လူပုဂ္ဂိုလ် တစ်ဦးချင်း၊ အခြေအနေ တစ်ခုချင်းနှင့် တိုင်းနိုင်ငံ တစ်ခုချင်းစီပေါ် မူတည်ပြီး တစ်ဦးနှင့် တစ်ဦး၏ အခြေခံ လိုအပ်ချက်၊ ဖြည့်ဆည်း ရရှိထားသင့်သည့် အရာများ ကွဲပြားသွားနိုင်ပါသည်။ ကျွန်မတို့ ပိုင်ဆိုင်ခွင့် ရှိသော လောကအရာများသည် ကျွန်မတို့အတွက် စိတ်ချမ်းမြေ့ ပျော်ရွှင်မှုကို ပေးနိုင်သည်ဟု ဆိုသော် ငြားလည်း တဒင်္ဂသာ ဖြစ်ပါသည်။ ပြီးလျှင် ရရှိပိုင်ဆိုင်ထားသော အတိုင်းအဆပေါ် မူတည်၍ ကျွန်မတို့ရဲ့ ပျော်ရွှင်မှု အတိုင်းအတာကို ပုံသေ တွက်ချက်၍ မရနိုင်ပါ။ ကျွန်မတို့၏ အခြေခံ လိုအပ်ချက်များ ပြည့်မှီပါက ကျွန်မတို့သည် ကျေနပ် ပျော်ရွှင်ရပါမည်။

တိုင်းတာ သတ်မှတ်ချက်များကို ပြည့်မှီ ကျော်လွန်ခြင်းသည် ပိုလျှံခြင်း ဖြစ်ပါသည်။ အစားအသောက်နှင့် အ၀တ်အစားများသည် ကျွန်မတို့၏ အခြေခံ လိုအပ်ချက်များကို ကိုယ်စား ပြုသည်။ ယနေ့ခေတ် ရေစီးကြောင်းအရ အစားအသောက်၊ အ၀တ်အစား ဖူလုံရုံဖြင့် လူပုဂ္ဂိုလ် တစ်ဦးအတွက် အခြေခံ လိုအပ်ချက်များ ပြည့်မှီသည်ဟု မဆိုနိုင်ပါ။ ထိုသူ့တွင် အောက်ပါ အခြေခံ လိုအပ်ချက်များလည်း ရှိသေးသည်။ ဘာတွေလဲဆိုတော့ နေအိမ်တိုက်တာ အဆောက်အဦးများ၊ နောက် သားသမီးများအတွက် ပညာရေး စရိတ်စကတွေနဲ့ အခွန်အခ အသုံးစရိတ်များအပြင် လွယ်ကူ သက်သာစွာ သွားလာနိုင်ရေး စရိတ်များ စသည်ဖြင့် မသုံးမဖြစ် သုံးရသော အသုံး စရိတ်များသည် လိုအပ်ချက်များတွင် တစ်နည်း ပါ၀င်ပေသည်။

အများအားဖြင့် စားရန်၊ ၀တ်ရန်၊ သုံးစွဲရန် ရှိသမျှနှင့် ရောင့်ရဲနေတတ်ကြဖို့ အလွန်မှ ခက်လှပါသည်။ ငွေအတွက်ပဲ ကြည့်သူများသည် လမ်းမှားကို တပ်မက်ခြင်း နွံထဲသို့ ခဏအတွင်း သက်ဆင်း သွားကြလေသည်။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုး နည်းခြင်း၊ ပျက်စီးခြင်းတို့၌ နစ်မွန်း တတ်ကြပါသည်။ ငွေကို တပ်မက်ခြင်းဖြင့် ငွေနောက် လိုက်ကြသူများသည် အမှား၊ အမှန် ေ၀ဖန်ပိုင်းခြားနိုင်စွမ်း မရှိကြတော့ပဲ မကောင်းမှု နောက်သို့ ကောက်ကောက်ပါအောင် ရောက်ရှိ သွားသည်။ လူအချို့တို့သည်လည်း ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်း တရားလမ်းမှ လွှဲ သွား၍ ပူပန်ခြင်း ေ၀ဒနာများနှင့် ကိုယ့်ကိုယ်ကို သောကများကို ငွေဖြင့် ၀ယ်ယူနေကြသည်မှာ ဒုနဲ့ဒေးပင် ဖြစ်ပါသည်။

လူသားများ၏ လိုအပ်ချက်များနှင့် လိုချင် တောင့်တမှုများသည် ခြားနားမှု ရှိနေသည်ကို ကျွန်မတို့ နားလည်ထား ရမည်။ လိုအပ်ချက်များ ဆိုသည်မှာ အသက်တာခန္ဓာ ယန္တရားကြီး လည်ပတ် နိုင်ရန်အတွက် ဖြည့်ဆည်း ရမည့်အရာများ ဖြစ်သည်။ သို့သော် လိုချင် တောင့်တမှု များကိုတော့ မည်သည့်အခါမျှ အသော မသတ်နိုင်ပါ။ အချို့တို့၏ လိုဘများသည် မည်သည့်အခါမျှ အသော မသတ်နိုင်ဘဲ ရလေလိုလေ ဖြစ်နေကြသည်များလည်း ရှိသေးသည်။ ငွေကို အတိုင်းအတာ တစ်ခုထက်ပို၍ လိုချင်လာမှု သို့မဟုတ် မလောက်မငှ ဖြစ်မှာကို အစိုးရိမ် လွန်ကဲမှုက ကျွန်မတို့ရဲ့ ၀န်းကျင် အပေါင်းအသင်းများကြားမှ ဆက်ဆံရေးကို တဖြည်းဖြည်းချင်း ကွဲပြားစေသည်။

စီးပွားရေး တစ်ခုလုပ်တော့မယ် ဆိုရင် သာမန် သမ္မာအာဇီ၀နဲ့ ရှာပြီး ကိုယ်ပိုင် အရည်အချင်းနဲ့ ရှာရတဲ့ ၀င်ငွေလောက် ဘယ်အရာမှ တန်ဖိုး ရှိတာ မရှိပါဘူး။ ကိုယ်စွမ်း ကိုယ်စနဲ့ ရှာဖွေထားသော အရာများသည် လွယ်လင့်တကူ ပျောက်ပျက် မသွားနိုင်ပါဘူး။ ဒီအတွက် အလွယ်လမ်းကို မလိုက်ပဲ ရေရှည်အတွက် စဉ်းစား လုပ်ဆောင်မှသာလျှင် အောင်မြင်မှု ပန်းတိုင်ကို ဆုပ်ကိုင်နိုင်မှာ ဖြစ်ပါသည်။ ယခုတော့ တချို့စီးပွားရေးသမားများသည် ဖြစ်နိုင်သည်၊ မဖြစ်နိုင်သည်ကို အသိတရား ဖြင့် မစဉ်းစားနိုင်လောက်အောင် မက်လုံး များဖြင့် လုပ်ဆောင်နေကြသည်ကို မြင်တွေ့ ရမှာပဲ ဖြစ်ပါသည်။ အရင်နှစ်များထဲက နာမည်ကြီး ရေပန်းစားနေသော လင်ဇီး လုပ်ငန်းများပဲ ဖြစ်ပါသည်။ လူအများအား မန်ဘာများ ၀င်စေပြီး မန်ဘာ ၀င်ထားသူများက ထပ်မံ ဆွယ်တရားဟောကာ ၀င်ရောက်သူများ ရှိလာလျှင် ပွိုင့်များ တိုးပေးပြီး ကားပဲ ချက်ချင်း စီးနိုင်မည့် အနေအထားသို့ မက်လုံးများ ပေးနေသည်မှာ ခေတ်အတော် ကြာကြာကပင် ခေတ်စားနေပေသည်။

နောက်တစ်ဆင့်က သူများ စိတ်၀င်စားလား၊ မ၀င်စားလား၊ မန်ဘာ၀င်ချင်မှန်းမသိ ဘာမသိ စွတ်ရွတ်ပြောသောသူများလည်း ဖြစ်လို့လာတာကို တွေ့ရှိ နေရပါသည်။ ဟိုအရင် ခေတ်တုန်းကတည်းက ဒီလုပ်ငန်းမှာ မန်ဘာ၀င်ပြီး လုပ်နေသူ များသည် ၁၀နှစ် အကြာလည်း ဒီတိုင်းပဲ လိုင်းကား တိုးစီးနေသည်များကို မြင်တွေ့နေရသဖြင့် ဒီလုပ်ငန်းသည် အမှန်တကယ် လုပ်ဆောင်ခြင်းလော ဆိုတဲ့ သံသယ ဖြစ်မိနေပါသည်။ ကျွန်မ သူငယ်ချင်း တစ်ယောက် ၂၀၀၆၊ ၂၀၀၇ထဲက ဒီလုပ်ငန်းမှာ ၀င်ရောက်နေသည်မှာ မျက်မြင် ကိုယ်တွေ့ပဲ ဖြစ်ပါသည်။ အဲဒီ အချိန်ထဲက ကျွန်မကိုလည်း ဆွယ်တရား ဟောဖူးပါသည်။ ကျွန်မအနေနဲ့ ကိုယ်ပိုင်လုပ်အားနဲ့ အရည်အချင်းသာ အသုံးပြုနေသူ ဖြစ်သည့်အတွက် သူဘယ်လောက်ပဲ ပြောပြော နားမယောင်ခဲ့ဖူးပါ။ နောက် နှစ်ကာလအကြာမှာ ဂါနိုဆိုတာ ထပ်မံ ပေါ်ပေါက်လာပြီး ဒီလိုပဲ မန်ဘာ၀င်ပြီး ပစ္စည်း၀ယ်ရင် ဈေးလျှော့ပေးပြီး ထပ်မံ ကိုယ်ဟောနိုင်၊ ပြောနိုင်လို့ မန်ဘာ၀င်လျှင် ပွိုင့်များ တက်ပြီး ရွေှအဆင့်တို့ ငွေအဆင့် တို့အပြင် ပလယ်တီနမ် အဆင့်တို့ သတ်မှတ်ထားကြောင်း၊ ဘယ်အဆင့်ဆို ကားစီးနိုင်ပြီ ဆိုပြီး ဖြစ်ပေါ်လာပြန်ပါသည်။

ကျွန်မကို လာပြောသူများလည်း မောသွား လို့ သူတို့အပတ်စဉ် စည်းေ၀းပွဲလည်း လိုက်တက်ဖို့ ဖိတ်ခေါ် ပြန်ပါသည်။ ကျွန်မလို လူမျိုးက မသေချာလျှင် ဘာမှမလုပ်သော၊ ထီတောင် ပေါက်မှ ထိုးချင်သူ တစ်ဦးပင် ဖြစ်လို့ နေပါသည်။ ဒါကြောင့် ကျွန်မအနေနဲ့ အချိန်ကုန်ပြီး မသွားရောက်ခဲ့ခြင်းပင် ဖြစ်ပါသည်။ တစ်ခါတလေတော့လည်း သိချင်မိပြန်ပါသည်။ သူတို့ တကယ် ပေးတာလား၊ တကယ်ကော စားသုံး သူတွေ၊ မန်ဘာ ၀င်ထားသူတွေ အတွက် အကျိုးရှိတဲ့ ရလဒ်လားဆိုတာ မျက်မြင် မြင်ဖူးချင်မိပါသည်။ နောက် သုံးလေး နှစ်လောက်ကြာတော့ အရင်မန်ဘာ၀င်ပြီး ဒီလုပ်ငန်းတွေ လုပ်နေပါတယ်ဆိုတဲ့ သူငယ်ချင်းနဲ့ ပြန်တွေ့တော့ အခြေအနေ ဘယ်လိုရှိလဲဆိုတာကို မေးကြည့်မိပါသည်။ သူကတော့ စကားလှအောင် ကျွန်မကို ပြောရှာပါသည်။ ငါ အလုပ်မအားလို့ အဲဒီဘက်ကို မလှည့်နိုင်ဘူး ဖြစ်နေတယ် ဆိုတာပဲ ကြားခဲ့ရပါသည်။ နောက် အလုပ်သွားရင်း ကားပေါ် ခင်မင်နေသော အစ်မတစ်ယောက်က နိုင်ငံတကာ (၉)နိုင်ငံ ဆိုလားပဲ ဒီလုပ်ငန်းတစ်ခု ရှိတယ် ဆိုတာရယ်၊ မန်ဘာ၀င်လျှင် ကိုယ့်အတွက် ဘယ်လို အကျိုးရှိတယ် ဆိုတာကို အာ၀ဇ္ဇန်း ရွှင်ရွှင်ဖြင့် ပြောတာကို နားထောင်ခဲ့ရပြန်ပါသည်။

ဟုတ်ပြီ အစ်မ လုပ်နေတယ်ဆိုရင် ကျွန်မ မန်ဘာ၀င်လျှင် အစ်မ ပိုက်ဆံ အမြောက်အမြား ရမယ်ဆိုတာ တကယ် ဆိုရင် ကျွန်မ နာမည်နဲ့ အစ်မ ခုရထားတဲ့ ပွိုင့်တွေထဲက မန်ဘာကြေး သွင်းပေးပါလား ဆိုတော့ အီးအဲ လုပ်တော့ တာပါပဲ။ နောက် ကိုယ့်ကိုယ် ဆွယ်လို့ မရမှန်းသိတော့ ညီမက ခင်မင်သူ ပေါများတော့ နိုင်ငံတကာမှာကော ကျွန်မရဲ့ အသိရှိလား မေးလို့ ရှိတာပေါ့ အစ်မရဲ့။ နိုင်ငံတကာမှာ ခင်မင်သူတွေ ပေါမှပေါလို့ ပြောလိုက်တော့ အစ်မနဲ့ မိတ်ဆက်ပေးပါလားလို့ ပြောပါသေးသည်။ ဒီလို စီးပွားရေး တစ်ခု လုပ်တယ်ဆိုတာ အလွယ်ရမယ်လို့များ လူအတော်များများက သတ်မှတ် ထားသလားဆိုတာ စဉ်းစားမရ ဖြစ်နေမိသည်။

ဒီလိုသာ ရကြေးဆိုရင်တော့ ဘယ်အလုပ်မှ အပင်ပန်းမခံပဲ ဒီလုပ်ငန်းတစ်ခုပဲ တိုးတက် အောင်မြင်အောင် လူတိုင်းက တစ်စိုက်မတ်မတ် လုပ်ကြမယ်လို့လည်း မြင်မိပါသည်။ဒီလို လူမျိုးတွေ ဘယ်လောက်များ ရှိနေသလဲဆိုတာ စဉ်းစားနေမိတုန်း အလုပ်စ၀င်၀င်ခြင်း ၁၉၉၈ခုနှစ်ထဲက အလုပ်မှာ တူတူလုပ်ခဲ့တဲ့၊ ခင်မင်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဖေ့စ်ဘွတ်မှာ အမှတ်မထင် စကားပြော ဖြစ်သွားတော့ သူကတော့ စင်ကာပူမှာ ကျောင်းတက်ရင်း အလုပ်သွားလုပ်တယ်လို့ သိထားတော့ အဆင်ပြေမပြေ မေးကြည့် ဖြစ်ခဲ့သည်။ ဒီတော့ သူက သူငယ်ချင်း မိုက်ခရို ဖုန်းရှိလား၊ ဂျီတော့ကနေ နင်နဲ့ စကား ပြောမယ်ဆိုပြီး အဲမှာ စတွေ့ ပြန်ပါသည်။

သူအခု အလုပ်တစ်ခု လုပ်နေသည်။ ဒီအလုပ်က ဘာမှမပင်ပန်းပဲ အိမ်မှာနေရင်း ၀င်ငွေရသည်လို့ ပြောပါသည်။ ဒီတော့ ကျွန်မကလည်း ဒီလို အလွယ်တကူ ၀င်ငွေ တိုးမယ်ဆိုတော့ စိတ်၀င်စားပြီး မေးကြည့်မိတော့ ဘာမှအပန်းမကြီးဘူး မန်ဘာ ၀င်ထားရုံပဲလို့ ပြောပါသည်။ မြန်မာပြည်မှာ ခေတ်စားနေတဲ့ လင်ဇီး လိုမျိုးနဲ့ ဆင်တူနေပါသည်။ ဒါနဲ့ မန်ဘာ ၀င်ပြီးရင် ဘာလုပ်ရမှာလဲ ဆိုတော့ ထပ်မံပြီး မန်ဘာတွေ၀င်အောင် လုပ်ရင်လည်း ရတယ်။ ဒါမှမဟုတ် သူတို့ဆီက ပစ္စည်းလေးတွေ ၀ယ်ပြီး ပြန်ရောင်းလည်း ပွိုင့်တက်တယ်၊ နောက်ဆို တစ်သက်စား မကုန်ဘူးဟဲ့ဆိုတော့ ဟုတ်လားပေါ့။

မန်ဘာကြေးက ဘယ်လောက်လဲ မေးကြည့်မိတော့ သိပ်မများပါဘူး သူငယ်ချင်းရဲ့ မန်ဘာ တစ်ခါ၀င်ရင် ဒေါ်လာ သုံးထောင်လို့ ပြောပါတော့သည်။ အောင်မလေးလို့သာ အော်မိပါတော့သည်။ ဟဲ့ ငါတို့ မြန်မာပြည်မှာတောင် လင်ဇီး လုပ်ငန်းတို့၊ ဂါနို လုပ်ငန်းတို့လည်း မန်ဘာ ၀င်တာ တစ်ခါ၀င် ငါးထောင်တောင်၊ ငါ ပိုက်ဆံ အပိုကုန်စရာ အသုံးစရိတ်မရှိလို့ မ၀င်ဘူးဟဲ့ နင့်လုပ်ငန်းကို ၀င်မယ့် မန်ဘာကြေး ဆိုရင်တော့ ငါမှာ အဲလောက် ရှိရင်တောင် မြန်မာပြည်မှာ ကိုယ်ပိုင် လုပ်ငန်းလေးတစ်ခု လုပ်ချင်မိတယ် သူငယ်ချင်းရယ်လို့ ပြန်ပြောမိပါသည်။ ဒီတော့ သူငယ်ချင်းက လေသံ လျှော့သွားပြီး နင်မ၀င်လည်း နင့်သူငယ်ချင်းတွေကို ပြောပေးလေ ပြောပြန်ပါသည်။

မြန်မာပြည်က လူတွေက အဲလောက်တော့ ဘယ်သူက ၀င်နိုင်မှာလဲဟာ နင်ပဲ စဉ်းစားကြည့်တော့ အများအားဖြင့်က မိသားစုအတွက် ထမင်း နပ်မှန်အောင် စားနေကြသူတွေကြီးပဲ ဆိုတာ နင်လည်း သိနေတာပဲ။ အေးပါဟာ နင်ချမ်းသာလာရင်ပဲ ငါ ၀မ်းသာလှပါပြီ ပြောပြီး ငါပြန်တော့မယ် အတော် မိုးချုပ် နေပြီဟ ဆိုပြီး စကားစဖြတ် အင်တာနက် ဆိုင်ကနေ ထပြန်လာမိပါသည်။ဟော သိပ်မကြာဘူး။ အလုပ် တူတူ လုပ်တဲ့ ညီမတစ်ယောက်က အဲဒီ မန်ဘာ၀င်တဲ့ အကျိုးကျေးဇူးက ဘယ်လိုဆိုတာ၊ မန်ဘာ၀င်ထားပြီး ပစ္စည်းတွေ ၀ယ်သုံးရင်လည်း ပုံမှန် ၀ယ်တဲ့သူတွေထက် ဈေးနှုန်း သက်သာတယ် ဆိုတဲ့အကြောင်း ပြောလာ ပြန်ပါသည်။ အင်း အတော် အလုပ် ဖြစ်တဲ့ လုပ်ငန်းပဲလို့လည်း တွေးမိပါသည်။ ဒီလုပ်ငန်း မန်ဘာ၀င်ပြီး သူများသည် အတော် အပြောအဟော ကောင်းလှပြီး တစ်ဖက်သားကို ကျလောက်အောင် ပြောနိုင်စွမ်း ရှိကြသူများ ဖြစ်တဲ့အတွက် ကိုယ်သာ လုပ်ငန်းခွင်တွေမှာ ဒီလို အပြော အဆိုများနဲ့ အသုံးချကြမည် ဆိုရင်ဖြင့် မားကက်တင်း မန်နေဂျာ ရာထူးအဆင့်မှ လျှော့ကျမည် မဟုတ်ကြောင်း ပြောရင်းဖြင့် မက်လုံးများနဲ့ စီးပွားရေးလောကမှာ ဘယ်သူတွေ မက်လုံးများနှင့် ကားထည်လဲ စီးနေနိုင်ပြီလဲ ဆိုတာ သိချင်မိသဖြင့် မေးမြန်း စပ်စုမိသမျှ ရေးသား တင်ပြ လိုက်ရခြင်းပင် ဖြစ်ပါတော့သည်။

Ma Naw Phyu Lay
အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။