အတန်းတင် စာမေးပွဲကြီး နီးလာပြီမို့ ကျောင်းသား မိဘတွေ ရင်ပူရမယ့် အချိန် ရောက်လာပြီ။ သူငယ်တန်း ကနေ တက္ကသိုလ်ဝင်တန်း အထိ မိဘတွေရဲ့ စိတ်ပူပင်မှု အတိုင်းအတာသည် လျော့သွားသည် မရှိ။ ကလေး ဆိုတာမျိုးက အများအားဖြင့် ဆော့ကစားတဲ့ ဘက်ကို စိတ်သန်သည်။ ဆော့နေရရင် ထမင်းမေ့၊ ဟင်းမေ့။ မအေ မခေါ်မချင်း မလာ။ ဒီတော့ သူငယ်တန်းလေး ဆိုပြီးလည်း ပေါ့နေလို့ မရ။ သားရေ… စာကျက်ဦး၊ သမီးရေ… စာကျက်ဦးဆိုပြီး အနား ကနေလည်း ထိုင်ပြီး စာဖတ်တာ၊ စာရေးတာ ကိုလည်း ကျောင်းပေး နေရတာ။ သူငယ်တန်း မို့လို့လည်း မကျဘူး မထင်နဲ့။ ကိုဘအေးတို့ ခေတ်တုန်း ကတော့ သူငယ်တန်းမှာ နှစ်နှစ်၊ သုံးနှစ်နေရတာတွေ ရှိတယ်။ တချို့ဆိုရင် တစ်တန်းကို နှစ်နှစ်နှုန်းနဲ့ တက်လာကြတာ။ ဉာဏ်ရည် မပြည့်တဲ့ ကလေးကိုတော့ မပြောလိုပါ။ တချို့ကျတော့ မိဘတွေက ဂရုစိုက်မှု မရှိတာ၊ ဂရုစိုက်မှု အားနည်းတာ။ ကလေးကိုယ်၌ကလည်း ပညာရေးကို စိတ်မဝင်စားတာ ရှိပါတယ်။

တချို့အတွေးအခေါ် ရှေးဆန်တဲ့ မိဘတွေကျတော့ မိန်းကလေးပဲ သေစာရှင်စာ တတ်ရင် တော်ပြီပေါ့လို့ ဆိုတာတွေလည်း ရှိပါတယ်။ ကလေးတွေရဲ့ ပညာရေးက မိဘတွေရဲ့ အားပေးမှုလည်း အများကြီး လိုပါတယ်။ ကိုဘအေးမှာ မွေးချင်း (၄)ယောက် ရှိပါတယ်။ ယောကျ်ားလေး အကြီး နှစ်ယောက်နဲ့ မိန်းကလေး အငယ် နှစ်ယောက်ပါ။ ဂျပန်ခေတ်မှာ မွေးပြီး အမြင်အာရုံ အားနည်းတဲ့ အစ်ကို အကြီးဆုံးကလွဲရင် ကိုဘအေးတို့ ကျန်တဲ့ မောင်နှမ သုံးယောက်ဟာ ဘွဲ့ရတွေ ဖြစ်ခဲ့ပါတယ်။ မေမေက ဖေဖေ နောက် အိမ်ထောင် ပြုသွားပြီး နောက်ပိုင်းတစ်ယောက်တည်း ရုန်းကန် လှုပ်ရှားပြီး သားသမီး တွေကို ပညာတတ်တွေ ဖြစ်အောင် ကြိုးစားခဲ့တာပါ။ မေမေက အင်္ဂလိပ်ခေတ် တုန်းက ပုသိမ်မြို့က ကိုသာဖြူကျောင်းမှာ (တိုင်တစ်ရာကျောင်းလို့လည်း ခေါ်ပါတယ်) အခု အထက (၅)လား မသိပါ။ ရှစ်တန်း အထိ ဘော်ဒါနေခဲ့တာပါ။ ဒီတော့ ကိုဘအေးတို့ ငယ်ငယ်က မေမေပဲ စာပြပါတယ်။ နို့ညှာ ညီမလေးနဲ့ ကိုဘအေးတို့ မောင်နှမ နှစ်ယောက်ကို မေမေက စာသင်ရင်း စာမရလို့ နားရွက်ဆွဲပြီး ငိုကြတဲ့အခါ အဖိုးဖြစ်သူက အိမ်ခေါင်ရင်း ကနေ ခေါက်တုံ့ခေါက်ပြန် လျှောက်ပြီး လချီးမှပဲ၊ ကလေးတွေကို စိတ်ဆင်း ရဲအောင် လုပ်နေတယ်၊ ဘာညာနဲ့ မြည်တွန် တောက်တီးခဲ့တာကို အခုထိ ကိုဘအေး တစ်ယောက် အမှတ်ရနေဆဲပါ။
ဒီနေရာမှာ ကြုံလို့ ပြောချင်တာ တစ်ခု ရှိပါတယ်။ ကိုဘအေးတို့ အဖို့ရာ မိဘ ဆိုတာမှာ “မိ”ကပဲ အဓိက ကျခဲ့ပါတယ်။ “ဘ” ဖြစ်သူက ခရီးထွက်နေရတာ များပါတယ်။ အဒေါ်ဖြစ်သူရဲ့ ပွဲရုံက မော်တော်ကို ဦးစီး ပြီးတော့ အထက်အညာကို သွားနေရတာပါ။ မော်တော် တစ်ခေါက် ထွက်ပြီဆိုရင် တစ်လကိုးသီတင်း ကြာတတ် ပါတယ်။ ကိုဘအေးတို့နဲ့ အနေနည်းတယ်လို့ ပြောရမှာပေါ့။ အငယ်ဆုံး ညီမလေးကို မွေးပြီးတော့ ကိုဘအေး လေးတန်းနှစ် လောက်မှာပဲ ဖေဖေ နောက် အိမ်ထောင်ပြုသွားပြီးတော့ အညာမှာပဲ အခြေချ လိုက်ပါတယ်။ ဒီတော့ ကိုဘအေးတို့ ဘဝမှာ အမေကပဲ အခရာ ကျခဲ့ပါတယ်။ (မေမေရဲ့ ကျေးဇူးတရားတွေကို ဒီစာစုလေးနဲ့ ကန့်တော့ အပ်ပါတယ်)

ကိုယ်တွေကို ပညာတတ် ဖြစ်အောင် မိဘက ပြုစု ပျိုးထောင် ပေးခဲ့သလိုပဲ ကိုယ်တွေ မိဘဖြစ်လာတဲ့ အလှည့်ကျတော့လည်း သူတို့ကို ပြုစု ပျိုးထောင်ဖို့ တာဝန်တွေ ရှိလာပါတယ်။ ကိုဘအေးတို့မှာ သမီးလေး တစ်ယောက်ပဲ ရှိပါတယ်။ ခုနှစ်တန်းဆိုလည်း ခုနှစ်တန်း အလျောက် ပူရတာပေါ့။ သမီးလေးက သွေးအေး သတ္တဝါလို့ ပြောရမယ်။ အရာရာကို အေးအေး ဆေးဆေးပဲ လုပ်တတ်တယ်။ အဖေနဲ့ အမေက အမြဲတမ်း လောဆော်နေရတယ်။ မြင်းကောင်း ခွာလိပ်ဆိုတာ ဖြစ်တတ်တယ်လေ။ တစ်ခုခု ချွတ်ချော်သွားမှာ စိုးရိမ်ပြီး ပြောနေရတာ။ ကိုယ်တွေက ပူညံပူညံ လုပ်ရင်လည်း မကြိုက်ဘူး။ ဘယ်သူက ဘယ်လောက်တော်တာ ဆိုပြီး သူများနဲ့ ယှဉ်ပြောရင်လည်း မကြိုက်ချင်ဘူး။ တစ်ဦး တည်းသော ကလေးတွေရဲ့ ဉာဉ်ပဲလား မသိဘူး။ သူ့ဟာ သူတော့ ပုံမှန်လုပ်ပါတယ်။ မိဘတွေကသာ စိုးရိမ် နေရတာ။

တစ်နေ့က နက္ခတ္တရောင်ခြည် မဂ္ဂဇင်း အဟောင်း တစ်အုပ် မဒမ်ဘအေး ဝယ်လာတယ်။ (သူမက ဗေဒင်လက္ခဏာ ဝါသနာပါတယ်) တွေ့တဲ့လူကို လက်ဖဝါးလှမ်းကြည့်တာ၊ ဘယ်သူကတော့ ဘယ် ဂြိုလ်သက် ရောက်နေပြီ ဆိုပြီး တွက်နေတာ၊ ပင်စင် ယူပြီး ရင်တော့ အမိဝမ်းတွင်းပါ အကြားအမြင် ဆရာမကြီး ဆိုပြီး ဗေဒင် ဟောစားမလို့နဲ့ တူတယ်) ကိုဘအေးလည်း မဂ္ဂဇင်း တစ်အုပ်ကို ဟိုလှန် ဒီလှန် လုပ်ရင်းနဲ့ ၂၀၀၀ပြည့်နှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲမှာ မြန်မာ တစ်ပြည်လုံး ပထမဆု ရရှိခဲ့တဲ့ မသီသီထွန်းရဲ့ ဘဝ အောင်မြင်ရေး လမ်းညွှန် စကားဆိုတဲ့ စံသူမြတ် (သုံးဆယ်) ရေးတဲ့ စာလေး တစ်ပုဒ် တွေ့မိပါတယ်)
မသီသီထွန်းဟာ တရားရုံးချုပ် ရှေ့နေ ဦးစိုးထွန်းနဲ့ ဒေါ်မြင့်မြင့်စိန်တို့ရဲ့ ရင်သွေး ရတနာ ဖြစ်ပြီး လက်ပံတန်းမြို့ အထက (၁)မှ တက္ကသိုလ် ဝင်တန်း အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ သူမဟာ အတန်းစဉ်အလိုက် ပညာရေး ထူးချွန်ဆုများ ရရှိခဲ့ပြီး စာစီစာကုံး ပြိုင်ပွဲများမှာလည်း ဆုများ ရရှိခဲ့သူ ဖြစ်ပါတယ်။ အဲဒီ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ မြန်မာစာ (၈၀)မှတ်၊ အင်္ဂလိပ်စာ (၈၁)မှတ်၊ သင်္ချာ (၁၀၀)မှတ်၊ သိပ္ပံတွဲ (၉၆)မှတ်၊ လူမှုရေး (၉၃)မှတ်နဲ့ စုစုပေါင်း (၄၅၀)မှတ် ရရှိကာ မြန်မာတစ်ပြည်လုံး ပထမဆု ရရှိခဲ့တာပါ။ အားကျဖို့ ကောင်းပါတယ်။

သူမရဲ့ ဘဝအောင်မြင်ရေး လမ်းညွှန်ချက်ကတော့ လူသားတိုင်း ဦးတည်ချက်ရှိဖို့ လိုအပ်ကြောင်း ကျောင်းသူ၊ ကျောင်းသားတွေကတော့ ဦးတည်ချက်အပြင် အတွေးအခေါ် ကောင်းတွေပါ ရှိဖို့ လိုကြောင်း ဘဝတစ်ခုလုံး အောင်မြင်နိုင်ရန် စူးစူး စိုက်စိုက်နဲ့ လေ့လာနိုင်ဖို့ အရေးကြီးကြောင်း ပညာရေး ပန်းတိုင် အထွတ်အထိပ်ကို ရောက်နိုင်ဖို့ ဇွဲ၊ လုံ့လ၊ ဝီရိယ ကြီးကြီးမားမား ထားဖို့ လိုကြောင်း၊ ဒီနေရာမှာ တင်းတိမ်ရောင့်ရဲတဲ့ စိတ်ကို လျှော့ချထားရမှာ ဖြစ်ကြောင်း၊ မိမိကျက်မှတ်တဲ့ စာတွေ ဦးနှောက်ထဲမှာ ရှိနေစေဖို့ ဘာသာရေး အထိအတွေ့ လည်း လိုအပ်ကြောင်းနဲ့ သူမဟာ ဘုရားအမြဲ ရှိခိုးတယ်၊ သမ္ဗုဒေ္ဓဂါထာ အမြဲရွတ်တယ်၊ ဘုရား ဂုဏ်တော် ပုတီးစိတ်တယ်၊ လူကြီး၊ မိဘ၊ ဆရာသမား များကို အမြဲ ရိုသေတယ်၊ မမေ့ဘူးလို့ ဆိုပါတယ်။

နောက်ပြီး ဦးနှောက်ကြည်လင် နိုင်ဖို့ အစားအသောက်၊ အနေအထိုင်ကအစ ကျန်းမာရေးကိုလည်း ဂရုစိုက်ရကြောင်း၊ ဘာသာစုံ စာပေနဲ့ ကျောင်းသားတွေ အတွက် အထောက်အကူပြု စာအုပ်တွေကို အစဉ်အမြဲ လေ့လာ ဖတ်မှတ်ရကြောင်း၊ ပြီးရင် စာရွက်လွတ်တွေပေါ်မှာ ချရေးတဲ့ စနစ်ကို သုံးကြောင်း၊ ကျောင်းသား၊ ကျောင်းသူ တွေဟာ ကိုယ်ကြိုးစား သလောက် ထိုက်တန်တဲ့ အောင်မြင်မှုတော့ ရရှိမှာ ဖြစ်ကြောင်း၊ မဖြစ်နိုင်ဘူး ဆိုတာ မရှိကြောင်း မဖြစ်သေးတာဘဲ ရှိကြောင်းနဲ့ သူမအနေနဲ့ ရိုးရိုး ငါးဘာသာ ဂုဏ်ထူးရှင် အပြင် မြန်မာ တစ်ပြည်လုံးရဲ့ ပထမဆုရှင် အဖြစ် ရင်ထဲမှာ မျှော်မှန်းချက် ကြီးကြီးမားမား ထားခဲ့တယ်လို့ ဆိုပါတယ်။ မသီသီထွန်းဟာ မျှော်မှန်းချက် ကြီးမားသလို အောင်မြင်မှုလည်း ရခဲ့တာပါ။ အခုဆိုရင် ဒေါက်တာ သီသီထွန်း တစ်ယောက် ဖြစ်နေလောက်ပါပြီ။

ကျောင်းသူ၊ ကျောင်းသား တွေရဲ့ အဓိက ရည်မှန်းချက် ဟာ တစ်နှစ်တာ သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေကို ကောင်းကောင်း ကြေညက်ပြီး စာမေးပွဲကို ကောင်းစွာ ဖြေဆိုနိုင်လို့ တစ်နှစ်တစ်တန်း တက်လှမ်းကြရန် ဖြစ်ပါတယ်။ ဒီလို တက်လှမ်းနိုင်မှလည်း မိမိတို့အနေနဲ့ တာဝန်ကျေမှာ ဖြစ်ပြီး မိဘတို့က ကျောင်း ထားပေးရကျိုးနပ်မှာ ဖြစ်ပါတယ်။ ကြိုးစားခြင်းဟာ အောင်မြင်မှုရဲ့ လမ်းစ ဖြစ်တယ်ဆိုတဲ့အတိုင်း ကြိုးစားမှသာ အောင်နိုင်မှာ ဖြစ်ပါတယ်။
ဘဝမှာ အောင်မြင်မှု ရဖို့အတွက် လိုက်နာ ကျင့်သုံးရမယ့် အချက် (၃)ချက်ကို ကိုးဘွဲ့ရ ဆရာတော် ဟောကြားခဲ့တာ မှတ်သားဖူးပါတယ်။ ပထမအချက်က “အကောင်းဆုံးလုပ်ပါ”လို့ ဖြစ်ပါတယ်။ ဒီနေရာမှာ စာမေးပွဲဖြေတာန့ဲ ပတ်သက်ပြီး ပြောနေတာ ဖြစ်တဲ့အတွက် အကောင်းဆုံး လုပ်ပါဆိုတဲ့အတိုင်း စာမေးပွဲကြီးကို ကောင်းစွာ ဖြေနိုင်ဖို့ အကောင်းဆုံး ကြိုးစားထားရပါမယ်။ ဘယ်လို ဖြေရင် အမှတ် ကောင်းကောင်းရမယ်။ ဘယ်လို ကျက်မှတ် တွက်ချက်ရမယ်၊ ချွတ်ချော်မှု မရှိအောင် အကောင်းဆုံး လုပ်ဖို့ လိုပါတယ်။

ဒုတိယ တစ်ချက်ကတော့ “ထပ်တလဲလဲ လုပ်ပါ”လို့ ဆိုပါတယ်။ ထပ်တလဲလဲ လုပ်ပါဆိုတဲ့အတိုင်း ရပြီးသား စာတွေ၊ မရသေးတဲ့ စာတွေ၊ ပုစ္ဆာတွေကို အကြိမ်ကြိမ် အခါခါ ကျက်မှတ် တွက်ချက် နေရပါမယ်။ ခေါင်းထဲမှာ စွဲမြဲနေအောင် တရစပ် ရွတ်ဖတ်နေကြရပါမယ်။ အခုအချိန်မှာ ရပြီး စာများ မေ့ပျောက် မသွားစေရန် အချိန်ရတိုင်း ကျက်မှတ် နေကြရပါမယ်။ အပျော်အပါး လျှော့ပြီး စာကျက်ချိန် များများ ပေးရပါမယ်။
နောက်ဆုံးအချက်က “လုပ်ချင်တဲ့ ဆန္ဒ မွေးထားပါ” တဲ့ ဆိုတဲ့အတိုင်း စာမေးပွဲ အောင်ချင်တဲ့ စိတ်ဓာတ်ကို အပြည့်အဝ မွေးမြူထားရပါမယ်။ ဘာ အလုပ်မဆို အောင်မြင်ချင်တဲ့ ဆန္ဒ ကိန်းအောင်းနေပါမှ အောင်မြင်နိုင်စွမ်း ရှိပါတယ်။ အောင်မြင်လိုတဲ့ ဆန္ဒမရှိရင် မအောင်မြင်နိုင်ပါ။ ဒါကြောင့် အောင်မြင် လိုတဲ့ ဆန္ဒဟာ အရေးကြီး ပါတယ်။ အောင်ရမယ် ပြည့်ပြည့်ဝဝ အောင်ရမယ်၊ အမှတ် ကောင်းကောင်းနဲ့ အောင်ရမယ်လို့ သန္နိဋ္ဌာန် အခိုင်အမာချပြီး ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒါမှသာ အောင်မြင်နိုင်မှာပါ။

ဒါကြောင့် ကိုဘအေးရဲ့ သမီးငယ် အပါအဝင် စာမေးပွဲ ဖြေဆိုမယ့် ကျောင်းသူ၊ ကျောင်းသားတွေဟာ အချိန် ဖြုန်းနေ၊ တွေးနေ၊ ငေးမနေဘဲ ဆိုခဲ့တဲ့ အချက် (၃)ချက်နဲ့ ညီညွတ်အောင် ကြိုးစား ကြမယ်ဆိုရင် ဧကန်မုချ စာမေးပွဲကြီး အောင်မြင်စေမှာ သေချာနေပါကြောင်း စေတနာ ကောင်းနဲ့ တိုက်တွန်းလိုက်ရ ပါတယ်။

TZO
အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။