ကိုဘအေးလည်း အခုဆိုရင် ဘာလိုလိုနဲ့ စာရေးပတ် (စာရေးသက် မဟုတ်သေးပါ) (၉)ပတ်လောက် ရှိသွားပြီ ဖြစ်ပါသည်။ (ကိုယ်ရတဲ့ ဂျာနယ်တွေ ပြန်ရှာကြည့် ရသေးတယ်)ဘာပဲဖြစ်ဖြစ် ကိုယ် အခုလို စာရေးဖြစ်အောင် တိုက်တွန်းအားပေးခဲ့တဲ့ ဒေါက်တာပီတိနဲ့ ကိုယ့်ရဲ့စာမူတွေကို စိတ် ရှည်လက်ရှည်နဲ့ ဖတ်ပြီး အပတ်စဉ် မပြတ် အောင် ထည့်ပေးနေတဲ့ မြန်မာအိုင်စီတီ ဂျာနယ် တို့ကိုလည်း အထူးပဲ ကျေးဇူးတင် နေမိပါတယ်။

ကိုဘအေးက ဟိုတုန်းကတည်းက စာရေးချင်ခဲ့တဲ့သူ တစ်ယောက်ပါ။ စာရေး တာကို ဝါသနာလည်း ပါတယ်။ တကယ် ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမယ် ဆိုသလိုပဲ ဖြစ်ဖြစ်မြောက်မြောက် မလုပ် ခဲ့လို့ မကြိုးစားခဲ့လို့ပါ။ နို့မဟုတ်ရင် စာရေး ဆရာကြီး ကိုဘအေး ဖြစ်နေလောက်ပြီ။ ကိုဘအေးက အနုပညာပိုး ပါတယ်လို့တော့ ပြောရမယ်။ ပန်းချီဆွဲတာလည်း ဝါသနာ ပါတယ်။ အတီးအမှုတ်လည်း ဝါသနာ ပါတယ်။ ကိုဘအေးတို့ ငယ်ငယ်ကတော့ ဇောရိုးတို့၊ ဦးရှံစား၊ ဦးဒိန်းဒေါင်တို့ရဲ့ ကာတွန်း စာအုပ်တွေထဲက ပုံတွေ ကြည့်ပြီး ဆွဲတယ်။ ရူခင်းပုံတွေ ဆွဲတယ်၊ ရေဆေး နဲ့ပေါ့။ နောက်ပြီးတော့ ဓာတ်ပုံကြည့်ပြီး တော့ ကိုယ့်ပုံကိုယ် ခဲနဲ့ ဆွဲဖူးတယ်၊ ပန်းချီ သင်တန်းတွေ၊ ဘာတွေတော့ သေသေ ချာချာ မတက်ခဲ့ဖူးပါဘူး။ ကိုယ့်ဘာသာ ဒီလိုပဲဆွဲတာ။ အတီးအမှုတ်ကျတော့လည်း အမေ့ရဲ့ မောင်၀မ်းကွဲ ဦးလေးသာအေး (ကိုမောင်မောင်မြင့်)သင်ပေးလို့ မယ်ဒလင် နဲ့ သီချင်းကြီး သုံးလေးပုဒ်တော့ တီးတတ် တယ်(အခုတော့ မေ့ကုန်ပါပြီ) မေမေက တော့ ကျောင်းစာဘက်မှာ လျော့မှာစိုးလို့ သိပ်မကြိုက်ဘူး။ ဒီလိုပဲ ဂီတာဆိုလည်း ညီတွေန့ဲ ဒေါင်ဒေါင်တင်တင် တီးလိုက် တာပဲ။ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ဖြစ်ဖြစ် မြောက်မြောက်သာ မရှိတာ။ အဲ့-ဒါပေမယ့် သံစုံဘာဂျာ(Mouth Organ)တော့ ကိုဘအေး ကောင်းကောင်း မှုတ်တတ် ပါတယ်။ ဘာဂျာသံချောင်းတော့ မမီဘူး ပေါ့ဗျာ။

အော်၊ စာရေးတဲ့ အကြောင်းကနေ ဘာဂျာတွေ ဘာတွေရောက်သွားပြီ။ ဒီလိုပါ၊ ကိုဘအေးမှာ အနုပညာ ဗီဇလေး နည်း နည်းတော့ ပါတယ်လို့ ပြောချင်တာပါ။ ဒီလိုနဲ့ စာရေးမယ်ဆိုတော့ ဇာတ်လိုက် တစ်ယောက်တော့ မွေးဦးမယ်လို့ စိတ်ကူး တယ်။ အ့ဲဒီမှာ မိတ်ဆွေတစ်ယောက်က ကိုယ့်ကိုပေးတဲ့ နာမည်ကိုပဲ ရွေးလိုက် ပါတယ်။ အဲ့ဒီမိတ်ဆွေက ၀န်ကြီးရုံး တစ်ခု ကပါ။ သမီးခင်ဆုမွန်နဲ့ လေးငါးတန်း လောက်တုန်းက အတန်းတူ သူငယ်ချင်းဖြစ်တဲ့၊ မဒမ်ဘအေးရဲ့ တပည့်မလေးတစ်ယောက်ရဲ့ အဖေပါ။ ၀န်ထမ်းတွေ တချို့က ၀န်ကြီးဌာန တွေကနေ ဟိုပစ္စည်းလေးလျှောက် ဒီပစ္စည်းလျှောက်နဲ့ ပါမစ်လေးတွေ ရောင်းစားကြပြီး အပို၀င်ငွေလေးတွေ ရှာကြတာ ရှိတယ်။ ကိုယ်က ဒီလိုပဲ နေနေတာဆိုတော့ သူက မချင့်မရဲဖြစ်ပြီး အစ်ကိုကတော့ ကိုဘအေးပဲဆိုပြီး ကိုယ့်ကို နာမည်ပေးသွားတာ။ အခု ကိုယ်ကလည်း ဒီနာမည်ကို ကြိုက်တော့ ကိုဘအေးက ဇာတ်လိုက် ဖြစ်သွားတာပေါ့။ (သူလုပ်ပေး လို့ တစ်ခါ နှစ်ခါတော့ စားရပါတယ်၊ အများ ကြီးတော့ မဟုတ်ပါဘူး၊ တစ်သောင်း၊ နှစ် သောင်းလောက်ပါ။ နောက်တော့ သူတို့ လည်း ပြောင်းသွားကြလို့ မတွေ့ဖြစ်တော့ ပါဘူး။)

ဇာတ်လိုက်ရွေးပြီးသွားပြီဆိုတော့ ဘာတွေ ရေးရမလဲပေါ့။ ဘာအကြောင်း အရာတွေ ရေးမလဲပေါ့။ ကိုယ်က ပညာရှင် မဟုတ်တော့ အကြောင်းအရာ တစ်ခုကို ပုံသေ သတ်မှတ်ပြီးလည်း ရေးလို့မရဘူး။ ထွေရာလေးပါးပဲ ရေးရမှာ။ စာရေးဆရာ ဆိုရင်တော့ တစ်စွန်းတစ်စ သိရတာလေး တစ်ခုကိုပဲ စာတစ်ပုဒ်ဖြစ်အောင် ရေးတတ် တယ်။ တစ်ခါတစ်လေ ဇာတ်လမ်းတစ်ပုဒ် ၀တ္တုတစ်ပုဒ်တောင် ဖြစ်သွားသေးတယ်။ ကိုယ်က စာရေးဆရာ မပြောနဲ့၊ စာရေး တပည့်တောင် မူကြို အဆင့်ပဲ ရှိသေးတယ် လို့ ခံယူထားတာပါ။ ဒီနေရာမှာ ကြားဖြတ် ပြီးတော့ ဒေါက်တာပီတိကို ချီးကျုးမိတာ လေး ပြောချင်ပါတယ်။ စာရေးတာ သိပ် မကြာသေးပေမယ့် ရေးတတ်တယ်လို့ ပြောချင်ပါတယ်။ ရေးနိုင်ရင်တော့ နောင်မှာ ဆရာ၀န် စာရေးဆရာတစ်ယောက် ဖြစ်နိုင် ပါတယ်။ ကိုယ်နဲ့ သိတဲ့လူမို့လို့ ပြောတာပါ။ စာရေးဖို့ဆိုတာ အတွေ့အကြုံတော့ အများ ကြီး လိုတယ်ဗျ။ များများ သွားလာနိုင်လေ၊ အတွေ့အကြုံ များများရလေပဲ။ ကိုယ့်ရဲ့နေထိုင် စားသောက်မှု ဘ၀၊ ကိုယ့်ရဲ့ပတ်၀န်းကျင်မှာ နေ့တိုင်း ကြုံတွေ့ နေရတဲ့ လူတွေ အကြောင်းအရာတွေ အဖြစ်အပျက်တွေ၊ မြင်တတ်ရင်တော့ အဲဒါတွေက စာရေးဖို့ ကုန်ကြမ်းတွေပါပဲ။ မှတ်မှတ်သားသားလည်း လုပ်တတ်ရမယ်။ ပြီးတော့ စောစောက ပြောခဲ့သလိုပဲ ရေးတတ်ဖို့လည်း လိုတယ်ပေါ့နော်။ ကိုဘအေးကို ဆရာလုပ်တယ်လို့လည်း မထင်စေချင်ဘူး။ ကိုယ့်အမြင်ကို ပြော တာပါ။

နောက်တစ်ခုက စာရေးချင်ရင် စာများ များ ဖတ်ရမယ်လို့ ဆရာ့ ဆရာကြီးများ ပြောတာတွေလည်း ရှိပါတယ်။ ကိုဘအေး တို့ရဲ့ လူ့ဘ၀၊ လူ့လောကကြီးမှာ ဖြစ်ဖြစ် သမျှ အကြောင်းအရာတွေကို တစ်ထိုင် တည်းနဲ့ သိနိုင်တာဟာ စာပေပဲ ရှိပါတယ်။ စာများများဖတ်နိုင်ရင် များများ သိမယ်၊ များများ တတ်မယ်၊ များများ အကျိုးရှိမယ်။ ဒါပေမယ့် လူအများစုဟာ စာဖတ်တာ အားနည်းနေသေးတာကို တွေ့နေရတယ်။ မအားလို့ အချိန်မရလို့ဆိုပြီး ဆင်ခြေပေးကြ တယ်။ တချို့ကလည်း စာဖတ်တာ ဝါသနာ မပါဘူး။

ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ၊ ဘောလုံးပွဲ တွေတော့ အချိန်ကုန်ခံပြီး အိပ်ပျက်ခံပြီး ကြည့်ကြတာ။ ဂျပန်လူမျိုးတွေက စာသိပ် ဖတ်ကြတယ်လို့ ကိုဘအေး ကြားဖူးတယ်။ ကားမှတ်တိုင်မှာ ဘတ်စ်ကား စောင့်နေရင်း နဲ့တောင် စာအုပ်ဖွင့်ဖတ်နေတာတဲ့ (ကိုဘ အေးတို့ဆီမှာတော့ ကားမှတ်တိုင်မှာ အ့ဲဒီ လောက် အေးအေးဆေးဆေး စာဖတ် မနေ နိုင်ပါဘူး၊ ဘတ်စ်ကားလာရင် ဘယ်လို အပြေးတက်ရမလဲလို့ပဲ တာစူနေရတာ) ခရီးသွားရင်းလည်း ကားပေါ်မှာ ရထား ပေါ်မှာ စာဖတ်သွားကြတာတဲ့။ ကလေး၊ လူကြီးတွေအားလုံး စာဖတ်ကြတာတဲ့။ ဒါကြောင့်လည်း ဂျပန်နိုင်ငံဟာ တိုးတက် နေတာလို့ ဆိုပါတယ်။

ကိုဘအေးတို့ဆီမှာတော့ အချိန်တွေ အလဟဿ ကုန်ဆုံးနေတဲ့သူတွေ များ တယ်။ ဂျပန်တွေလိုသာ စာဖတ်နိုင်မယ် ဆိုရင် တော်တော် အကျိုးရှိမှာပါ။ သုတ စာပေများဟာ ဦးနှောက်ဉာဏ်ကို ဖံွ့ဖြိုးတိုး တက်စေနိုင်သလို ရသစာပေများကတော့ နှလုံးသားကို ဖွံ့ဖြိုးနိုင်တယ်လို့ သိရပါတယ်။ သုတရသ နှစ်မျိုး ကိုမျှပြီး ဖတ်ပေးခြင်း အားဖြင့် မိမိတို့ရဲ့လူမှုဘ၀တွေကို မြင့်မား တိုးတက်စေမှာ အမှန်ပါ။ တစ်ဦးချင်း တစ် ယောက်ချင်းရဲ့ လူမှုဘ၀ တိုးတက်မှုဟာ နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အခြေခံ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။ အလိမ္မာစာမှာရှိ ဆိုတဲ့အတိုင်း စာများများ ဖတ်ပေးနိုင်ရင် ဗဟုသုတတွေ တိုးပွားလာ ပြီး အကောင်းအဆိုး ခွဲခြား နားလည်နိုင် ကြမှာ ဖြစ်ပါတယ်။

ကိုဘအေးလည်း စာရေးနေပြီဆိုတော့ စာကို တတ်နိုင်သမျှ များများ ဖတ်နိုင် အောင် ကြိုးစားရပါတယ်။ အချိန်ကို အအားမထားဘဲ စာအုပ်စာပေများကို ရှာဖွေဖတ်ရှုနိုင်လေ ကိုယ့်အတွက် အကျိုးရှိလေမို့ အားနေရင် စာဖတ်ပါလို့ပဲ ပြောချင်ပါတယ်။

TZO
အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။