“ကိုဘအေးကတော့ လုပ်လိုက်ရင် ဒီလိုချည်းပဲ၊ ဘယ်တော့မှ အပေါက်အလမ်း မတည့်ဘူး၊ တစ်ခါတည်း ပြီးရမယ့် ကိစ္စကို မပြီးဘူး။
နောက်ဖေး မီးဖိုချောင်မှ မီးသွေးမီးဖိုကို ယပ်တောင်နှင့် တဖျပ်ဖျပ်ခတ်ရင်း မီးမွေှးနေတဲ့ မဒမ်ဘအေးရဲ့ မြည်တွန် တောက်တီးသံက အိမ်ရှေ့ ဧည့်ခန်းမှာ သတင်းစာ ထိုင်ဖတ်နေတဲ့ ကိုဘအေးဆီကို လွင့်ပျံလာပါတယ်။

ကိုဘအေးကလည်း ကိုဘအေးပဲလို့ ပြောရမယ်။ အသစ်၀ယ်ရင်လည်း ၀ယ် လိုက်ပါလား၊ အခုဟာက Second Hand တောင် မဟုတ်တော့ဘဲ ဘယ်နှဟမ်း တောင် ရှိနေမှန်း မသိတော့တဲ့ ပစ္စည်းကို လျှပ်စစ်ပြင်တဲ့ ဆိုင်က ကိုဘာဘူ အပြော ကောင်းတာနဲ့ ၀ယ်လာမိတယ်။ အိမ် ကျတော့ ကကျိုးကကြောင် ဖြစ်နေလို့ မဒမ်ဘအေးရဲ့ အပြောခံရတာ ဆိုပါတော့။
ကိုဘအေးတို့ နေပြည်တော်ကနေ မပြောင်းခင် တစ်လလောက် အလိုမှာ အိမ်က ကြေွပြားကပ် မီးဖိုအဟောင်းကြီးက ပျက်သွားတယ်။ အရင်ကလည်း ကွိုင်ပြတ် သွားလိုက်၊ ဆက်လိုက်၊ ကွိုင်လဲလိုက်နဲ့ သုံးနေတာ။ အခုကျတော့ မီးက လုံး၀ မလာတော့ဘူး။ Fuseတွေလည်း မပြတ် ဘူး။ ကိုယ်လည်း နားမလည်တော့ဘူး။ ဆိုင်ယူ သွားပြင်ဖို့ကလည်း မီးဖိုကြီးက လေးတယ်။

ဒါနဲ့ ရုံးက ဦးစီးအရာရှိ အမျိုးသမီး တစ်ယောက်က လကုန်ပေးနဲ့ ရောင်းတဲ့၊ အခု ခေတ်စားနေတဲ့ ဒီဂျစ်တယ် မီးဖို ဆိုလား။ အဲဒါကို ၀ယ်လိုက်တယ်။ ကိုဘအေးတို့ ရန်ကုန်ရောက်ပြီး သုံးနေရင်း နဲ့ ကွိုင်ချောင်း ကျွမ်းသွားလို့ လဲရတယ်။ ကဒ်ဆိုလား ပျက်သွားလို့ နှစ်ခါလဲရတယ်။ ဒီတစ်ခါကျတော့ ဒီမီးဖိုလည်း ပြင်မနေ တော့ဘူး။ ကိုယ်ထည်ကလည်း နည်းနည်း အက်နေပြီ ဆိုတော့လေ။ ကွိုင်မီးဖို တစ်လုံး ပဲ ၀ယ်လိုက်ရင် ကောင်းမလားပေါ့။ အသစ် ဆိုရင် ဘယ်လောက်ရှိမလဲ မေးတော့ ငါးထောင်၊ ခြောက်ထောင်လောက်တော့ ရှိမယ်။ ကိုဘာဘူက သူ့ဆီမှာ Hot Plate မီးဖိုအဟောင်း နှစ်လုံး ရှိတယ်။ တစ်လုံးက ပွိုင့် သိပ်မကောင်းဘူး။ တစ်လုံးကတော့ ကောင်းတယ်၊ လိုအပ်တာတွေ သူ လုပ်ပေး လိုက်မယ်ပေါ့။ ခြောက်ထောင်ပဲ ပေးဆို တော့။
အင်း… ကိုဘအေး စဉ်းစားတယ်။ ကွိုင်မီးဖိုကလည်း ကွိုင် ခဏခဏ ပြတ် တတ်တယ်။ ဟော့ပလိတ် ဆိုရင်တော့ ကွိုင်ပြတ်မှာ မပူရတော့ဘူး။ ဈေးကလည်း အတူတူလောက်ပဲဆိုတော့ ဟော့ပလိတ်ပဲ ယူလိုက်တော့မယ်ပေါ့။ မဒမ်ဘအေး ကတော့ သူစဉ်းစားမိတယ်။ (ကိုဘအေး ကိုတော့ မပြောသေးဘူး) ဒီလိုပြင်တဲ့ ဆိုင်တွေက ဒီပစ္စည်း ဟိုထည့်၊ ဟိုပစ္စည်း ဒီထည့် လုပ်တတ်တယ်။ ဟန်ကျပါ့ မလားပေါ့။ ကိုဘအေးကလည်း ပြောထား ပြီးသား ဖြစ်နေတော့၊ ဒီလိုနဲ့ပဲ အဲဒီ ဟော့ပလိတ်ပဲ ၀ယ်ခဲ့လိုက်တယ် ဆိုပါတော့။

ဒီကောင်က မီးပူလိုပဲ။ ပူလာရင် Auto ဖြတ်တာ၊ ဒီတော့ ရေနွေး တစ်အိုးတောင် အတော်ကြာအောင် တည်ရတယ်။ ကြာကြာ တည်ချင်ရင် (Timerလိုပဲ) ပွိုင့်ကို တင်လို့ မှာလိုက်တယ်။ တင်တာပဲ မထူး ဘူး။ တစ်ရက်၊ နှစ်ရက်နေတော့ မီးဖိုက လုံး၀ မပူတော့ဘူး။ ဒါနဲ့ ဆိုင်ကို ပြန်သွား တော့ ပလိတ်ပြားကြီး ပြန်လဲ ပေးလိုက် တယ်။ ပူတော့ ပူတယ် အလယ်လေးပဲ ကွက်ပူတယ်။ ဒီတော့ မဒမ်ဘအေးလည်း ကောင်းချီး ပေးတော့တာပေါ့။ ကိုဘအေးက ယောကျ်ား မို့လို့ပဲ၊ မိန်းမဆိုရင် ပလိုင်းနဲ့ လိုက်ကောက်ရမယ် ဘာညာပေါ့။ ယုံလွယ်လွန်း၊ အားနာတတ်လွန်းလို့လေ။

နေပြည်တော် ရောက်စတုန်းကလည်း အိမ်က ဒေ၀ူး တီဗွီကြီးက Colourတွေ မမှန် တော့ဘူး။ အောက်စက်နဲ့ တွဲကြည့်ရတာ လည်း အဆင်မပြေဘူး။ ဒါနဲ့ ပျဉ်းမနား မြို့မ ဈေးကြီးမှာ (အဲဒီတုန်းက နေပြည်တော် မြို့မဈေးတို့၊ သပြေကုန်းဈေးတို့ မရှိသေး ဘူး) TV၀ယ်ဖို့ သွားကြည့်တယ်။ SAKURA (၂၁)လက်မ တီဗွီတစ်လုံး ၀ယ်ခဲ့တယ်။ ငွေရောင်လေးမို့ လှလည်း လှတယ်။ ဆိုင်မှာတုန်းကတော့ စမ်းခဲ့တာပဲ။ OKလို့၊ အိမ်ကျတော့ ဖွင့်မရဘူး။ တစ်ခါ ပြန်သွားလဲ ရတာပေါ့။ ဆိုင်က ကုမ္ပဏီထုတ် တိုက်ရိုက် မို့လို့ လဲပေးတာတဲ့။ တခြား အမျိုးအစား STARတို့ ဘာတို့ဆိုရင် လဲမပေးဘူးတဲ့။ SAKURA ၀ယ်မိတာပဲ တော်သေးတယ် ပြောရမယ်။ ပြောရရင်တော့ ကိုဘအေးရဲ့ အလွဲလေးတွေက အများကြီးပဲ၊ အဓိက ကျတဲ့ အလွဲတွေပဲ ပြောတော့မယ်နော်။
၁၉၆၈ခုနှစ်၊ ကိုဘအေး ဆယ်တန်း ဖြေပြီးတော့ အောင်စာရင်း ထွက်တော့ သွားကြည့်တယ်။ (အဲဒီတုန်းက ဆယ်တန်း အောင်စာရင်းတွေကို ပါတီယူနစ်ရုံးမှာ ကပ်တယ်) (A)Listမှာ ရှာမတွေ့ဘူး။ (B)Listမှာ သွားကြည့်တော့လည်း မပါဘူး။ ကိုယ့်ကိုယ်ကိုတော့ အောင်မယ် ထင်ထား တာ၊ အတော် စိတ်ညစ်သွားတယ်။ (အံမယ် ကိုဘအေးက အောင်စာရင်းသွားမကြည့်ခင် ကုန်သွယ်ရေးက ရောင်းတဲ့ Still Camera လေးတစ်လုံး သွား၀ယ်လိုက်သေးတယ်။ (၂၀)ပဲ ပေးရတယ်။ အမေ့ကို မပြောဘဲနဲ့ ၀ယ်ခဲ့တာ) စိတ်ညစ်ညစ်နဲ့ အိမ်ပြန်ရောက် တော့ အမေက စိတ်မကောင်းပေမယ့် သိပ်မဆူပါဘူး။ ကိုတူးကြီး (ဒေါက်တာ အေးမြင့်)က ဆယ်တန်း တက်မယ့်နှစ် ဆိုတော့ ငါတို့လည်း ရှိတာပဲကွာ ဆိုပြီး အားပေးပါတယ်။

ဒါနဲ့ နောက်နေ့ မနက်ကျတော့ ကျောင်းပြန်အပ်မယ် ဆိုပြီး (ကျောင်းတွေ က ဖွင့်နေပြီလေ) ဘဘရွေှရဲ့ စက်ဘီးလေး နဲ့ အိမ်က ထွက်ခဲ့တယ်။ (ဘဘရွေှက ဒေါက်တာအေးမြင့်ရဲ့ အဖေပါ၊ ကိုဘအေး တု့ိက နှစ်ဆောင်ပြိုင် အိမ်ကြီးမှာ မိသားစု နှစ်စု အတူနေကြတာ) ကျောင်းရောက် တော့ မြန်မာစာသင်တဲ့ ဆရာမဒေါ်သိန်းခင် က နင် ဘာလာလုပ်တာလဲပေါ့။ ကျွန်တော် ကျောင်းလာအပ်တာဆိုတော့၊ သန်းဌေးရယ် (ကိုဘအေးရဲ့ နာမည်ရင်း) နင်ကလဲ ကြောင်နေပြန်ပြီ ဒီမှာကြည့် (A)နဲ့ အောင် တယ်လေဆိုပြီး ကျောင်းအုပ်ကြီး ရုံးခန်းက အောင်စာရင်း စာအုပ်ကြီး ထုတ်ပြတယ်။ ကိုဘအေးလည်း ၀မ်းသာအားရနဲ့ အိမ်ကို ပြန်ပြေးတာပေါ့။ ပါတီယူနစ် ရုံးမှာလည်း သေသေချာချာ ကြည့်ခဲ့တာပါ။ စာမေးပွဲ တစ်ခါမှ မကျဖူးတော့ တစ်ညတော့ စိတ်ဆင်းရဲ လိုက်ရတယ်။ လွဲတော့ လွဲတာပဲ၊ ဘယ်လို လွဲသွားသလဲတော့ မပြောတတ်ဘူး။ ပြီးတော့ ပုသိမ်ကနေ ဆယ်တန်းကို Physics, Chemistry, Math သိပ္ပံတွဲနဲ့ အောင်တဲ့လူက မန္တလေး တက္ကသိုလ်မှာ မြန်မာစာမေဂျာ ပထမနှစ် သွားတက်ခဲ့ရတာလည်း ကိုဘအေး ဘ၀မှာ အလွဲတစ်ခုပဲ မဟုတ်ပါလား။

နောက်တစ်ခုက ၁၉၉၈ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့မှာ ရှေ့နေ့ချုပ်ရုံး ညွှန်ကြားရေးမှူး ဆရာ ဦးဘကြိုင်ရှေ့မှာ မဒမ်ဘအေးနဲ့ လက်မှတ်ထိုးပြီးတော့ ၁၉၉၉ခုနှစ်၊ ဇန်နဝါရီ လ (၃၁)ရက်နေ့ (တပို့တွဲ လပြည့်နေ့)မှာ ဗဟန်း၊ ကြားတောရလမ်းမှာ ရှိတဲ့ ထွေအုပ် ဓမ္မာရုံမှာ မင်္ဂလာဆွမ်းကျေွး လုပ်တယ်။ ဓမ္မာရုံမှာပဲ ညအိပ်ပြီးတော့ မနက် (၄)နာရီ လောက်ထပြီး (၃၆)လမ်းက ဇော်ဇော် (ထီလာ)နဲ့ မိတ်ကပ် သွားပြင်တယ်။ ဇော်ဇော်က မရီးဖြစ်သူ မစမ်းစမ်းရဲ့ မောင် ပါ။ ကြိုပြီးလည်း ဘိုကင် လုပ်ထားပြီးသား၊ ဖြစ်ချင်တော့ အဲဒီနေ့က ဘွဲ့ယူမယ့် အမျိုး သမီး နှစ်ယောက်ကလည်း ကိုယ့်ရှေ့မှာ တန်းစီထားတယ်။ သိတဲ့အတိုင်းပဲ မိတ်ကပ် ပြင်ရတာကလည်း ကြာတယ်လေ။ သတို့သား ကိုဘအေးကလည်း နည်းနည်း ပါးပါး ရှိုင်းတယ်ပေါ့။ ဟဲဟဲ… ရှိုင်းတာက အရေးမကြီးဘူး။ ဓမ္မာရုံမှာက ဆွမ်းကပ်မယ့် သံဃာတော်တွေနဲ့ နှစ်ဖက် လူကြီးတွေက ရောက်နေကြပြီ။ သတို့သားနဲ့ သတို့သမီးက ရောက်မလာသေးဘူး။
အဲဒီတုန်းက ဟန်းဖုန်းတွေကလည်း မပေါ်သေးတော့ လှမ်းပြီး ဆက်သွယ်လို့ လည်း မရနဲ့ပေါ့။ တော်သေးတယ်၊ ပင့်ထား တဲ့ ဆရာတော်က ဒဂုံပရိယတိ္တစာသင်တိုက် က ဆရာတော်ဦးဂုဏာနန္ဒက ပြည်ထောင်စု ရိပ်သာမှာတုန်းက မိသားစု ဆရာတော်လို ဖြစ်နေလို့ပေါ့။ နာရီ၀က်လောက်တော့ စောင့်လိုက်ကြရတယ်။ ကိုဘအေးတို့က အဲဒီလို လွဲခဲ့ကြတာ။

ကိုဘအေးတို့ အစိုးရရုံးတွေ ၂၀၀၅ခုနှစ်၊ နို၀င်ဘာလ (၆)ရက်နေ့မှာ ရုံး အသုံး အဆောင် ပရိဘောဂတွေရယ်၊ စာရွက် စာတမ်းတွေရယ်ကို ရှေ့ပြေး အဖွဲ့တွေနဲ့ နေပြည်တော်ကို အရင် ပြောင်းကြတယ်။ ကိုဘအေးတို့ ၀န်ထမ်းတွေက နောက်တန်း မှာလည်း အချို့ကျန်ခဲ့ပြီး (မိသားစုတွေ မခေါ်ရသေးဘဲ) ၂၀၀၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ ညရထားနဲ့ ပြောင်းခဲ့ကြ တယ်။ ဧပြီလ ကျောင်းပိတ်ရက်မှာ မဒမ်ဘအေးတို့ သားအမိတွေကို နေပြည်တော်ကို ခဏအလည်ခေါ်ဖို့ ရန်ကုန်ကို ပြန်ခဲ့ပြီး ရုံးက စီစဉ်ပေးတဲ့ ရက်မှာ (အဲဒီတုန်းက ၀န်ထမ်းတွေက ဌာန အစီအစဉ်နဲ့ စုသွား စုပြန်ကြရတာ) ရန်ကုန် ဘူတာကြီးကို မိသားစုတွေ လာခဲ့ကြတယ်။ တွဲထိုးတဲ့အခါကျတော့ သတ်မှတ်ထားတဲ့ တွဲပေါ် တက်လိုက်ကြတဲ့အခါ တွဲပေါ်မှာ လူအပြည့် ဖြစ်နေတယ်။ ကိုယ်စီးရမယ့် ခုံနံပါတ်မှာလည်း လူရှိနေတယ်။ ဘယ်လို ဖြစ်တာလဲ။ တွဲများ မှားသလားပေါ့။ ရှေ့တွဲ တွေ သွားကြည့်လိုက်ဦးမယ်။ ဟယ်.. ဒီမှာ လည်း လူတွေအပြည့်၊ နောက်တွဲတွေမှာ များလား။ နောက်ဖက် ပြေးကြပြန်တယ်။ ရထားတစ်စင်းကို စင်္ကြန်ပေါ်မှာ ရှေ့နဲ့ နောက်နဲ့ ပြေးနေကြရတာ၊ ကိုယ်နဲ့ တစ်ဌာနတည်း ဖြစ်တဲ့ ဒေါ်ကျိန်မန်းညောင် တို့ မိသားစုကလည်း လိုက်ပို့တဲ့ ယောက်ျား ရော၊ သားတွေရောက ကိုဘအေးတို့ရဲ့ အထုပ်အပိုးတွေကို ၀ိုင်းဆွဲလို့ပေါ့။ သမီးလေးကလည်း (၆)နှစ် သမီးလောက်ပဲ ရှိသေးတော့ ပြေးလွှားနေရတာကို ကြောက် ပြီးတော့ငို။ နောက်တော့မှ ရုံးက ၀န်ထမ်း တစ်ယောက်ကို တွေ့တော့ ဒီရထား မဟုတ် သေးဘူး။ နောက် ရထားမှတဲ့။ ကဲ…မှတ်ကရောဟဲ့လို့။ စီစဉ်တဲ့သူဆီက ရထားချိန် တိတိကျကျ မသိလိုက်ရတော့၊ လူတွေလည်း ပြေးရလွှားရနဲ့ စိတ်ပူရတာနဲ့ ရောပြီး တော်တော် မောသွားကြတယ်။ နောက်ဆုံးတော့ ဒီအလွဲက ကိုဘအေး အလွဲဖြစ်ပြီး မဒမ်ဘအေးရဲ့ အဆူ အကြိမ်းကို ခံလိုက်ရတာပေါ့။
၂၀၀၆ခုနှစ်၊ မေလ (၁၄)ရက်နေ့မှာ တော့ မိသားစုတွေပါ ခေါ်ပြီး စစ်ကားတွေနဲ့ ပြောင်းကြရတယ်။ ကိုဘအေးတို့ အိမ်ထောင် ပစ္စည်းတွေကလည်း FAWကား တစ်စီး အပြည့်ပဲ။ ရန်ကုန်မှာ ထားခဲ့စရာ အိမ်မရှိတော့လည်း အကုန် သယ်ခဲ့ရတာ ပေါ့။ ညနေပိုင်းမှာ နေပြည်တော်ကို ရောက် တယ်။ တိုက်ရှေ့ ကားလည်းဆိုက်ရော ကိုဘအေး အမောဆို့သွားတယ်။ ကိုဘအေးတို့ နေဖို့ လျာထားတဲ့ အခန်းမှာ အကြံပေးဆရာ ဦးကျော်နဲ့ ဆရာ ဦးခင်မောင်မြင့်တို့ ရောက်ပြီး တည်းနေ ကြတာ။ ကိုဘအေးတို့ ပစ္စည်းတွေ ကလည်း ကားတစ်စီးတိုက် ဆိုတော့ နည်းတာ မဟုတ်ဘူး။ အခန်း မရှိတော့ ဘယ်သွားထားမလဲ။ ကြံရာမရ ဖြစ်ပြီး မဒမ်ဘအေးက ငိုလည်း ငို၊ ကိုဘအေး ကိုလည်း အပြစ်တွေ တင်တော့တာပဲ။ အခန်းဖြင့် မသေချာသေးဘဲနဲ့ ကိုဘအေးတို့ လုပ်လိုက်ရင် ဒီလိုချည်းပဲဆိုပြီး ပူညံ ပူညံတွေ ဖြစ်ပေါ့။
ဒါပေမယ့် မတတ်နိုင်ဘူးလေ။ သူကလည်း မနက်ဖြန် (၁၅)ရက်နေ့ ကျောင်းမှာ သတင်းပို့ရမှာ၊ သင်တန်းက လည်း တက်ရဦးမှာဆိုတော့ ဒီနေ့ ပြောင်းလာမှ ရတော့မှာကို၊ အရင်ဆုံး ကားပေါ်က ပစ္စည်းတွေ ၀ိုင်းချကြ၊ တိုက်အောက်မှာပဲ ပုံထား။ ဦးစီးအရာရှိ လူပျိုကြီး ကို၀င်းလွင်နှင့် ခေတ္တအတူ နေကြတဲ့ မြေညီထပ်က Master Bedroom အခန်းမှာပဲ သားအမိတွေကို နေရာချ (ကို၀င်းလွင်ကတော့ အပေါ်ထပ်ကို ပြောင်းပြေးပြီ) ဟိုဘက်က အမျိုးသမီး အဆောင်ကို သွားပြီး စီမံက AD ဒေါ်ခင်၀င်းကြည်ဆီ သွားပြီး သတင်းပို့၊ အစ်မရေ လုပ်ပါဦး။ ကျွန်တော်တို့ ပြောင်းလာပြီပေါ့။ အစ်မကလည်း အေး၊ အေး ငါလုပ်ပေးပါ့မယ်ဟာ။ ခဏတော့ စောင့်၊ ဒီလိုနဲ့ နှစ်ပတ်လောက်နေတော့ မျက်နှာချင်းဆိုင် တိုက်မှာ အခန်းရလို့ အဆင်ပြေသွားပါတယ်။ ကိုဘအေးတို့ လွဲချက်ကတော့ အဲဒီလိုပါ။ ကိုဘအေးတို့ အဖြစ်ကို ဆရာ ဦးမောင်မောင်ဌေး (ယခု ရုံးချုပ် ငွေစာရင်းညွှန်မှူး) ဆိုရင် အခုထိ ပြောလို့ မဆုံးဘူး။

ဘ၀တစ်ကွေ့ အတွေ့အကြုံ ဆိုသလိုပဲ ကိုယ့်ဘ၀မှာ တွေ့ခဲ့၊ ကြုံခဲ့၊ အလွဲတွေ ဖြစ်ခဲ့ ကြတာတွေကို အခု ပြန်တွေးကြည့်လိုက်ရင် အခု ကြည်နူးမိရတာ အမှန်ပါ။ စိတ်ညစ် စရာလည်း ကောင်း၊ ရယ်စရာလည်း ကောင်းခဲ့တဲ့ အဖြစ်တွေပေါ့။
တစ်ခုတော့ ရှိတယ်၊ ကိုဘအေးရဲ့ အလွဲတွေထဲမှာ ရည်းစားဟောင်းတွေနဲ့ လွဲခဲ့ရတာကိုတော့ ထည့်ရေးလို့ မဖြစ်ဘူး။ မဒမ်ဘအေး သိသွားရင် ဗိုက်ခေါက် လိမ်ဆွဲ ခံနေရဦးမယ်။ ပြောရင်းနဲ့တောင် မျက်ခုံးတွေ လှုပ်လာပြီ။
ဘ၀ အမောလေးတွေ ပြေကြပါစေ။

TZO
အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။
  • may thu kyaw

    လြဲလိုက္ရတာ…….ကိုဘေအးရယ္