲ။ ကွန်ပျူတာ မတတ်တဲ့ ကိုဘအေးကတော့ မျက်စိသူငယ် နားသူငယ်နဲ့ပေါ့။

ရုံးဝန်ထမ်း ဘဝတုန်းက ကွန်ပျူတာ သင်ချိန်မရခဲ့ပါ။ ကွန်ပျူတာ တတ်ချင်တဲ့ စိတ်ရှိခဲ့ပေမယ့် စာရိုက်စရာရှိရင် ကွန်ပျူတာခန်းကိုပဲ ပို့လိုက်ရတာ။ ဘေးက ပြောပေးဖို့ လိုအပ်တဲ့အခါရယ်၊ စာပြင်စရာရှိတဲ့ အခါတွေမှာပဲ ကွန်ပျူတာခန်းထဲကို ရောက်ပါတယ်။ ကွန်ပျူတာတွေကလည်း အားတယ်လို့ မရှိပါ။ ကိုယ့်အိမ်မှာ ကွန်ပျူတာ ရှိရင်တော့ တစ်မျိုးပေါ့နော်။ အခုတော့ ကွန်ပျူတာ မတတ်ခဲ့မိတာကို နောင်တ ရနေမိတယ်။ တဖြည်းဖြည်းတော့ နားလည် လာအောင် ကြိုးစားရမှာပေါ့လေ။ လောလောဆယ်တော့ Proof ဖတ်ပေး ရတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေ ရှာပြီးတော့ ကိုယ့်ထင်မြင်ချက် လေးတွေ ထည့်ပြီး ရေးပေးရတာမျိုးတွေ လုပ်ရတယ်။ ကိုယ်ရေးနေကျစာလည်း ရေးပေါ့။ ပြီးတော့ စာဖောင် ဖွဲ့ထားတာကို ဝိုင်းကြည့်ပြီးစစ်ပေး၊ လိုအပ်တာလေး တွေလည်း ဝိုင်းလုပ်ပေးပေါ့လေ။ ကိုဘအေးလည်း ကျန်းမာနေသေးသရွေ့၊ အလုပ် လုပ်နိုင်နေသေးသရွေ့တော့ လုပ်နေရဦးမှာပါ။ အရိပ်ထဲမှာ ထိုင်လုပ်ရတဲ့ အလုပ်မို့ မပင်ပန်းပါ။ ဦးနှောက်တော့ နည်းနည်း စားရတာပေါ့။ ပြီးတော့ ဖယ်ရီနဲ့ပဲ ရုံးတက်လာရတဲ့ သူက ဘတ်စ်ကား တိုးစီး နေရတာ တစ်ခုပါပဲ။ အောင်ဘာလေ ထီတော့ ထိုးထားပါတယ်။ ထီပေါက်ရင် ကိုယ်ပိုင်ကားနဲ့ ရုံးတက်မလို့။ ဒါကြောင့် အယ်ဒီတာ ကိုဘအေးရေ…Fighting အားတင်းထားလို့…။

TZO
အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။
  • may thu kyaw

    လူဘ၀ဆိုတာဒီလိုုဘာဘဲ……ၾကိဳးစားထားကိုဘေအးေရ…..