အော်စကာ
မင်္ဂလာပါ ဘကြီးဖြိုး။

ဘကြီးဖြိုး
မင်္ဂလာပါအော်စကာ၊ ဒီတစ်ခါ အော်စကာက သစ်သစ်လွင်လွင်၊ တောက် တောက်ပပ၀တ်စားလို့၊ ဘယ်သွားမလို့ လဲကွ။

အော်စကာ
Knowledge Age လေ ဘကြီးဖြိုးရဲ့၊ Knowledge တွေရအောင်၊ အသိပညာ အတတ်ပညာတွေရအောင် ပညာတွေ သွားသင်မလို့ ဘကြီးဖြိုး။

ဘကြီးဖြိုး
အေး၊ တို့နိုင်ငံလည်း ကမ်ဘာ့အလယ်မှာ မျက်နှာပွင့်လန်းလာပြီး နိုင်ငံတကာကလုပ်ငန်းအမျိုးမျိုးလည်း လာရောက်နေကြပြီ ဆိုတော့ တို့နိုင်ငံသားတွေလည်း ဘက်စုံ ပညာတွေ တတ်ထားဖို့လိုတာ ပေါ့ကွယ်။

အော်စကာ
ဒါပေါ့ ဘကြီးဖြိုးရဲ့၊ ကျွန်တော်တို့ လူငယ်တွေအတွက် အခွင့်အရေးတွေ လက်မလွတ်ရအောင် ပညာတွေသင်ကြရ မှာပေါ့။

ဘကြီးဖြိုး
အေး၊ သင်ရင်လည်း ကိုယ့်ရှိတဲ့ပညာ၊ ကိုယ့်ဝါသနာနဲ့ကိုယ်စိတ်၀င်စားတာကိုပဲ တတ်အောင်သင်သင့်တယ်။

အော်စကာ
ရှင်းပါဦး ဘကြီးဖြိုး။

ဘကြီးဖြိုး
တို့နိုင်ငံမှာကလည်း ပညာတွေအစုံ သင်နိုင်ပါတယ်ကွယ်၊ ဆရာ၀န်၊ အင်ဂျင် နီယာ၊ IT၊ ရေကြောင်းသိပ္ပံ၊ ၀ိဇ္ဇာ၊ သိပ္ပံပညာ ရပ်တွေ အစုံ သင်ပေးနိုင်တာပဲ။

အော်စကာ
ကျွန်တော့်သူငယ်ချင်းတစ်ယောက်တော့ ဆရာ၀န် M.B.B.S တက်နေရင်းနဲ့ တတိယနှစ်လောက်ရောက်မှ စိတ်မ၀င်စား တော့ဘူး။ မသင် ချင်တော့ဘူးဆိုပြီး စင်ကာပူနိုင်ငံသွားပြီး အင်ဂျင်နီယာ သင်တန်းကို ပထမနှစ်ကစပြီး ပြန်တက် ရတာလေ၊

ဘကြီးဖြိုး
အဲဒါကိုယ့်ဝါသနာအရင်းခံကို သေချာ မဆန်းစစ်နိုင်တာလည်းပါတယ်၊ (၁၀)တန်းမှာ ထူးချွန်ပြီး အမှတ်ကောင်းတယ်၊ ဆရာ၀န်လိုင်းလည်း မီတယ်ဆိုတော့ မိဘ တွေက ကိုယ့်သားသမီးကို ဆရာ၀န် ဖြစ်စေချင်ကြတော့ အတင်း ဆရာ၀န် တက်ခိုင်းတာလည်း ဖြစ်မှာပေါ့ကွယ်။

အော်စကာ
ဟုတ်တယ်၊ ကျွန်တော့် သူငယ်ချင်းက ပညာတော်တယ်၊ ရိုးလည်းရိုးတယ်၊ အေးလည်းအေးတယ်၊ ဆရာ၀န် လိုင်းယူ ဆိုပြီး တက်လိုက်တာ နောက်ပိုင်း ဝါသနာ မပါတော့ လုံး၀ကိုမတက်ချင်တော့တာလေ။

ဘကြီးဖြိုး
အေး၊ တချို့လည်း M.B.B.S ဘွဲ့ရပြီးမှ ဆရာ၀န်မလုပ်ချင်လို့ တခြား အလုပ်လုပ် နေတာတွေလည်း တွေ့နေရတယ်၊ ပညာ တွေနှမြောစရာပေါ့ ကွယ်။

အော်စကာ
ကျွန်တော့်သူငယ်ချင်းဆရာ၀န်ဘွဲ့ရတစ်ယောက်ကတော့ နယ်စွန်နယ်ဖျားအေ၀း ကြီးသွားရမယ်ဆိုလို့ မလုပ်တာတဲ့။

ဘကြီးဖြိုး
အေး၊ ဒါကြောင့် ပညာတစ်ခု သင်မယ် ဆိုရင်ပညာကို အဆုံးတိုင်သင်ယူနိုင်မလားဆိုတာရယ်၊ အလုပ်ခွင်အဆင်ပြေနိုင်မလားဆိုတာရယ် ချင့်ချိန်စဉ်းစားသင့်တာ ပေါ့ကွယ်။

အော်စကာ
ကျွန်တော်တော့ ကျောင်းပညာတွေ မသင်တော့ပါဘူး။ သင်ရမယ့်အရွယ်လည်း ကျော်ခဲ့ပါပြီ။ အခု Sanction တွေရုပ် လိုက်တော့ အထည် ချုပ်လုပ်ငန်းတွေ ပိုပြီးဖွင့်လာတယ်၊ အရင်းအနှီးလည်း သိပ်မများတဲ့ ရက်ကန်းပညာသင်မလားလို့ ဘကြီးဖြိုး။

ဘကြီးဖြိုး
ကောင်းတာပေါ့ကွယ်၊ ပညာရပ်ဆိုတာ ဘယ်လိုပညာပဲတတ်ထား၊တတ်ထား၊ တန်ဖိုး ရှိတာပေါ့ကွယ်။ ဒါပေမယ့် ခုနပြော သလို ကိုယ်စိတ်၀င် စားရမယ်၊ အဆုံးထိ လည်း သင်ယူတတ်မြောက်နိုင်တာမျိုး ဖြစ်ရမယ်နော်။

အော်စကာ
ကိုယ်ကတော့ သင်မှာပေါ့၊ သင်ပေးတဲ့ လူက တတ်အောင်သင်ပေးဖို့ တာ၀န် ရှိတာပေါ့။

ဘကြီးဖြိုး
ပညာတစ်ရပ်သင်တဲ့အခါမှာ သင်တန်း သားဖြစ်သွားပြီလေ၊ သင်တန်း သားဆိုရင် သင်တန်းသားတာ၀န်ကျေရမယ်၊ သင်ပေး တဲ့ ဆရာက လည်း ဆရာတာ၀န် ကျေရ မှာပေါ့၊ ဒီလိုတာ၀န်တွေမကျေလို့ ရုံးတွေ ဘာတွေရောက်တဲ့အမှုတွေလည်း ရှိခဲ့ဖူးတယ်။

အော်စကာ
ပညာသင်တဲ့ကိစ္စမှာ တရားရုံး ရောက်တယ်မကြားဖူးပါဘူး၊ ရှင်းစမ်းပါဦး ဘကြီးဖြိုး။

ဘကြီးဖြိုး
ဒီလိုကွဲ့၊ ပုသိမ်မြို့မှာ အမှုတစ်မှု ရှိခဲ့ ဖူးတယ်။ အခုလိုIT ပညာတွေ၊ ခေတ်မီ အထည်ချုပ်လုပ်ငန်းတွေ မပေါ်သေးတဲ့ (၁၉၆၅) ခုနှစ်လောက်က ပေါ့။ မနု (အမည်လွှဲ) ဆိုတဲ့ အမျိုးသမီးတစ်ဦးကို သူ့အစ်မမရွေှ (အမည်လွှဲ) က ရက်ကန်းရုံ ပိုင်ရှင် ဒေါ်တင် (အမည်လွှဲ) ထံမှာ ရက်ကန်းပညာ သင်ပေးဖို့ ငွေကျပ်(၃၀) နဲ့ အပ်နှံခဲ့တယ်။

အော်စကာ
ရက်ကန်းပညာတတ်ရင် တစ်၀မ်း တစ်ခါးလှတာပေါ့ ဘကြီးဖြိုးရ။

ဘကြီးဖြိုး
ဒီလိုနဲ့ တစ်လလောက်ကြာတော့ ရက်ကန်းရုံပိုင်ရှင် ဒေါ်တင်က ရက်ကန်း ပညာသင်နေတဲ့ မနုကို နုံ,သည်၊ အ,သည် လို့ပြောပြီး ရက်ကန်း ပညာဆက်သင် မပေးတော့ဘူးဗျာ။

အော်စကာ
အဲဒီတော့။

ဘကြီးဖြိုး
အဲဒီတော့ မနုရဲ့ အစ်မမရွေှက ရက်ကန်းပညာသင်ဖို့ပေးထားတဲ့ ငွေကျပ် (၃၀) ကို ရက်ကန်းရုံ ပိုင်ရှင် ဒေါ်တင်ဆီက ပြန်တောင်းတာပေါ့။

အော်စကာ
ဒါတော့တောင်းရမှာပေါ့။

ဘကြီးဖြိုး
ပြန်တောင်းတော့ ရက်ကန်းရုံပိုင်ရှင် ဒေါ်တင်က ပြန်ပေးဖို့ ငြင်းတယ်လေ။

အော်စကာ
ပညာလိုချင်ပါတယ်ဆိုမှ ပညာလည်းမရ၊ အချိန်တွေလည်းကုန်၊ ငွေလည်းဆုံး ဆိုတော့ မရွေှတို့က ဘယ်ခံနိုင်မလဲနော်။

ဘကြီးဖြိုး
ဒါပေါ့ကွယ်၊ ရက်ကန်းရုံပိုင်ရှင် ဒေါ်တင်ကို ရာဇ၀တ်ကြီး ပုဒ်မ(၄၁၇) နဲ့ တရားစွဲတာပေါ့။

အော်စကာ
ရာဇ၀တ်ကြီး ပုဒ်မ(၄၁၇) ဆိုတာ ဘာလဲဘကြီးဖြိုး။

ဘကြီးဖြိုး
ရာဇ၀တ်ကြီးပုဒ်မ(၄၁၇) ဆိုတာ လိမ်လည်မှုလို့ခေါ်တယ်၊ တစ်ဦး တစ်ယောက်ကို လှည့်ဖြားမယ်၊ သွေးဆောင်မယ်၊ လိမ်လည်လှည့်ဖြားလိုတဲ့ သဘော၊ ဒါမှမဟုတ် မရိုးမဖြောင့်တဲ့ သဘောနဲ့သွေးဆောင်တာဖြစ်ပြီး ပစ္စည်း တစ်ခုခုကို ပေးအပ်စေရင် လိမ်လည်မှု ဖြစ်တယ်။ ဒါ့အပြင်ဒီလိုပြုခြင်းဖြင့် သူ့ရဲ့ ကိုယ်၊ စိတ်၊ ဂုဏ်သရေ ပစ္စည်းကို နစ်နာ စေရင် လိမ်လည်မှုဖြစ်တယ်။

အော်စကာ
အမှုကို ဆက်ရှင်းပါဦး ဘကြီးဖြိုး။

ဘကြီးဖြိုး
ရုံးမှာဒေါ်တင်က မနုကို ရက်ကန်း ပညာ သင်ပေးလို့ မနုရက်ကန်းပညာ တတ်ပြီးပြီ လို့ ထုချေတယ်လေ။

အော်စကာ
သြော်၊ အဲဒီတော့။

ဘကြီးဖြိုး
အမှုစစ်တဲ့ တရားသူကြီးဆိုတာ အဲဒီလို အခင်းဖြစ်တဲ့အချိန်တုန်းက အဲဒီအနားမှာ ရှိနေတာမဟုတ်ဘူးလေ။ တရားရုံးကို တစ်ဖက်က လာတိုင် တော့မှ အမှုကို စပြီး စစ်ရတာ၊ စစ်တဲ့အခါ ရုံးတော်ရှေ့မှာ နှစ်ဖက်တင်ပြတဲ့ သက်သေခံချက်တွေ သက်သေခံစာရွက်စာတမ်းတွေအရပဲ အမှုအကြောင်းသိရတာ၊ အဲဒီအပေါ်မှာ ဆုံးဖြတ်ရတာလေ။

အော်စကာ
ဟုတ်တာပေါ့။ နှစ်ဖက်အမှုသည်တွေက တရားရုံးသိအောင် သက်သေခံချက်တွေ သက်သေခံစာရွက်စာတမ်းတွေ မှန်မှန် ကန်ကန် တင်ပြဖို့ လိုအပ်တာပေါ့။

ဘကြီးဖြိုး
တရားရုံးမှာ ထွက်ချက်တွေအရ ရက်ကန်းရုံပိုင်ရှင် ဒေါ်တင်နဲ့ မရွေှတို့ အကြားမှာ ဒေါ်တင်က မနုကို ရက်ကန်း ပညာတတ်မြောက်သည်အထိ သင်ပေးရန် ကတိက၀တ်ရှိခဲ့တယ်လို့ မပေါ်လွင်ဘူး။ ဒါပေမယ့် မူလကရုံးတရားသူကြီးက ဒေါ်တင်ဟာ မနုကို ရက်ကန်း ပညာတတ် မြောက်အောင် သင်ပေးမယ်ပြောပြီး မတတ်တတတ်သင်ပေးတဲ့အတွက်ကြောင့် ငွေကျပ် (၃၀)ကို လိမ်လည်ယူရာ ရောက် တယ်ဆိုပြီး ရာဇ၀တ်ကြီး ဥပဒေပုဒ်မ (၄၁၇) အရအပြစ်ပေးလိုက်တယ်။

အော်စကာ
ဒီလိုဆိုပြန်တော့ ရက်ကန်းရုံပိုင်ရှင် ဒေါ်တင်က ဘယ်ကျေနပ်မလဲနော်။

ဘကြီးဖြိုး
ဒါပေါ့ကွယ်၊ အဲဒီအမှုက နိုင်ငံတော် တရားရုံးချုပ်ထိရောက်တယ်။

အော်စကာ
ရှင်းစမ်းပါဦး ဘကြီးဖြိုး။

ဘကြီးဖြိုး
ရာဇ၀တ်ကြီးပုဒ်မ (၄၁၅) မှာအဓိက အချက်က လိမ်လည်လှည့်ဖြားလိုသော သဘောရှိဖို့လိုတယ်၊ ရက်ကန်းရုံပိုင်ရှင် ဒေါ်တင်က မရွေှထံမှ ငွေကျပ်(၃၀) လက်ခံစဉ်က သူ့မှာ လိမ်လည်လှည့်ဖြားလိုတဲ့စိတ်ရှိတယ်လို့ မပေါ်လွင်ဘူး။ ဒေါ်တင်ဟာ မနုကို ရက်ကန်းပညာ သင်ပေးရန်အတွက် ငွေ ကျပ်(၃၀) လက်ခံ ခဲ့ပြီး၊ လက်ခံပြီးတဲ့နောက် မနုကို ရက်ကန်း ပညာသင်ပေးခဲ့တာလည်း အငြင်းမပွား ဘူးလေ။ ဒါကြောင့် ရက်ကန်းရုံပိုင် ရှင် ဒေါ်တင်ဟာ ငွေကျပ်(၃၀) ကို လက်ခံစဉ်က မိမိအပေါ်၌ ပဋ္ဋိညာဉ် အသက်ရောက်တဲ့ တာ၀န်ကို ဆောင်ရွက်ရန် ရည်ရွယ်ချက် မရှိဟု ဆိုနိုင်စရာအကြောင်း မရှိတဲ့ အတွက် ဒေါ်တင်ကို အမှုက တရားသေ လွှတ်လိုက်တယ်။

အော်စကာ
ဒီလိုဆိုမနုတော့ ပညာ လည်းဆုံးခန်း တိုင်မတတ်၊ ငွေကျပ်(၃၀) လည်း ဆုံးပြီ ပေါ့နော်။

ဘကြီးဖြိုး
ဒီလိုလည်းမဟုတ်ဘူးကွဲ့၊ မရွေှတို့ စွပ်စွဲတဲ့အတိုင်း မှန်ရင်တော့ ဒေါ်တင်အပေါ် ပဋ္ဋိညာဉ်ဖောက်ဖျက်မှုနဲ့ တရားမကြောင်း စွဲနိုင်တာပေါ့ကွယ်။

အော်စကာ
အရင်အပတ်က ဘကြီးဖြိုးပြောခဲ့သလို၊ အမှုစွဲမယ်ဆိုရင်မိမိနစ်နာမှုအတွက် ရာဇ၀တ်ကြောင်းစွဲမလား၊ တရားမကြောင်း စွဲမလား မှန်မှန်ကန် ကန်စွဲတတ်ဖို့ လိုတာပေါ့နော်။

ဘကြီးဖြိုး
အမှုပုံစံမှားယွင်းစွဲတော့ အမှုမှန်ရဲ့နဲ့ တရားရုံးက မှန်တယ်လို့ဆုံးဖြတ်ပြီး အနိုင်မပေးနိုင်တာတွေရှိတတ်တာပေါ့။စရိတ်ကုန်၊လူပန်း၊အချိန်ကုန် ဖြစ်ရတာပေါ့။

အော်စကာ
ဘကြီးဖြိုး ပြောသလိုဆို ငွေကို လက်ခံ စဉ်က တရားခံမှာ ပဋ္ဋိညာဉ်အရ သက်ရောက်တဲ့တာ၀န်ကို ဆောင်ရွက်ရန် ရည်ရွယ်ချက်မရှိမှသာ လိမ်လည်မှု မြောက်တယ်လို့ ဆိုနိုင်တာပေါ့နော်။

ဘကြီးဖြိုး
မှန်တာပေါ့ကွယ်။ အော်စကာတောင် တိုးတက်လာပြီပဲ။ ဒါကြောင့်ဒီထုံးကို နှလုံး မူပြီး ဆောင်သင့်တာဆောင်၊ ရှောင်သင့်တာ ရှောင်နိုင်တာ ပေါ့ကွယ်။

အော်စကာ
မှန်တယ်ဘကြီးဖြိုးရေ၊ ပညာသင်ကြေး တွေကလည်း များလာတော့၊ အတတ်သင်မှ ရမယ်ဆိုပြီး စာချုပ်ချုပ်ထားဖို့တောင်လိုပြီ ထင်တယ် နော်။ သွားလိုက်ပါဦးမယ် ဘကြီးဖြိုး။

(ဒေါ်ဖွားတင်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ (မတင်ရွေှ) အမှုစီရင်ထုံး (၁၉၆၆ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံးများစာမျက်နှာ ၅၈၈) ကို ရည်ညွှန်း၍ အများ ပြည်သူ အလွယ် တကူ နားလည်သိရှိ၍ ဥပဒေဗဟု သုတရစေရန် ရည်ရွယ်တင်ပြပါသည်။)

Ma Naw Phyu Lay
အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။