နေပြည်တော်မှာတုန်းက မဒမ်ဘအေး က ကျူရှင်ကို အိမ်မှာပဲသင်တယ်။ သုံးတန်း ကနေ ရှစ်တန်းအထိ ရှိတယ်။ တစ်ခါတစ်လေ သူငယ်တန်းကလေး လာအပ်တာမျိုးလည်း ရှိတယ်။ သမီးက ပထမတန်း စတက်မှာဆိုတော့ သမီးအခန်းက ကလေးတချို့လည်း လာတက်ကြတာပေါ့။ ပထမပိုင်းမှာ မဒမ်ဘအေးလည်း အတန်းပိုင် ယူလိုက် သေးတယ်။ ငါးတန်း အတန်းပိုင်နဲ့ ရှစ်တန်းကို တွဲသင်ရတယ်။ နောက်ပိုင်းမှာ ဘာသာရပ်မှူး (Dean) လုပ်ရပြီး အတန်းပိုင် မယူတော့ပေမယ့် ငါးတန်း တုန်းက ကလေးတွေက ကိုယ့်ဆီမှာပဲ ဆက်တက်ကြတယ်။ သူတို့ အတန်းပိုင် ဆီမှာပဲ သွားတက်ကြဆိုတာ တချို့က ပြောမရဘူး။ ဒီဆရာမမှ ဆရာမပဲ။ မဒမ်ဘအေးကလည်း (ကိုယ့် ယောဘွန်း (ဇနီး)မို့ ပြောတာ မဟုတ်ပါဘူး) အသင် အပြ ကောင်းတယ်၊ စေတနာပါပါ အာဘောင် အာရင်းသန်သန်နဲ့ သင်တာ (ကျောင်းမှာလည်း ဒီအတိုင်း သင်တာပါ) ကလေးတွေကလည်း ချစ်ကြတယ်။ ပြောရရင် အစပိုင်း နှစ်တွေမှာတော့ ဆယ့်လေးငါးယောက် အယောက် နှစ်ဆယ်လောက် ရှိတယ်။ ညနေ (၅)နာရီကနေ (၇)နာရီအထိ သင်တယ်။ နောက်ပိုင်းမှာ သုံးဆယ်လောက် ဖြစ်လာတော့ နှစ်ချိန်ခွဲ လိုက်ရတယ်။ (၄)နာရီကနေ (၆)နာရီအထိ တစ်ချိန်၊ (၆)နာရီကနေ ည (၈)နာရီ အထိ တစ်ချိန်၊ ကျောင်းဆင်းတာနဲ့ ကလေးတွေက ဆရာမနဲ့ တစ်ခါတည်း ပါလာကြပြီ။ ကိုဘအေး ရုံးက ပြန်လာရင် နေစရာ မရှိဘူး။ ကိုယ့်အိပ်ခန်းထဲကိုယ် အောင်း နေရတယ်။

ဟဲ ဟဲ…။ ကိုဘအေးတို့တော့ ပိုက်ဆံတွေ ထားစရာ မရှိတော့ဘူး။ အဲသလို မထင်လိုက်ပါနဲ့လို့။ အဲဒီတုန်းက တစ်ယောက်ကို သုံးထောင်ပဲ ယူတာပါ။ ကျူရှင်ခ ဒီထက် ပိုယူရင်လည်း တစ်ယောက်မှ လာတက်ကြမှာ မဟုတ်ဘူး။ ကလေးတွေက အောက်ခြေ ဝန်ထမ်း သားသမီးတွေ များတယ်။ နောက်လမှ ပေါင်းယူပါ။ တို့အဖေ ဆီရောင်းပြီးမှ ယူပါတို့က ရှိသေးတယ်။ သိပ်အခက်အခဲ ရှိတဲ့ ကလေးဆိုရင်လည်း မဒမ်ဘအေးက Free သင်ပေးတာပါ။ တချို့က ရှိတယ်။ ဦးလေးတွေ၊ အဒေါ်တွေက ကျောင်းထား ပေးရတာတို့ အဖေ၊ အမေ မရှိတော့လို့ အဘွားဖြစ်သူကပဲ ကျောင်းထားပေးရ တာတို့ တတ်နိုင်သလောက် ပညာဒါန ပြုရတာပေါ့လေ။
နောက်ပိုင်း လစာတွေတိုးတဲ့အခါ ကျတော့ နည်းနည်း ပိုတောင်းရတာပေါ့။ နေပြည်တော်မှာက စရိတ်စကကြီးတယ်။ ဝန်ထမ်းအိမ်ရာတွေမှာ နေရတော့ အိမ် လခ မကုန်ဘူး။ မီတာခ (၄နှစ်လောက် အထိ) မဆောင်ရဘူး။ ရေဖိုးတောင် နောက်ပိုင်းမှ ပေးရတာ။ ဒါပေမယ့် စားစရိတ်က ကြီးတယ်။ ဒီမှာ ကောက်ညှင်းပေါင်း တစ်ရာဖိုးက ဟိုမှာ နှစ်ရာ ဖိုးလောက် ရှိတယ်။ ဟောလိဝုဒ် ပေါင်မုန့် ထောပတ်သုပ် နှစ်ချပ်တွဲလေး တစ်ထုပ်က ဒီမှာ တစ်ရာပဲ ရှိတယ်။ ဟိုမှာ နှစ်ရာ ပေးရတယ်။ စားစရိတ် နှစ်ဆကုန်တဲ့ သဘောပေါ့နော်။ ကိုဘအေး တို့လည်း ထမင်းစားကြသူများ ဖြစ်နေတော့ ကျူရှင်ခလေး နည်းနည်းတိုး ရတာပေါ့။ တချို့ဆိုရင် သောင်းကဏန်း အထိ ယူတာပါ။ ဒီမှာတောင် တစ်နေရာနဲ့ တစ်နေရာ မတူဘူး။ ဒီယုဇနမှာ သမီး ကျူရှင်ခ တစ်သောင်း လေးထောင် ပေးရပြီး၊ မဒမ်ဘအေးတို့ သာကေတမှာ တစ်ယောက် ခြောက်ထောင်ပဲ ရပါတယ်။

တကယ်တမ်း ကိုဘအေး ပြောချင် တာက ကျူရှင် အကြောင်း မဟုတ်ပါ။ ကျူရှင်တွေ ရှိတာ ကောင်းတယ်။ ကျူရှင်တွေ မရှိတာ ကောင်းတယ်ဆိုပြီး၊ စကားနပန်းနဲ့လည်း အငြင်းမပွားလိုပါ။ အိမ်မှာ ကျူရှင် လာတက်တဲ့ ကလေး တွေရဲ့ အမူအကျင့်တွေနဲ့ ပတ်သက်ပြီး အကဲခတ်ခွင့်၊ သိခွင့်ရတာလေးကို ပြောချင်တာပါ။ ကိုယ်က သမီး တစ်ယောက်ထဲ မွေးထားတာ ဆိုတော့ သူ့ရဲ့ အမူအကျင့် တစ်မျိုးပဲ သိရတယ်။ အခုကျတော့ အတန်းစုံ အရွယ်စုံ ဆိုတော့ ကလေးတွေရဲ့ အမူအကျင့် အမျိုးမျိုးကို ကိုဘအေး သိခွင့်ရ လာတယ်။ ကိုဘအေးက ကလေး စိတ်ပညာရှင်တော့ မဟုတ်ပါ။ ဟိုဖတ် ဒီဖတ် လေ့လာထားမိတာလေးတွေနဲ့ တိုက်ဆိုင် သုံးသပ် ကြည့်မိတာပါ။
အမူအကျင့်နဲ့ ပတ်သက်လို့က ကလေးတိုင်းမှာရော၊ မိဘတိုင်းမှာရော၊ ဆရာ၊ ဆရာမတိုင်းမှာရော ပြဿနာတွေ ရှိတယ်လို့ ဆိုပါတယ်။ ကလေး တစ်ယောက်ရဲ့ အမူအကျင့် ပြဿနာက ပဋိပက္ခ တစ်ခု ပုံစံမျိုး ဖြစ်တယ်။ ဘယ်လို ပဋိပက္ခလဲ ဆိုတော့ သူ့ရဲ့ ဖံွ့ဖြိုးလာနေတဲ့ ပင်ကိုယ် စရိုက် သဘာဝအခံရယ်၊ သူ့ရဲ့ မိဘ၊ ဆရာသမားနဲ့ မွေးချင်းတွေရယ်၊ သူ ထိတွေ့ ဆက်ဆံနေတဲ့ ပတ်ဝန်းကျင်က လူတွေရဲ့ စရိုက်တွေ ကြားကနေ ပေါက်ပွားလာတဲ့ ပဋိပက္ခပဲ ဖြစ်ပါတယ်။ ဒါကို နားလည်နိုင်ဖို့အတွက် အမူအကျင့် ဆိုတာရဲ့ အခြေခံကို ဆန်းစစ်ကြည့် ရပါမယ်။

ကလေးတွေရဲ့ အမူအကျင့်က ဘယ်အချိန်ကတည်းက စသလဲ မေးရင် ဒီကလေး မမွေးခင်ကတည်းကလို့ပဲ ဖြေရပါမယ်။ နားရှုပ်သွားပြီ ထင်ပါတယ်။ ဒီလိုပါ သူ့ကို မွေးမယ့် မိဘနှစ်ပါးရဲ့ ငယ်ဘဝ၊ သူတို့ ခံစားရရှိခဲ့တဲ့ မိသားစု ဘဝအမျိုးအစား၊ သူတို့ ကြုံတွေ့ ယဉ်ပါးခဲ့ရတဲ့ အချစ်နဲ့ လုံခြုံ နွေးထွေးမှုတွေက စပါတယ်။ ဆိုကြပါစို့၊ ချစ်ခင်ယုယမှုကို မခံစား ခဲ့ဖူးတဲ့ ကလေးတစ်ယောက်အနေနဲ့ သူကြီးပြင်းလာတဲ့ အခါမှာ ချစ်ခင် ယုယမှုတွေကို ခံစားရကောင်းမှန်း၊ သူများကိုလည်း ပြန်ပြီး ချစ်ခင် ယုယ ကောင်းမှန်း ဘယ်သိနိုင်ပါတော့မလဲ။ မိဘတွေ ကိုယ်တိုင်ရဲ့ ငယ်ဘဝတွေက သာသာယာယာ မရှိခဲ့ဘူး ဆိုရင်လည်း သူတို့ရဲ့ သားသမီးတွေအပေါ်မှာလည်း ဂရုတစိုက်နဲ့ ပြုစု ယုယကောင်းမှန်း မသိနိုင်တော့ပြန်ပါဘူး။

မိဘတွေရဲ့ သားသမီးအပေါ် ထားရှိတဲ့ သဘောထား ဆိုတာဟာ သူတို့ တစ်ဘဝလုံး ကြုံဆုံရတဲ့ အတွေ့အကြုံ အလုံးစုံရဲ့ အမြုတေ ဖြစ်ပါတယ်။ မိဘတွေရဲ့ စရိုက်တွေဟာ ကလေးတွေမှာလိုပဲ တစ်စိတ် တစ်ပိုင်းက သူတို့ မိဘတွေဆီက အမွေရထားတာ၊ တစ်ိတ်တစ်ပိုင်းကို သူတို့ရဲ့ ပတ်ဝန်းကျင်က ပြုပြင် ထုတ်လုပ် စီမံ ပေးလိုက်တာပါ။ သူတို့ရဲ့ စရိုက်ကို သူတို့ရဲ့ အိမ်တွင်း ဘဝ၊ သူတို့ ဆက်တိုက် ကြုံဆုံခဲ့ရတဲ့ အတွေ့အကြုံတွေက ပုံသွင်းပေးလိုက်တာ။
ဆိုတော့ကာ တစ်သက်လုံး အရိုက်အနှက်ခံ၊ အနှိပ်စက်ခံ လာခဲ့ရတဲ့ ကလေးတွေက မိဘဖြစ်လာတဲ့အခါ သူတို့ သားသမီးတွေကိုလည်း ဆုံးမတယ်၊ ဆုံးမတယ်ဆိုပြီး ရိုက်နှက် နှိပ်စက်ဖို့ ဝန်မလေးတော့ဘူး။ မိဘရယ်လို့ ဖြစ်လာမယ့် လူတစ်ယောက်ကို သူမွေးဖွား ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်ရဲ့ လူနေမှု အဆင့်အတန်း၊ သူ့မိဘရဲ့ စရိုက် သဘာဝတွေ၊ စိတ်နေ စိတ်ထားတွေ၊ သူရရှိ ခံစားခဲ့ရတဲ့ လုံခြုံမှုနဲ့ ချစ်ခြင်း မေတ္တာတွေက ရိုက်ခတ် ထားနှင့်ခဲ့ပြီး ဖြစ်ပါတယ်။

မိဘတွေရဲ့ အိမ်ထောင်ရေးကလည်း သားသမီးရဲ့ စရိုက်အတွက် အများကြီး အရေးပါနေတတ်ပါတယ်။ မိဘတွေရဲ့ အသက်အရွယ်၊ ယောက်ျားလေးမှ မိန်းကလေးမှစတဲ့ ကလေး လိုချင်မှု အတိုင်းအဆ၊ သားသမီး မရဘဲ ဘယ်လောက် ကြာကြာ နေခဲ့ကြသလဲ။ အိမ်ထောက်သက် အတော်ကြာမှ မွေးတဲ့ ကလေးတစ်ယောက်ကို လိုတာထက် ပိုပြီး ဂရုစိုက်တတ်ကြ၊ စိတ်ပူတတ်ကြ၊ အဖြစ်သည်း တတ်ကြတယ်။ မိဘမေတ္တာ ပေါ့။ ဒါပေမယ့် အဲသလို အလွန်အကျွံ ပူပန်ပြီး အလွန်အကျွံ ဂရုစိုက်ခံရတဲ့ ကလေးဟာ ဥပါဒါန်ကြောင့် တစ်ချိန်လုံး ဥပါဒ်ရောက်နေတဲ့ ချူချာသည်လေး ဖြစ်သွားတတ်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် အိမ်ထောင်ရေး အဆင်မပြေတဲ့ မိဘတွေကျတော့လည်း လင်မယား နှစ်ယောက်ရဲ့ တစ်ဦးပေါ် တစ်ဦး မကျေနပ်မှုတွေက သားသမီး အပေါ် ပုံကျပြီး ဒီကလေးက ဂြိုလ်ကောင်လေး ဖြစ်သွားရော။ နောက်ပြီးတော့ ရှိသေးတယ်။ နေ့နံ အစွဲတွေပေါ့။ ဘာနေ့သား ကတော့ မကောင်းဘူး။ ဘာနေ့သမီး ကတော့ မကောင်းဘူးဆိုပြီး အဲဒီနေ့နံမှာ မွေးလာတဲ့ ကလေးတွေအပေါ်မှာ ကြိုတင် သတ်မှတ်ချက်တွေ ထားပြီး ဇွတ်အတင်း ပုံဖော်ရိုက်သွင်း လိုက်တာမျိုးတွေ ရှိတယ်။ သားဦးစနေ မီးလိုမွေှ ဆိုတာမျိုးပေါ့။ အမှန်က ခုနှစ်ရက် သားသမီးတွေ အားလုံးဟာ နဂိုမူလတုန်းက အရိုးခံ အဖြူထည် သက်သက်တွေချည်းပါပဲ။ မိဘလုပ်တဲ့ သူတွေက ကြားဖူးနားဝနဲ့ရော၊ မိရိုးဖလာ အစွဲကြောင့်ရော၊ ဘာနေ့သား ဆိုတဲ့ တံဆိပ်ကလေးတွေ ကပ်ပေးပြီး သူတို့ ထင်ရာမြင်ရာ စရိုက်တွေကို ဇွတ်ကြီး၊ မင်းက ဘာနေ့သား ဆိုတော့ ဘာဖြစ်တာပေါ့ ဆိုတာကို ကြုံရင်ကြုံသလို ရိုက်သွင်း ပေးလိုက်တော့ ခံရတဲ့ ကောင်မှာလည်း ဟုတ်နေသလိုလို ဘာလိုလိုနဲ့ သူတို့ ရိုက်ထည့်ထားတဲ့ စရိုက်ကလေးအတိုင်းမှ မနေရင်ဘဲ ကိုယ့်နေ့နံ ဂုဏ်သိက္ခာ ထိခိုက်သွားတော့ မှာ စိုးသလိုလိုနဲ့ လိုက်ပြီး အီယောင် ဝါးနေရင်း ဖြစ်ကုန်ကြတာပါ။
တချို့စရိုက်ကြမ်းတဲ့ ကလေးတွေကို ကြည့်ရင် မိဘတွေ ကိုယ်တိုင်က ကိုယ်အမူအရာ၊ နှုတ်အမူအရာ ကြမ်းတမ်းတဲ့သူတွေ ဖြစ်နေတတ်သလို တချို့ကလည်း ပတ်ဝန်းကျင်က အဲဒီလို စရိုက်ကြမ်းတဲ့ ပတ်ဝန်းကျင်မျိုး ဖြစ်နေတတ်ပါတယ်။

နေရာတိုင်းမှာ စုန်းပြူးဆိုတာ ရှိတတ် စမြဲမို့ အိမ်မှာ ကျူရှင်လာတတ်တဲ့ ကလေးတွေထဲမှာလည်း နည်းနည်း ပါးပါး ဆိုးတဲ့ကလေး တစ်ယောက် နှစ်ယောက်လောက်တော့ ပါလာ တတ်ပါတယ်။ ငှက်ပျောပင် စိုက်မိ လိုက်သောဆိုတဲ့ စကားလိုပဲ ကိုယ့်ကြောင့် ကိုယ့်မိဘတွေ ထိပါး ပြောဆိုခံရတတ်ကြောင်း မဒမ်ဘအေးက နားလည်အောင် ပြောပြရင်းနဲ့ ဆုံးမ သွန်သင်ရတာပါပဲ။
ကလေးတွေရဲ့ အမူအကျင့်၊ ဓလေ့ စရိုက်နဲ့ ပတ်သက်လို့ သူတို့ ကြီးပြင်းလာတဲ့ ကာလ အပိုင်းအခြားအလိုက် အကြောင်း တရား အမျိုးမျိုး၊ အခြေအနေ အမျိုးမျိုး ရှိပါတယ်။ ကိုဘအေးလည်း သုတေသန ပညာရှင် မဟုတ်တော့ (သုတေသနလည်း လုပ်နိုင်စွမ်း မရှိပါ) ကိုယ် လေ့လာထားမိ သလောက်လေး တင်ပြထားတာပါ။ မိဘလုပ်မယ့် သူတွေလည်း ဆင်ခြင်နိုင်စွမ်း ရှိကြပါစေ။ (ဆူဒိုနင်ရဲ့ သားငယ် သမီးငယ်များ ပဲ့ပြင် ထိန်းကျောင်းခြင်း အနုပညာ ဆိုတဲ့ စာအုပ်ကို ပေးဖတ်တဲ့ အပျိုကြီး ဆရာမ ဒေါ်ခင်အေးမြင့်အား ကျေးဇူးတင်လျက်)