ယနေ့ခေတ်အခါဝယ် ကားကောင်း ကားသစ်များ၊ မော်ဒယ်လ် အမြင့်ကားသစ်များ အံ့မခန်းဝင်လာသည် နှင့်အမျှ ပြုပြင်ရသည့် အခါ၌ အခက်အခဲ များစွာလည်း ကြုံတွေ့ လာရကြောင်း မကြာခဏ ကြားရသည်။ ကွန်ပျူတာ ဘောက်စ် ပျက်လို့၊ ဆားကစ်ဘုတ် လောင်သွားလို့ ပါဝါ ဆပလိုင်း အလုပ်မလုပ်တော့လို့ စသည့် အကြီးစား ပျက်စီးမှုများ ကြုံတွေ့ရလျှင်တော့ ကားပိုင်ရှင် ခေါင်းမီးတောက်ချေပြီ။ ဂျပန်မှ သပ်ရပ်စွာ တပ်ဆင်ပေးလိုက်သော ဝါယာများကို မြန်မာ စက်ပညာရှင် များက ရဲရဲဝံ့ဝံ့ပင် အလယ်မှ ဖြတ်တောက်၍ အနီနှင့် အစိမ်း ပူး၊ အပြာကို ကြားမှ ဖြတ်ဆက်ပြီး ပြုပြင်တတ်ကြသည်ကိုလည်း အံ့သြချီးကျူးရမလိုပင်။ အလုပ် ဖြစ်သွားသည်များ ရှိသကဲ့သို့ အဖြစ်လုပ်ခဲ့ကြ၍ ပျက်စဉ်ပြင်မရ အဖြစ်များ ကြုံရသူများလည်း မနည်းလှပေ။ ယခုခေတ် ကားပွဲစားများ၏ နှုတ်၌ကား ယခင်ကလို “ဒါလိုင်းပေါ်က ကားလား”ဟူ၍ စာမဖတ်ကြတော့။ (စာဖတ်သည် ဆိုသည်မှာ မနှစ်မြို့၍ ငြိုငြင်ကြသည်ကို ခေါ်ခြင်းတည်း) စပယ်ယာ ပတ်စ်ရှိလားဟေ့ ဆိုသည့် အမေးသာ အဓိက ဖြစ်လာသည်။

ယခင်ကလို “မိတ်အင်ဒီတင်”ဟူ၍ ထွင်ထည့်၍ အလုပ်မဖြစ်တော့။ အော်ရီဂျင်နယ် (သူတို့အခေါ် “အော်” မဟုတ်တောင် တရုတ်ဖြစ် (ကျီနာ)လေးတော့ ရှိလျှင် အိုကေမည်။ ထို့အတူ အကြောင်းအမျိုးမျိုးကြောင့် မတော်တဆမှု ဖြစ်ပြီး ခေါင်းကြေ၊ ဖင်ပြတ်၊ ခါးကျိုးသည့် ကားများထံမှ မပျက်စီးသေးသော အော်ကျလေးများကို လေလံဆွဲလာသူများကိုပင် ကျေးဇူးတင် ရဦးမည်။ “အော်”ကို အဟောင်းဈေးနှင့် ဝယ်၍ ရနိုင်သည် မဟုတ်လော။
ရုပ်ဝတ္ထုပစ္စည်းဖြစ်သည့် ကားပင်လျှင် စပယ်ယာပတ်စ် ပြဿနာ တက်လျှင် ဒုက္ခရောက်ကြရသည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့ဖြင့် မမြဲသော သဘောကို ဖော်ပြနေသော လူ့ခန္ဓာကိုယ် ဆိုသည်ကား စပယ်ယာ ပတ်စ်ဟူ၍ မျှော်လင့်စရာမရှိ။ “အော်”မကောင်းလျှင် “ကျီနာ”နှင့် လဲမည် စဉ်းစား၍ မရ။ သဘာဝအရ အမိဝမ်းတွင်း၌ သနေ္ဓတည် ဖြစ်ပေါ်လာသော ခန္ဓာကိုယ် အစိတ်အပိုင်း အင်္ဂါတစ်ခုခု ချွတ်ယွင်းလျှင် ဆရာဝန် ဟူသော လူ့စက် ဆရာများက လက်ပူတိုက်ရချေပြီ။ ခွဲစိတ်ဆရာဝန်များက “အော်ရီဂျင်နယ်”ကို ဖြတ်တောက်၍ ဟိုဟာနှင့် သည်ဟာ ဆက်၊ ဟို လမ်းကြောင်းကို ဒီ လမ်းကြောင်းလွှဲ လုပ်ပေးရချေပြီ။ သို့သော် ကားဆရာများ ကဲ့သို့သော လက်တည့်စမ်းခြင်း မဟုတ်။ ရှေးပညာရှင်များက အနှစ်နှစ် အလလ ရှာဖွေ စမ်းသပ်ပြီး အန္တရာယ်ထက် အကျိုးများစေသော ကုထုံးကိုသာ ကျင့်သုံးကြခြင်းတည်း။ ဆေးပညာနှင့် ပတ်သက်၍ သိပ္ပံပညာရှင်များ၏ ရှာဖွေဖော်ထုတ် စမ်းသပ်ခြင်းများကား အံ့သြဖွယ်ရာတည်း။
အကြောင်းကား “စပယ်ယာပတ်စ်” မရှိဟူသော လူ့ခန္ဓာကိုယ်ကိုပင် “စပယ်ယာပတ်စ်”များ တီထွင်ခြင်းဖြင့် လည်းကောင်း၊ အစားထိုး ခွဲစိတ် ကုသခြင်းမျိုး သော်လည်းကောင်း အောင်မြင်နေကြပြီဟု ကြားသိရခြင်း ပင်တည်း။ စာရေးသူ၏ အမျိုးဟု ဆိုနိုင်သော အငြိမ်းစား ဆရာကြီး ဆိုလျှင် အနှစ်ခြောက်ဆယ်ကာလမျှ ခံစားခဲ့ရသော နှလုံးရောဂါကို ရန်ကုန်၌ပင် ခွဲစိတ်ကုသနိုင်ခဲ့ပြီ ဖြစ်သည်။ “ဆရာရယ် နိုင်ငံခြားမှာဆို ဒါတွေက ထမင်းစားရေသောက်သလို လွယ်နေပါပြီ”ဟု ပြောစရာရှိသော်လည်း အိုးမကွာ၊ အိမ်မကွာဖြင့် (နိုင်ငံခြား သွားပြီး ကုရသလို) ပိုက်ဆံကုန်ကျမှု မများဘဲ ခွဲစိတ်နိုင်သည်ကို ချီးကျူးမိခြင်း ဖြစ်သည်။

ထို့အပြင် “အော်”မရသော်လည်း “ကျီနာ”လေးပဲ ထည့်ပေးလိုက်မယ်ဆိုသည်ထက် အာမခံချက်ရှိသည်။ နှလုံးအဆို့ရှင် ပျက်စီးခဲ့၍ နာတာရှည် နှလုံး ရောဂါခံစားနေရသည်ကို ပြန်ကောင်းစရာ မရှိတော့ဟု မျှော်လင့်ချက်မယ့်ခဲ့ရာမှ အထူးတီထွင်ထားသော နှလုံးအဆို့ရှင် အတုများ ပေါ်ပေါက်လာခြင်းနှင့် နှလုံးခွဲစိတ်ကု ပညာရပ် ထွန်းကား လာခြင်းတို့ကြောင့် ယခုဆိုလျှင် နာတာရှည် ဝေဒနာသည် ဆိုသည့် “သေမိန့်ကျနေခဲ့သည့် အကျဉ်းသား”အလား သဏ္ဌာန်ဘဝမှ လွတ်မြောက်ခဲ့ချေပြီ။ နှလုံးအဆို့ရှင် အသစ်၏ သက်တမ်းကိုလည်း နှစ် ၂၀၊ နှစ် ၃၀၊ နှစ် ၄၀ဟူ၍ အာမခံပေးထားကြောင်း အံ့သြဖွယ်ရာ လေ့လာသိရှိရသည်။ အသက် ၈၀ကျော် ဝေဒနာသည် ဆိုလျှင် နှစ် ၂၀တန်၊ အသက် ၆၀၊ ၇၀ကျော်ဆိုလျှင် နှစ် ၃၀တန်၊ အသက် ၄၀၊ ၅၀ဆိုလျှင် နှစ် ၄၀တန် စသဖြင့် ရည်ရွယ်ထုတ်လုပ်ထားကြောင်း သိရသည်။ စာရေးသူတို့ စူပါဆလွန်းကား စီးချိန်ကဆိုလျှင် ကာပရိုက်တာ ပြဿနာ ခဏခဏတက်သည်။ တော်ကြာ ဆီ တံခါး၊ တော်ကြာ ဂျက်ပင် တော်ကြာ ဖလုတ်ဘား စသဖြင့် ခဏခဏ လဲရသည်။

တစ်ခေါက်ဆိုလျှင် ဆီစားလွန်းအား ကြီးသဖြင့် နာမည်ကြီး ကာပရိုက်တာ ဆိုင်၌ သွားပြရာ ကာပရိုက်တာ တစ်ခုလုံး မလုံတော့ကြောင်း၊ အလုံးလိုက်လဲရမည် ဖြစ်ကြောင်း ပြောသဖြင့် သောင်းချီကုန်၍ လဲလိုက်ရဖူးသည်။ သို့သော် ဆီစားမြဲ စားနေသဖြင့် အခြား ဆိုင်သို့ သွားပြရာ ကာပရိုက်တာ အဝင် ဆီဝိုက်ကွဲနေပြီ၊ ဆီယိုနေခြင်း ဖြစ်ကြောင်း သိရပြီး ငွေငါးရာတန် ပိုက်လဲရုံဖြင့် ပြန်ကောင်း သွားသဖြင့် ခံလိုက်ရပြီဟု ဖြေသိမ့် ရဖူးသည်။ ထို့ကြောင့် ယခုခေတ် အခါတွင် သိပ္ပံနည်းကျ အကျိုးရှိကြောင်း အထောက်အထား အကိုးအကားများဖြင့် တရားဝင် ကုသပေးနေသော ဆရာဝန် များကိုကား “အဝင်ပိုက်ကွဲလို့ ကွဲမှန်းမသိ အလုံးလိုက်လဲလိုက်”ဟူသော သူများ ထက်ပင် ပို၍ ပြဿနာ ရှာချင်ကြသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့နေရသည်။ “အဲဒီဟာကြီး မကောင်းရင် ဖြုတ်လဲလိုက်ကွာ” ဟု အမိန့်ပေးစေခိုင်းနိုင်သော လူ့ခန္ဓာကိုယ်ကြီး၏ အစားမထိုးနိုင်သော နှလုံးကြီး ပျက်စီးသွားလျှင်ကား သေဖို့ရာပင် ရှိသည်ဟု တွေးထင်ရဖွယ် ရှိသည်။ အများသိကြသည့်အတိုင်း နှလုံးရပ်လျှင် လူသေမည် မဟုတ်ပါလော။ ယခင်က ဟုတ်ခဲ့သော်လည်း ယခုကား မဟုတ်ချေတော့။

ဆီထိန်းတံခါးတွေ၊ ဆီဝင်ခန်းတွေ၊ အဆို့တွေ၊ ဂျက်တွေ အားလုံးမကောင်းတော့လျှင် အလုံး လိုက် လဲနိုင်သော မော်တော်ကား ကာပရိုက်တာကဲ့သို့ပင် လူသားတို့၏ နှလုံးအတွင်းပိုင်း အင်္ဂါများ အလုံးစုံ ပျက်စီးလျှင် အလုံးလိုက် လဲနိုင်သည့် အဆင့်သို့ ရောက်ရှိခဲ့ပေပြီ။ “နှလုံးရပ်ရင် သေပြီပေါ့”ဟူသည့် အဆိုသည် ရာနှုန်းပြည့် မမှန်တော့။ သဘာဝတရား၏ ဖန်တီးမှုအရ နှလုံးက သွေးလွှတ်ပေး၍ အဆုတ်က သွေးကို သန့်စင်ပေးနေ၍ Closed Circuit ဟာကွက်မရှိ မပြတ် လည်ပတ်စီးဆင်းနေမှုကို လမ်းလွဲှ Cardiopulmonary Bypass Machine စက်ကြီးဖြင့် လူ့သဘာဝအတိုင်း လမ်းကြောင်းလွှဲ ထမ်းဆောင်ပေးစေပြီး နှလုံးကို ခေတ္တခဏ တာဝန်အနားပေးရင်း ခွဲစိတ်ခြင်း၊ အစားထိုး လဲလှယ်ခြင်းများ လုပ်နိုင်ပြီဟု ဆိုလျှင် မအံ့သြဘဲ မနေနိုင်တော့ပါ။ Opened Heast Surgey နှလုံးကို ဖွင့်ဟ ခွဲစိတ်ပြုပြင်ခြင်း ဆိုသည့် ပညာကား မဖြစ်နိုင်လောက်ပါဟု ရှေးရာစုနှစ်များက ထင်မှတ်ခဲ့သော အိပ်မက်တစ်ခုဟု ဆိုလျှင်လည်း မမှားပေ။ စာရေးသူတို့ တိုင်းသူပြည်သား အများစုကား ခွဲစိတ်ခံရမည်ကို အလွန်တရာ ကြောက်ကြသည်။ မခွဲရလျှင် ပြီးရော ငရဲမီးပင် မြိုချသည့် အစာမြိုလမ်းကြောင်း ပိတ်ဆို့သူ ကင်ဆာရောဂါသည်များကား လိမ်လည်၍ ဆေးကုသနေသော ရမ်းကုသမားတော်တို့၏ သားကောင်ြ ဖစ်ရပုံများကို မကြာခဏ တွေ့ရ သည်။ မခွဲရလျှင် ပြီးရော ပေါက်လျှင် ပျောက်ပြီဆိုသည့် အနာပေါက် ဆရာအမည်ခံ ရမ်းကုလူယုတ်မာတို့ကြောင့် အသက် ပျောက်ခဲ့ရသည့် ရင်သား ကင်ဆာရောဂါ သည်များလည်း မနည်းတော့။

ခွဲရမည်ကို သေသည်ထက် ကြောက်ရသည့် ကြားထဲ “နှလုံးခွဲရမည်၊ ဦးနှောက်ခွဲရမည်”ဟု စာရေးသူတို့က ရှင်းပြလျှင် “နေပါစေ ဆရာရယ်၊ သူ့ကံက ဒီလောက်ပဲ ပါတယ် ထင်ပါတယ်၊ အိမ်ပဲ ပြန်ခေါ်သွားပါရစေ”ဟူ၍ အသေခံ သွားသူများလည်း ဒုနဲ့ဒေး။ ဓားရှလျှင်ပင် အသက်သေနိုင်သော သဘောရှိသည့် အစိုးမရသော ခန္ဓာကိုယ်ကြီး၌ အန္တရာယ်များပြီး ခက်ခဲရှုပ်ထွေးလှသော ထိုသို့ ခွဲစိတ်မှုမျိုးအတွက် ရာနှုန်းပြည့် အသက်အန္တရာယ်များပြီး ခက်ခဲ ရှုပ်ထွေး လှသော ထိုသို့ ခွဲစိတ်မှုမျိုးအတွက် ရာနှုန်းပြည့် အသက်အန္တရာယ်မရှိနိုင်ပါဟု အာမခံရန်ကား ဆရာဝန်တို့ဘက်မှာ မတတ်သာသဖြင့် ထွက်ပြေးကြခြင်းလည်း ဖြစ်သည်။

Informed Consent and Patient Own Choice, not a doctor’s Decisionဆိုသည့်အတိုင်း မခွဲလျှင်ဖြစ်နိုင်ချေ၊ ခွဲစိတ်ပြီးလျှင် ရနိုင်သည့် အကျိုး၊ ခွဲစိတ်ရင်း ဖြစ်သွား နိုင်သည့် အန္တရာယ် အလုံးစုံကို မချွင်းမချန် ချပြပြောဆိုပြီး ဆရာဝန်၏ “ဒါပဲ လက်ခံပြီး လုပ်လိုက်ပါ”ဟူသော အမိန့်အာဏာ ပယောဂမပါဘဲ လူနာ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်သည် အဓိက ဖြစ်သဖြင့် စာရေးသူတို့ မတားနိုင်ခြင်းလည်း ဖြစ်ပါသည်။ ကြားဖူးသူ ရှိနိုင်သော်လည်း မကြားဖူးသူများ ရှိနိုင်သဖြင့် လူ့နှလုံးကိုပင် အစားထိုး လဲလှယ်နိုင်ပြီ ဟူသော ဗဟုသုတလေးကို ပေးလိုသော ဆန္ဒဖြင့် ရေးသားလိုက်ရသော်လည်း စာရေးသူတို့ နိုင်ငံ၌ကား လက်တွေ့ မလုပ်နိုင် သေးကြောင်း ဝန်ခံရပါမည်။ သို့သော် ၎င်းမှအပ အခြားသော နှလုံး ခွဲစိတ်ကုသခြင်း မျိုးများကိုကား အခြား ခွဲစိတ်ခြင်းများနည်းတူ အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း ဂုဏ်ပြု ရေးသားရင်း ကျွနု်ပ်တို့၏ နှလုံးသား လေးလည်း စပယ်ယာပတ်စ် ရှိနေပါပြီဟူ၍ သတင်းကောင်း ပေးလိုက်ရပါတော့သည်။