အခုတလော လူငယ်တွေအတွက်ပဲ ပြောချင်တာတွေ ပြောနေလို့ မဖြစ်သေးဘူး။ လူကြီးတွေကိုလည်း နည်းနည်း ပြောချင်မိတယ်။ လူကြီးဆိုတာမှာ အသက်ကြီးတဲ့ လူကြီးပိုင်းတွေထက် အသက်ပြည့်လို့ ပင်စင် ယူလိုက်သူတွေ၊ နောက် သက်ပြည့် မဟုတ်ဘဲ ကျန်းမာရေးအခြေအနေကြောင့် ဆေးပင်စင် ယူလိုက်သူတွေအတွက် အဓိကထား ပြောချင်တာပေါ့လေ။ ဒီလို ပြောလို့လည်း မနောကလူကြီးပိုင်း ရောက်နေလို့ စောဒက တက်တာလား ဒါမှမဟုတ် လူကြီးကို ဆရာ လုပ်တာလား ဆိုတာလည်း မဟုတ်ပြန်ပါဘူး။ တွေ့တာ၊ မြင်တာ၊ သိတာလေးတွေ မျှေ၀ချင်လို့ စကားဦး သန်းရခြင်း ဖြစ်ပါတယ်။

အင်း… တချို့က အသက်ကြီးလို့ ငါ ပင်စင်ယူလိုက်ရပြီ ငါ ဘာမှ မလုပ်နိုင်၊ မကိုင်နိုင်တော့ဘူးဆိုတဲ့ စိတ်အတွင်းကို တွေးမိတတ်ကြပါတယ်။ အဲဒီလို တွေးလိုက်တာနဲ့ စိတ်ကျရောဂါဆိုတာ အလိုလို ရင်ထဲကို ၀င်ရောက်လာပါ တော့တယ်။ အိမ်မှာဆိုလည်း အိမ်မှာ အလျောက် လူပိုကြီးလို ဖြစ်နေတတ် ကြပြန်ပါတယ်။ နောက်တစ်ချက် မိသားစုနဲ့ သားတွေ၊ သမီးတွေနဲ့ နေတဲ့ ပင်စင်စားတွေဆို ပိုဆိုးသေးတယ်။ အိမ်က အမျိုးသမီးက မနက်မိုးလင်းလို့ မျက်စိနှစ်လုံး ပွင့်တာနဲ့ “တော် မထသေးဘူးလား။ အလုပ် မရှိဘူးဆိုပြီး အပျင်းထူ မနေနဲ့၊ တော့် သမီးတောင် အလုပ်သွားပြီ”၊ ဆိုင်ဖွင့်တဲ့ သူတွေကျတော့ “တော့် သားတောင် ဆိုင်သွား ဖွင့်နေပြီ”ဆိုတဲ့ အသံဗလံ တွေကို မနက်မိုးလင်းတာနဲ့ စတင် ကြားရပါတော့တယ်။ ဟုတ်တယ်မလား။ မနောက သိပ်သိတာ မဟုတ်ဘူး။ ဖြစ်နိုင်တာတွေကို ပြောကြည့်တာ။ ပင်စင် စနားချိန်ကတော့ ငါ အနှစ် (၄၀)လောက်တောင် အလုပ် လုပ်တာ အခုတော့ အေးအေးဆေးဆေး နားရတော့မှာ ပါလားလို့လည်း တွေးကောင်း တွေးကြပါ လိမ့်မယ်။ နှစ် (၄၀) ဆိုတဲ့ အားက သေးတာ မဟုတ်ဘူး။ ကိုယ်ရဲ့ ကျန်ရှိနေတဲ့ အချိန်တွေကို ဒီတိုင်း အေးအေးဆေးဆေး နားပြီး နေနိုင်မယ်လို့ သင် ထင်နေသလား။

ဘာကြောင့် ဒီလို ပြောရသလဲဆိုတော့ အရွယ်ရောက်လာတာနဲ့ အလုပ်နဲ့ လက် မပျက်အောင် လုပ်နေသူ တစ်ယောက် အတွက် ကျန်ရှိနေတဲ့ အချိန်တွေကို ဒီအတိုင်း ဖြတ်သန်းဖို့ဆိုတာ နေနိုင်မယ် မထင်လို့ပါပဲ။ အတော်ခဲယဉ်းပါတယ်။ ဒီလို ပင်စင်စားတွေ မပြောနဲ့ အခု လက်ရှိမှာ အလုပ် လုပ်နေတဲ့ မနောတောင် တစ်ပတ်လောက် နေမကောင်း ဖြစ်ကြည့် အလုပ် မလုပ်ရတော့ နေမထိ ထိုင်မသာ ဖြစ်မိပါတယ်။ မနော ကြုံဖူးတဲ့ အန်ကယ်ကြီး တစ်ယောက် ဆိုရင် သူက ပင်စင်ယူလိုက်တာ မကြာသေးတော့ မနက်မိုးလင်းရင် အိမ်က ထွက်နေကြအတိုင်း ထွက်ရမှ ကျေနပ်တတ်သူ တစ်ဦးပါပဲ။ ဒီတော့ သူက အလုပ်ကလည်း မရှိဆိုတော့ ၁၉၉၈ – ၉၉ လောက်က အရင် လုပ်ခဲ့တဲ့ ကွန်ပျူတာ သင်တန်းကျောင်းမှာ သူဌေးရဲ့ သူငယ်ချင်း ဖြစ်နေတော့ မနက် မိုးလင်းတာနဲ့ ကျောင်းကို အဲဒီ အချိန်လောက်က ပါဂျဲရိုးကားက လူတိုင်း စီးနိုင်တာ မဟုတ်ဘူး။

သူက ပါဂျဲရိုး ကားကြီးနဲ့ ကျောင်းရှေ့ ကားရပ်လိုက်တာနဲ့ ဆင်းလာ၊ သူ့နောက်က ကားမောင်းပေးတဲ့ သူက သူ့ရဲ့ လက်ကိုင်အိတ် အကြီးကြီးကို သယ်လာပေးတယ်။ အဲဒီ အန်ကယ်ကြီးက စာသင်ခန်းထဲ ရောက်ရင် ရှေ့ဆုံးခုံမှာ ၀င်ထိုင်တယ်။ ရှေ့ဆုံးခုံမှာ ထိုင်ပြီး မျက်မှန် တပ်ထားတဲ့အပြင် မတ်တတ် ထရပ်ပြီး စာကူးတာ ရှိသေးတယ်။ နောက်မှာ ထိုင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေက ခေါင်းကို ဘယ်ယိမ်း ညာယိမ်း လုပ်ပြီး လိုက်ကြည့် နေကြရတာပေါ့။ နောက် အိတ်လာပို့တဲ့ သူ့ကား မောင်းပေးသူကို လက်ထဲက ကိုင်လာတဲ့ ပိုက်ဆံအိတ်ကြီးထဲကနေ ၅၀၀ ကျပ်တန် တစ်ရွက် ထုတ်ပေးတယ်။ ဒါကတော့ နေ့စဉ်နဲ့အမျှနော်။ တစ်ရက် ကျန်တဲ့ ဆရာတွေ ဆရာမတွေကတောင် နောက်သေးတယ်။ ကျွန်မကို အိတ်သွားသယ်ပေး လိုက်ပါလားတဲ့။ တစ်နေ့ ၅၀၀ ကျပ်ရလည်း မဆိုးဘူးတဲ့။ အမယ်လေး မရရင်လည်း နေပါစေ သူ့အိတ် သယ်ပေးလိုက်လို့ အိတ်ပိ သေနေပါဦးမယ်လို့တောင် နောက်လိုက် ပါတယ်။

ကိုယ်ကလည်း လူကောင်က သေးတာကိုး။ ဒါကို ဆရာတွေ ဆရာမ တွေက ထပ်ပြီး ပြောပြန်ပါတယ်။ ကလေးပီပီ သွားကြည့်ပါလား၊ အဲဒီ အိတ်ကြီးထဲမှာ ဘာတွေပါလဲဆိုတာ သိချင်လို့တဲ့။ ကိုယ်ကလည်း ဘယ် နေပါ့မလဲ။ နောက်ရက်လာတော့ သူ့တပည့်ကို လူတွေကြားထဲမှာ ပိုက်ဆံ ထုတ်ပေးပြီး သူ့အိတ်ကြီးကို ဖွင့်တဲ့အချိန် အနားမှာ သွားပြီး ရစ်သီရစ်သီ လုပ်ကြည့်တော့ အိတ်အကြီးကြီးထဲမှာ ဘာတွေများလဲလို့၊ ပါလာတာတွေက သူ့ရဲ့ တိုက်ပုံအကျႌ တစ်ထည်ရယ်၊ (အစိုးရ ၀န်ထမ်း လုပ်ခဲ့တော့ တိုက်ပုံက အမြဲ သယ်တယ်လေ)၊ ကျောင်းက ပေးတဲ့ စာရွက်စာတမ်း၊ စာအုပ်ရယ်ပဲ ပါလာတာ တွေ့ရတယ်။ အမယ်လေး အတော်များ လေးနေလားလို့တောင် ထင်မိတာ မှားသွားတယ်လေ။ နောက်ရက် ရောက်တော့ သူ့သားသမီးတွေ လိုက်လာပြီး ဆရာတွေ ဆရာမတွေကို ဘယ်နှယောက်ရှိသလဲ သူတို့ ဒံပေါက် ၀ယ်ကျေွးချင်လို့ပါတဲ့၊ သူ့အဖေက ပင်စင် ယူထားတာ မကြာသေးတော့ ဒီလိုပဲ သွားနေမှ စိတ်ချမ်းသာတာ ဆိုတော့ ဒီကို ဒုက္ခပေးသလိုများ ဖြစ်နေပြီလား ဆိုပြီး ပြောပါတော့တယ်။ အားနာလို့ ၀ယ်ကျေွးတာ ဖြစ်မယ် ထင်ပါတယ်။ အနှစ် (၄၀)ရဲ့ အကျင့်က ချက်ချင်းကြီးတော့ ဘယ် ပြင်လို့ ရမလဲနော်။ ကိုယ်လည်း အသက် မကြီးသေးပေမယ့် ကိုယ်ချင်းစာ ကြည့်မိတာပါ။

ဒီလို လူမျိုးတွေ ဘယ်လောက်တောင် ရှိနေသလဲဆိုတာ စဉ်းစားကြည့်မိတာ ပေါ့လေ။ တချို့ကျပြန်တော့ အိမ်မှာ နေရင် ပျင်းလို့ဆိုပြီး အိမ်လည်ပြီး သူများ အကြောင်း ကြားလာတာကို ဖောက်သည် ချတဲ့သူတွေလည်း ရှိသေးရဲ့။ ဒီ့ပြင် ဘာမှ လုပ်စရာ မရှိလို့ အကြောင်းပြပြီး ငွေကုန် အချိန်ကုန်ခံပြီး အရည်မရ အဖတ်မရ နှစ်လုံး၊ သုံးလုံး ထီလည်း ကံစမ်းနေကြတာတွေလည်း အတော် များများ ရှိနေမှာပါ။ ပိုက်ဆံ မရှိရင်လည်း ချေးငှားပြီး၊ ပင်စင်ထုတ်ရင် ပြန်ပေးမယ် ပြောတဲ့ သူတွေလည်း ဒုနဲ့ဒေးပဲ။ ကိုယ့်မှာက ကျောထောက် နောက်ခံက မရှိ၊ ပင်စင်စာအုပ်ကို ပေါင်ပြီး နှစ်လုံး၊ သုံးလုံး လုပ်တဲ့သူတွေလည်း ရှိပြန်သေးတယ်။ တချို့ကျပြန်တော့ စား၀တ်နေရေး အဆင်မပြေတော့ အငြိမ်းစား ယူထားလည်း ဒီ့ပြင် အလုပ်ပြန်၀င် လုပ်ကြသူတွေလည်း ရှိပါသေးတယ်။

အများအားဖြင့်က လုပ်လာတဲ့ အလုပ်ပေါ် မူတည်ပြီး၊ ဥပမာ ဘဏ်မှာ နှစ်ရှည်လများ လုပ်လာသူက အငြိမ်းစားလည်း ယူပြီးရော ဘဏ်သင်တန်းလေးတွေမှာ နည်းပြ ပြန်လုပ်သူနဲ့၊ အသိထဲမှာဆို အပြာ၀တ်နဲ့ သူနာပြု လုပ်လာတာ၊ အလုပ်လည်း နားရော သူနာပြု သင်တန်းလေးတွေ ဆရာဖြစ် ပြန်၀င် လုပ်ကြတာကို တွေ့ရှိရပါတယ်။ အရွယ်သုံးပါးမှာ ပထမအရွယ်က ပညာရှာ၊ ဒုတိယ အရွယ်က စီးပွားရှာ ဆိုတော့ အခု အငြိမ်းစား ယူလိုက်တဲ့ အချိန်ကျတော့ တတိယအရွယ် ဖြစ်နေပြီလေ။ ဒီတော့ တရားရှာတဲ့ဘက်ကို ပိုပြီး အာရုံစိုက်ဖို့ လိုလာပြီလို့ ထင်မြင်မိပါတယ်။ ဘ၀မှာ နေတတ်ဖို့ လိုသလို သေတတ်ဖို့ကိုလည်း လူသားတိုင်း ပြင်ဆင်ကြရမှာ ဖြစ်ပါတယ်။ ဒီတော့ အငြိမ်းစားတွေ ငြိမ်းပြီလားလို့ မေးစရာ ရှိလာပါတယ်။ အမှန်တကယ်တော့ ဘယ်သူမှ မငြိမ်း နိုင်ကြသေးဘူးလို့ ထင်ပါတယ်။ အလုပ်ကသာ နားလိုက် ရတယ်။ အိမ်မှာ လူပိုလို့ ခံစားရသလို အရင်ဆုံး ဖြစ်မိတတ်ကြလို့ အအား မနေဘဲ မြေးတွေကို ကျောင်းပို့ ကျောင်းကြို လုပ်တဲ့ သူတွေလည်း ရှိနေတယ် မဟုတ်လား။ အမှန်တကယ် ငြိမ်းချမ်းဖို့အတွက် ဘာတွေ လုပ်ကြမလဲ အရင်ဆုံး စဉ်းစားဖို့ လိုလာပါပြီ။

ဒီတော့ ခြံနဲ့ ၀င်းနဲ့ နေသူတွေအတွက် ကျတော့ အပင်စိုက်ပါလို့ ပြောချင်ပါတယ်။ မနက်စောစော ထပြီး လမ်းလျှောက်မယ် နောက် ခြံထဲမှာ သီးပင်စားပင်လေးတွေနဲ့ ဝါသနာပါရာ အပင်လေးတွေ ရေလောင်း ပေါင်းသင်မယ်ဆိုရင် စိတ်ကို ပိုမိုကျန်းမာစေတဲ့အပြင် အေးချမ်းမှုကို ဖြစ်ပေါ်စေပါတယ်။ ဒီတော့ ပြောစရာ ရှိလာပါပြီ၊ ခြံနဲ့ မနေဘဲ တိုက်ခန်းနဲ့ နေတဲ့ သူတွေ ကျတော့ရော သူတို့လည်း မနက်စောစော လမ်းလျှောက်လို့ ရသလို ပန်းအိုးလေးတွေနဲ့ အိမ်ရဲ့ ၀ရံတာမှာ ပန်းပင် စိုက်လို့ ရပါတယ်။ အားလုံးအတွက် ဒီနည်းတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး။ တစ်လ တစ်ခါလောက် ရိပ်သာ ၀င်မယ်။ ရိပ်သာ ၀င်ပြီး အတင်း ပြောခိုင်းတာ မဟုတ်ပါဘူး။ တရား ထိုင်မယ်။ အာနာပါန ရှူမယ်ဆိုရင် စိတ်ရဲ့ အမှန်တကယ် ငြိမ်းချမ်းမှုကို ရှာတွေ့ကြမယ်လို့ ထင်မြင် မိပါတယ်။

ရိပ်သာက ပြန်လာတော့လည်း အိမ်မှာ မိသားစု များတဲ့သူတွေအတွက် နေ့လည် နေ့ခင်းတွေမှာ တရား ထိုင်သင့်ပါတယ်။ နေ့လည်ဆိုတော့ ထမင်းစားပြီး သွေးတက်ချိန် ဖြစ်တဲ့အပြင် ပူလောင်ရတဲ့ ကြားထဲ ဘယ်တရားက မှတ်နိုင်မှာလဲ ပြောချင်လည်း ပြောကြမှာပေါ့လေ။ အိမ်မှာ မိသားစုတွေက အလုပ်တွေ သွားနေချိန် ဖြစ်တဲ့အတွက် လူရှင်းတဲ့ အချိန်ကို ပြောရခြင်းသာ ဖြစ်ပါတယ်။ တချို့ကျတော့လည်း နေ့လည်က တစ်ရေး တစ်မော အိပ်ချိန် လုပ်လို့ ရပါတယ်။ နောက်တစ်ချက်က တီဗီက လာတဲ့ ဇာတ်ကားတွေကို တတ်နိုင်သလောက် မကြည့်ဘဲ စာဖတ်စေချင်ပါတယ်။ စာဖတ်ခြင်းဟာလည်း အသိပညာများ ပိုမို တိုးတက်ပြီး စိတ်ဓာတ် ကျဆင်းခြင်းမှလည်း ကင်းေ၀းပါတယ်လို့ ပြောချင်ပါတယ်။ တီဗီက လာတဲ့ ရုပ်ရှင် ဇာတ်လမ်းတွေက လူတွေရဲ့ စိတ်ကို လောဘ၊ ဒေါသ၊ မောဟတွေ အများဆုံး ပေးစွမ်းနိုင်လို့ပါပဲ။

ဒါတွေ ပြောနေမိလို့လည်း အသက်ဖြင့် မကြီးသေးဘူး။ လူကြီးတွေကို ဆရာ လုပ်တယ်လို့ မသတ်မှတ်ဘဲ သက်ငယ် စကား သက်ကြီး ကြားဆိုတဲ့ ထုံး နှလုံး မူပြီး ဗုဒ္ဓဘုရား ဟောကြားထားခဲ့တဲ့ သင် ဘယ်လမ်းကို လျှောက်မလဲ၊ ကံလမ်းကို လျှောက်မလား၊ ဉာဏ် လမ်းကို လျှောက်မလား စဉ်းစားတွေးတောပြီး အငြိမ်းစားဆိုတာ ရင်ထဲက တကယ် ငြိမ်းချမ်းမှု ရှိမှ အငြိမ်းစားဆိုတဲ့ ဂုဏ်ထူးနဲ့ ထိုက်တန်မှာ ဖြစ်တဲ့အတွက် သိတာလေးတွေ၊ မြင်တာလေးတွေ၊ ကြားတာလေးတွေကို မျှေ၀လိုက်ရခြင်း ဖြစ်ပါတယ်။ လူသားအားလုံး စိတ်ရဲ့ ငြိမ်းချမ်းရာ အမှန်ကို ရှာဖွေ တွေ့ရှိနိုင်ကြပါစေလို့ မေတ္တာပို့သ လိုက်ရပါတယ်ရှင်။

Ma Naw Phyu Lay
အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။