“ဆရာ ဒီတစ်ပတ်မှာ Flu (တုပ်ကွေး)တွေ ပြန်များလာတယ်နော်” လက်ထောက် ဆရာဝန်လေး ကိုဝေမိုး၏ အမေးကြောင့် ဒေါက်တာ ပီတိတစ်ယောက် အတွေးစ ပျက်သွားသည်။ ဆရာ ဘာတွေ တွေးနေတာလဲ နေမကောင်း ဘူးလားဟု သူ၏အပြောကို ချက်ချင်း မတုံ့ပြန်နိုင်ခဲ့သဖြင့် ကိုဝေမိုးက အားရဟန် မတူ။

“ဟုတ်တယ်ဗျာ။ ဒီနေ့ နေ့လည်က ကြည့်ခဲ့တဲ့ ဇာတ်လမ်းတွဲလေးကို အာရုံ ပြန်ရောက်သွားလို့ ကိုယ်တိုင်လည်း ငယ်ငယ်ကတည်းက အနုပညာပိုးပါခဲ့တာမို့ ဇာတ်ကားတစ်ကားကို ကြည့်ပြီး ငါသာ ဒါရိုက်တာဆိုရင် ဆိုပြီး ဝေဖန်ကြည့်တာ အရသာရှိသဗျ”

“ဟုတ်တယ်နော် ဆရာ၊ အဲဒီတော့မှ ဇာတ်လမ်းရဲ့ ဟာကွက်တွေ၊ ယုတိ္တ မရှိတာတွေ ဘွားကနဲ ပေါ်လာတာပဲ။ ကျွန်တော်က ဒါကြောင့် နိုင်ငံခြား ဇာတ်လမ်းပဲ ပိုကြည့်ဖြစ်တယ်။ ယုတ္တိ မရှိတောင် ဟာကွက် နည်းအောင် ဖန်တီး ထားကြတာပဲ၊ ဘာလို့ ကျွန်တော်တို့ဆီက လူတွေနဲ့ မတူရတာလဲ” “ကျွန်တော်က အဲဒီ အတွေးကို ဝေဖန် ဆန်းစစ်တဲ့ အသိအတွေးနဲ့ ပြန်လည်သုံးသပ်ကြည့်ရင်း အတွေးထဲ စီးမျောသွားတာ”

“တစ်ဖက်က ကြည့်ရင် ဘာလို့ သူတို့ မလုပ်ကြတာလဲ၊ မလုပ်နိုင်ကြတာလဲ၊ မသိဘူးလား၊ ဉာဏ်မမီဘူးလား စသဖြင့် အပြစ်တွေ တစ်ပုံကြီး တင်ကြတာပေါ့။ လူ့ရဲ့သဘောကိုက သူများကို အပြစ်ရှာ အပြစ် ပြောရတာကို အားရကြတဲ့ သဘောလေ။ အဲ… အဲဒီအပြစ်ပြောတဲ့ သူကို လုပ်ကြည့်ပါလားလို့ အပ်လိုက်ရင် သူသဘောပေါက်သွားမယ်။ သူတို့လည်း ဒီလို ဘယ်ဖြစ်စေချင်ပါ့မလဲ။ တန်းဝင်ချင် မှာပဲပေါ့။ မဖြစ်သေးလို့သာပေါ့ ဆိုတဲ့ အကောင်းမြင် ဝါဒီနဲ့ တစ်ဖက်က ပြန်ကြည့်တတ်ဖို့ လိုမယ်ထင်တယ်” “ကျွန်တော်တို့ဆီက ပြည်သူတွေက ကိုယ်သာ ဘာမှမလုပ်တတ်ရင် ရှိမယ်၊ သူများကို ဘယ်လို အပြစ်ရှာရမယ်တော့ သိကြတယ်ဗျ” “အကောင်းမမြင်တတ်တဲ့ အကျင့်ရှိလို့ အကောင်းဆိုတာ ဘယ်တော့မှ မမြင်ရတဲ့ ရလဒ် ရနေတာလို့ ဆရာတော် တစ်ပါးက မိန့်ဖူးတာပေါ့”

“ကောင်းစေချင်လို့ ပြောတာပါဆိုပေမယ့် ကာလံဒေသန် မကိုက်ညီရင် ဘောလုံးပွဲမှာ ကစားသမားတွေကို ဘေးကနေ ပါးစပ်နဲ့ ဝင်ကန်နေတဲ့ ပရိသတ် တစ်ယောက်လို အရေးပါမှာ မဟုတ်ဘူးဗျ” “သြော် သိပြီ၊ ဒီအတွေးတွေ ဆရာ့ ခေါင်းထဲ စီတန်းပြီး ဝင်နေတာကိုး” “ဒါကြောင့် အဲဒီလို ပြောတတ်တဲ့ အကျင့်ကို လေသေနတ်နဲ့ ပစ်တယ်လို့ ပြောကြတာပေါ့နော် ဆရာ” “ဟုတ်ပါ့ဗျာ၊ ဒီခေတ်မှာတော့ လေသေနတ်သမား တွေကို တရားဝင် စည်းမရှိ၊ အတားမရှိ ပြောရုံမက ရေးချင်တိုင်းရေးလို့ ရနေပြီကိုး” “ထားပါတော့၊ ဆရာ ခုနက ဘာမေးလိုက်တာ” “အခုတလော Fluတွေ များလာတယ်လို့” “ကျွန်တော်တို့ Viralကြောင့်လို့ ရတဲ့ Feverနဲ့ Caseတွေက Vomitingနဲ့ တော်တော် လာကြတယ်နော်” “တချို့ကလေးတွေဆို Cralတောင် လက်မခံနိုင်လို့ Line တင်ရတယ်” “တချို့လည်း GE (Gastroenteritis)ဝမ်းပျက် ဝမ်းလျှောတဲ့ဘက် ရောက် သွားကြတယ်နော်။ “အဲဒါလည်း ပြောချင်နေတာ ဆရာ၊ ဒီတစ်ပတ် Medical Journal တစ်ခုမှာ ဖတ်ခဲ့ရတာလေး CDC (Communicable Disease Control ကူးစက်ရောဂါ ထိန်းသိမ်းရေး)ရဲ့ Reportပေါ့” “လုပ်ပါဦး ဆရာရဲ့ ကျွန်တော်တို့ကို Share ပါဦး” စိတ်ဝင်တစားနှင့် လက်ထောက် ဆရာဝန်လေး ဒေါက်တာ မြတ်နိုးကပါ မေးလာသည်။ “တစ်နှစ်မှာ Americans (အမေရိကန်) ၆ယောက်မှာ ၁ယောက်နှုန်းနဲ့ သူတို့ အခေါ် Foodborne Illness၊ တို့ဆီမှာဆို ဝမ်းနူးစာကြောင့် ဝမ်းပျက်ကြရတယ် တဲ့။ Foodpoison လို့လည်း အလွယ်ခေါ်ကြတယ်လေ”

“အဲဒီမှာ သူတို့ သုံးသွားတဲ့ စကားလုံး လေးကို သဘောကျတာ” “ဆိုပါဦး ဆရာရဲ့ ဘာလို့တုန်း” “ကျုပ်တို့က Acute Viral Illnessတို့ GEလို့ တွင်တွင် သုံးနေကြပေမယ့် သူတို့က Stomach Flu အစာအိမ် တုပ်ကွေးတဲ့လေ” “ဗျာ၊ အစာအိမ်က တုပ်ကွေး ဖြစ်သတဲ့လား” ဆေးရုံမှ သူနာပြုအကူ မောင်ရေချမ်းက တအံ့တသြ ထမေးသည်။ “တင်စား ပြောတာပေါ့ဗျာ၊ တကယ်တော့ ကျွန်တော်တို့က Viral အုပ်စုဝင်ထဲက ဘယ်အကောင်ကြောင့် ဖျားဖျား၊ အန်အန်၊ ဝမ်းလျှောလျှော၊ Acute Viral Illness လို့သာ (ရောပြွန်းပြီး ခေါ်နိုင်ပေမယ့် သူတို့က အသေအချာ ဓာတ်ခွဲ စမ်းသပ် ရှာဖွေထားတော့ ဘယ်ရာသီ၊ ဘယ်ဒေသမှာ ဘာVirus ဖြစ်သွားတယ် ဆိုတဲ့ သုတေသနတွေ အတိအကျ ရှိတာကိုး” “ဆရာတို့ နိုင်ငံမှာလည်း ဆေးပညာ ဖံွ့ဖြိုးမှု ကဏ္႑တစ်ရပ်အနေနဲ့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်စရိုက်နဲ့ နေထိုင် စားသောက်မှုအပေါ် ရရှိ တတ်တဲ့၊ ဖြစ်ပေါ်တတ်တဲ့ Virusတွေ Bacteriaတွေကို သုတေသန ပြုထားတာတွေ ရှိပါတယ်” “ဆရာ တစ်ခါ ကြားဖူးခဲ့တာဆိုရင် မြန်မာနိုင်ငံ ဆေးသုတေသန ဦးစီးဌာနကနေ ဆရာတို့ နေ့စဉ် သုံးစွဲနေတဲ့ ငွေစက္ကူတွေကို စမ်းသပ်ပြီး ပိုးမွေးခဲ့တာ ပိုးပေါင်းမနည်း ရှိတယ်ဆိုပဲ” “တို့တွေက ဘယ်တုန်းကမှ ပိုက်ဆံ ကိုင်ပြီးတိုင်း လက်ဆေးကြတာမှ မဟုတ်ဘဲ၊ ဒါကြောင့် အထူးသဖြင့် ကလေးတွေကို ပိုက်ဆံ ပေးမကိုင်ဖို့၊ ပိုက်ဆံကို ပါးစပ်ထဲ မထည့်ဖို့ တားမြစ် ကြရမယ်” “အစာတောက်တယ်ပဲ ပြောပြော၊ အဆိပ်သင့်တယ်ပဲ ပြောပြော ဖြစ်ဖို့ရာ ဘယ်အစားအစာတွေက ဖြစ်တတ်သလဲရော သိကြလား”
“သိပါတယ် ဆရာ၊ မကျက်တကျက်၊ နွေးထားတဲ့ အစာတွေ၊ ရက်လွန် အစာတွေ၊ နို့နဲ့ပတ်သက်တဲ့ အစာတွေ မဟုတ်ဘူးလား”

“ဟုတ်သင့် သလောက် ဟုတ်ပါတယ်” “ပြောရရင် တို့စားနေကျ အစာတိုင်း ဖြစ်နိုင်တယ်တဲ့။ အရေးကြီးတာက မိမိရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့ အစားအစာ ပြင်ဆင် ရာမှာ သန့်ရှင်းဖို့ပဲ” “တုပ်ကွေး ဖြစ်စေတဲ့ Virusဆို (၆)ပေလောက် အတွင်းမှာတောင် ကူးစက်နိုင်တယ်တဲ့၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း ဆိုရင်တော့ အလွယ်ဆုံး ကူးနည်းပဲ” “ဟိုတုန်းက သွေးလွန်တုပ်ကွေးဆိုတာ နွေအကုန် မိုးအကူးမှာ စပြီး ဆောင်းမဝင်ခင်မှာ ရှားသွားတတ်တာ။ အခုတော့ ဆောင်းရာသီတောင် ပေါ်နေပြီဆိုပဲ” ရန်ကုန်မြို့မှ ညီငယ် ဆရာဝန်များမှ တစ်ဆင့် ကြားသိရသည်။ “ငါတို့တွေ ဒီလိုတောမှာ တာဝန်ကျရတာ ကံကောင်း တယ်မှတ်ပါ” “ဆရာ့သူငယ်ချင်း တစ်ယောက်ဆို ကလေးဆေးရုံမှာ တာဝန်ကျတော့ သွေးလွန်တုပ်ကွေး ကလေးငယ်ကို သွေးဖောက်ရတာ မလွယ်ရတဲ့အထဲ ကလေးက ဝကစ်နေတော့ သွေးကြော ရှာမရ၊ တစ်ပေါက်ပြီး တစ်ပေါက် ရှာရတော့မည်။ မိသားစုကလည်း မကျေနပ်တဲ့ အမူအရာ ပြပြ။ သွေးဖောက်တာလည်း တစ်ခါမရ၊ နှစ်ခါမရ ကိုယ်တိုင် စိတ်လျှော့ပြီးလည်း မအောင်မြင်နဲ့ အပြောအဆို ခံကြရတယ်တဲ့။ သူတို့ သားသမီး ကျန်းမာရေးအတွက် လုပ်ရတာကို အကောင်းမမြင်တဲ့အပြင် ကလေးကို လာနှိပ်စက်နေသလားဆိုတဲ့ အမူအရာ အပြောအဆိုတွေ ရှိတယ်ဆိုပဲ။ အခန့်မသင့်ရင် ဂျာနယ် ထဲတောင် ပါချင်ပါလာမှာတဲ့” “ကိုယ်က အိပ်ရေးပျက်ခံပြီး တစ်နာရီ တစ်ကြိမ်လောက် သွားကြည့်၊ သွေးခုန်နှုန်း စမ်း၊ သွေးပေါင် တိုင်းတာကိုတောင် အနှောင့်အယှက် လာနေပြီဆိုတဲ့ အမူအရာတွေ တွေ့ရတယ်တဲ့” “ဒါဆို ရန်ကုန်က လူတွေက ပိုရိုင်းကြတာလို့ ပြောလို့ ရမလား”

“အင်း၊ ရန်ကုန်လူဆိုတာလည်း နယ်က တက်လာကြတာပဲ၊ ပြောရရင် တိုးတက်မှု Urbanization မြို့ပြဆန်မှု တွေရဲ့ အကျိုးဆက်တွေပဲပေါ့။ “ရိုးသားပါတယ်၊ ရိုသေတတ်ပါတယ် ဆိုတဲ့ မြန်မာတွေရဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ အလေ့အကျင့်လေးတွေ ခြောက်ခန်း ပျောက်ကွယ်သွားမှာကိုပဲ နှမြောမိတာပါ”

“တို့ကတော့ ဟိုကတည်းက လူ့အသက် ကယ်ဖို့ ဆရာဝန်လုပ်တာ၊ မရိုသေလည်း ရတယ်။ (၉၉)ယောက် ကယ်နိုင်ပြီး (၁)ယောက်တစ်လေရဲ့ လိုဘ၊ ဆန္ဒကို မဖြည့်ဆည်းနိုင်ခဲ့လို့ အပြောခံရလည်း ဝမ်းမနည်းဘူး၊ အပြစ် ပြောချင်တဲ့ သူကတော့ ရှာကြံ ပြောမှာပဲ” “ဒါက မြန်မာပြည်မှာတင် မဟုတ်ဘူး၊ နိုင်ငံခြားမှာဆို Medical Professionတွေကို စောင့်ကြည့်တဲ့ အဖွဲ့နဲ့ ရှေ့နေတွေ ရှိတယ်တဲ့။ သူတို့က လူနာ မကျေနပ်ဘူး ထင်တာနဲ့ တရားစွဲမလား၊ နိုင်ရင် အချိုးကျ ဝေခွဲယူမယ်ဆိုတဲ့ စနစ် ရှိတယ်ဆိုပဲ။ ဒါပေမယ့် အဲဒီမှာကတော့ ဒီမှာလို ပုဂ္ဂလိက တစ်ဦး တစ်ယောက်ထဲကို မရည်ရွယ်ဘူး။ ဆေးရုံရဲ့ အာမခံ ဥပဒေ အဖွဲ့က ပြန်ချေပပြီး တရားပြန်ဆွဲ ကြတယ်။ နောက်ပိုင်း တို့ဆီမှာလည်း ဒီလို ဖြစ်လာနိုင်တယ်” “ဆရာနဲ့ တွေ့ရတာ ဗဟုသုတ အတော်ရသွားပြီ” “Stomach Fluဆိုတဲ့ အသုံးအနှုန်း လေးလည်း အမှတ်တရ ဖြစ်သွားပြီ” ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ ညနေခင်း စကားဝိုင်းလေးဟာ အပြီးသတ်ခဲ့ပါတယ်။ ပေါ့ပေါ့ပါးပါး ရင်ဖွင့်ကြရင်း ဗဟုသုတလေးတွေ အနည်းငယ် ထည့်ပြောကြတဲ့ ဓလေ့ဟာ ကျွန်တော်တို့ ဆေးရုံရဲ့ ဝန်ထမ်းတွေရဲ့ ရင်းနှီးမှုကို တိုးစေတယ်လို့ ထင်မိပါတယ်။ ပြေးလွှား သွားလာရင်း ကားကျပ်တဲ့ ဒုက္ခနဲ့ အချိန်တွေ ကုန်နေတဲ့ ရန်ကုန်သားတွေ ထက်တော့ စာရေးသူတို့ ဘဝ သာသည်ဟု ထင်မိပါသည်။ နေဝင်ချိန်လည်း ရောက်ခဲ့ပါပြီ။ သဘာဝ၏ အလှအပ၊ ဆည်းဆာချိန်၏ ရှုမဝသည့် ပသာဒကို ခံစားရင်း ကမ်းနားလမ်းအတိုင်း လမ်းလျှောက်၍ အိမ်ပြန်ရပါတော့မည်။