“ဆရာ ဒီတစ်ပတ်လည်း ဂျာနယ်ထဲမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းတွေ Hot Topic ဖြစ်နေတာ ဆရာသိလား”

“ဟုတ်လား ဆရာေ၀မိုးရ၊ ဆိုပါဦး”

“ပြီးခဲ့တဲ့ အပတ်ကလည်း Hydrocephalusနဲ့ပတ်သက်ပြီး Facebook ပေါ်မှာရော ဂျာနယ်ထဲမှာပါ ဆေးပညာနဲ့ အလှမ်းေ၀းတဲ့ သူတွေရဲ့ ထင်ရာမြင်ရာ တွေးပြီး ပြောတာတွေ ကြားခဲ့ရသေးတယ်လေ”

လက်ထောက် ဆရာ၀န်လေး ဒေါက်တာေ၀မိုးနိုင်က Updated Newsများကို လာပြောလေ့ရှိသဖြင့် ဂျာနယ်ပေါင်းစုံနှင့် Internetစာမျက်နှာ ပေါင်းစုံကို ကိုယ်ကိုယ်တိုင် မဖတ်ရ မမြင်ရသော်ငြား ထူးခြားသော သတင်းကား အဆက်မပြတ်။ “ကျွန်တော် စာစောင် ယူလာတယ်၊ တစ်ခါတည်း ဖတ်ကြည့်ပါ ဆရာ”ဟု ဆိုသဖြင့် ဒီတစ်ခါတော့ ကိုယ်တိုင် ကိုယ်ကျ ဖတ်ရချေပြီ။ ဂျာနယ် တစ်မျက်နှာစာ အပြည့် စိတ်၀င်စားဖွယ် ရေးထားသည်ကို တွေ့ရှိရသည်။ စာရေးသူက ပြည်သူ များနှင့် ကျန်းမာရေး၀န်ထမ်းများ (သူတို့ ရည်ညွှန်းသူက ဆရာ၀န်)၏ အကြား ပွင့်လင်းစေလိုမှုနှင့် သဘောပေါက် မလွဲစေရန် တစ်နည်း Transparent ဖြစ်စေရန် ရည်ရွယ်သည်ဟု ရေးသား ထားသည်ကို တွေ့ရသည်။ ရန်ကုန်မြို့ရှိ ဆေးရုံတစ်ရုံ၌ ရက် (၄၀)ကျော်မျှ ဆေးဝါး ကုသနေရင်း (ဆင်းခွင့် မရဘဲ ဆေးရုံမှ ဆင်းသွားသည့် ရက်များ အပါအ၀င်)အသက် ဆုံးရှုံးခဲ့ရသော ကလေးငယ်တစ်ဦး၏ အဖြစ်အပျက်ကို ထောက်ပြ ရေးသားထားခြင်း ဖြစ်သည်။ လူနာရှင် မိသားစုအဖို့ သားငယ်တစ်ဦး ဆုံးရှုံးရသည်မှာ မည်သို့မျှ မလဲနိုင်သော အစားထိုးမရသော၊ တန်ဖိုးဖြတ်မရနိုင်သော ကြေကွဲဆုံးရှုံးမှု ဖြစ်မည််မှာ အမှန်ပင် ဖြစ်သည်။ အသည်းမာသည်ဟု လူအများ ယိုးစွပ်ကြသော ဆရာ၀န်များ မှာလည်း နှလုံးသားရှိသည့် လူသားများ ဖြစ်သည်နှင့်အညီ မိမိ၏ လူနာတစ်ဦး အသက်ဆုံးရှုံးရလျှင် ထိုင်၍ မငိုသော်ငြား ရင်ထဲ ဆို့နင့်ရသည်မှာ လူမသိကြပါ။ မိသားစု တစ်ခုအဖို့ တစ်ခါသာ ခံစားရ သော်လည်း ဆရာ၀န်အဖို့ကား အခါပေါင်း မနည်းလှ။ လူဆိုသည်ကား သေမျိုး မဟုတ်လော။

မိမိ၏ လက်ငါးချောင်းသည်ပင် အတိုအရှည် မညီသကဲ့သို့ လူဟု ဆိုရာ၌လည်း အမျိုးမျိုး ရှိပေမည်။ ဆရာ၀န် ဆိုသည်မှာလည်း လူထဲမှ လူဖြစ်သကဲ့သို့ လူနာရှင်များသည်လည်း လူထဲမှ လူများပင် မဟုတ်ပါလော။ မကျေနပ်မှုနှင့် ဒေါသဟူသည် ပုထုဇဉ်တို့၏ စိတ်အစဉ်၌ ကြီးစိုးတတ်ပေရာ အကြီးမားဆုံးသော ဆုံးရှုံးမှုဖြစ်သည့် သေဆုံးခြင်းတည်းဟူသော အကြောင်း တရားနှင့် ရင်ဆိုင်ရချိန်၌ကား တရားနှင့် ဖြေနိုင်ဖို့ထက် ဒေါသနှင့် မကျေနပ်မှုများနှင့် ပေါက်ကွဲတတ်ကြပေသည်။ လူနာရှင် နည်းတူ ကျန်းမာရေး ၀န်ထမ်းများ သည်လည်း “ဒီလူ ငါ့လက်ထဲ ရောက်တာတောင် ငါမကယ်နိုင်ဘူး” ဟူသော မကျေနပ်မှုနှင့် ဒေါသများလည်း ရှိသည်ကို လူနာရှင်များကတော့ သဘောပေါက်ဟန် မတူ။ သူ့ဒေါသနှင့် ကိုယ့်ဒေါသ ထိပ်တိုက် တွေ့ချေတော့ မီးပွင့်ကြမြဲ။ စာရေးသူ၏ ကျေးဇူးရှင် ဆရာကြီး အင်္ဂလန်မှ ပြန်လာစဉ်က စာရေးသူတို့ကို ပြောပြလေ့ ရှိခဲ့သော အကြောင်းအရာကို ပြန်သတိရမိသည်။ ဟိုမှာဆိုရင် လူနာတစ်ယောက်ကို ကြည့်ရှုစောင့်ရှောက်ရတဲ့ ဆရာ၀န်၊ ဆရာမတွေဟာ အဲဒီလူနာရဲ့ အခြေအနေ ဆိုးရွားလာပြီဆိုရင် မိသားစုကို သီးခြား တွေ့ဆုံပြီး Breaking the Bad News သတင်းဆိုး တစ်ခုကို အသိပေး ပြောကြားလေ့ ရှိသည်။ လူနာသေမယ့် ကိစ္စမဟုတ်တောင် မကောင်းတဲ့ အဖြေ တစ်ခုခု ထွက်လာခဲ့ရင်တောင် အသိပေးကြခြင်း ဖြစ်သည်။ ဒီနေရာမှာ တာ၀န်အရှိဆုံး ပုဂ္ဂိုလ်တွေက တိတ်ဆိတ်တဲ့ အခန်းတစ်ခုမှာ မိသားစုရဲ့ အရင်းဆုံး ပုဂ္ဂိုလ်တွေကို ဖြည်းဖြည်းချင်း ရှင်းပြ ဖွင့်ဟခြင်း ဖြစ်သည်။ “မိသားစု ကတော့ ကြားကြားချင်း ထပေါက်ကွဲတဲ့ လူနာရှင်မျိုး ရှိသလို၊ ကြက်သေ သေသွားတဲ့ သူမျိုးလည်း ရှိတယ်”တဲ့။ ဒီလို ပေါက်ကွဲတတ်တဲ့ သဘောကို ဒီအဖွဲ့ကလည်း ကြိုတွက်ပြီး ဖြစ်၍ အလိုက်သင့် ၀မ်းနည်းစကား ပြောဆိုပြီး အကောင်းဆုံး လုပ်သင့်သည် များကို ချပြ တိုင်ပင်ကြရသည်တဲ့။ နောက်ဆုံး မြေချဖို့အထိ အကောင်းဆုံး ဖြစ်အောင် စီစဉ်ပေးကြသည်တဲ့။ သေဆုံးသွားချိန်တွင်လည်း ၀မ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် ငြိမ်သက်စွာ နေပေးကြသည်တဲ့။ အားကျ အတုယူဖွယ်ရာများတည်း။ သို့ဆိုလျှင် စာရေးသူတို့ရော ထိုသို့ မကျင့်ကြံနိုင်ဘူးလား။ မေးစရာ ရှိလာ ပါသည်။

လူတစ်ယောက်၏ အသက် မသေဖို့ သည် ဆရာ၀န်၌သာ တာ၀န်ရှိသည်ဟု မြန်မာပြည်သူ၊ ပြည်သားများက လက်ခံ ထားကြသည်။ လက်ညှိုးထိုး အပြစ်ဖို့မည် ဆိုလျှင် ဆရာ၀န်၊ ဂျာနယ်လစ်များ ကလောင်စွမ်း ပြမည်ဆိုလျှင် ထိုဆရာ၀န်၊ ရှေ့နေများ တရားစွဲမည်ဆိုလျှင် ဆရာ၀န်သို့ ဆိုလျှင် ဆရာ၀န်များ ပြေးမလွတ်၊ ပြေးလွတ်အောင် အစိုးရ အလုပ်မှ ထွက်၍ ဆရာ၀န်အားလုံး ကျန်းမာရေး စောင့်ရှောက်မှု မပေးတော့လျှင် မည်သို့ ဖြစ်လာမည်နည်း။ ဟိုလို လုပ်ပါလား၊ ဒီလို လုပ်ပါလား၊ ငါလည်း မလုပ်တတ်ဘူး ဆိုသူများကား အားကိုးရမည်လော။ သို့ဆိုလျှင် မည်သူ့မှာ တာ၀န်ရှိသနည်း။ အထက်တွင် ဆိုခဲ့သော နိုင်ငံများ၌ ကျန်းမာရေး စောင့်ရှောက်မှုကို အစိုးရဘဏ္႑ာမှ အပြည့်အ၀ ထောက်ပံ့သည်။ မလိုအပ်သော စမ်းသပ်မှုနှင့် ဆေးပေးမှုတို့ကို မထောက်ပ့ံ။ ဆရာ၀န်နှင့် လူနာဦးရေ အတိအကျ သတ်မှတ်ထားသည်။ ဒီနေ့ လူနာ ငါးယောက် ကြည့်မယ်ဆို နံပါတ် (၆)လာတဲ့သူ ပြန်ပဲ။ အရေးပေါ်အတွက် အရေးပေါ် ရဟတ်ယာဉ်တွေ၊ လူနာတင် ယာဉ်တွေ ရှိတယ်။ ဒီဆေးရုံက လက်ခံ နိုင်တဲ့ ခုတင် ပြည့်သွားရင် အခြားဆေးရုံ ပြေးတော့။ ဒီမှာလို ခုတင် ထိုးတာ၊ ခုံတန်းရှည် ထိုးရတာ မရှိဘူး။ တို့ ဒီမှာက လူနာတစ်ယောက် သေလို့ ငြိမ်သက်စွာ နေပေးဖို့ နေနေသာသာ ဟိုဖက်က သေခါနီး တစ်ယောက်ကို ကယ်နို်င်အောင် ပြေးလုပ်၊ အသစ် တက်လာတဲ့ လူနာကို ရာဇ၀င် မေး၊ စမ်းသပ်ပြီး အတူဆုံး ရောဂါအမည် သတ်မှတ် ကုသနိုင်ဖို့ လုပ်ရနဲ့ ချာချာလည်နေတာပဲဟု ဘွဲ့လွန် သင်တန်း တက်နေသူ သူငယ်ချင်း တစ်ဦး၏ အတွေ့အကြုံကို ကြားခဲ့ဖူးသည်။

မြန်မာပြည်ရှိ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်းနှင့် လက်တွေ့၊ လက်ရှိ လက်ခံပေးရမည့် အတိုင်းအတာ တစ်ခုပင် မဟုတ်ပါလော။ စာရေးသူ ကိုယ်တိုင်ပင် ငယ်ရွယ်စဉ်အခါက မိမိတို့ နေထိုင်ရာ မြန်မာပြည်နှင့် နိုင်ငံခြားရှိ အခြေအနေများ ကွာခြားမှုကို လက်မခံနိုင်သလို စီမံအုပ်ချုပ်သူ မင်းအစိုးရအပေါ် အမြဲ မကျေနပ် ဖြစ်ခဲ့ဖူးသည်။ ဟိုမှာတောင် ရရင် ဒီမှာ ဘာလို့ မရရတာလဲဟု အမြဲ မေးခွန်းထုတ်ရင်း တိုင်းတစ်ပါးကို အားကျမိနေခဲ့ဖူးသည်။ ထိုသို့ မြည် တွန် တောက်တီးမိတိုင်း မိခင်ဖြစ် သူက “သားရယ်၊ မြန်မာပြည်မှာ သား လူဖြစ်ရတာကို ၀မ်းမနည်းပါနဲ့၊ ဘာနဲ့မှ မလဲနိုင်တဲ့ ဗုဒ္ဓဘာသာ၀င် ဖြစ်ရတာ ဒီမှာ မွေးခဲ့လို့ပဲ”ဟု နှစ်သိမ့်ပေးလျှင်ပင် မကျေနပ်ခဲ့။ အသက်ကြီး၍ အတွေးအခေါ် ရင့်ကျက်လာချိန်ရောက်မှ မိခင်၏ တန်ဖိုး ရှိလှသော စကားများ၏ အနှစ်သာရကို မြင်လာသည်။ ထို့ကြောင့် စာဖတ်သူများကို မျှေ၀သိရှိ လက်ခံစေချင်ပါသည်။ မြန်မာပြည် မတိုးတက်သေးသည် မှန်သော်လည်း ဗုဒ္ဓဘာသာ၀င် ဖြစ်ရသည်ကို ဂုဏ်ယူပြီး ကျေနပ်ကြပါ။ ဗုဒ္ဓ၏ ဆိုဆုံးမမှုကို ထဲထဲ ၀င်၀င် နားလည်ဖို့သာ အရေးကြီးသည်။ မြတ်ဗုဒ္ဓပင်လျှင် ပရိနိဗ္ဗာန် စံရသေးလျှင် စာရေးသူတို့ ပုထုဇဉ်များကား ဆိုဖွယ်ရာ မရှိ။ ကွေးသော လက် မဆန့်မီ၊ ဆန့်သော လက် မကွေးမီ သေသွားနိုင်သည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုသည် မဟုတ်ပါလော။

နားလည်မှု လွဲသည်၊ ပွင့်လင်း မြင်သာမှု လိုအပ်သည် ဆိုသော အကြံပေး ထောက်ပြ ေ၀ဖန်မှုများ၏ ခရီးသည်ကား တွင်လှသည်။ ဖြစ်သင့်သည်ကို သိလင့် ကစား အမှန်တကယ် လက်ခံရန်ကား ခဲယဉ်းလှသည်။ ထို့ကြောင့် အမှန်ကို သိလျက်နှင့်ပင် မိမိစိတ်ကို ညာလျက် မဖြစ်နိုင်သော တောင်းဆိုမှုများ သော်လည်းကောင်း၊ သူတစ်ပါးကို ပြစ်တင် ရှုတ်ချ လိုမှုများသည် လည်းကောင်း ပေါ်ပေါက်လာတတ်ပြီး မိမိရော၊ တစ်ဖက်သားတွင်ပါ အနှုတ် လက္ခဏာ ပြသွားတတ်ကြသည်ကို သတိထား ကြရမည်။ ဆရာ၀န် တစ်ဦးအနေဖြင့် ပြည်သူများကို တောင်းပန်လိုသည်မှာ လူနာဆိုသောသူ ပြန်လည် ကောင်းမွန်နိုင် ရေးသည် လူနာရှင်များနှင့် ထပ်တူထပ်မျှ ဆရာ၀န်များ၌ ဆန္ဒရှိသည်ကို လည်းကောင်း၊ လူနာအသက် မဆုံးရှုံး ရေးအတွက် ရသမျှ နည်းလမ်းနှင့် ရသလို ကုသပေးနေရသည်ကို လည်းကောင်း၊ လူနာအင်အားနှင့် ဆရာ၀န် မမျှသည့်အတွက် နိုင်ငံခြား မှာကဲ့သို့ အချိန်ယူပေးနိုင်မှု၊ နှစ်သိမ့် ပေးနိုင်မှု နည်းပါးခြင်းတို့ကို လည်းကောင်း၊ သိရှိလက်ခံပေးရန် ဖြစ်ပါသည်။ မိဘပြည်သူများကို ဥပမာ ပြောပြရလျှင် အခြားပညာတတ် ပုဂ္ဂိုလ်များအတွက် ၁ နှင့် ၁ ပေါင်းလျှင် ၂ ဖြစ်မည် ဖြစ်သော်လည်း ဆေးပညာ ကိစ္စရပ်တိုင်း၌မူ ၁ နှင့် ၁ ပေါင်းတိုင်း ၂ အမြဲ မဖြစ်တော့။ ၁ ပဲ ဖြစ်ကောင်း ဖြစ်နေမည်ကို ဆေးပညာရှင်တု့ိ လက်ခံနိုင်မည် ဖြစ်သော်လည်း အခြား ပုဂ္ဂိုလ်များကမူ ဘာလို့ ၂ မဖြစ်ရလဲ၊ ဆရာ၀န်တွေ ဒါလေးတွေတောင် မသိဘူးလား။ စွပ်စွဲကြတော့မည်။ ပွဲဆူအောင် ဆွကြမည်။ ဆွသူ ကိုယ်တိုင်လည်း သိသည်။ ၎င်း၏ သားရင်း၊ သမီးရင်း မိဘရင်းတို့ တစ်ခုခုဖြစ်လျှင်တော့ ထိုဆွသူ၊ ချိတ်သူများ ကိုယ်တိုင်ပင် ဆရာ၀န်ကို အားကိုးရတော့သည်။ (၉၉)ရာခိုင်နှုန်း စီမံပေးသည်မှာ အောင်မြင်သော်လည်း (၁)ရာခိုင်နှုန်းမျှ အခက်အခဲတွေ့၍ မလုပ်ပေးနိုင်လျှင် ဂျာနယ်ထဲ ပါလာတော့မည်။ (၉၉)ရာနှုန်း အသက်ကယ်ခဲ့သူကို မည်သူမျှ အသိအမှတ် မပြုချင်ကြ။ ထို့ကြောင့် ဟိုဟာ မဟုတ်ဘဲ၊ ဟိုဆေးထိုးတယ် ဟူ၍ လူပိန်းများက စွပ်စွဲတတ်ကြ သည်။ အသက်ကယ်ရေးအတွက် ပင်မ ကောက်နှုတ်ချက် Provisional Diagnosisကို စဉ်းစားပြီး ကုရသလို Differential Diagnosisဖြစ်နိုင်ချေ ရှိသော အခြား ရောဂါများကိုပါ စဉ်းစားပြီး ၎င်းတို့ကိုပါ ကာမိအောင် ပေးရသည်

Dr. PTS
အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။