ပြီးခဲ့တဲ့အပတ်က ကိုဘအေး ရဲ့သူငယ်ချင်း ကိုစိုးမြင့်နဲ့ မသန်းသန်း (နာမည်လွှဲများ)တို့ရဲ့ ကျောက်မြောင်းက သုံးလွှာ တိုက်ခန်း လေးကို မဒမ်ဘအေးနဲ့ ကျောင်းက ဆရာမ တစ်ယောက်တို့ ပေါင်းပြီး၊ ပွဲစား လုပ်လိုက်တာ ၂၄၅နဲ့ စွံသွားတယ်။ စရန် ပေးတဲ့ နေ့က ကိုဘအေးတို့ ဇနီးမောင်နှံ သွားပြီး အသိသက်သေ အဖြစ်နဲ့ လက်မှတ် ထိုးပေးလိုက်ရတယ်။

ဘာ… ပွဲခ မြိုးမြိုးမြက်မြက် ဟုတ်လား။ ကိုယ့်ချင်း ကိုယ့်ချင်း ဆိုတော့လည်း (၂)ရာခိုင်နှုန်းတွေ ဘာတွေတော့ မဟုတ်ဘူးပေါ့ဗျာ။ သဒ္ဓါကြေးပဲပေါ့။ ပွဲစားနှစ်ယောက် တစ်ယောက် တစ်သိန်း စီတော့ ရလိုက်ပါတယ်။ ကိုစိုးမြင့်လည်း အမွေ ရထားတဲ့ တိုက်ခန်းလေးမို့ နှမြောရှာမှာပဲ။ မျက်နှာ သိပ်မကောင်းဘူး။ ဘယ်လို လုပ်မလဲလေ၊ နှစ်ယောက်စလုံးက ပင်စင်စားတွေ ဆိုတော့။ ကိုစိုးမြင့်ကတော့ ကိုဘအေးနဲ့ အတူတူပဲ။ မသန်းသန်းက စာရေး နာမကျန်း ပင်စင်ဆိုတော့ တစ်သောင်း ကျော်ကျော်လေးပဲ ရတာ။ သုံးလတစ်ခါ ထုတ်တယ်ပြောတယ်။ ပြီးတော့ မသန်းသန်းက ရင်သားကင်ဆာ ခွဲစိတ် ထားရတာ။ ဆေးတွေက သောက် နေရတုန်း။ သူ့ ပင်စင်က သူ့ ဆေးဖိုးနဲ့ပဲ ကုန်တာ။

အဲဒီတော့ ဘဏ်မှာ ထည့်ထားတဲ့ ကိုစိုးမြင့်ရဲ့ Gratuity လေးလည်း တစ်တိတိ ထုတ်သုံးရင်းနဲ့ ပါးလာပြီ။ ရေရှည်မှာ မလွယ်တော့ဘူး။ ကိုယ်မချိ အမိသော်လည်း သားတော်ခဲ ဆိုသလိုပဲ။
ပြည်ထဲရေးနဲ့ လွမ်းရေးထက် ၀မ်းရေးက ခက်တယ်လေ။ ကိုယ့်၀မ်းက မွေး ထုတ် လိုက်တဲ့ သားသမီးကို သူများ ပေးလိုက် ရသလိုပဲ နေမှာ။အခုတော့ သူတို့လည်း အခန်း ပြန်ရှာ နေရပြီလေ။ ပိုတဲ့ငွေလေးကို ဘဏ်မှာ အပ်ထားပြီး အတိုးလေး ထုတ်စားမယ်လို့ စိတ်ကူးတော့ တစ်ရာကျော်လောက်နဲ့ ဖြစ်အောင် ရှာရတာပေါ့။ ကိုစိုးမြင့်ကလည်း သူကြီးပြင်းခဲ့တဲ့ ကျောက်မြောင်းထဲက သိပ် မထွက်ချင်ဘူး။ ကျောက်မြောင်းထဲ ဆိုရင် လည်း ငါးလွှာ ခြောက်လွှာလောက် ဖြစ် သွားမယ်။ အိုမင်းမစွမ်း ဖြစ်တော့မှ ငါးလွှာ ခြောက်လွှာ တက်ဆင်းနေရရင်လည်း မလွယ်ဘူးနော်။ သွားရေးလာရေး ေ၀းတဲ့ အစွန်အဖျားတွေကျတော့လည်း သိပ် မနေ ချင်ပြန်ဘူး။ အသိ တစ်ယောက်က ညွှန်လို့ သင်္ဃန်းကျွန်းဘက် သွားကြည့်သေးတယ် ပြောတယ်။ တိုက်ခန်းသစ်ပဲ။ ၁၅၀ နဲ့တဲ့။ ဘယ်နှစ်လွှာလည်းတော့ မမေးမိလိုက်ဘူး။

ကိုဘအေးတို့ လင်မယားကလည်း ကိုယ့် ယုဇနဘက်ကို ဆွယ်တယ်။ (ပွဲခလေးများ ရဦးမလားလို့)။ ရေမကောင်းပေမယ့်လည်း၊ နေလို့ ကောင်းပါတယ်ပေါ့။ သားငါး ဟင်းသီးဟင်းရွက်တွေလည်းပေါတယ်။ အစားအသောက်တွေလည်း ပေါတယ်။ စတိုးဆိုင်တွေဆိုတာလည်း အများကြီးပဲ။ လိုချင်တာအကုန်ရတယ်။ သွားရေးလာရေးလည်း မခက်ဘူး။ဂိတ်က တက်စီးရုံပဲ။ တိုက်ခန်းတွေဆိုလည်း ဈေးချိုမှ ချို၊ ပထမထပ်မှ ၈၀ ၀န်းကျင်ပဲ ရှိတယ်။ မြေညီထပ်ကတော့ စီးပွားရေး လုပ်လို့ရတော့ အဆောင်တွေ အခန်းတွေ ထုတ်ထားပြီး ပြင်ဆင်ထားရင် ၂၀၀ လောက်တော့ ခေါ်တယ်။

ယုဇနမှာလည်း အိမ်ခြံမြေ အကျိုးဆောင်တွေက များမှ များပဲ။ လမ်းတိုင်းမှာ ရှိတယ်။ ဘလောက်တိုင်းမှာ ရှိတယ်။ အိမ်ငှားတွေဆိုတာလည်း ၀င်လိုက် ထွက်လိုက်။ ဆင်းလိုက် တက်လိုက်နဲ့။ ကြည့်နေရင်းနဲ့ကို ဟော…တစ်ဦး ပြောင်းသွားလိုက်၊ ဟော…တစ်ဦး တက်လာလိုက်နဲ့။ အေးလေ… အဲဒါမှလည်း ပွဲစားတွေ နှုတ်ခမ်းစိုမှာ မဟုတ်လား။ ပြောင်းကြ ရွှေ့ကြတာလည်း သိပ်ေ၀းေ၀း လံလံတော့ မဟုတ်ဘူးဗျ။ ချယ်ဂါရီနဲ့ပဲ ပြောင်းနေကြတာ။ ပစ္စည်းလည်း သိပ်မပါဘူး။ အိမ်ငှားဘ၀နဲ့မို့လို့ပဲ ထင်ပါရဲ့။ ဒီဘက်လမ်းကနေ ဟိုဘက်လမ်း၊ ဟိုဘက်လမ်းကနေ ဒီဘက်လမ်း၊ ဒီလောက်ပဲ ထင်ပါတယ်။ အေ၀းဆုံးကတော့ စစ်တောင်းရိပ်မွန် လောက်ပဲ ရှိမယ်။ အိမ်ငှားသံသရာက မလွတ်သေးသမျှတော့ … ရပ်ကွက်ထဲမှာ… ဒီလိုပဲ ရှိမယ်၊ ရပ်ကွက်ထဲမှာ… ဒီလိုပဲ။

တကယ်တော့ လူတွေရဲ့ အရေးသုံးပါး လိုအပ်ချက်တွေ ဖြစ်တဲ့ စား၊ ၀တ်၊ နေရေးမှာ နောက်ဆုံး ဖြစ်တဲ့ “နေရေး” ကို ကိုဘအေးက ထိပ်ဆုံးကို ပို့ချင်ပါတယ်။ စားတာကတော့ ရှိတာလေးနဲ့ ၀အောင် စား ဆိုသလိုပဲ ကိုယ့်အိမ်မှာ ကိုယ် ငါးပိ်ရည်နဲ့ စားလည်း ဖြစ်တယ်။ အ၀တ်အစားက လည်း အသင့်အတင့် ရှိရင်ရတယ်။ နေစရာ ကျတော့ အမိုးနဲ့ အကာနဲ့ အခင်းနဲ့ လုံလုံခြုံခြုံလေး ရှိမှ နေစရာ သတ်သတ် မှတ်မှတ်လေး ရှိမှ လူ့ဘ၀ရဲ့ အဓိပ္ပာယ် ဆိုတာ ရှိမယ်လို့ ထင်ပါတယ်။ မိဘ အမွေရလို့ပဲ ဖြစ်ဖြစ်၊ ကိုယ်တိုင် ကြိုးစား လို့ပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ အိုးပိုင် အိမ်ပိုင်နဲ့ဆိုရင် အကောင်းဆုံး ပေါ့ဗျာ။ ဒါပေမယ့် လူတိုင်းက ကုသိုလ်ကံ အကျိုးပေး မတူကြဘူးလေ။ ဒီတော့ အိမ်ငှား ဆိုတာလည်း ရှိနေဦးမှာပဲ။ ပွဲစားတွေလည်း အလုပ် ဖြစ်ဦးမှာပဲ။ ကျောတစ်ခင်းစာ နေရာ ရဖို့ မလွယ်တဲ့ သူတွေ အများကြီး ရှိပါတယ်။

ကိုဘအေးတို့ ငယ်ငယ်ကဆိုရင် ကမ်းနားက ပွဲရုံတွေ ရှေ့မှာ ကပ်ရပ်ပြီး အိပ်နေရတဲ့ သူတွေ၊ သငေ်္ဘာဆိပ်တွေ၊ ဘူတာရုံတွေ၊ ဘုရားတန်ဆောင်းတွေမှာ၊ တစ်ချို့ဆိုရင် မိသားစုလိုက်ပဲ၊ ဒီထက် ဆိုးတာကတော့ အမှိုက်ပုံကို ရွေှဘုံရွေှနန်း လို့ မှတ်နေရတဲ့ သူတွေပါ။ ငယ်ငယ်တုန်း ကတော့ သိပ် လေးလေးနက်နက် မတွေးမိပါဘူး။ မိုးနဲ့ လေနဲ့ ဆိုရင် ဒီလူတွေ ဘယ်လို နေကြမလဲ၊ ဒီလောက်ပဲ။ ကိုဘအေးတို့ နိုင်ငံမှာ၊ ပြီးတော့ ကမ္ဘာပေါ်မှာ Home Less တွေ ဘယ်လောက် ရှိနေမလဲ။ သက်ဆိုင်ရာနိုင်ငံ အစိုးရတွေလည်း စဉ်းစားပေးနိုင်ကြမှာ မဟုတ်ပါဘူး။

ကိုဘအေးလည်း ပင်စင် ယူမှ အိမ်ငှား ဘ၀ ရောက်တာ၊ လူပျိုတုန်းက ဆွေမျိုးတွေ အိမ်မှာ ကပ်နေပြီး၊ အိမ်ထောင်ကျတော့ ၀န်ထမ်းအိမ်ရာ တွေမှာ နေခဲ့တာ။ ဟိုတုန်းကတော့ အိုးအိမ်တွေ ဘာတွေလည်း လျှောက်ရ ကောင်းမှန်း မသိခဲ့ပါဘူး။ သိတော့လည်း မလျှောက်ခဲ့ဘူး။ အဲဒီတုန်းက သတ္တု တွင်းက သူငယ်ချင်း ကိုစောအောင်က အတူတူ လျှောက်ရအောင် ပြောတယ်။ သူက Family နဲ့ ဖြစ်နေပြီ။ ကိုယ်က လူပျိုဆိုတော့ သိပ် မပူပင်မိဘူး။ စောအောင်က ေ၀ဠု၀န်မှာ ရသွားတယ်။ ကြာတော့ ကြာတယ်။ သုံးလေး နှစ်လောက် နေမှ ရသွားတာ။ ကိုဘအေးလည်း ပင်စင် ယူခါနီးတုန်း ကတော့ လျှောက်ဖူးတယ်။ ၀န်ကြီးက လုပ်ပေးပါလို့ ချပေးပေမယ့် အိုးအိမ်သွားတဲ့ အခါကျတော့ သူတို့ဆီက ညွှန်မှူးတွေ ဒု-ညွှန်မှူးတွေတောင် ပေးစရာ မရှိဘူးလို့ ပြောပါတယ်။ ဒါနဲ့ပဲ…
ကိုဘအေးလည်း အစုံတော့ နေဖူးတယ်။

ဘဘသိန်း ဆုံးပြီးတော့ ပြည်ထောင်စု ရိပ်သာမှာ (၂)နှစ်လောက် ဆက်နေရသေးတယ်။ နောက်တော့ ရန်ကင်းကို ပြောင်းရတယ်။ ရန်ကင်းမှာ ဒေါ်လေးဆုံးပြီးတော့ စမ်းချောင်း၊ ဖျာပုံ လမ်းကို မောင်နှမတွေ ပြောင်းကြပြန်တယ်။ ဖျာပုံလမ်းမှာ နေရင်းနဲ့ ကိုဘအေးက ချောင်းဦး ရောက်နေတဲ့ ဒေါက်တာ အေးမြင့်ရဲ့ သန်လျင်တံတားက တရုတ် အိမ်ယာ၀င်းမှာ တစ်ယောက်ထဲ ပြောင်း နေလိုက်တယ်။ အဲဒီ တရုတ်အိမ်ယာ၀င်းမှာ နေရင်းနဲ့ မဒမ်ဘအေးနဲ့ တွေ့တယ် ဆိုပါတော့။

နောက်တော့ အင်းစိန် ဘိုကုန်းက ၀န်ထမ်းအိမ်ရာ၊ သန်လျင် အောင်ချမ်းသာ က န၀ရတ် အိမ်ရာတို့မှာ ပြောင်းနေပြီး၊ အဲဒီကမှ နေပြည်တော် ရောက်သွားတယ် ဆိုပါတော့။ ပင်စင်ယူပြီး ပြန်ပြောင်းမယ် ဆိုတော့၊ နွေကျောင်းပိတ်ရက်မှာ လင် မယား နှစ်ယောက် နွေပူပူ နေဆူဆူမှာ ချေွးပျံအောင် အိ်မ်ရှာနေကြရတာ။ ကံကောင်းထောက်မပြီး မဒမ်ဘအေးရဲ့ သူငယ်ချင်း ဆရာမတစ်ယောက်က ကူညီ ဆက်သွယ်ပေးလို့ အခုနေတဲ့ ယုဇန တိုက်ခန်းလေးမှာ နေခွင့် ရလိုက်တာပါ။ နေပြည်တော်ကနေ မိုးမကျခင် ပြန်ပြောင်း ချင်တယ်။ ဒီမှာလည်း အိမ် ရှာမရရင် ဒုက္ခ ဆိုပြီး ပူပင်သောက ရောက်ခဲ့ကြရတယ်။
ကိုဘအေးက ပုသိမ်မှာတော့ အမေ့ အိမ်လေး ရှိတယ်။ ဆွေမျိုးတွေရဲ့ အိမ်၀ိုင်း ထဲမှာ၊ ညီမလေးက ပြုပြင်ထားပြီးတော့ ရန်ကုန်ကနေ တစ်ခါတစ်လေ ပြန်တဲ့အခါ နေတယ်ပေါ့။

ကိုဘအေးကလည်း မွေးဇာတိမှာ မနေနိုင်တဲ့ ဇာတာပါတော့ ရန်ကုန်မှာပဲ အခြေချဖို့ စိတ်ကူးတာပါ။ အိုးပိုင် အိမ်ပိုင်နဲ့ နေနိုင်အောင်တော့ ကိုဘအေးတို့ လင်မယား ကြိုးစားပြီး ထီမှန်မှန် ထိုးနေပါတယ်။ မိုးနတ်မင်းကြီး ကတော့ ကြည့်နေမှာ မဟုတ်ပါဘူးနော်…။

ခိပ္ပ မေ၀ သမိဇ္ဈတု
(နောက်ဆုံးရ စက်ရပ် သတင်းကတော့ ကိုစိုးမြင့်တို့တွေွ တာမွေဗလီနားမှာ (၅)လွှာကို (၁၆၅)နဲ့ တွေ့သွားတယ်လို့ ပြောပါတယ်။)

TZO
အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

SIMILAR STORIES