မာသာထရီဆာဟာ အိန္ဒိယနိုင်ငံရဲ့ ကြီးမားတဲ့ မိဘမဲ့ကျောင်းကြီးကို တည်ဆောက် ပြုလုပ်ခဲ့တဲ့သူ ဖြစ်ပါတယ်။ သူဟာ လူအများ ပြုလုပ်နိုင်စွမ်း မရှိတဲ့ အရာကို ပြုလုပ်နိုင်စွမ်းရှိတဲ့သူ ဖြစ်တဲ့အတွက် လေးစား အားကျ အတုယူသင့်ပါတယ်။ ကျွန်မတို့ ၀န်းကျင်မှာလည်း ဒီလိုလူမျိုးတွေ ရှိနေမှာပါ။ ကျွန်မလည်း မိဘမဲ့တွေ၊ အသက်ကြီးတဲ့ ဘိုးဘွားတွေ ပြီးတော့ အနာကြီး ရောဂါသည်တွေ အားလုံးကို တစ်ဖက်တစ်လမ်းကနေ ကူညီချင်ပါတယ်။

အင်း… အခု ပြောချင်တာကတော့ မာသာထရီဆာရဲ့ သမိုင်းကြောင်းလေးနဲ့ သူနောက်ဆုံး ချန်ထားခဲ့တဲ့ မှတ်သားစရာ စာသားလေးတွေပဲ ဖြစ်ပါတယ်။ မာသာထရီဆာရဲ့ အမည်ရင်းက အဂ္ဂနက် ဂေါဆ ဘိုဂျဆု ဖြစ်ပါတယ်။ ဥရောပတိုက် ယူဂိုဆလပ်နိုင်ငံမှာ ၁၉၁၀ ပြည့်နှစ်၊ သြဂုတ်လ၊ (၂၆) ရက်နေ့က မွေးဖွားခဲ့ပါတယ်။ အမိအဖတွေက ကုန်စိမ်းသည် ဖြစ်ပြီး အယ်လ်ဘေးနီးယန်း မျိုးနွယ် ဖြစ်ပါတယ်။ ရပ်ကွက် မူလတန်း ကျောင်းမှာ ပညာသင်ကြားခဲ့ရပြီး ကက်သလစ် ဘာသာရေး ၀တ်အသင်း၀င် တစ်ယောက် ဖြစ်ပါတယ်။ အသက် (၁၈)နှစ်မှာ အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့ သီလရှင်ကျောင်းကို တက်ခွင့်ရပြီး အဲဒီက တစ်ဆင့် အိနိ္ဒယနိုင်ငံ ဒါဂျီလင် သီလရှင်ကျောင်းကို ရောက်တယ်။ အဲဒီမှာ သီလရှင်ဘ၀ကို ကူးပြောင်းပြီး၊ ထရီဆာ ဆိုတဲ့ အမည်ကို ခံယူခဲ့ပါတယ်။

နောက်တော့ ကလကတ္တားမြို့ သီလရှင် ကျောင်းမှာ သမိုင်းနဲ့ ပထ၀ီဘာသာရပ် ဆရာမ လုပ်ခဲ့ရတယ်။ သက္ကရာဇ် ၁၉၃၇ခုနှစ်မှာ သီလရှင်တွေ ဦးစီးတဲ့ မိန်းကလေး အထက်တန်းကျောင်းရဲ့ ကျောင်းအုပ် ဆရာမ ဖြစ်လာခဲ့တယ်။ သီလရှင် ဆရာလေး ထရီဆာဟာ ငယ်ငယ်ကတည်းက ချူချာပြီး ခန္ဓာကိုယ် သေးသေး ကွေးကွေး ဖြစ်ပေမယ့် စိတ်ဓာတ်က အလွန် ခိုင်မာတယ်။ ဘာအလုပ်ကိုပဲ လုပ်လုပ် စွဲစွဲမြဲမြဲ ကြိုးစား ပမ်းစား လုပ်တတ်တာကြောင့် အသက် (၂၇)နှစ်အရွယ်မှာ ကျောင်းအုပ် ဆရာမကြီး ဖြစ်လာတာပါပဲ။ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်တော့ စစ်ဘေး စစ်ဒဏ်သင့်တဲ့ ဒုက္ခသည်တွေ၊ စီးပွားရေး နိမ့်ကျပြီး ဆင်းရဲ ငတ်ပြတ်နေသူတွေကို ကြုံသလို ကူညီစောင့်ရှောက်ပေးခဲ့တဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဘာသာရေး လုပ်ငန်းကို ဘ၀ရည်မှန်းချက် ထားခဲ့တဲ့ သီလရှင်ထရီဆာဟာ ပင်ကိုက မေတ္တာ ဓာတ်ခံ ကြီးမားလေတော့ ဒုက္ခသည်တွေကို ပြုစုစောင့်ရှောက်တဲ့ အလုပ်ကို ဘာသာရေးနဲ့ ဆက်စပ်ပြီး ဆောင်ရွက် လာခဲ့တယ်။ အဲဒီကစပြီး သူ့ဘ၀ တစ်လျှောက်လုံး ပရဟိတ လုပ်ငန်းတွေကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တာကြောင့် ကမ္ဘာ့ဒုက္ခသည်တို့ရဲ့ မိခင်ကြီးအဖြစ် မာသာထရီဆာရယ်လို့ နာမည်ကျော်ကြား ခဲ့တာပဲ ဖြစ်ပါတယ်။

မာသာထရီဆာကြီး မရှိတော့တဲ့ နောက်မှာ နောက်ဆုံး သူ့မှာ ကျန်ရှိခဲ့တဲ့ စည်းစိမ်ဥစ္စာဟာ ပန်းခြင်း တစ်ခုရယ်၊ သူ့ရဲ့ ၀တ်စုံရယ်၊ အခုဖော်ပြမယ့် စကားသာလျှင် သူ့ဘ၀အတွက် ကျန်ခဲ့ပါတယ်။ကျန်ခဲ့တဲ့ စာသားတွေကို လူငယ်တွေ ဖတ်ရှု မှတ်သားပြီး လိုက်နာနိုင်ဖို့ ကျွန်မ တင်ပြလိုက်ပါတယ်။ အခု စာသားကို မြန်မာလို ဘာသာပြန်သူကတော့ သိက္ခာတော်ရဦးလှမြင့် ဖြစ်ပါတယ်။ စာသားတွေကတော့… ဘယ်လိုပဲဖြစ်ဖြစ်

  • အကျိုးအကြောင်းမရှိ၊ ယုတ္တိမဆန် မိမိကိုယ်ကို ဦးစားပေးသော လူများကို ဘယ်လိုပဲဖြစ်ဖြစ် ချစ်ပါ။
  • သင်က ကောင်းတာပြုလည်း သင့်ကို ပြစ်တင် ရှုတ်ချသော သူများအတွက် ဘယ်လိုပဲဖြစ်ဖြစ် ကောင်းတာ ဆက်ပြုပါ။
  • သင်သည် အောင်မြင်သူအဖြစ် မိတ်ဆွေဆိုးများ၊ ရန်သူစစ်များအပေါ် ဘယ်လိုပဲ ဖြစ်ဖြစ် အောင်မြင်ခဲ့လျှင် သင်ပြုသော ကောင်းသော အမှုများဟာ နက်ဖြန် မေ့လျော့ခဲ့လည်း ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းတာကို ဆက်ပြုပါ။
  • သင့်ရိုးသားမှု၊ ဖော်ရွေမှုက သင့်ကို ဆိုးကျိုး ဖြစ်စေခဲ့ရင် ဘယ်လိုပဲဖြစ်ဖြစ် ဆက်လက် ရိုးသားပါ။ ဖော်ရွေပါ။
  • နှစ်ပေါင်းများစွာ တည်ဆောက် ခဲ့သော အရာများ တစ်ညတည်းနှင့် ပြိုပျက်ခဲ့ရလျှင် ဘယ်လိုပဲ ဖြစ်ဖြစ် ထပ်တည်ဆောက်ပါ။
  • လိုအပ်ချက်ရှိတဲ့ လူသားများအား သင်ကူညီမစ၍ သူတို့က သင့်ကို တိုက်ခိုက် နေရင်လည်း လူသားများကို ဘယ်လိုပဲ ဖြစ်ဖြစ် ကူညီမစပါ။
  • သင့်ဆီမှာရှိတဲ့ အကောင်းဆုံးသော အရာကို လောကကြီးအား ပေးလည်း၊ သင် သွားချင်း ထိခိုက် ရိုက်ခတ်တိုင်အောင် ခံရသော်လည်း သင့်ဆီမှာ ရှိသောအကောင်းဆုံးကို လောကကြီးအား ဘယ်လိုပဲ ဖြစ်ဖြစ် ပေးအပ်လိုက်ပါတဲ့။

ဘယ်လောက် ကောင်းလိုက်တဲ့ စကားလေးတွေလဲနော်။ လောကမှာ အသက်ရှင်နေသရွေ့ တစ်ဦးနဲ့ တစ်ဦး ရန်သူ၊ ချစ်သူ၊ ခင်သူ၊ ဒါတွေဟာ တွေ့ကြုံနေရမှာပါ။ တတ်နိုင်သရွေ့ ခွင့်လွှတ် သည်းခံလိုက်ပါလို့ ကျွန်မ ပြောချင်ပါတယ်။ ခဏတာ တွေ့ကြတဲ့သူတွေ ရေစက်ရှိလို့ လာဆုံကြတာလေ။ သူသာတယ်၊ ငါသာတယ် စိတ်မှာ ဖြစ်နေတဲ့အခါ ရင်ထဲမှာ အမြဲပူလောင်မှုကို ဖြစ်စေပါတယ်။ ဘယ်မှ မကြည့်ပါနဲ့ ကိုယ့်၀န်းကျင်ကိုပဲ ကြည့်လိုက်ပါ။ လူအမျိုးမျိုး စိတ်အထွေထွေလေ ဒါတွေကို လိုက်ခံစားနေရရင် ကိုယ့်ရဲ့ စိတ်ဟာ လွတ်လပ်မှု ဆိုတာ မရှိတော့ဘူး။ ဒါဟာ ကိုယ့်ဘာသာ ခံစားရတာကို ပြောတာပါ။ အမြဲ စိတ်ရှုပ်ထွေးနေမယ်လေ။

ဒီတော့ ကိုယ့်ရဲ့ အလုပ်လည်း အောင်မြင်မှု ဆိုတာ ဖြစ်လာတော့မလား၊ မဖြစ်လာတော့ဘူးနော်။ လူတွေပဲ တစ်ခါ တလေတော့လည်း ခံစားရတော့ပေါ့။ ဘယ့်နှယ့် ပြောပါလိမ့်။ ကျွန်မဆို ပိုဆိုးသေးတယ်။ တစ်ခါတလေကျရင် ကိုယ်က စေတနာနဲ့ ကူညီတဲ့အရာက ေ၀ဒနာ ဖြစ်ရတာတွေလည်း ရှိတာပါပဲ။ ကိုယ်ကတော့ ကိုယ့်အတွက် မကြည့်ဘဲ ကူညီမိတာကို၊ သူများပြောလည်း ခံပေါ့လို့ ကိုယ့်ဘာသာ ဖြေသိမ့်ရတာပေါ့။ လူတွေကို မှန်လို ကြည့်လို့ ဆိုပေမယ့် မှန်ထဲမှာ မဲ့ပြလည်း တတ်နိုင်သမျှ ပြုံးပြ မိတယ်။ ကျွန်မရဲ့စိတ်က သူများကို ကူညီရရင် ပျော်နေမိတာပဲ။ ကျွန်မတို့ မိသားစုဟာ အခုချိန်ထိ စီးပွားရေး ပြေလည်တယ် ဆိုတာ မရှိသေးပေမယ့် ကျွန်မ အားမလျော့ဘူး။ တစ်နေ့ ငါ့မိသားစုကို သူများထက် သာအောင် ထားနိုင်ရမယ်လို့ အမြဲတွေးတယ်။

သူများ အလုပ် တစ်ခုလုပ်ရင် ကျွန်မ အလုပ် သုံးခုလုပ်တယ်။ တစ်ခါ တလေလည်း ကျွန်မမောင် အကြီးကို အားမရဘူး။ ကျွန်မ ဖြစ်ချင်တာက လူငယ်ပီပီ ကြိုးစားစေချင်တယ်။ ကျွန်မရဲ့ မျက်စိရှေ့မှာ သူတို့ကို ဖြစ်ထွန်းစေချင်တယ်။ ကျွန်မ ဘယ်လောက် ပင်ပန်း ပင်ပန်းလေ၊ ဒါပေမယ့် မောင်လေးက နားမလည်ခဲ့ ဘူး။ အချိန်တန် လက်ဝါးဖြန့် ပိုက်ဆံ တောင်းလို့ရနေတဲ့ ဘ၀ဆိုတော့ ဘာမှ မသိတတ်ဘူး။ အားမရဘူး။ မောင်လေးတွေက ငယ်သေးတော့၊ အကုန် ကျောင်းတက်နေကြတာလေ။ ကဲ… ကျွန်မအကြောင်း ပြောနေလို့ စိတ်ညစ် သွားဦးမယ်။ မပြောတော့ဘူးနော်။

ပရဟိတ လုပ်ငန်းဆိုတာ အများ အကျိုးကို ဆောင်ရွက်တာ ဖြစ်ပါတယ်။ လှူတယ်၊ တန်းတယ်၊ ပေးကမ်းချီးမြှင့် ထောက်ပံ့တယ်ဆိုတာလည်း ဒါနမှုနဲ့ အများအကျိုး ဆောင်ရွက်တာပါပဲ။ နှုတ်ရဲ့ စောင်မခြင်းဆိုတဲ့ ကောင်းရာ ကောင်းကျိုး ညွှန်ပြ ကူညီတာ၊ လက်ရဲ့ စောင်မခြင်းဆိုတဲ့ ငွေကြေး၀တ္ထုပစ္စည်းနဲ့ ကူညီပေးတာ၊ကိုယ်နဲ့ထပ်တူ ပွေ့ပွေ့ပိုက်ပိုက် ပြုစုတဲ့ကိစ္စ၊လုပ်အားနဲ့ ကျေးဇူးပြုတဲ့ကိစ္စတွေဟာလည်းအများအကျိုး ဆောင်ရွက်တာလို့ ခေါ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်က ရှိလို့ လှူတာ၊ တတ်နိုင်လို့ ဆောင်ရွက် ပေးတာမျိုး ရှိသလို တချို့ကျတော့လည်း ကိုယ်က မတတ်နိုင်ဘူး။ အခက်အခဲတွေ ရှိနေတဲ့ ကြားက ကိုယ့်ရဲ့ ရပိုင်ခွင့်၊ အကျိုးရလဒ်ကို စွန့်လွှတ်ပြီး သူတစ်ထူး အတွက် အနစ်နာခံလို့ ကူညီထောက်ပံ့၊ ပေးကမ်း လှူဒါန်းတာမျိုးတွေလည်း ရှိတတ်ပြန်ပါတယ်။ ပိုမှ လျှံမှ လှူတာ မဟုတ်ဘဲ တစ်ဆုပ်တစ်ခဲလောက် ရတဲ့ အထဲက ခွဲေ၀လှူဒါန်းတာ၊ တစ်ခါတလေ ကိုယ်တိုင်က ခြိုးခြံပြီး ပေးကမ်းတာမျိုး တွေလည်း ရှိတတ်ပါတယ်။

တချို့ကျပြန်တော့ အားလုံးသိတဲ့ အတိုင်း မိဘစဉ်ဆက် ချမ်းသာလာကြတော့ အလှူအတန်းတွေကို ထောင်သောင်းမက လှူပြီး နာမည်ခံ အဂ္ဂသုဓမ္မ မဏိဇောတတို့ ဘာတို့ ဘွဲ့တွေ တစ်သီတစ်တန်းကြီး ရနေကြသူတွေလည်း တွေ့ရပြန်ပါတယ်။ အလှူဆိုတာ ဘယ်လိုပဲ ပြုပြု ကုသိုလ် အတွက် ပြုတာ အကောင်းဆုံးပါပဲ။ မာသာထရီဆာဟာ ကိုယ်ကျိုးစွန့်တဲ့ ပရဟိတသမား တစ်ယောက်ဖြစ်တာကို သူ့ဘ၀ မှတ်တိုင်တွေက အထင်အရှား ဖော်ပြနေတဲ့အတွက် ကျွန်မ အားကျ အတုယူ လေးစားမိသလို သူ့ရဲ့ ကျန်ရှိ ခဲ့တဲ့ စာသားလေးတွေကလည်း လိုက်နာ သင့်တယ်လို့ ပြောကြားရင်း တတ်နိုင်သရွေ့ ကိုယ့်၀န်းကျင်မှာ အားလုံးနဲ့ လိုက်လျော ညီထွေစွာ နေကြည့်ကြပါစို့နော်။

Ma Naw Phyu Lay
အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။