“ဟေ့ သူငယ်ချင်းရေ၊ မင်းကို ခေါ်နေတာ နှစ်ခါ သုံးခါ မကတော့ဘူး။ ဖုန်းမကိုင်ပုံ ထောက်ရင်တော့ ဖုန်းတခြား လူတခြား ဖြစ်နေပြီ ထင်တယ်”
“ဟုတ်ပါ့ကွာ ငါလည်း ရန်ကုန် တက်တုန်းက Samsung Galaxy Sလေး ဝယ်လာမိခဲ့တာ” “အေး၊ ဘာဖြစ်လဲကွ ငါလည်း SII ကိုင်ဖူးတာပဲ”
“အဲဒါ ဖုန်းက ကိုယ်နဲ့ ကပ်တယ် မရှိပါဘူးကွာ။ Chargingသွင်းတဲ့ Plugပေါက်ကိုပဲ ပိုခင်တယ်၊ ကိုယ့်ဆီ ရောက်တာနဲ့ Battery Lowဆိုပြီး ဆန္ဒပြပြီလေ”
“ဟား ဟား ဟား ဟား ငါလည်း အဲဒီ ဒုက္ခတွေ ခံစားပြီးပြီ”
“ဆိုပါဦး၊ ငါ့ကို ခဏခဏ ဖုန်းဆက် ရတာ”
“ဒီတစ်ပတ်လည်း Haematology သွေးဗေဒနဲ့ ပတ်သက်ပြီး ဟောပြောပွဲ လေးရှိလို့ တနင်္ဂနွေဆိုတော့ မင်း လာနိုင် မလားလို့”
“ကျေးဇူးပဲကွာ၊ ဆေးကျောင်းဆင်း ကတည်းက နယ် (၃)ခုလောက် ပြောင်း နေရတာ၊ စာလည်း မဖတ်နိုင်ခဲ့ဘူး၊ အခုမှ CME (Continued Medical Education စဉ်ဆက်မပြတ် ကျန်းမာရေး ပညာဗဟုသုတ ဆင့်ပွားသင်ကြားရေး)တွေ တက်ရတော့ အဟောင်းတွေလည်း ပြန်နွေးဖြစ်သလို ကုထုံးအသစ်တွေ၊ ခေတ်မီ ကိရိယာတွေ ထပ်ပြီး မြင်ရ၊ ကြားရ၊ သင်ရတာ ကောင်းပါ့ကွာ”
ထိုသို့နှင့် ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ လည်း ရန်ကုန် တက်ရပေဦးမည်။ ရန်ကုန် ရောက်လျှင် အကျိုးကျေးဇူးက CME တက်ရရုံသာမက မိဘနှစ်ပါး အိမ်သို့ ပြန်ရခြင်းပါ တစ်ပါတည်း ရရှိသဖြင့် ဒေါက်တာ ပီတိတို့ နှစ်ခါ မခေါ်ခဲ့ရ။ ဆွေးနွေး သင်ကြားပွဲရောက်တော့ ဆေးကုမ္ပဏီမှ ဝန်ထမ်းများက ၎င်းတို့၏ အဆင့်မြင့် ဆေးဝါးများကို မိတ်ဆက် ပြောကြားရင်း လက်ဖက်ရည် တိုက်သည်။ ပွင့်လင်းခဲ့ပြီဖြစ်သော စာရေးသူတို့ တိုင်းပြည်တွင်လည်း အနောက်နိုင်ငံကြီးများ ကဲ့သို့ပင် Textbook သင်ရိုးညွှန်းစာအုပ်ပါ ဆေးဝါးများပါ ဝယ်ယူ ရရှိနိုင်ပြီဖြစ်၍ အံ့သြမိသည်။ အရေးကြီးသည်မှာ ပိုက်ဆံ ရှိဖို့သာ။
သွေးအားနည်းရောဂါ၊ သာလာ ဆီးမီးယားခေါ် သွေးရောဂါ၊ သွေးဥမွှား လျော့နည်းရောဂါ၊ သွေးကင်ဆာ အစ ရှိသဖြင့် သင်ကြား ပို့ချသွားသည်ကို စာရေးသူတို့ မျက်တောင်မခတ်တမ်း စိတ်ဝင်တစား လေးစားစွာ သင်ယူမိသည်။ ၎င်းတို့အထဲမှ မရှိမရှား ရောဂါလေး တစ်ခုဖြစ်သော သွေးမတိတ်သည့် ရောဂါတစ်မျိုး ဖြစ်သည်။ ဟီမိုဖီးလီးယား Hemophilia ဟူသော ရောဂါတစ်မျိုး အကြောင်း ယနေ့ ဖောက်သည်ချ လိုပါသည်။
မျိုးရိုး လိုက်သည်ဟူသော ရောဂါများတွင် Hemophiliaသည်လည်း လူသိများသော ရောဂါတစ်ခု ဖြစ်သည်။ မျိုးရိုးလိုက်သည် ဆိုရာ၌ သားစဉ် မြေးဆက် မဖြစ်မနေ ပါသွားမည့် Autosomal Dominantရောဂါမျိုး ရှိတတ်သလို ယောက်ျားလေးမှ ရွေးဖြစ်တတ်သော X Linked အမ ပိုးတွင် လက္ခဏာဆောင်သည်။ ရောဂါလည်း ရှိပေရာ မိခင်ဘက်မှ မျိုးရိုး လိုက်ပါသွားသဖြင့် ယောက်ျားလေး များသာ ပိုဖြစ်တတ်သော ရောဂါတွင် Hemophlic ပါသည်။ မိခင်အား ရောဂါ လက္ခဏာ မပြသော်လည်း ရောဂါဗီဇ ပါသည့် သနေ္ဓဆောင်ခဲ့သည့်အတွက် Corrierဟုခေါ်သည်။ ထို့အတူ ရောဂါသည် ကလေး၏ ညီမ၊ အစ်မများ ရှိခဲ့လျှင်လည်း တစ်ဦးမဟုတ် တစ်ဦးတွင် ရောဂါဗီဇကို သယ်ဆောင်မည့် Carrierများ ဖြစ်လာပြီး ၎င်းတို့တွင် သားယောက်ျားလေးက အိမ်ထောင်ပြု သားသမီးယူလျှင် ၎င်းထံမှ အဖိုပိုး “Y”သာ သားများထံ ဗီဇ ဆက်ခံစေတတ်သဖြင့် အဖေမှ သားဆီသို့ ရောဂါဆက်ခံစေခြင်း မရှိတတ်။ ၎င်းမှ သမီးမိန်းကလေးသို့ အမပိုး “X” ပေးမှသာ ရောဂါဗီဇကို ဆင့်ပွားပေမည်။ သို့သော် မိန်းကလေးတို့တွင်ကား ထိုရောဂါရှိသော “X” တစ်လုံးရရုံဖြင့် ရောဂါမဖြစ်ဘဲ သယ်ဆောင်သူ Carrierသာ ဖြစ်ရသည်။ အနောက်နိုင်ငံများ၏ စစ်တမ်း ကောက်ယူချက်အရ ကလေးအယောက် (၁,၀၀၀)တွင် တစ်ယောက်နှုန်းခန့် ဖြစ်ပွား သဖြင့် စာရေးသူတို့ ဆေးပညာအရ ပေါများ သည်ဟု ယူဆကြသည်။
မည်သူ ဖန်တီးခဲ့သည် မသိသော နက်နဲ ရှုပ်ထွေးလှသည့် သဘာဝများဖြင့် ဖွဲ့စည်း တည်ဆောက်ထားသော လူ့ခန္ဓာကိုယ် ကြီးတွင် သွေးထွက်လျှင် သွေးတိတ် စေနိုင်သည့် စနစ်တစ်ခု ဖန်တီးထားသည်။ Coagylation Systemခေါ်သည့် ၎င်းစနစ် တွင် အရေးကြီးသော ဓာတ်များ နံပါတ် အစဉ်အလိုက် (၁) ရောမဂဏန်းဖြင့် Factor Iမှ (၁၃)အထိ Factor XIII အထိ ပါဝင်တတ်ပေရာ လမ်းခုလတ်တွင် အရေးကြီးသည့် ဓာတ်ပေါင်းများ ဖြစ်သည့် Factor VIII ချို့တဲ့လျှင် Hemophilia Aဟု ခေါ်ပြီး Factor IXချို့တဲ့လျှင် Hemophilia Bဟု ခေါ်ပါသည်။ သာမန်အားဖြင့် အနုစား ထိခိုက်မိလျှင် သွေးချေမဥတတ်သော်လည်း ၎င်းရောဂါသည်တို့ကား သွေးချေဥချေပြီ။ သွေးထွက် သံယိုဖြစ်လျှင်လည်း သွေး မတိတ်နိုင်တော့။ အဆိုးဆုံးနှင့် အသက်ကိုပင် ရန်ရှာတတ်သည့် သွေးထွက်ခြင်းများကား ဦးနှောက် တွင်း၌ သော်လည်းကောင်း၊ အစာအိမ် နှင့် အူလမ်းကြောင်းများထဲ၌သော် လည်းကောင်း လည်ပင်းနှင့် အစာမြို ပြွန်လမ်းကြောင်း၊ အသက်ရှူ လမ်ကြောင်း များထဲတွင် လည်းကောင်း၊ သွေးယို စီးခြင်းများ ဖြစ်သည်။ အသက် မသေ သော်လည်း ခဏခဏ ဒုက္ခ ပေးရုံမျှမက နာတာရှည် ဝေဒနာပါ ပေးနိုင်မည်ကား ဒူးဆစ်၊ ခြေဆစ် များအတွင်း သွေးယိုခြင်း ဖြစ်သည်။ “တောက်တောက်နဲ့ လျှောက်သွားရင်း လဲပြန်ပြီ”ဟု ပြောရသော Toddler အရွယ် ကလေးများအဖို့ သာမန် ကလေးတွင် ချော်လဲသော်လည်း ဘာမှမဖြစ်ဘဲ Hemophilia ကလေးများ ကား အဆစ် ပတ်ဝန်းကျင်ရှိ ဆံချည်မျှင် သွေးကြောလေးများ ပြတ်၊ ပေါက်ရာမှ သွေးမတိတ်တော့ဘဲ အဆစ်အတွင်း သွေးယိုခြင်း Joint Bleeding ဖြစ်ရတော့သည်။ တစ်ခါ ဖြစ်ဖူးသော ထိုအဆစ်တွင် နောက်အခါခါ ဖြစ်လာနိုင်ပြီး အဆစ်နိုင်လာခြင်း၊ အဆစ် ပြဿနာဖြစ်လာခြင်း စသည့် Hemarthrosisများ ပေါ်လာတော့သည်။
ထိုသို့ သွေးမတိတ်ဘူးဟု မသင်္ကာပါက နီးစပ်ရာ ဆရာဝန်နှင့် ပြသသင့်သည်။ သွေးထွက်နှုန်း၊ သွေးခဲနှုန်း Bleeding Time (BT) Clotting Time (CT)များ စမ်းရတော့မည်။ သွေးခဲစနစ်၏ အရေးပါသော လမ်းကြောင်းပေါ်မှ Prothrombin Time (PT), APTTများ စစ်ရတော့မည်။ ရောဂါ၏ အတိမ်အနက်ကို အတိအကျသိရန် ၎င်းသွေးခဲစေသော ဓာတ် Clotting Factor Assayပမာဏ စစ်ဆေးခြင်း ပြုရမည်။ ရှိရမည့် ပမာဏ၏ (၁၀၀)ပုံ (၁)ပုံ ၁ရာခိုင်နှုန်းထက် နည်းလျှင်တော့ အလိုလိုပင် သွေးထွက် တတ်သည်။ (၁၀၀)ပုံ (၅)ပုံ (၅) ရာခိုင်နှုန်းအောက် ရှိလျှင်တော့ ထိခိုက်မိမှ (သို့မဟုတ်) ခွဲစိတ်ခံရပြီးမှ သွေးမတိတ်ခြင်း လက္ခဏာပြမည်။ ထို့အတူ အကောင်းဆုံး အဆင့်ဖြစ်သော (၅)ရာခိုင်နှုန်း အထက် ရှိလျှင်တော့ အကြီးစား ခွဲစိတ်မှုမျိုး လုပ်မှ သွေးထွက်ခြင်း၊ မတိတ်ခြင်း ဖြစ်တတ်ပါသည်။ ရောဂါသည် ကလေးတွင် ထိုဓာတ် ပမာဏကို တိုင်းတာကြည့်ပါက ထိုကဲ့သို့ (၁%၊ ၁-၅%၊ ၅%-၄၀%)အစရှိသဖြင့် တွေ့ရမည်ဖြစ်ပြီး Carrier မိခင်၊ နှမများတွင် စစ်ကြည့်ပါက ထိုလောက် အထိတော့ မဆိုးဘဲ ၅၀-၆၀-၇၀%ခန့် ရှိမည်ကို တွေ့ရမည်။
ထိုကြောင့် ထိုရောဂါဖြစ်လျှင် ရန်ကုန်၊ မန္တလေးတို့ရှိ သွေးရောဂါကုဌာနတို့မှ ကျွမ်းကျင်သူ ဆရာဝန်ကြီးများနှင့် ပြသသင့်ပါသည်။ ကုထုံးအနေဖြင့် လျော့ပါးနေသော ဓာတ်များကို ထာဝစဉ် ပုံမှန်နီးပါးရှိရန် တောက်လျှောက် ဖြည့်ဆည်း ကာကွယ်ထားနိုင်ပါက သွေးခဲခြင်း၊ သွေးမတိတ်ခြင်း ရောဂါသည် ဖြစ်သော်ငြား၊ သက်တမ်းစေ့ နေနိုင်မည် ဖြစ်သည်။ “သို့မဟုတ်လျှင်လည်း ရောဂါ ဖြစ်ကာမှ အရေးပေါ် ပြန်လည် ဖြည့်တင်းပေးခြင်းဖြင့် အသက်အန္တရာယ်မှ အချိန်မီ ကာကွယ်ရမည်။ ယေဘုယျ အားဖြင့် Factor VIII လျော့လျှင် VIIIဖြည့်၊ IXလျှော့လျှင် IXဖြည့်ရမည်” ၎င်း Factorများသည် သွေးအုပ်စု တူသော အခြားသူများထံမှ သွေးယူ သွင်းခြင်းဖြင့် ရနိုင်သကဲ့သို့ ထို Factor များစွာ စုဆောင်း ထားသော Factor Concentrate ပေးခြင်း သည်ကား တစ်ခါ သွင်းရုံဖြင့် များများ ပြည့်နိုင်သော နည်းဖြစ်သည်။ သို့သော် သွေးနှင့် ပတ်သက်သော အရည်မှန်သမျှ သွင်းလျှင် သွေးမှတစ်ဆင့် ကူးနိုင်သော ရောဂါပိုးများ (ဥပမာ – HIVပိုး၊ အသည်းရောင် ဘီပိုး၊ ငှက်ဖျားပိုး စသည်)များ ကူးစက်နိုင်သော မကောင်းသည့်၊ မလိုလားအပ်သည့် ကျန်းမာရေး ပြဿနာ များလည်း ရှိပါသည်။
ယခုဆိုလျှင် သွေးအစစ် မဟုတ်ဘဲ Recombinant Engineering နည်းပညာဖြင့် စီမံ ဖော်ထုတ်ထားသော Factorများပင် ရှိနေပြီဟု သိရသည်။ ရောဂါလက္ခဏာဟူ၍ လုံးဝ မပြနိုင် လောက်အောင် သွေးတိတ်စေမှုကို စွမ်းဆောင်နိုင်သော Factor ပမာဏကို တစ်ပတ် (၃)ရက် နှုန်းဖြင့် သွင်းပေးနိုင်က အကောင်းဆုံးဖြစ်ကြောင်း သိရသည်။ စာရေးသူ မေးမြန်းကြည့်မိသမျှ စာရေးသူတို့ တိုင်းပြည်တွင်ကား သွေးထွက် မှသာ သွင်းပေးနိုင်သည့် အဆင့်သာ ရှိပြီး ထိုကဲ့သို့ ကြိုတင် ကာကွယ်မှုကို ရောဂါသည်တိုင်း၌ မပေးဆောင် နိုင်သေးကြောင်း သိရသည်။ စာရေးသူ ကျောင်းသားဘဝက ကလေးအထူးကု ဆရာဝန်ကြီး၏ မေးခွန်းနှင့် အဖြေကို အမြဲ သတိရနေမိသည်။ သူမေးခဲ့သည်က “ဒီ နှစ်နှစ်သားလေးကို ဆရာလေး ဘယ်လို သွေးမထွက်အောင် ကာကွယ်မလဲ”တဲ့။ ကျွန်တော်က စာထဲမှာပါသလို ချက်ချင်း ဖြေခဲ့မိသည်။ “မထိခိုက်မိအောင်၊ ချော်မလဲအောင် သူ့မိဘတွေကို ထိန်းခိုင်း ရပါမယ်”ဟူ၍ ဆရာကြီးက ဖြေသည်။ “ဒီမျောက်လောင်းကို မင်း ဒီတစ်မနက် ထိန်းကြည့်စမ်းပါ၊ ဆရာဝန်ဆိုတာ စာအုပ်ထဲက ပါတဲ့ စာတွေကိုပဲ အလွတ်ကျက်ပြီး ပြန်ရွတ် တတ်ရုံနဲ့ မဖြစ်ဘူးကွ၊ လက်တွေ့ ဖြစ်နိုင်၊ မဖြစ်နိုင်ကိုပါ ချင့်ချိန် စဉ်းစားပြီးမှ ကုထုံးပေးရ၊ ကာကွယ်နည်း ပေးရမယ်ကွ”ဟူ၍ပင်။
ဟုတ်ပါသည်။ ဆရာကြီး သွန်သင် ခဲ့သမျှသည် လက်တွေ့ လုပ်ငန်းခွင်ထဲ ရောက်မှ သိလာရသည်။ ကိုယ်ချင်းစာ စိတ်နှင့် ဖြစ်နိုင်၊ မဖြစ်နိုင် ဝေဖန် ပိုင်းခြားနိုင်စိတ်တို့က အောင်မြင်သော ဆရာဝန်ကောင်း တစ်ယောက် အဖြစ်သို့ ပို့ဆောင် ပေးနိုင်သည် မဟုတ်ပါလော။