ယခင်အပတ်မှ အဆက်

အော်စကာ – အဆိုပြုချက်ကို ကော်မရှင်က လက်ခံလိုက်ရင် ပြီးရောလား ဘကြီးဖြိုး။
ဘကြီးဖြိုး – အဆိုပြုချက် လက်ခံတာနဲ့ ခွင့်ပြုတာနဲ့ မတူသေးဘူးကွဲ့။

အော်စကာ – ဒါဆို လက်ခံပြီးရင် ဘာလုပ်မလဲ ဘကြီးဖြိုး။
ဘကြီးဖြိုး – အဆိုပြုချက်ကို ကော်မရှင်က လက်ခံပြီးရင် သက်ဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မည့် ဒေသပေါ် မူတည်ပြီး နေပြည်တော်ကောင်စီ (သို့မဟုတ်) တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရ အဖွဲ့ထံ အဆိုပြုချက်မှာ ပါတဲ့ ရင်းနှီးမြှုပ်နှံမှုကို လက်ခံနိုင်ခြင်း ရှိ၊ မရှိ သဘောထား တောင်းရသေးတယ်ကွ။

အော်စကာ – နေပြည်တော် ကောင်စီ (သို့မဟုတ်) တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရ အဖွဲ့ထံ သဘောထား တောင်းနေရင်တော့ ကြာတော့မှာပေါ့။
ဘကြီးဖြိုး – အဲဒီလို ကြန့်ကြာတာတွေ မဖြစ်ရအောင် သဘောထား တောင်းခံစာ လက်ခံရရှိမည့် နေ့မှစ၍ (၇)ရက်အတွင်း နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ (သို့မဟုတ်) ဝန်ကြီးချုပ် ကိုယ်တိုင် (သို့မဟုတ်) ဝန်ကြီးချုပ်က တာဝန် ပေးအပ်သူက လက်မှတ် ထိုးပြီး ကော်မရှင်ကို ပြန်ကြား ရမယ်လို့ နည်းဥပဒေမှာ ပြဋ္ဌာန်းထားတယ်။

အော်စကာ – ဒါဆို တော်သေးတာပေါ့။ ဒီ့အပြင်ရော ရှိသေးလား။
ဘကြီးဖြိုး – ကိုယ်လုပ်မယ့်လုပ်ငန်းဟာ ပတ်ဝန်းကျင် ထိခိုက်မှုနဲ့ လူမှုရေး ထိခိုက်မှု မရှိစေရေး (သို့မဟုတ်) အနည်းဆုံး ဖြစ်စေရေး ဆောင်ရွက်မယ့် အစီအမံတွေအပေါ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ဝန်ကြီးဌာနရဲ့ သဘောထား မှတ်ချက် ကိုလည်း တောင်းရသေးတယ်ကွ။ လုပ်ငန်းသဘာဝအရ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကလည်း သဘောထား မှတ်ချက်ကိုလည်း တောင်းရသေးတယ်ကွ။ လုပ်ငန်း သဘာဝအရ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက (၇)ရက်အတွင်း ပြန်ကြားရတယ်။

အော်စကာ – (၇)ရက်အတွင်း ပြန်ကြားရတယ်ဆိုတော့ လုပ်ငန်းစဉ်တွေက ကြန့်ကြာမှု မရှိတော့ဘူးပေါ့။
ဘကြီးဖြိုး – အဲဒီလို သဘောထား မှတ်ချက်တွေ ရပြီးမှ ကော်မရှင်ရုံးကနေ ကော်မရှင် အစည်းအဝေးကို တင်ပြရတယ်။

အော်စကာ – ကော်မရှင်က အဆိုပြုချက် တွေကို ဘယ်လို စီစစ်လဲဆိုတာ ရှင်းပြ ပါလား ဘကြီးဖြိုး။
ဘကြီးဖြိုး – ကော်မရှင်က အောက်ပါ မူများ အပေါ်မှာ အခြေခံပြီး ခွင့်ပြုရတယ်။

  • အမျိုးသား စီးပွားဖံွ့ဖြိုး တိုးတက်ရေး စီမံကိန်း၏ အဓိက ရည်မှန်းချက်များ၊ နိုင်ငံတော်နှင့် နိုင်ငံသားများက မဆောင်ရွက်နိုင် သေးသော ငွေကြေးအင်အားနှင့် နည်းပညာ မပြည့်စုံသော လုပ်ငန်းများကို အထောက်အကူပြုရေး။
  • အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ပေါ်ပေါက်ရေး
  • ပြည်ပပို့ကုန် တိုးချဲ့တင်ပို့ရေး။
  • သွင်းကုန် အစားထိုး ကုန်ပစ္စည်း များ ထုတ်လုပ်ရေး။
  • ရင်းနှီးမြှုပ်နှံမှုများစွာ လိုအပ်သည့် ထုတ်ကုန် ပစ္စည်းများ ထုတ်လုပ်ရေး။
  • အဆင့်မြင့် ကျွမ်းကျင်မှု နည်းပညာရပ်များ တိုးတက် ရရှိရေးနှင့် အဆင့်မြင့် နည်းပညာဖြင့် ထုတ်လုပ်မှု လုပ်ငန်းများ ဖံွ့ဖြိုး တိုးတက်စေရေး။
  • မတည်ငွေရင်း ကြီးမားသည့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်း များကို အထောက်အကူပြုရေး။
  • စွမ်းအင်သုံးစွဲမှု သက်သာစေမည့် လုပ်ငန်းများ ဖော်ထုတ်ရေး။
  • ဒေသန္တရ ဖံွ့ဖြိုး တိုးတက်ရေး။
  • စွမ်းအင်သစ်များ ရှာဖွေတူးဖော် ထုတ်လုပ်ရေးနှင့် ဇီဝအခြေခံ စွမ်းအင်သစ် များ ကဲ့သို့သော ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် အရင်းအမြစ်များ ပေါ်ပေါက်ရေး။
  • ခေတ်မီ စက်မှုလုပ်ငန်းများ ဖံွ့ဖြိုး တိုးတက်ရေး။
  • ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး။
  • သတင်းအချက်အလက် နှင့် နည်းပညာ ရယူဖလှယ်နိုင်ရန် အထောက်အပံ့ ဖြစ်စေရေး။
  • နိုင်ငံတော် အချုပ်အခြာ အာဏာနှင့် ပြည်သူများ၏ လုံခြုံမှု မထိခိုက်စေရေး။
  • နိုင်ငံသားများ အသိပညာ၊ အတတ်ပညာ ဖံွ့ဖြိုးရေး။
  • နိုင်ငံတကာ စံချိန်စံညွှန်း နှင့်အညီ ဘဏ်နှင့် ဘဏ်လုပ်ငန်းများ ဖံွ့ဖြိုးတိုးတက် ရေး။
  • နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက် လိုအပ်သော ခေတ်မီ ဝန်ဆောင်မှု လုပ်ငန်းများ ပေါ်ပေါက်လာစေရေး။
  • နိုင်ငံတော်၏ စွမ်းအင်နှင့် သယံဇာတများကို ပြည်တွင်း သုံးစွဲမှု ရေတို၊ ရေရှည် ဖူလုံစေရေးစတဲ့ အခြေခံမှု တွေနဲ့ ကိုက်ညီမှု ရှိမရှိ စီစစ်ရတယ်။

အော်စကာ – အဲဒီလို စီစစ်လို့ ကိုက်ညီမှု ရှိရင် ရပြီလား။
ဘကြီးဖြိုး – ငွေကြေး ယုံကြည်စိတ်ချရမှု ရှိ၊ မရှိကိုလည်း စီစစ်ရသေးတယ်။

အော်စကာ – လုပ်ငန်းတောင် မစသေးသူ ငွေကြေးတွေကို ဘယ်လို စီစစ်ရမှာလဲ။
ဘကြီးဖြိုး – ရင်းနှီးမြှုပ်နှံသူရဲ့ ဘဏ်ငွေ စာရင်းရှင်းတမ်း ကုမ္ပဏီရဲ့ နောက်ဆုံး စာရင်းစစ် အစီရင်ခံစာ၊ ကုမ္ပဏီရဲ့ လုပ်ငန်း အခြေအနေ အစီရင်ခံစာတွေကို တောင်းယူပြီး စီစစ်ရတာပေါ့။

အော်စကာ – နောက်ရော ဘာတွေ စီစစ်သေးလဲ။
ဘကြီးဖြိုး – လုပ်ငန်းရဲ့ စီးပွားရေး တွက်ချေကိုက်မှု ရှိမရှိကိုလည်း နှစ်စဉ် ရနိုင်တဲ့ အမြတ်ငွေ၊ နိုင်ငံခြားသုံးငွေ၊ နှစ်စဉ် သုံးစွဲမယ့် နိုင်ငံခြား သုံးငွေ၊ ဘယ်လောက်ကြာမှ အရင်းကျေမလဲဆိုတဲ့ အရင်းကျေကာလ၊ အလုပ်အကိုင်သစ်တွေ ဘယ်တော့ ပေါ်ပေါက်လာမလဲ။ အမျိုးသား ဝင်ငွေတွေ ဘယ်လောက် တိုးတက် လာမလဲ၊ ပြည်တွင်း/ ပြည်ပ ဈေးကွက် အခြေအနေ၊ ပြည်တွင်း စားသုံးရန် လိုအပ်ချက် အခြေအနေပေါ်မှာ အခြေခံပြီး စီစစ်ရတယ်။

အော်စကာ – စက်မှု နည်းပညာသုံးတဲ့ လုပ်ငန်းတွေဆိုလည်း ဘယ်လိုစီစစ်မလဲ။
ဘကြီးဖြိုး – သုံးစွဲတဲ့ စက်မှုနည်းပညာ ဆီလျော်မှု ရှိ၊ မရှိ ကျွမ်းကျင်သူတွေကို တာဝန်ပေး စီစစ်ခိုင်းရတာပေါ့။ ခြုံပြီး ပြောရရင်တော့ နိုင်ငံတော်နဲ့ နိုင်ငံသားငွေ အတွက် တာဝန်ယူမှု ရှိတဲ့ လူမှုစီးပွား အကျိုးသက်ရောက် မှု ရှိရန်၊ ရင်းနှီးမြှုပ်နှံမှု ထုတ်၊ မထုတ် စီစစ်ပြီး ဥပဒေနဲ့ ဆန့်ကျင်မှု မရှိရင် ခွင့်ပြုနိုင်တာပေါ့။

အော်စကာ – ဒီလိုဆိုရင် အဆိုပြုချက် တင်တာနဲ့ ခွင့်ပြုတာနဲ့ ရက်တော်တော် ကြာမှာပေါ့။
ဘကြီးဖြိုး – အဆိုပြုချက်တင်တဲ့ နေ့ကနေ ရက်ပေါင်း (၉၀)အတွင်းမှာ ခွင့်ပြုမိန့် ထုတ်ပေးရမယ်လို့ ပြဋ္ဌာန်း ထားတယ် မကြားပါဘူး။

အော်စကာ – ခွင့်ပြုမိန့်ရပြီးရင် တည်ဆောက်မှု ကာလကို အကန့်အသတ် မရှိ လုပ်လို့ရလား။
ဘကြီးဖြိုး – ဒီလိုလည်း မဟုတ်သေး ဘူးလေ၊ သတ်မှတ်ထားတဲ့ ကာလတွင်းမှာ ပြီးအောင် တည်ဆောက်ရမှာပေါ့၊ ကာလ ထပ်တိုးချင်ရင် ထပ်မံ တိုးမြှင့်ခွင့် လျှောက်ရမှာပေါ့။ တည်ဆောက်မှု ကာလ ပြီးတာနဲ့ လုပ်ငန်းတွေကို စတင် ဆောင်ရွက်ရမယ်။

အော်စကာ – အသုံးပြုခွင့်ရတဲ့ မြေပေါ်မြေအောက်မှာ လုပ်ငန်းနဲ့ မသက်ဆိုင်တဲ့ သဘာဝ သယံဇာတ တွင်းထွက် ပစ္စည်းတွေ၊ ဒါမှမဟုတ် ရှေးဟောင်း ဝတ္ထုပစ္စည်းတွေ၊ ရတနာသိုက် တွေ တွေ့ရင် ဘယ်လိုလုပ် ရမလဲ။
ဘကြီးဖြိုး – အဲဒီလို တွေ့ရှိခဲ့ရင် (၂၄)နာရီအတွင်း ကော်မရှင်ကို ချက်ချင်း အကြောင်းကြားရမယ်။ ကော်မရှင်က နေပြည်တော် ကောင်စီ သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ သဘောတူညီချက်အရ ကော်မရှင်က ခွင့်ပြုရင် အဲ့ဒီမြေပေါ်မှာ ဆက်လုပ်နိုင်မယ် ခွင့်မပြုရင်တော့ အစားထိုး စီစဉ်ပေးတဲ့ နေရာမှာ ဆက်လုပ်ရမယ်။

အော်စကာ – တကယ်လို့ သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်မယ် မငြိမ် သက်မှုတွေ ဖြစ်ပွားမယ်၊ အဓိကရုဏ်း ဖြစ်ပေါ်မယ်၊ ဆန္ဒပြမှုပေါ်ပေါက်မယ်၊ နိုင်ငံတော် အရေးပေါ် အခြေအနေ ဖြစ်ပွားမယ်၊ လက်နက်ကိုင် ဆန့်ကျင်မှု ဖြစ်ပေါ်မယ်၊ စစ်မက် ဖြစ်ပွားမယ် စတဲ့ မလွန်ဆန်နိုင်တဲ့ အကြောင်းကိစ္စတွေ ဖြစ်ပေါ်မယ်ဆိုရင် သတ်မှတ်တဲ့ ကာလအတွင်း တည်ဆောက်မှု မပြီးရင် ဘယ်လိုလုပ်မလဲ။
ဘကြီးဖြိုး – အဲဒီလို အခြေအနေမျိုး ပေါ်ပေါက်ရင် တည်ဆောက်မှု ကာလကို တိုးမြှင့်ပေးရမှာပေါ့။ အခြား အကြောင်းနဲ့ ဆိုရင်တော့ တည်ဆောက်မှုကာလကို တစ်ကြိမ်ထက် ပိုပြီး ခွင့်မပြုရလို့ ဆိုထားတယ်။

အော်စကာ – မူလခွင့်ပြုတဲ့ ကာလ အတွင်း (သို့မဟုတ်) ထပ်မံ တိုးမြှင့်တဲ့ ကာလအတွင်းမှာ တည်ဆောက်မှု လုပ်ငန်း မပြီးရင် ဘယ်လို လုပ်မလဲ။
ဘကြီးဖြိုး – အဲဒီလို ထပ်တိုးတဲ့ ကာလ အတွင်းမှာမှ မပြီးရင်တော့ ကော်မရှင်က ရင်းနှီးမြှုပ်နှံသူကို ထုတ်ပေးထားတဲ့ ခွင့်ပြုမိန့်ကို ပြန်လည် ရုတ်သိမ်းနိုင်တယ်၊ အဲဒီလို ရုပ်သိမ်းခြင်းကြောင့် နစ်နာကြေး ဖြစ်စေ၊ လျော်ကြေး ဖြစ်စေ အခြား ငွေကြေးတစ်ရပ် ဖြစ်စေ ရင်းနှီးမြှုပ်နှံသူကို ပြန်လည် ထုတ်ပေးမှာ မဟုတ်ဘူး။

အော်စကာ – ဒါဆို ခွင့်ပြုကာလအတွင်း တည်ဆောက်ဖို့ အရေးကြီးတာပေါ့။ လုပ်ငန်း လုပ်နေရင် ငွေကြေး လိုအပ် လာရင် အခက်ပဲနော်။
ဘကြီးဖြိုး – မခက်ပါဘူးကွယ်၊ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားတဲ့ မြေနဲ့ အဆောက်အဦးတွေကို မြေ အသုံးပြုခွင့်ရသူ (သို့မဟုတ်) မြေငှားရမ်း ခွင့်ရှိသူရဲ့ သဘောတူညီချက် နဲ့ တစ်ဆင့် ငှားနိုင်တယ်၊ ပေါင်နိုင်တယ်။

အော်စကာ – ဒါဆို ကောင်းတာပေါ့။
ဘကြီးဖြိုး – ဒါပေမယ့် ကော်မရှင်ရဲ့ ခွင့်ပြုချက်တော့ လိုတာပေါ့၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဆိုရင် ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက် ပူးတွဲတင်ပြရမယ်။

အော်စကာ – လုပ်ငန်းတွေကို အကြောင်း တစ်ခုခုကြောင့် ဆက်မလုပ် ချင်ဘူးဆိုရင်ရော။
ဘကြီးဖြိုး – ဆက်မလုပ်ချင်ရင် အစုရှယ်ယာ အားလုံးကို နိုင်ငံခြားသား တစ်ဦးဦး (သို့မဟုတ်) နိုင်ငံသား တစ်ဦးဦးကို အပြီးအပိုင် လွှဲပြောင်း ရောင်းချနိုင်တယ်။

အော်စကာ – ကိုယ့်ဘာသာ ရောင်းချင်တိုင်း ရောင်းလို့ ရလား။
ဘကြီးဖြိုး – အခွန်စီစစ်မှု ခံယူပြီး ကော်မရှင်ကိုတော့ လျှောက်ရမှာပေါ့၊ ကော်မရှင်က ဘာကြောင့် ရောင်းချင် ရတာလဲ၊ ရောင်းလိုက်လို့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ထိခိုက်နိုင် သလား၊ ရောင်းလိုက်လို့ ဝယ်တဲ့လူတွေက လုပ်ငန်းကို အောင်အောင်မြင်မြင် ဆက်လုပ်နိုင်တဲ့ အခြေအနေ ရှိလား စီစစ်ပြီး ခွင့်ပြုသင့်ရင် ခွင့်ပြုမှာပါ၊ ခွင့်မပြု သင့်ရင်တော့ ငြင်းပယ်မှာပေါ့။

အော်စကာ – ကော်မရှင်က ခွင့်ပြုရင် ဘာဆက်လုပ်ရမလဲ။
ဘကြီးဖြိုး – ခွင့်ပြုရင် ရောင်းတဲ့ လူက ကော်မရှင်ရဲ့ ခွင့်ပြုမိန့်ကို ကော်မရှင်ရုံးကို ပြန်အပ်ရမယ်။

အော်စကာ – ဝယ်တဲ့လူက ဘာတွေ ဆက်လုပ်ရမလဲ။
ဘကြီးဖြိုး – ဝယ်တဲ့လူက နိုင်ငံခြားသား ဖြစ်ရင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီဌာနမှာ ကုမ္ပဏီ ဥပဒေနှင့် အညီ နိုင်ငံခြား ကုမ္ပဏီအဖြစ် ဖွဲ့စည်း တည်ထောင်ခွင့် (သို့မဟုတ်) မှတ်ပုံတင်ခွင့် လျှောက်ထားနိုင်တယ်။

အော်စကာ – ဝယ်တဲ့လူက လက်ရှိ ကုမ္ပဏီ အမည်ကို ဆက်သုံးချင်တယ် ဆိုရင်ရော။
ဘကြီးဖြိုး – အစုရှယ်ယာ ရောင်းတဲ့ လူက သဘောတူရင် ဆက်သုံးနိုင်တယ်။

အော်စကာ – ဝယ်တဲ့လူက နိုင်ငံသား ဖြစ်ရင်ရော။
ဘကြီးဖြိုး – ဝယ်သူက နိုင်ငံသားဖြစ်ရင် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် အညီ ကော်မရှင်ကို ခွင့်ပြုမိန့် လျှောက်ရမယ်၊ ခွင့်ပြုမိန့်ရရင် ကုမ္ပဏီ ဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှာ မြန်မာနိုင်ငံသား ကုမ္ပဏီအဖြစ် မှတ်ပုံတင်ရမယ်။

အော်စကာ – အစုရှယ်ယာ အားလုံးကို မရောင်းဘဲ အချို့ကိုပဲ ရောင်းမယ် ဆိုရင်ရော။
ဘကြီးဖြိုး – အစုရှယ်ယာ အချို့ကို နိုင်ငံခြားသား တစ်ဦးဦး (သို့မဟုတ်) နိုင်ငံသား တစ်ဦးဦးကို အပြီးအပိုင် ရောင်းမယ် ဆိုရင်လည်း ကော်မရှင်ကို လျှောက်ထားပြီး ခွင့်ပြုချက် ရရင် အစု ရှယ်ယာ လွဲှပြောင်းမှုကို ကုမ္ပဏီ ဥပဒေနှင့် အညီ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှာ မှတ်ပုံတင်ပြီး ဆောင်ရွက်နိုင်ပါတယ်။
အော်စကာ – နောက်အပတ်မှ ဆက်တာပေါ့ ဘကြီးဖြိုး။

 

Ma Naw Phyu Lay
အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။