ကျွန်မတို့ မြန်မာပြည်သူပြည်သားတွေရဲ့ စည်းကမ်းနဲ့ ပက်သက်ပြီး မကြာခဏ ဆိုသလို တွေ့မြင်မိတော့ စည်းကမ်းဆိုတဲ့ ဆောင်းပါးလေး ရေးဖြစ်မိပါတယ်။ ကျွန်မ အနေနဲ့ နိစ္စဓူဝ တွေ့နေရတဲ့ လိုင်းကားပေါ်က မြင်ကွင်းတွေ၊ လမ်းပေါ်က မြင်ကွင်းတွေ၊ အမှိုက်ပစ်တဲ့ နေရာတွေမှာ တွေ့ရတဲ့ မြင်ကွင်းတွေစတဲ့ နေရာတွေမှာ ကျွန်မတို့ နိုင်ငံသားတွေရဲ့ စည်းကမ်းပိုင်းနဲ့ ပက်သက်ပြီး အားနည်းတဲ့ အချက်လေးတွေကို ပြုပြင် စေချင်မိပါတယ်။ နိုင်ငံတစ်နိုင်ငံ တိုးတက် ဖွံ့ဖြိုးဖို့၊ လူမျိုးစုတစ်စု တိုးတက် ဖွံ့ဖြိုးဖို့အတွက် စည်းကမ်းဆိုတာ အဓိက ကျတယ်ဆိုတာကို ကျွန်မအနေနဲ့ လက်ခံ ထားပါတယ်။

ပထမ ဆွေးနွေးချင်တဲ့ အကြောင်းအရာ ကတော့ အမျိုးသားတွေမှာ အများဆုံး နေ့စဉ် ပုံမှန်ဆိုသလို လုပ်မိကြတဲ့ ကားပေါ်ကနေ ကွမ်းတံတွေး ထွေးတဲ့ကိစ္စလေးပါပဲ။ ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ရှေးဘုရင် ခေတ်တွေထဲက ကွမ်းစားတဲ့ အလေ့အထ ရှိခဲ့ကြရာက ယနေ့ခေတ်အထိ မြန်မာနိုင်ငံမှာ ကွမ်းစားတဲ့ အလေ့အကျင့် ရှိနေခဲ့ပါတယ်။ ဒါပေမယ့် အရင်ဘုရင် လက်ထက်ထဲက နန်းတော်တိုင်တွေမှာ ထုံးတို့တာမြင်လို့ လက်ဖြတ်ခံရတာတွေလည်း သမိုင်း အထောက်အထားအရ ဖတ်မှတ် ခဲ့ဖူးပါတယ်။ ကွမ်းစားတာဟာ အပြစ်တစ်ခု မဟုတ်ပေမယ့် ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင်တော့ နောက်ဆက်တွဲ အကျိုးဆက်တွေက မကောင်းပါဘူး။ ကွမ်းစားရာကနေ ပထမဆုံး သွားတွေမှာ ကွမ်းချိုးတွေ ကပ်ပြီး မည်းလာရာကနေ နောက်ဆုံး သွားဖုံးကင်ဆာတို့၊ လည်ပင်း ကင်ဆာအထိ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လူတစ်ကိုယ် အကြိုက်တစ်မျိုး ဆိုသလို ကျွန်မအနေနဲ့ကတော့ ဘာမှ မပြောလိုပါဘူး။ သွားပြောလို့လည်း မဖြစ်ဘူးလေ။ ကိုယ့်ပါးစပ်နဲ့ ကိုယ်စားတာ ဘာဖြစ်လဲဆိုပြီး အပြောခံရမှာပေါ့။

မှန်ပါတယ်။ ကိုယ့်ပါးစပ်နဲ့ ကိုယ်စားတာ ဘာမှပြောလို့ မရပါဘူး။ ဒါပေမယ့် ကိုယ့်ပါးစပ်နဲ့ ကိုယ်စား ပြီးတော့ ပတ်ဝန်းကျင်ကိုတော့ မထိခိုက် စေချင်တာတော့ အမှန်ပါပဲ။ ပြီးတော့ ကွမ်းတံတွေး တပျစ်ပျစ်နဲ့ လျှောက်ထွေး နေတာဟာ နိုင်ငံခြားသားတွေ မြင်ရင် နိုင်ငံနဲ့ လူမျိုးကိုပါ အထင်သေး စေနိုင်ပါတယ်။ အဓိကကတော့ လိုင်းကား ပေါ်ကနေ ကွမ်းတံတွေး စည်းမဲ့ ကမ်းမဲ့ ထွေးတာပါပဲ။ ကျွန်မ တစ်နေ့ ကြုံရတာလေးကတော့ မနက်စောစော လူတိုင်းကိုယ်စီ ရေမိုးချိုးပြီး သန့်သန့်ပြန့်ပြန့်နဲ့ မနက်ခင်း အလုပ်သွားကြတာ လူတိုင်း သိကြမယ် ထင်ပါတယ်နော်။ ကျွန်မ တက်စီးတဲ့ လိုင်းကားက မနက်ပိုင်း ရုံးသွားချိန်ဆိုတော့ လိုင်းကားတွေရဲ့ ထုံးစံအတိုင်း ကြပ်ညပ် နေတာပေါ့။ ကျွန်မလည်း ထိုင်ခုံမရတော့ မတ်တတ် ရပ်လိုက်လာတော့ ကျွန်မရှေ့မှာ ထိုင်နေတဲ့ သုံးယောက်ခုံတန်း နောက်ခုံလူက ကွမ်းစား နေရင်းနဲ့ သီးသွားလို့ ဟပ်ချိုး ဆိုပြီး လုပ်လည်း လုပ်လိုက်ရော ရှေ့သုံးယောက်ခုံက လူတွေကို စင် သွားတော့တာပါပဲ။ ကျွန်မလည်း ကြည့်မိတော့ ဟိုဘက်အစွန်က ဦးလေးကြီးက အဖြူရောင် အကျႌ လက်ရှည်နဲ့ ဘေးက လူကလည်း မိုးပြာရောင် အကျႌ နောက်ကျောတွေကို ကွမ်းတွေ အကုန် ပေစင်သွားပါလေရော။

မတ်တတ်ရပ်တဲ့ သူတွေကော နောက်မှထိုင်တဲ့ သူတွေကော ဟာခနဲ ဟင်ခနဲ အကုန်ဖြစ်ကုန်ကြတယ်။ အကျႌနောက်ကျော ဘက်တွေ အကုန် ပေးသွားတာ မိန်းကလေးသာဆိုရင် အလုပ် ဆက်သွားလို့ရမှာ မဟုတ်ပဲ လမ်းမှာတင် အရှက်ခွဲသွားမှာ အမှန်ပဲ ဖြစ်ပါတယ်။ ကွမ်းစားတဲ့ လူကတော့ သူ့လက်နဲ့ ကျောတွေကို လိုက်သပ် ပေးနေပါတယ်။ သုတ်စရာလည်း မပါပဲ လက်နဲ့ လိုက်ပွတ်နေတော့ ပေပြီးရင်း ပေကုန်တာ အတော် မြင်မကောင်းလှပါဘူး။ ကွမ်းစားတဲ့ သူကတော့ တောင်းပန်တော့ ပေနေတဲ့ သူတွေက ဘာမှ မပြောရှာပါဘူး။ နည်းနည်းလေးပဲ ပေတယ်လို့ ထင်မြင်လို့လည်း ဖြစ်မယ် ထင်ပါတယ်။ ကျွန်မတောင် ငါ ထိုင်ခုံ မရတာ အတော် ကံကောင်းပါလားလို့ တွေးမိ လိုက်ပါတယ်။ နောက် အချို့တိုက်ခန်းတွေရဲ့ လှေကား အတက်၊ အဆင်း ထောင့်တွေမှာ ကွမ်းတံထွေးတွေနဲ့ ပေနေပြီး အရုပ်ဆိုး အကျည်းတန် စေတာပါပဲ။ ကျွန်မဆိုလိုတာက ကွမ်းစားတာက လူတစ်ယောက်ရဲ့ နိစ္စဓူဝ အကျင့်ဆိုတော့ ရုတ်တရက်ကြီး ပြုပြင် ပြောင်းလဲဖို့ ဆိုတာမလွယ်ပါဘူး။

ဒါပေမယ့် ကွမ်းတံထွေး ထွေးတဲ့ နေရာမှာတော့ စည်းကမ်းလေး ရှိစေချင်တာပါ။ ကိုယ်ကိုယ်တိုင်က ကွမ်းစား တတ်တယ်ဆိုရင် ကားပေါ်ရောက်တဲ့ အချိန် ခဏလေးမှာတောင် ကွမ်းမစားရရင် မနေနိုင်ဘူး ဆိုရင်လည်း ပလပ်စတစ် အိတ်လေးတော့ ဆောင်ထားသင့်ပါတယ်။ ကားပေါ်ကနေ စည်းမဲ့ကမ်းမဲ့ ထွေးတာမျိုးတော့ မလုပ်သင့်ပါဘူး။ နောက်တခါ ကိုယ်ထွေးထားတဲ့ ကွမ်းတံထွေးထုပ်ကိုလည်း ကားပေါ်ကနေ ပစ်ချတာမျိုး မလုပ်သင့်ပါဘူး။ ကိုယ် ထွေးထားတဲ့ အထုပ်ကို ကားပေါ်က ဆင်းမှ သေသေချာချာ ချည်နှောင်ပြီး နီးစပ်ရာ အမှိုက်ပုံးမှာ စွန့်ပစ် သင့်ပါတယ်။ နောက်ရှိသေးတယ်။ ကားက ထွက်နေပြီး ဘေးလူကို ဘာမပြော ညာမပြောနဲ့ ပြတင်းပေါက်နားက လူရှေ့မှာ ကုန်းပြီး ကွမ်းတံတွေး လှမ်းထွေးတဲ့ သူတွေလည်း တွေ့ဖူးရဲ့ ပိုဆိုးတာက ကားမောင်းနေချိန်ဆိုတော့ ရှေ့ပြတင်းပေါက်က ထွေးလိုက်တဲ့ ကွမ်းတံတွေးက နောက်ပြတင်းပေါက်နားမှာ ထိုင်တဲ့သူဆီ အကုန်စင်သွားတာလည်း ကြုံဖူးပါတယ်။ ဒီလိုတွေကို ဆင်ခြင် သင့်တယ်လို့ ကျွန်မ မြင်မိပါတယ်။ ဒါမှလည်း ကျွန်မတို့ နိုင်ငံက လမ်းတွေ သန့်ရှင်းအောင် လုပ်တဲ့ နေရာမှာ တစ်နေရာ တစ်ထောင့်က ပါဝင် ကူညီနိုင်မှာပေါ့။

နောက်တစ်ချက်က လူထူထပ်တဲ့ နေရာမှာ ဆေးလိပ်သောက်တဲ့ ကိစ္စပါပဲ။ ဆေးလိပ် ကိုလည်း ကွမ်းစားသလိုမျိုး အပြစ်မပြောချင်ပါဘူး။ ဒါပေမယ့် လူထူထပ်တဲ့ နေရာ မျိုးမှာတော့ မသောက်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆေးလိပ်ရဲ့ အငွေ့ဟာ ဘေးလူကိုလည်း ကျန်းမာရေး အနည်းနဲ့ အများ ထိခိုက်စေနိုင်လို့ပါ။ ကိုယ့်ရဲ့ ဆေးလိပ်ငွေ့ကြောင့် ဘေးလူကို ဘယ်သူမှ ရောဂါရစေချင်မှာ မဟုတ်ပါဘူး။ လူထူထပ်တဲ့ နေရာမျိုးရောက်လို့ ဆေးလိပ် သောက်ချင်တယ်ဆိုလည်း လူရှင်းတဲ့ နေရာမျိုးကိုသွားပြီး သောက်သင့်ပါတယ်။ နောက်တခါ ကိုယ်သောက်တဲ့ ဆေးလိပ်တိုကိုလည်း လွှင့်ပစ်မယ်ဆိုရင် အသေအချာ မီးငြိမ်းသတ်ပြီးမှ လွှင့်ပစ်သင့်ပါတယ်။

မဟုတ်ရင် ကိုယ့်ပတ်ဝန်းကျင်ကလူ တက်နင်းမိပြီး အပူလောင်နိုင်ပါတယ်။ နောက်ဆုံး မီးဘေးအန္တရာယ်ကိုပါ ကြိုတင် ကာကွယ်နိုင်ပါတယ်။ စကာၤပူနိုင်ငံမှာ ဆိုရင် ဆေးလိပ်တိုကို လမ်းပေါ်မှာတောင် ပစ်ချလို့ မရပါဘူး။ ဒဏ် အရိုက်ခံရပါတယ်။ အဲဒီမှာတင် သူများနိုင်ငံတွေ ဘာကြောင့် တိုးတက်နေသလဲ။ ကျွန်မတို့ နိုင်ငံ ဘာကြောင့် ကျန်ရစ်ခဲ့သလဲဆိုတာ ကျွန်မအမြင်နဲ့ ပြောရရင် စည်းကမ်း ပိုင်းနဲ့လည်း တစိတ်တဒေသတော့ ပက်သက်နေမှာပါ။နောက်တစ်ခုကတော့ ကားပေါ်ကနေ စည်းကမ်းမဲ့ အမှိုက်ပစ်ချခြင်းကို အနည်းနဲ့ အများ တွေ့ရှိနေရခြင်းပါပဲ။ အာရှနိုင်ငံ တစ်ခုဖြစ်တဲ့ မလေးရှားနိုင်ငံမှာ ၅ နှစ်လောက် နေထိုင်ခဲ့ဖူးတဲ့ သူတစ်ဦးက ပြောတာကတော့ သူတို့ နိုင်ငံမှာ ကားပေါ်ကနေ စည်းကမ်းမဲ့ အမှိုက် ပစ်ချတာဟာ ရှက်စရာလုပ်ရပ်လို့ မှတ်ယူ ထားကြပါတယ်တဲ့။

စည်းကမ်းမရှိတဲ့ လူတစ်ယောက်ဟာ ကားပေါ်ကနေ စည်းကမ်းမဲ့ အမှိုက်ပစ်ချမိရင် အဲဒီလူကို အထင်သေးတဲ့ မျက်လုံးတွေနဲ့ ဝိုင်းပြီး ကြည့်ကြပါတယ်။ သူတို့ဆီက Bus ကားတွေပေါ်မှာ အစားအသောက် ယူဆောင်ခွင့် မပြုပါဘူးတဲ့။ နောက် ပစ္စည်း ဝယ်တဲ့နေရာ လက်မှတ်ဝယ်တဲ့ နေရာ၊ အစားအသောက် ဝယ်တဲ့နေရာတွေ မှာလည်း လူတွေ များလာပြီဆိုရင် ဘယ်သူ တစ်ဦးတစ်ယောက်မှ ပြောစရာမလိုပဲ ကိုယ့်အသိစိတ်ဓာတ်နဲ့ တန်းစီကြပါတယ်။ တန်းစီတဲ့နေရာမှာလည်း အရင် ရောက်တဲ့လူက ရှေ့ကနေ တန်းစီ ကြပါတယ်။ ကြားဖြတ်ဝင်တာတို့၊ အလုအယက် တိုးတာတို့ ဆိုတာဟာ သူတို့ နိုင်ငံသားတွေအနေနဲ့ နိုင်ငံကြီးသား မပီသတဲ့ လုပ်ရပ် ရှက်စရာလုပ်ရပ်အဖြစ် မှတ်ယူထားကြကြောင်း ပြောပြပါတယ်။နောက်တစ်ခုကတော့ ကျွန်မ Bus ကားပေါ်မှာ ကြုံတွေ့ရတဲ့ ကိုယ်တွေ့ အဖြစ်အပျက်လေး တစ်ခုပါ။ အဲဒီနေ့က Bus ကားပေါ်က ၃ ယောက်ထိုင်တဲ့ ခုံမှာ လိုက်ပါလာပါတယ်။

အဲဒီအချိန်မှာ ကျွန်မရဲ့ ဘေးမှာထိုင်နေတဲ့ အမျိုးသားတစ်ယောက်ရဲ့ဘေးကို လူတစ်ယောက် ဝင်ထိုင်ပါတယ်။ သူထိုင်တဲ့ ပုံက ဘေးမှာ လူတွေ ရှိတယ် မရှိတယ်ဆိုတာလည်း ဂရုမစိုက်ပါဘူး။ သူတစ်ယောက်ထဲ ကိုယ်ပိုင်ကားပေါ်မှာ ဇိမ်ခံပြီး လိုက်ပါလာသလို ခြေထောက် တစ်ချောင်းပေါ် တစ်ချောင်းချိတ်ပြီး ဒူးနန့်ပြီး ပါလာပါတယ်။ သူ့အနေနဲ့ကတော့ ဘယ်လို ခံစားရမှန်း မသိပေမယ့် ဘေးလူဖြစ်တဲ့ ကျွန်မဘေးက လူကတော့ တော်တော်လေးကို စိတ်ကသိကအောက် ဖြစ်နေတာကို တွေ့ရှိနေရပါတယ်။ သူ့ခြေထောက်တွေက ဘေးက လူရဲ့ ပေါင်ပေါ်အထိ ရောက်လာပြီး ဒူးနန့်နေတော့ စာဖတ်သူတို့ အနေနဲ့ ဘယ်လို ပုံစံဖြစ်နေမယ်ဆိုတာ အမြင်ကို ခံစား ကြည့်လို့ရပါတယ်နော်။

သူ့ဘေးနေရာမှာ မိန်းကလေး တစ်ယောက်သာဆိုရင် အဲဒီမိန်းကလေး ဘယ်လို ခံစားရမလဲ။ နှမချင်း မစာနာတဲ့ သူတွေကတော့ မိန်းကလေးဖြစ်နေလည်း အဲဒီလို အပြုအမူမျိုးလုပ်မှာ ပါပဲ။ ဒီလို အဖြစ်မျိုးကျတော့ စည်းကမ်းပိုင်း ဆိုတာထက် လူတစ်ယောက်ရဲ့ အဆင့်အတန်း ဆိုတာနဲ့ သက်ဆိုင်ပါတယ်။ အဆင့်အတန်းဆိုတာက ငွေကြေး ပြည့်စုံတာ မပြည့်စုံတာနဲ့ မဆိုင်ပါဘူး။ လူတစ်ယောက်ရဲ့ အသိပညာ ပြည့်စုံမှု၊ စာရိတ္တပိုင်းဆိုင်ရာ ပြည့်စုံမှုတို့ အပြင် ကိုယ်ချင်းစာတရား ထားရှိမှုဆိုတာတွေနဲ့ အကျုံးဝင်ပါတယ်။

နောက်တစ်ခုက လမ်းဘေးမှာ တစ်ချို့ အမျိုးသားတွေ အပေါ့သွားတဲ့ ကိစ္စပါပဲ။ ယခင်လို နိုင်ငံတော်က လမ်းဘေး သန့်စင်ခန်းတွေ မထားပေးဘူး ဆိုရင်တော့ တစ်မျိုးပေါ့လေ။ အခုခေတ်မှာ လမ်းဘေး သန့်စင်ခန်းတွေ နေရာတိုင်းမှာ ရှိပါတယ်။ အခကြေးငွေ အနေနဲ့လည်း ၁၀၀ကျပ် ဆိုတာဟာ လူတိုင်း ပေးနိုင်တဲ့ ငွေကြေးပါ။ အဲဒီလို လုပ်ပေးထားတဲ့ ကြားကနေ လမ်းဘေး ထိုင်ပြီး အပေါ့သွားတာတွေက မြင်ရသူ အမျိုးသမီးတွေ အနေနဲ့လည်း မသင့်တော်ပါဘူး။ သဘောကတော့ ယိုသူမရှက် မြင်သူရှက်ဆိုသလို ဖြစ်နေတာကို တွေ့ရှိနေရပါတယ်။ နောက်နိုင်ငံကြီးသား ပီသတဲ့သူ တစ်ယောက် အနေနဲ့လည်း မလုပ်သင့်တဲ့ အလုပ်တစ်ခုပါ။ ဒီလို သေးသေးမွှားမွှား တွေကအစ စည်းကမ်း မရှိဘူးဆိုရင်တော့ ဒီလူတွေရဲ့ အဆင့်အတန်း ဆိုတာတွေက ဘယ်လို ထည့်တွက် ပြောကြမလဲဆိုတာ စဉ်းစားစရာ ဖြစ်လို့နေပါတယ်။

အချုပ်အားဖြင့် ပြောရရင် ကျွန်မတို့ မြန်မာနိုင်ငံသားတွေ စည်းကမ်းဆိုတာနဲ့ ပက်သက်ပြီး ပြုပြင်ရမှာတွေ အများကြီး ပါ။ ပြောတော့သာ ဒီမိုကရေစီ လိုချင် နေကြတယ်။ ဒါလေးတွေကအစ မပြုပြင်ရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးနေကြတဲ့ နိုင်ငံသူ နိုင်ငံသားတိုင်း စည်းကမ်း ဆိုတာကို လေးစားလိုက်နာမှ နောင် အနာဂတ်မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက် လာမှာပါ။ သူကျတော့ စည်းကမ်းမဲ့ လုပ်တယ်။ ငါလည်း လိုက် လုပ်မယ်ဆိုတဲ့ စိတ်မျိုး မွေးမြူမယ့်အစား စည်းကမ်းမဲ့သူရဲ့ ရှေ့မှာ စည်းကမ်းတကျ လိုက်နာ ကျင့်သုံးပြရင် နောက်ပိုင်း စည်းကမ်းမဲ့ သူတွေလည်း တဖြည်းဖြည်း ပပျောက် သွားမှာပါ။ ငါတို့နိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတယ်ဆိုပြီး ပါးစပ်ကပဲ ကျင့်သုံးနေရုံနဲ့တော့ ဘာမှ မဖြစ်လာပါဘူး။ လက်တွေ့ စည်းကမ်းတကျ လိုက်နာကျင့်သုံးမှ အနာဂတ် မြန်မာနိုင်ငံ ဟာ ဖွံ့ဖြိုးတိုးတက်လာမှာပါ။ ဒါကြောင့် လူတိုင်းကိုယ်စီ စည်းကမ်းရှိဖို့ လိုပြီဆိုတဲ့ အတွေးလေးတွေ ရှိသင့်နေပါပြီ။ အိမ်မှာ လည်း အိမ်စည်းကမ်း၊ လမ်းမှာလည်း လမ်းစည်းကမ်း၊ အလုပ်မှာလည်း အလုပ် စည်းကမ်း လိုက်နာ ကျင့်သုံးကြမယ် ဆိုရင် မြန်မာနိုင်ငံတော်ကြီး အလျင်အမြန် ဖွံ့ဖြိုး တိုးတက်လာမှာ အမှန်ပဲ ဖြစ်ပါတော့ တယ်ရှင်။

Ma Naw Phyu Lay
အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။