ဒီတစ်ပတ်တော့ ဟိုရောက်ဒီရောက် တောင်စဉ်ရေမရ အတွေးများနှင့် ဆက်စပ် တင်ပြလိုက်ပါသည်။ ရှေးတုန်းက အဖိုးအို တစ်ဦးနှင့် သားငယ် တစ်ဦး ရှိသတဲ့။ သူတို့မှာ မွေးထားတဲ့ အရွယ်ရောက်နေပြီဖြစ်တဲ့ မြင်းလေးတစ်ကောင်လည်း ရှိပါသတဲ့။ တစ်နေ့ကျတော့ ထိုမြင်းလေးနဲ့ တောထဲ သွားရင်း မြင်းကလေး အစာ စားဖို့ လွှတ်ထားမိရာကနေ ထိုမြင်းကလေးဟာ သခင် အဖိုးအို သားအဖနှင့် ကွဲသွားခဲ့ရပါတယ်။ ညနေ နေ၀င်ရီတရောအထိ ရှာဖွေ ကြပါသော်လည်း မတွေ့ရသဖြင့် မှောင်လုဆဲဆဲအချိန်မှာ သားအဖနှစ်ဦး ပြန်ခဲ့ကြပါတယ်။ တိရစ္ဆာန်ပင် ဖြစ်လင့် ကစား သံယောဇဉ် နှောင်ကြိုးတွယ်ခဲ့ပြီး မိသားစု၀င်အဖြစ် သတ်မှတ်ထားသော မြင်းငယ်လေး ပျောက်ဆုံးသွားသဖြင့် ထမင်းပင် မစားနိုင်ကြပဲ ငြိမ်သက်စွာဖြင့် တစ်ဦးနှင့် တစ်ဦး စကားမပြောနိုင်ကြသလို မမျှော်လင့်ကစား အိပ်ယာထဲ ၀င်ခွေ နေကြသော သားအဖတို့ အဖို့ ထိုနေ့ သည်ကား ကံဆိုးသော နေ့တစ်နေ့ ဖြစ်ခဲ့သည်။

နံနက် မိုးစင်စင် လင်းသော်လည်း အိပ်ယာမှ မထကြသေးဘဲ၊ ပူဆွေးသောက ဖြင့်သာ လေးဖင့်စွာဖြင့် နံနက်ခင်းကို ကြိုဆို ကြရတော့မည်။ အိမ်နီးချင်းများကပင် “ဒီ သားအဖ နေမကောင်းကြဘူးလား” ဟု လာရောက်၍ မေးမြန်းကြရသည်။ အဖြစ်မှန် ကြားရသူများမှာလည်း “တရားနှင့်သာ ဖြေပါ”ဟု အားပေးကြရသော်လည်း၊ ၄င်းတို့ပင် ထပ်တူ ခံစားလာကြရသဖြင့်၊ ထိုသားအဖ မည်မျှ ပူဆွေးမည်ကို ကိုယ်ချင်းစာမိကြရသည်။ ထိုသို့ဖြင့် တစ်ရက်နှစ်ရက်မှသည် တစ်ပတ် ခန့်အထိ နေ့စဉ် တောထဲသို့ ပြန်လည် သွားရောက် ရှာဖွေကြသော်လည်း အချည်းအနှီး ဖြစ်ခဲ့ကြသည်။ မြင်းအုပ်များ တည်ရှိ ကျက်စားရာ အနောက်ပိုင်း တောအုပ်အထိပင် သားအဖ နှစ်ဦး ခရီး ဆန့်၍ ရှာဖွေခဲ့ကြသည်။ သံယောဇဉ် အား သည်ကား ကြီးမားလှသည်။ ထို ရက်ပိုင်းများသည်ကား ထို သားအဖတို့ အဖို့ အမှောင်လွှမ်းသော ကံဆိုး ကံမဲတို့ အားသာနေသော နေ့ရက်များဟု ခံစား မိကြသည်။

ဒီလိုနဲ့ နှစ်ပတ်ပြည့်ခါနီး တစ်မနက်ခင်းမှာ ပျောက်သွားခဲ့တဲ့ မြင်းငယ်ကလေးဟာ အဖော်မွန်အဖြစ်နဲ့ မြင်းမလေး တစ်ကောင်ကိုပါ ခေါ်လာပြီး ခြံထဲသို့ ၀င်လာခဲ့ပါတယ်။ ဒီအချိန်မှာတော့ အဖိုးအိုသားအဖဟာ ပြောမပြတတ်အောင် ၀မ်းသာကြရပါတယ်။ ဆုံးရံှုးရပြီဟု ထင်မှတ်ထားသည်ကို ပြန်လည် ရရှိသည်သာမက မြင်းမလေး တစ်ကောင်ကိုပါ အပိုဆုအဖြစ် ရရှိခဲ့သည် မဟုတ်ပါလော။ “ဒီနေ့လောက် ကံကောင်းတဲ့နေ့ မရှိဘူး”ဟု သတ်မှတ်လိုက်ကြသည်။ “ဒီသားအဖ ကံ သိပ်ကောင်းတာပဲ”ဟု အိမ်နီးချင်းများကလည်း ၀မ်းသာအားရ ချီးမွမ်းကြသည်။ ပြီးခဲ့သော ကံဆိုးခဲ့သည့် နေ့ရက်များမှလည်း လွတ်မြောက်သွားပြီဟု လက်ခံကြသည်။
ထိုနေ့မှစ၍ သားအဖနှစ်ယောက်လုံး မြင်းတစ်ကောင်စီ စီးပြီးတော့ လိုက်ခဲ့ ကြသည်။ မိမိ၏ အဖော်မွန်ကို မိမိ ကိုယ်တိုင် ရွေးချယ်ခဲ့ရသည့် အတွဲ ညီလှသော မြင်းမောင်နှံမှာလည်း ကြွကြွရွရွ သွက်သွက်လက်လက်ဖြင့် ပျော်မဆုံးအောင် ပြေးလွှားကြသည်။ ထိုရက်များသည်ကား သားအဖနှစ်ဦးတို့ အဖို့လည်း အားအင် အပြည့်၀ဆုံး နေ့ရက်များ ဖြစ်လာသည်။

သို့သော် တစ်မနက်ခင်း၌ ချောက် ကမ်းပါး တစ်ခုနား အမှတ်မထင် ရောက်ရှိ သွားသည်တွင် ရုတ််တရက် အရှိန်တန့်၍ မြင်းဇက်ပြန်လှည့်ရာမှ အရှှိန်မထိန်းနိုင်ဘဲ သား စီးလာသော မြင်းငယ်လေးမှာ ခြေ မခိုင် ယိုင်ပြိုလဲ ရတော့သည်။ ထိုအခါ မြင်းပေါ်မှ သားဖြစ်သူလည်း အရှှိန်ဖြင့် ပြုတ်ကျသွားသဖြင့် မြင်းရောလူပါ ခြေကျိုးသွားတော့သည်။
အဖိုးအိုလည်း သားဖြစ်သူရော မြင်းငယ်ပါ ခြေကျိုးသဖြင့် အိမ် ပြန်ရောက်အောင် မနည်း ဒုက္ခခံ ခေါ်လာခဲ့ရသည်။ အိမ်နီးချင်းများလည်း ၀မ်းနည်းကြရပြန်သည်။ ရွာထဲမှ သမား တော်နဲ့ ဆေးဝါး ကုသသော်လည်း နှစ်ပတ် ပြည့်သည့်တိုင် ခြေမထောက်နိုင်ကြသေး။ “ငါတို့ နှစ်ကောင် ကံဆိုးလိုက်တာ”ဟု မြင်းငယ်လေး၏ ခေါင်းကို ပွတ်သပ်ရင်း ပြောမိသည်။ အိမ်နီးချင်းများနှင့် အဖိုး အိုတို့က “အသက် မသေတာကိုပဲ ကံကောင်းတယ် မှတ်ပါ။”ဟု အားပေးကြသော်လည်း ခံရသူအဖို့ အားတက်မလာ။
ထိုရက်အတွင်း အဖိုးအိုတို့ နိုင်ငံ လေးသည် အိမ်နီးချင်းနိုင်ငံနှင့် စစ်မက် ဖြစ်ပွားတော့သည်။ ရက်ပိုင်းအတွင်း စစ်သည်တော်များ အကျအဆုံး များလာ သဖြင့် မင်းဧကရာဇ်က အမိန့်တော် ထုတ်ပြန်ရတော့သည်။ “အိမ်တိုင်း အိမ်တိုင်းမှ ကျန်းမာ ကြံ့ခိုင်သော ယောက်ျားငယ် တစ်ဦးနှင့် မြင်း တစ်ကောင် စီ် စစ်တိုက် ထွက်ရမည်”ဟု။

ထိုနေ့တွင်ကား ဖြေနှစ်ဖက် ကျိုးနေသော လူငယ်အား စစ်မက် အဖွဲ့က ကင်းလွတ်ခွင့် ပေးသည်။ မြင်းမလေးမှာလည်း ဇီးကပ် နေသည်မှာ အရင့်အမာ ဖြစ်ခါနီးသဖြင့် ကင်းလွတ်ခွင့် ရသလို၊ မြင်းထီးလေးမှာလည်း ခြေကျိုး နေသဖြင့် ခေါ်မသွားခဲ့။ ထို တိုက်ပွဲ တွင်လည်း အထိနာပြီး ရွာမှ လူငယ် တော်တော် များများနှင့် မြင်းငယ်များ သေကြ၊ ပျက်စီးကြရသည်။ ထိုအခါ “ငါတို့ ခြေကျိုးခဲ့တာ တော်တော် ကံကောင်း လို့ပဲ”ဟု လူငယ်မှ မြင်းငယ်လေးကို ပြန်ပြောရင်း ၀မ်းသာအားရ ဖြစ်ခဲ့ရသည်။

ဤပုံပြင်လေးကို ကြားဖူးသူ များပါလိမ့်မည််။ ဆင်တူယိုးမှား ဥပမာ များလည်း ရှိပေဦးမည်။ ပုံပြင်၏ အဆုံး၌ ရရှိလိုက်သော အသိပညာ တစ်ခုကား၊ “လောက၌ အမြင့်ချည်းပဲ မနေရနိုင်သကဲ့သို့ အမြဲ နိမ့်ကျနေမည်ဟုလည်း မထင်မှတ် သင့်”။ “၀မ်းသာစရာ တွေ့၍လည်း အမြဲ ကံကောင်းနေမည်”ဟု မထင်မှတ်သင့် သလို၊ “၀မ်းနည်းစရာ တွေ့၍လည်း၊ ငါချည်းပဲ ကံဆိုးလိုက်တာ”ဟု အားမငယ် သင့်။ ကံကောင်းဖို့အတွက် ကံဆိုးခဲ့ရတာ ဖြစ်ပေလိမ့်မည်။ “ဘယ်အရာမှ ပုံသေ မဟုတ်သကဲ့သို့ ဘယ်အရာမှလည်း ပုံသေ မမြဲနိုင်ပေ”။ ထို့ကြောင့်လည်း ဤ အကြောင်းအခြင်းအရာကို ဆူကြုံ နိမ့်မြင့် မမြဲနိုင်သော လောကဓံဟု သတ်မှတ်ကြသည်။ နေရိပ်အလာ နေပူ ကနေတော့ စောင့်ရမြဲ ဖြစ်သည်။

လူတိုင်း လူတိုင်း၌် အကောင်းအဆိုး ဒွန်တွဲနေမည်မှာ မလွဲဧကန် ဖြစ်သည်။ အကောင်းဘက်များ၍ “ငါ့ဘ၀ကြီး ကောင်းလှတယ်”ဟူ၍ ကျေနပ် ပျော်ရွင်ကြရသူများ ရှိသကဲ့သို့ အဆိုးဘက် များ၍ “ငါတော့ ဒီဘ၀ ကံဆိုးလှတယ်”ဟု အားလျှော့ရသူများလည်း ရှိကြသည်။ လောကဓံတွင် ဆူကြုံနိမ့်မြင့် ရှိတတ် သည့် သဘောကို သိရှိ နားလည်၊ သဘောပေါက် ပါမှ လောကတွင် နေပျော်ပေမည်။ နေ မပျော်ပါက သေသည့်တိုင်သော် သေပျော်မည် မဟုတ်ပေ။ (Strees) ဖိစီးမှုများခြင်း၊ အပြိုင်အဆိုင်များခြင်းနှင့် တိုးတက်မှု ဆုတ်ယုတ်မှု ရုတ်ချည်း ဖြစ်ပေါ်တတ်ခြင်း တို့သည်လည်း (Sucide) သေကြောင်း ကြံစည်မှုများကို ပိုမို များပြားစေကြောင်း စိတ်ပညာ လေ့လာသူ ဆေးပညာရှှင်များက သုံးသပ်ကြသည်။ ယခင်က အနောက်နိုင်ငံများ၌ ပိုမို ကြံစည်မှုများ ရှိသော်လည်း ယခုအခါ အာရှနိုင်ငံများသို့ပါ ကူးစက်လာကြသည်။ “အဖန် ငါးရာ ငါးကမ္ဘာ” ပြန်၍ ခံရမည် ဖြစ်သည်ဟုလည်း ဗုဒ္ဓဘာသာ၀င်တိုင်းက လက်ခံထားကြသည့်တိုင်၊ ထို အတက် အကျ ဒဏ်ကို မခံနိုင်ကြ၍ ကြံစည်ကြခြင်း ဖြစ်သည်။

ရောဂါေ၀ဒနာ ခံစားသူများ၌ပင် အဆိုး အကောင်း ဒွန်တွဲ ခံစား ကြရသည်။ ထို့ကြောင့် လူနာများအဖို့ “ရောဂါ အမည် နာမတစ်ခု” တပ်ခံ လိုက်ရပြီ ဆိုသည်နှင့် တမဟုတ်ချင်း စိတ်ဓာတ် ကျသွားတတ်ကြသည်။ သို့သော် “အဆိုးထဲမှ အကောင်း ရှှိနိုင်ဦးမည်လော” ရှာဖွေကြရမည်။ လူ့လောက စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ မည်သည့်ကဏ္႑၌ မဆို အခက်အခဲ အတားအဆီး တွေ့ပါက အမှန်တကယ် မကျရှုံး၊ မဆုံးရံှုးမီ မိမိ ဘက်မှ လက်လျှော့လှိုက်ကြသည်က များသည်။ စာရေးသူ၏ ကျေးဇူးရှှင်ဆရာ ပါမောက္ခကြီး ဆုံးမခဲ့ဖူးသည်ကို ရင်၀ယ် အမြဲ မှတ််မိနေပါသည်။ ဆရာ ငယ်စဉ်က တပ်မတော်၌် တာ၀န် ထမ်းဆောင်ခဲ့ဘူး သူလည်း ဖြစ်၍ ၊ စာရေးသူတို့ စာမေးပွဲ ဖြေခါနီးချိန်တွင် အားပေးစကား ပြောရာ၌ တိုက်ပွဲ တစ်ခုနှင့် ဥပမာ ပေးခဲ့ဘူးသည်။ မိမိဘက်မှ ကြိုးစား သော်ငြား ရန်သူ့ ဘက်မှ အား များ၍ မိမိ ဘက်မှ အရှုံး နှင့် ရင်ဆိုင်ရတော့မည်ဟု ကြုံတွေ့ လာရသည့်တိုင် ခေါင်းငုံ့ ဒူးထောက် အရှုံး မပေးဘဲ စိတ်ခွန်အား အပြည့်ဖြင့် “ပစ်တက်” ရမည် ဟူ၍ ဖြစ်သည်။ ထိုသို့ ညွှန်ကြားခဲ့သော်လည်း၊ အမှန် တကယ် စာမေးပွဲ ဆိုသည့် စစ် မြေပြင် ရောက်သောအခါ “ပစ် မတက်ခဲ့ဲ”ပဲ လက်မြှောက် စိတ်လျှော့ခဲ့မိ၍၊ ကိုယ်တိုင် စာမေးပွဲ ကျခဲ့ရသောကြောင့် နောင်လာ နောက်သားများအတွက် အကြံပေးရခြင်း ဖြစ်ပါသည်။ စိတ်ခွန်အား၏ အရေးပါပုံ၊ တန်ဖိုးကြီးပုံတည်း။

တချို့လူနာများ ချောင်းဆိုး၍ ဆေးရုံ လာပြသည်။ ဓာတ်မှန် ရိုက်ကြည့်မှ TBဟု သိရသည်။ ကံဆိုးလှသည် မဟုတ်၊ ကံကောင်း၍ စောစီးစွာ ကုသမိ၍သာ ထိုသူ၌် သော်လည်းကောင်း၊ အတူနေသူ ကလေးသူငယ်များ၌် လည်းကောင်း၊ ပျံ့နှံမှု မရှိတော့ခြင်း ဖြစ်သည်။ ထို့အတူ အချို့သောသူများ၌ ၀မ်းချုပ်၍ လာပြသည်။ စစ်ဆေးကြည့်တော့ အူကျိတ် တွေ့ရသည်။ သို့သော် အူ မပိတ်ခင်၊ မပျံ့န့ှံခင် ခွဲစိတ်လိုက်ရလျှင် အဆိုးထဲမှ အကောင်းဟု မှတ်ယူရမည်။ ဘာရောဂါမှ မဖြစ်လျှင်် အကောင်းဆုံးပါ။ ဖြစ်လာခဲ့လျှင်လည်း စိတ်ဓာတ် ခိုင်ခိုင်မာမာနှင့် အချိန်မီ ထိရောက်စွာ ကုသသင့်ပါသည်။

မကွယ်၀ှက်တမ်း ၀န်ခံရမည်ဆိုလျှင် လူအများ၏ ကျန်းမာရေးကို စောင့်ရှောက်မှု ပေးနေသော ဆရာ၀န်များအဖို့ “အတက်” ပေါင်းများစွာ ကြုံတွေ့ဖူးသကဲ့သို့ “အကျ” များလည်း မနည်းခဲ့ပေ။ ထိုသို့ ကြုံတွေ့တိုင်းလည်း၊ အထက်တွင် တင်ပြခဲ့သော အဖိုးအို သားအဖ ပုံပြင်ကို လက်ကိုင်ထား၍ ပြန်လည် အားမွေး ရင်ဆိုင် ရပါသောကြောင့် စာဖတ်သူ လူငယ် လူရွယ်များအတွက် “အကျနှင့် တွေ့လျှင်” နေတတ်ရန် အားပေး ရေးသား လိုက်ရပါတော့သည်။