ကိုဘအေး တို့ဟာ ကမ္ဘာသုံး ပြက္ခဒိန်အရ (၂၀၁၂) ဆိုတဲ့ ကာလ အပိုင်းအခြား တစ်ခုကို ကျော်လွန် ဖြတ်သန်းခဲ့ကြပြီး (၂၀၁၃) ဆိုတဲ့ ကာလ အပိုင်းအခြားတစ်ခု အတွင်းကို ချဉ်းနင်း ၀င်ရောက်နေကြပြီ ဖြစ်ပါတယ်။ နှစ်ဟောင်း တစ်နှစ် ကုန်ဆုံးလို့ နှစ်သစ်ကို ကူးပြောင်း ရောက်ရှိလာတယ်လို့ လည်း ဆိုရမှာပေါ့။ တစ်နည်းအားဖြင့် ကိုဘအေးတို့ အသက် တစ်နှစ် ပိုရှည်လာကြပြီပေါ့။ ဒေါင်ဒေါင်မြည် ကျန်းမာရေး မဟုတ်ပေမယ့် အသက် တစ်နှစ် ပိုရှည်လာတာကိုတော့ ၀မ်းသာ ပိတိ ဖြစ်ရပါတယ်။ ဒီဇင်ဘာဖွား ကိုဘအေး အဖို့ မွေးလကျော်တာနဲ့ နှစ်တစ်နှစ် ကုန်ဆုံး တာနဲ့ အကိုက် ဖြစ်နေပါတယ်။ အသက် တစ်နှစ် ကြီးလာပြီဆိုတော့ သူများ တွေထက် ပိုပြီး သိသာတာပေါ့နော်။

တစ်ခါက ကိုဘအေး ရေးခဲ့ဘူးသလိုပဲ ပင်စင်ယူပြီး (၁)နှစ် (၂)နှစ်သာ နေ သွားကြရတာတွေ ရှိကြပါတယ်။ ပြည်ထောင်စုရိပ်သာမှာ အတူနေခဲ့တဲ့ ဘဘသိန်း ဆိုရင် ဆောက်လုပ်ရေးမှာ ပင်စင်ယူပြီးတော့ အကြံပေးနဲ့ တစ်နှစ် ပြန်လုပ်ပြီး Heart Attack နဲ့ဆုံးသွား တာပါ။ ကိုယ့်အရင် အငြိမ်းစား ယူသွား ကြတဲ့ ဆရာသမားတွေ လုပ်ဖော်ကိုင်ဖက် စီနီယာ အကိုကြီးတွေ ဆိုရင်လည်း ဒီလိုပါပဲ။ ဒါ့ကြောင့် ကိုဘအေး အနေနဲ့ ပင်စင်ယူပြီး တစ်နှစ်တော့ လွန်မြောက် လာပြီဆိုတဲ့ အသိနဲဲ့ ၀မ်းမြောက်မိတာပါ။ နောက်ထပ် ဘယ်နှစ်နှစ် နေရဦး မလဲဆို တာကတော့ ကိုယ်လည်းမသိနိုင်ပါ။ အနေအထိုင်၊ အစားအသောက်ကို ဆင်ဆင်ခြင်ခြင်နဲ့ နေသွားမယ်ဆိုရင်တော့ သက်တမ်းစေ့လေး နေနိုင်သွားမယ် ထင်ပါတယ်။ မွေးနေ့တွေမှာ ဆုတောင်း ကြသလို အသက် ၁၂၀ ကျော် ရှည်စေသော၀် ဆိုတာမျိုးလည်း မလို ချင်ပါဘူး။ အသက်ရှည်ရာ အနာမဲ့ကြောင်း ဆိုသလိုပဲ အနာရောဂါ ခံစားပြီးတော့လည်း အသက်ရှည် မနေချင်ဘူး။ ကိုယ့်အရိုး ကိုယ့်မသယ်နို်င်တော့တဲ့ ဘ၀မျိုးနဲ့လည်း အသက်ရှည်ပြီးတော့ မနေချင်တာ အမှန်ပါ။

အသက်ရှည်တာနဲ့ ပတ်သက်ပြီးတော့ မဒမ်ဘအေး ကျောင်းက ဆရာမ ဒေါ်ခင်အေးမြင့် ဌားလိုက်တဲ့ ဆရာတော် မေတ္တာရှင် (ရွေပြည်သာ) ရဲ့ “စိတ်၀င် စားဖွယ်ကောင်းသော အမေးအဖြေများ ဆိုတဲ့” စာအုပ်မှာရေးထားတာ ကိုဘအေး ဖတ်လိုက်ရတာ လေးပြောချင်ပါတယ်။ ဆရာတော်ရဲ့ ရွေပြည်သာက ကျောင်းကို တောင်ဥက္ကလာကနေ ဘတ်စ်ကား(၃) ဆင့်လောက်စီးပြီး တရားလာနာတဲ့ အသက် (၉၆) နှစ်အရွယ် ယောဂီ၀တ်စုံ အဖွား တစ်ယောက်ကို အသက်ရှည် ကျန်းမာ အောင် ဘယ်လိုနေထိုင် စားသောက် ပါသလဲလို့ မေးတဲ့အခါ သဘာ၀ကျကျ ဖြေလိုက်တာကတော့ “ ကိုယ့်အသက် ရှည်ချင်ရင် သူများအသက်တွေ ( သားငါး တွေ) သိပ်မစားနဲ့ပေါ့။ အဘွားက သားကြီး ငါးကြီးတွေ မစားဘူး။ ငါးပိ၊ ငါးခြောက် နည်းနည်း ပါးပါး တော့ စားပါတယ်” လို့ဖြေပါတယ်။

နောက်တစ်ဦးကတော့ သရက်မြို့က ရှင်ပြုအလှူပွဲ တစ်ခုမှာ ဆရာတော် သွားရောက် တရားဟောစဉ် ဆရာတော်ရဲ့ စာဖတ်ပရိသတ်ဖြစ်တဲ့ တောရ ဆရာတော်ကြီး တစ်ပါးက တွေ့လိုက်တယ် ဆိုတဲ့အတွက် သွားရောက်ဖူးတွေ့တဲ့ အခါမှာ ဆရာတော်ကြီးဟာလည်း သက်တော် (၉၆) နှစ်ရှိပြီး ဒေါင်ဒေါင် မြည်အောင် ကျန်းမာနေတာကိုတွေ့ရတော့ သက်ရှည်ကျန်းမာအောင် နေထိုင်ပုံကို မေးလျှောက်ကြည့်တဲ့အခါ “ တပည့်တော်က အသားငါးတွေသိပ် မစားဘူး၊ အသီးအရွက်ပဲဦးစားပေးစား တယ်။ လျောင်း၊ ထိုင်၊ ရပ်၊ သွားက္ကရိယာ ပုတ်လေးပါးမျှတအောင်နေတယ်၊ တရားနဲ့ နေတော့ စိ်တ်လည်း အမြဲ အေးချမ်း တာပေါ့။ ဒါကြောင့် အသက်ရှည်တယ် ထင်တာပဲ” လို့ ဆရာတော်ကြီးက အမိန့် ရှိသတဲ့။

အဲဒီစာအုပ်ထဲမှာ ဘာ၀တရားကြီးဟာ အသားစားတဲ့သတ္တ္လဝါတွေရဲ့ အူကို တိုပေးထာပြီး အသီးအရွက်စားတဲ့ သတ္တဝါ တွေရဲ့ အူကိုတော့ ရှည်ပေးထားကြောင်း၊ အသားဟာ ခန္ဓာနဲ့ မသင့်တဲ့အတွက်ကြောင့် အစာဟောင်းအဖြစ ်မြန်မြန် စွန့်နို်င်ဖို့ သဘာ၀တရားကြီးက အူကို တိုပေးထားခြင်း ဖြစ်ကြောင်း အသီးအရွက် မှန်သမျှဟာ ဆေးဖက် ၀င်တာကြောင့် အူထဲမှာ ကြာကြာနေရအောင် အသီးအရွက် စား သတ္တဝါတွေရဲ့ အူကို ရှည်ပေးထားခြင်း ဖြစ်ကြောင်း၊ လူတွေဟာ အသီးအရွက်စား အုပ်စုမှာ ပါ၀င်ကြောင်း၊ လူသားတွေရဲဲ့ အူကို လေ့လာကြည့်တဲ့အခါ ရှည်လျား နေတာကို တွေ့ရကြောင်း၊ ယောကျာၤး တွေရဲ့ အူဟာ (၃၂) ပေရှည်ပြီး၊ မိန်းမ တွေရဲ့ အူဟာ (၂၈) ပရှည်ကြောင်း (ဒါကြောင့် မိန်းမတွေကို အူတိုမျိုးလို့ ပြော တာနေမှာ) ပြောရရင်တော့ လူတွေဟာ အသားငါးတွေထက် အသီးအရွက်တွေကို ပိုပြီး စားသုံးသင့်တယ်လို့ ဖော်ပြနေတာပါ။ သား၊ ငါးတွေ ကို အလွန်အကျွံ စားသုံးတာ၊ အစိမ်းစားတာ၊ မကျတ်တကျက် စားတာ တွေဟာ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းများကိုလည်း ဆေးပညာရှင်တွေ အမြဲ ပြောနေတာကို ကိုဘအေးတို့ သိနေတာပဲ။ အသက်ကို ဉာဏ်စောင့်ဆိုတဲ့ စကားလည်း ရှိပါတယ်။ အသိဉာဏ်နဲ့ ယှဉ်ပြီး နေထိုင်စ ားသောက်သွားမယ်ဆိုရင် အသက်ရှည်ရှည် နေသွားကြရမှာပါ။ (ကျန်းမာရေး အကြောင်းတွေ သိပ်ပြော လို့မဖြစ်သေးဘူး၊ တော်ကြာ ဒေါက်တာ ပီတိက သူ့အလုပ်တွေ ၀င်လုပ်နေတယ် ပြောနေဦးမယ်)

နောက်တစ်ခုက သီလမြဲရင် အသက် ရှည်တယ်တဲ့။ မြတ်ဗုဒ္ဓ ဟောကြားတော် မူခဲ့တဲ့ တရားတော်တွေ ထဲမှာလည်း ရှိပါတယ်။ ဆရာတော်တွေ သံဃာတော် တွေ ဟောကြားတဲ့ တရားတော်တွေ ကိုလည်း ဖတ်ဖူးနာဖူးပါတယ်။ အနိမ့်ဆုံး အဆင့် သောတပတ္တိဖိုရ် တည်ရင် သောတာပန် ဖြစ်ရင်လည်း ငါးပါးသီလကို အသက်နဲ့လဲပြီး လုံခြုံတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပုထုဇဉ် သူတော်ကောင်း ပုဂ္ဂိုလ် တွေလည်း ငါးပါးသီလလုံခြုံတာ ရှိပါတယ်။ ဒါပေမယ့် သောတာပန် ငါးပါးသီလ လုံတာက ဓမ္မကစောင့်တာ၊ ဒီဘ၀တင် မကဘူး၊ နောင်သံသရာ အဆက်ဆက်ပါ လုံသွားတာ၊ ပုထုဇဉ် အနေနဲ့က ပုဂ္ဂိုလ်က စောင့်ရှောက်တာဆိုတော့ မသေချာဘူး၊ မစောင့်ရှောက်နိုင်တဲ့ အချိန်မှာ ဖောက် ဖျတ်မိတာပဲ။

ကိုဘအေးတို့က ပုထုဇဉ်တွေပါ၊ သီလမြဲရင် အသက်ရှည်တယ်ဆိုတာလည်း သိပါတယ်။ ဒါပေမယ့် ကံငါးပါးမှာ အဒိန္တွဒါနာ ဆိုတဲသူတစ်ပါးဥစ္စာပစ္စည်းကို ခိုး၀ှက်ယူငင်တာ၊ ကာမေသုမစ္ဆာစာရဆိုတဲ့ သူတစ်ပါးသားမယားကို ပြစ်မှား ကျူး လွန်တာ၊ သုရာမေရယမဇ္ဇပမာဒဌာန ဆိုတဲ့ အရက်သေစာသောက်စားတာ၊ ဒီကံ သုံးပါးသီလသုံးပါးကို ကြိုးစားပြီးစောင့်ထိန်းနိုင်ပါတယ်။ ကျန်တဲ့နှစ်ပါးဖြစ်တဲ့ ပါဏတိပါတာ နဲ့ မုသာဝါဒါ ကတော့ အလိုလိုနေရင်း ချိုးဖောက် မိနေတဲ့ ကံတွေဖြစ်နေပါတယ်။ ခြင်တစ်ကောင် ရိုက်လိုက်မိတာ၊ ပုရွက်ဆိတ်တစ်ကောင် သတ်လိုက်မိတာက ဘယ်လို ဆင်ခြေ မျိုးပေးပေး ပါဏတိပါတာကံ ကျူးလွန် လိုက်တာပါပဲ။ အဆိုးဆုံးက အိမ်မှာ ကြွက်တွေ သောင်းကျန်လွန်းတော့ တံခါးတွေကို ဘယ်လိုပဲပိတ်ဆို့ ထားထား အထဲရောက်ပြီးတဲ့ ကောင်တွေက ပြန်မထွက်တော့ပါ။ မတတ်နိုင်တဲ့အဆုံး ထောင်ချောက်တွေနဲ့ ထောင်ရပါ တော့တယ်။ ပိုးဟပ်တွေလည်း ဒီလိုပဲ၊ ပိုးသတ်ဆေးနဲ့ ဖျန်းပစ်ရပါတယ်။ ဒီလိုကိစ္စတွေက အမြဲတမ်းတော့မဟုတ်ပဲ ရံဖန်ရံခါဆိုတော့ မနက်တိုင််း ဆွမ်းတော်ကပ် ဘုရားရှိခိုးရင် ငါးပါးသီလ ယူနေတဲ့ ကိုဘအေး ပြန်ဖြေပါတယ်။ ကျန်တဲ့အချိန်တွေမှာ သီလမြဲ အောင် နေပါတယ် ဆိုပြီးတော့ပေါ့။

အော်………တစ်ခုကျန်သေးတယ်၊ ကိုဘအေးတို့ ကျင်လည်နေတဲ့ လူ့ဘ၀မှာ မုသားမပါ လင်္ကာမချောဆိုသလိုပဲ တစ်ခါတလေ အကြောင်းကြောင်းကြောင့် မုသား ပြောလို်က်ရတာတွေလည်း ရှိပါတယ်။ ဒါကိုလည်း စောစောကလိုပဲ အမြဲမှ မဟုတ်တာဆိုပြီၤး ပြန်ဖြေရ ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ကိုဘအေးတို့ တွေ အသက်သက်ရှည်ရှည် နေချင်တယ် ဆိုရင်တော့ သီလမြဲအောင် နေကြရမှာ မဟုတ်ဘူးလား။

ကိုဘအေးတို့ဟာ နှစ်ဟောင်းတစ်နှစ် ကုန်ဆုံးပြီး ဖြစ်တဲ့အတွက် ဘ၀သက်တမ်း မှာ ခရီးတစ်ထောက်လွန်ခဲ့ပြီး နောက်ထပ် ခရီးတစ်ခု စတင်ထွက်ခွာနေပြီ ဖြစ်ပါတယ်။ ဘယ်သူမဆိ်ု ကျော်လွန် ဖြတ်သန်းခဲ့ရတဲ့ ခရီးတစ်ထောက်မှာ လောကဓံတရား ရှစ်ပါးနဲ့ တွေ့ကြုံခဲ့ရမှာ ဖြစ်ပြီး ကောင်းကျိုး ဆိုးကျိုးတွေကိုလည်း ခံစားစံစား ခဲ့ကြရမှာ ဖြစ်ပေမယ့် ဒါတွေကိုတွေးတော တမ်းတ မနေတော့ဘဲ နောက်လာမယ့်ခရီးအတွက် ပြင်ဆင်လုပ်ဆောင်ဖွယ်ရာ ရှိတာတွေက်ို စဉ်းစားကြံဆကြရမှာ ဖြစ်ပါတယ်။

လူ့ဘ၀ဓမ္မတာအရ ပစ္စုန်ပ္ပန်ကို သာတည့်တည့် ရှုကြရမှာဖြစ်တဲ့အတွက် ဒီနှစ်မှာတော့ ဘယ်လိုကောင်းအောင် ကျင့်ကြံနေထိုင်သွားမယ်ဆိုတာ ကြံစည် တွေးတောရမှဖြစ်ပါတယ်။

အဓိကအားဖြင့်တော့ ဘယ်အချိန် အခါမှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘာပဲလုပ်လုပ် စိတ်ကောင်း၊ စေတနာ ကောင်းထားပြီးတော့ တစ်နည်းအားဖြင့် စိတ်ဓါတ်ကောင်း မွေးမြူပြီးတော့ လုပ်ကိုင်သွားကြဖို့ အရေးကြီးကြောင်း ကိုဘအေးတစ်ယောက် တွေးထင်မိပါတယ်။

TZO
အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။