ကျွန်မ နားလည်သလောက် သိမှတ် သလောက် ဆွေးနွေးချင်ပါတယ်။ ဒါဟာ ဘာလဲဆိုတော့ ယူနီကုတ်လို့ ခေါ်တဲ့ Unicode Standardအကြောင်းပါပဲ။ ကျွန်မလည်း တတ်လို့၊ နားလည်လို့တော့ မဟုတ်ပါဘူး။ နည်းနည်း သိတာလေး တစ်ခုပါ။ အင်း… ပြောရရင် ပြဿနာက ကျွန်မတို့ရဲ့ ဘာသာစကားကို ကွန်ပျူတာ က မပြောဘူး။ အလုံးစုံအားဖြင့် သူတို့က ဒီဂျစ်တယ်ချည်းပဲလေ။ စာသားတွေကို သိုလှောင်ဖို့ ဒါမှမဟုတ် ကိုင်တွယ် တည်းဖြတ်ဖို့ရာ မပြုလုပ်ခင် စာလုံးတိုင်း၊ သငေ်္ကတတိုင်း၊ ပုဒ်ဖြတ်၊ ပုဒ်ရပ် အမှတ်အသားတိုင်းကို ပထမဆုံး ကိုယ်စားပြု ဂဏန်းများသို့ ပြောင်းပစ် ရမယ်။

ဒါဆို ကွန်ပျူတာ သုံးသူတွေ ဘယ် Codeဂဏန်းတွေ သုံးကြသလဲ။ ကျွန်မတို့ ကွန်ပျူတာ မကိုင်ဖူးခင်ကတော့ ကွန်ပျူတာ ဆိုတာ တော်တော် ကြီးကျယ် ခမ်းနားမှာပဲ။ ဘယ်လိုလူမျိုးတွေ သုံးတာ လဲ။ ကျွန်မ စဉ်းစားမိတာပေါ့လေ။ ဟော… တွေ့တော့ သြော်၊ ကွန်ပျူတာ ဆိုတာ လက်နှိပ်စက်နဲ့ တီဗီနဲ့ တွဲထားတာကို ကွန်ပျူတာလို့ ခေါ်နေကြ တာကိုး။ ဒီတော့ ကျွန်မ တွေးမိတယ်။ ကွန်ပျူတာ အကြောင်းကို သိဖို့ ဘာတွေ လိုအပ်မလဲ။ ချမ်းသာတဲ့သူတွေ၊ ဒါမှမဟုတ် ပညာတတ်၊ ပညာရှင်တွေမှာ သုံးသင့်တဲ့ အရာလား။ ကျွန်မတို့ရော လေ့လာလို့ မရဖူးလား။

ကျွန်မလည်း မေးခွန်းပေါင်းများစွာနဲ့ ဟိုမေး၊ ဒီမေး ပြုလာမိတော့တယ်။ ဒါပေမယ့် မိသားစု အခြေအနေက သင်တန်းတွေ တက်ဖို့ အခွင့်မသာခဲ့ပါဘူး။ ဒီလိုနဲ့ပဲ နီးစပ်ရာ မေးရင်း ကျွန်မ ဆယ်တန်း အောင်တော့ အလုပ် ၀င်လုပ်ဖြစ်ခဲ့တယ် ဆိုပါတော့။ အလုပ်ကလည်း ပုံမှန် အလုပ်တစ်ခုရယ်၊ အချိန်ပိုင်း ညနေ လုပ်ရတ့ဲ အလုပ်ရယ်၊ နှစ်ခုလုပ်ခဲ့တော့ ကျွန်မမှာ အချိန်ဆိုတာ အဲဒီအချိန်ကတည်းက မလုံလောက်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မ စိတ်အား မလျော့ခဲ့ဘူး။ တစ်နေ့ ငါလည်း ကွန်ပျူတာဆိုတာ ဘာလဲ သိအောင် လုပ်မယ်လို့ အတွေးနဲ့ ကျွန်မ ကြမ်းတမ်းတဲ့ ဘ၀ကို ဖြတ်သန်းခဲ့ရတယ်။ အလုပ် စလုပ်တော့မှ ကွန်ပျူတာဆိုတာကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါပြီ။ ဒါတောင် မြင်ရုံပဲ မြင်ရသေးတယ်နော်။

ကျွန်မ အနားကပ် ခွင့်မရသေးပါဘူး။ အေ၀းက မျှော်ကြည့်ခွင့်သာ ရခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်မကို တာ၀န်ပေးတဲ့ နေရာမှာ လုပ်နေရင်း ကျွန်မရဲ့ ကွန်ပျူတာအပေါ် စိတ်၀င်စားမှုကို အလုပ်ရှင်က သိသွားခဲ့ ပါတယ်။ ဘယ်လောက်အထိလည်း ဆိုတော့ ကျွန်မ တာ၀န်ပြီးရင် ကွန်ပျူတာ နားသွားပြီး ခလုတ်လေးတွေကို မထိရဲ ထိရဲနဲ့ ကိုင်ကြည့်ဖူးတယ်။ ဒါတောင် ဘယ်ဟာကို ဘယ်လို လုပ်ရတယ်ဆိုတာ ကျွန်မ မသိသေးဘူး။ တစ်နေ့တော့ အလုပ်ရှင်က ကျွန်မရဲ့ တာ၀န်ချိန်ပြီးရင် ကွန်ပျူတာဆိုတာ ဘာလဲလို့ သိအောင် သင်ခွင့် ပေးခဲ့ပါတော့တယ်။ ကျွန်မလေ ပျော်လိုက်တာ အရမ်းပဲ။ မှတ်မှတ်ရရ အဲဒီနေ့က ပျော်လွန်းလို့ ထမင်းတောင် မစားခဲ့မိဘူး။

ဒီလိုနဲ့ ကျွန်မ နည်းနည်း သိခဲ့ရတယ် ဆိုပါတော့။ ကျွန်မလေ ခလုတ်နှိပ်ရင် စာလုံးလေးတွေ ပေါ်တာကို ကြည့်ပြီး ၀မ်းသာလိုက်တာ မပြောပါနဲ့ တော့။ ဒါတွေ ဘယ်ကလာလဲ။ ဘယ်လို ပညာရှင်တွေက တီထွင်ခဲ့လဲ။ ဒါတွေ ကျွန်မ သိလည်း မသိပါဘူး။ စဉ်းစား နေတာလည်း မရှိဘူး။ ကျွန်မမှာ အလုပ်နဲ့ပဲ နပန်းလုံး နေရတဲ့အတွက် သင်တန်းဆိုတာလည်း မသိခဲ့ဘူး။ နည်းနည်းသိ၊ နည်းနည်း လေ့လာပေါ့။ ဒီလိုနဲ့ အခု နောက်ပိုင်းကျတော့ ကျွန်မ လေ့လာမိသလောက်ပေါ့လေ။ အခု နောက်ပိုင်းကျတော့ Unicode ဆိုတာကြီးက တော်တော် ရေပန်းစား လာတယ်။ ဒါပေမယ့် ကျွန်မ နားမလည်ဘူး။ ဟိုလူလည်း Code၊ ဒီလူလည်း Code အကြောင်းတွေ ပြောနေကြတာကို ကြားကြား နေရတယ်။ ဒါဆို ဘယ် Code ဂဏန်းတွေ သုံးကြသလဲ။ အစောပိုင်း PC တွေက ASCII လို့ခေါ်တဲ့ Codeအပေါ် အမှီပြုနေကြတယ်။ အနောက် ဥရောပ ဘာသာစကားထဲက အက္ခရာ စာလုံး အများစုအတွက် ဂရုတစိုက် စီမံပြုလုပ်ပေး ထားတယ်။ ဒါပေမယ့် World Wide Web ခေတ်ကြီးမှာ ဒီလောက်နဲ့ မလုံလောက် တော့ဘူးလေ။ ဟင်ဒီ၊ မြန်မာ၊ ဟောရှမ်းတို့ မွန်တို့ ဒါမှမဟုတ် ထိုင်းစာ၊ တရုတ်၊ ဂျပန်စာတွေ အတွက် ဘယ်လိုလုပ်ကြမလဲ။

အဲ၊ အဲဒီမှာတင် Unicode ဆိုတာကြီး ၀င်လာတာ သိရတယ်။ Computing အတွက် ကျောက်စာတကာတို့ရဲ့ ဘိုးအေ Rosetta Stoneလို့ တင်စား ခေါ်ဆိုနိုင် လောက်တယ်။ Unicode Standard အရေးအသား ဘာသာစကား (၃၀)ကျော်ရဲ့ စာလုံး၊ သငေ်္ကတ သို့မဟုတ် Glyph တစ်ခုစီအတွက် မတူမထပ်တဲ့ ဂဏန်းများ သတ်မှတ်ပေးတယ်။ ထပ်မံ ကြီးထွား နေလျက်ပါလားလို့ သိခဲ့ရပါတယ်။ ဒီလိုပဲ ကျွန်မ သိရသလောက်ပေါ့။ Unicode Standard 5.1ဆိုလား ထွက်လာတယ်လို့ ကြားရတယ်။ ဟော… နောက် ဇော်ဂျီ ယူနီကုဒ်တဲ့၊ နောက် မကြာပါဘူး။ ဧရာ ယူနီကုဒ်၊ မိုင်မြန်မာ ယူနီကုဒ်အပြင် အခု နောက်ပိုင်း စံမြန်မာဆိုပြီး ကျွန်မ ထပ်မံ သိလာရပြန်ပါတယ်။ အဲဒီမှာတင် ဘယ် ယူနီကုဒ်က အစစ်လဲ။ ယူနီကုဒ်ဆိုတာ ဘာလဲ။ ကျွန်မ သိချင်ခဲ့ပြန်ရော။ တတ်လို့လည်း မဟုတ်သလို နားလည်လို့လည်း မဟုတ်ပြန်ဘူး။ သိချင်တာ သက်သက် ဖြစ်ပါတယ်။ ကျွန်မလို လူပြိန်းတစ်ယောက်က ဒါတွေ သိဖို့ လိုအပ်လား။နောက်ပိုင်း လူတွေ တော်တော်များများ ယူနီကုဒ်ပဲ သုံးကြတော့မှာလား။ ယူနီကုဒ်ဆိုတာ ရိုးရိုးဖောင့်နဲ့ ဘာကွာလဲ။ ကျွန်မ နည်းပညာတွေကို လိုက်မမီတော့ပါဘူး။ ဒါပေမယ့် ကျွန်မ သိချင်ခဲ့တယ်။ ဒီ ယူနီကုဒ် ဆိုတာတွေ ဘယ်နေရာမှာ သုံးကြမှာလဲ။ အခု သုံးနေတဲ့ ဖောင့်တွေ ကရော သုံးလို့ မဖြစ်ဘူးလား။

တကယ်လို့ ယူနီကုဒ်တွေရော ရိုးရိုးဖောင့်လို သုံးလို့ မရဘူးလား။ ဒါတွေဟာ ဘာကြောင့်လဲ။ ကျွန်မ လေ့လာမိသလောက် ယူနီကုဒ်တွေက အခုထိ၊ အပြီးထိ မရောက်သေးဘူး။ ဘယ်အတိုင်းအတာအထိ သွားကြ မှာလဲ။ ဘယ်အချိန်မှာ ပြီးဆုံးမှာလဲ။ လောလောဆယ်တော့ ကျွန်မ စတွေ့တာကတော့ ဘလော့ဂ် စလုပ်တဲ့ အချိ်န် ၂၀၀၂မှာ မရှိသေးပေမယ့် ၂၀၀၅၊ ၂၀၀၆မှာပဲ ဇော်ဂျီ ယူနီကုဒ်နဲ့ စတွေ့ခဲ့ပါတော့တယ်။ ဇော်ဂျီမှာ ဖောင့်တွေ ဘယ်နှမျိုးရှိလဲ။ ကျွန်မ မသိဘူး။ ကျွန်မ ဘလောဂ့် လုပ်ဖြစ်ကတည်းက အစား အသောက်၊ အသွားအလာ၊ အ၀တ်အစား ချေွတာပြီး အင်တာနက် သုံးခဲ့ပါတယ်။ မြန်မာလို ကိုယ့် blogမှာ ရေးလို့ ရတဲ့အတွက် ကျွန်မ အရမ်း ၀မ်းသာတယ်။ ဒီလို လုပ်ပေးတဲ့သူတွေ ဘယ်သူတွေ ဆိုတာလည်း မသိသေးတဲ့ အချိန်ထဲက ကျွန်မ ကျေးဇူး အရမ်းတင်မိတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်မမှာ အင်္ဂလိပ်စာ အရမ်း အားနည်းတဲ့ အချက်ကြောင့်ပေါ့။ ပြီးတော့ ကျွန်မရဲ့ မတောက်တခေါက် ပညာလေးနဲ့ သိတာ၊ မြင်တာ၊ ကြားတာ လေးတွေ တင်ပြခွင့် ရခဲ့ပါတယ်။ ဇော်ဂျီ ယူနီကုဒ်မှာလည်း ဆိုက်ဘာတွေက ဇော်ဂျီ ယူနီကုဒ် ရိုက်ပုံချင်းကလည်း တစ်နေရာနဲ့ တစ်နေရာ မတူဘူး။ အောက်ပဆင့်တွေဆို တချို့ဆိုင်တွေမှာ ရိုက်လို့ ရပေမယ့် တချို့မှာ မရပြန်ဘူး။ ဒီတော့ စာကို အသံထွက်နဲ့ ရိုက်ရတာတွေ ဖတ်မိတော့ တစ်မျိုးတော့ တစ်မျိုးပဲ။ ဒါပေမယ့် ကျွန်မလည်း သိသလောက် အသိလေးနဲ့ ဆက်လာခဲ့တာပါ။

အခု အမှန် ပြောရရင် ဇော်ဂျီယူနီကုဒ် နာမည်တက်လာတာဟာ blogတွေကြောင့် ဆိုလည်း မမှားဘူးလို့ ကျွန်မ ယူဆမိပါတယ်။ ဒီ့ပြင် ယူနီကုဒ် ကျတော့ သုံးခွင့် မရတာရယ်၊ လုပ်ပိုင် ခွင့်တွေလည်း ဇော်ဂျီလောက် မရ တာရယ်၊ တက်မလာတာလို့ ကျွန်မ ထင်ပါတယ်။ ယူနီကုဒ်ဆိုတာ တစ်မျိုးပဲ ရှိရမှာမလား။ ဘယ်ဟာက အစစ်အမှန်လဲ။ တကယ်လို့သာ ယူနီကုဒ် လုပ်တဲ့သူတွေ အားလုံး သတ်မှတ်ချက် မထားဘဲ ယူနီကုဒ် တစ်ခုတည်းအတွက် အာရုံစိုက်ပြီး စုစုစည်းစည်း၊ တိုင်တိုင် ပင်ပင် လုပ်သွားရင်ရော ဒီထက်ပိုပြီး မအောင်မြင်ဘူးလား။ ယူနီကုဒ် အားလုံးဟာ ဇော်ဂျီ ယူနီကုဒ်လို လွတ်လွတ်လပ်လပ် လူတိုင်း ဘယ်နေရာ မဆို သုံးပိုင်ခွင့် တွင်တွင်ကျယ်ကျယ် ရလာခဲ့မယ်ဆိုရင်၊ နိုင်ငံတကာ စံနှုန်းနဲ့ အညီ တစ်သမတ်တည်း အသုံးပြု တီထွင် ထုတ်လုပ်လာကြပြီး တစ်ကမ္ဘာလုံးက လက်ခံနိုင်တဲ့ အတိုင်းအတာ အထိသာ အသုံးပြုကြရတော့မယ် ဆိုရင်ဖြင့် အတိုင်းထက်အလွန် ဖြစ်မိမှာ အမှန်ပါပဲ။

ဒီလို IT တိုးတက်နေတဲ့ ခေတ်ကြီး မှာ ကျွန်မတို့ နိုင်ငံအတွက်၊ ကျွန်မတို့ လူတွေအတွက် လူတိုင်း၊ လူတိုင်း အသိပညာ တိုးပွားလာပြီး ခေတ်တုံး၊ စနစ်တုံး မဖြစ်တော့ဘဲ အခုလို ခေတ်သစ် Computingဟာ Unicode မပါလို့ မဖြစ်တော့တဲ့ ခေတ်တစ်ခေတ်ကို အမှန် ရောက်ရှိလာတော့မယ်လို့ ကျွန်မ ထင်မြင်မိ ပါတော့တယ်ရှင်။

Ma Naw Phyu Lay
အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။