အများအားဖြင့် ခုနောက်ပိုင်း ဖြစ်နေတာတွေက လုပ်ငန်းခွင်မှာ အငြင်း ပွားစရာက ဘွဲ့ရတဲ့သူကို ခန့်မှာလား၊ လက်မှတ်တွေ ပိုင်ဆိုင်ထားသူကို ခန့်မှာလား၊ ဒါမှမဟုတ် အတွေ့အကြုံ ရှိသူတွေကိုပဲ အလုပ်ခန့်မှာလားဆိုတဲ့ ပြဿနာ တစ်ရပ်ပါပဲ။ အလုပ်ခေါ်တိုင်း ဘွဲ့ရ ဖြစ်ရမည်၊ ဒီပလိုမာ တတ်ရမည်။ ဘာဖြစ်ရမည်ဆိုတဲ့ အသက်အရွယ် ကန့်သတ်ချက်တွေနဲ့မှ မလိုက် ခေါ်တဲ့ ဟာတွေက အလုပ်ရှင်ထက်တောင် ဆရာကျတဲ့ အရာတွေ ဖြစ်နေတာကို တွေ့ရှိနေရပါတယ်။ ယခု လူအတော် များများက ပြောနေကြတယ်။ အလုပ်တွေ ဒီလောက် ခေါ်နေတာ ဘာလို့ အလုပ် လက်မဲ့တွေ ပေါနေတာလဲဆိုတဲ့ စကားတွေ ကြားနေရပါတယ်။ ကဲ ဟုတ်ပါပြီ။ လက်မှတ်တွေက နေရာတိုင်းမှာ တက်ရင် ခုတက် ခုရ ခေတ် ဖြစ်နေပြီ၊ ဒီတော့ လူတိုင်း အထင်မကြီးတော့တာကြောင့် ဘွဲ့ရ ဆိုတဲ့ ဂုဏ်ပုဒ်ကို ထည့်ထားတယ် ဆိုရအောင်ကလည်း ခန့်မယ့် ကုမ္ပဏီက ဘွဲ့နဲ့ သက်ဆိုင်လား ကြည့်ပြန်တော့ ဒါလည်း မဟုတ်ပြန်ပါဘူး။ လက်မှတ် တွေက ပိုက်ဆံရှိတဲ့ သူတိုင်း တက်လို့ ရတဲ့ အရာဆိုပေမယ့် ဘွဲ့ကတော့ ခုနည်းပညာ ခေတ်မှာ တစ်ခုလောက်တော့ ရထားသင့်တဲ့ အထဲမှာ ပါ၀င်နေပါတယ်။

ယခုနောက်ပိုင်း အလုပ်ခေါ်စာတွေ တိုင်းမှာ အရာအားလုံး ပြည့်စုံတဲ့သူ ပါရှိလာမယ် ဆိုရင်တော့ အလွန်တရာ ကံကောင်းတဲ့ ကုမ္ပဏီတစ်ခုတော့ ဖြစ်မှာပါပဲ။ ဘာတဲ့ ဘွဲ့ ရ ရမည်။ သက်ဆိုင်ရာ ဒီပလိုမာ အောင်လက်မှတ် ရှိရမည်။ နေပါဦး။ ခေါ်တော့ စာရင်းကိုင် ရိုးရိုး အောက်ခြေအဆင့်၊ တတ်ရမယ့် ပညာတွေက ဘွဲ့ရ၊ ဘွဲ့တောင်မှ ဘီကွမ်း တို့ နောက် ရှိပါသေးတယ်။ LCCI I, II, III အောင်ရမယ့်အပြင် ACCA တောင် Part I တို့ Part II တို့ အောင်ရမယ်၊ ဒါ့အပြင် အင်္ဂလိပ်စာကလည်း 4 Skills ကျွမ်းကျင်ပြီး၊ Computer မှာလည်း တော် ရမယ့်အပြင်၊ Software တွေလည်း အသုံးပြုတတ်ရမယ် ဆိုတဲ့ ခေါ်စာတွေ မှိုလို ပေါက်လာတာ တွေ့ရှိရပါတယ်။ ဒီလောက် တတ်နေမှတော့ သူတို့မှာ လစာလေး ၇ သောင်း၊ ၈ သောင်းနဲ့ လာလုပ်ချင် ကြပါတော့မလား ဆိုတာလည်း ထည့်စဉ်းစား သင့်ပါတယ်။

အလုပ်ခေါ်စာတွေမှာတော့ ဘွဲ့ရဖြစ်မည်လို့ ပါနေကျပဲ။ ဘွဲ့ ရလာပြန်တော့ မာစတာ လားတဲ့ ဖြစ်ပြန်ရော။ အလုပ်က ကွန်ပျူတာ အော်ပရေတာ လောက်။ အင်တာဗျူးမှာ မေးလိုက်တာတွေကတော့ မာစတာ ဆက်တက်ဖို့ အဆင့် မှီသလားတို့၊ တစ်ခါတလေ ဘွဲ့လက်မှတ်တွေက ရိုးရိုး လက်မှတ်လောက်တောင် အသုံးမ၀င်သလို အငြင်းခံလိုက်ရရင် ဘယ်လောက်များ ခံစားကြရလိမ့်မလဲ။ တချို့ကလည်း ရုပ်ချောမှ ဆိုတာတွေ ထည့်ထားတော့ ရုပ်ရည် မပြေပြစ်တဲ့ သူတွေကပဲ ထမင်းငတ် သေရတော့ မလိုလိုနဲ့။နောက် ရှိပါသေးတယ်။ ခေါ်တာတွေက သူများနဲ့ မတူအောင် စတန့် ထွင်တာတွေ လည်း တွေ့ရသေးတယ်။ ဘွဲ့မလို၊ လက်မှတ် မလို၊ ကျွမ်းကျင်သူကိုသာ ခန့်မည်ဆိုတော့၊ ဘွဲ့တွေ၊ လက်မှတ်တွေ ရအောင် လုပ်နေသူတွေကပဲ ပေါတောတောတွေကို ဖြစ်လို့။ အဲ တချို့ကျပြန်တော့ ဘာမှ မလိုပဲ၊ အလုပ် အပေါ် စိတ်၀င်စားမှု ရှိသူတိုင်း အတွေ့အကြုံ မလို ဆိုတာတွေလည်း ခေါ်စာတွေမှာ တွေ့နေရတာ ဒုနဲ့ ဒေးပါပဲ။

ကျွန်မ တစ်ခါတလေ မေးကြည့်ချင်တာ ရှိတယ်။ ဘွဲ့တွေ၊ ဒီဂရီတွေ၊ လက်မှတ်တွေ အကုန် တန်းစီရထားတဲ့ သူတွေကို ဘယ်လိုမျိုး လစာတွေများ ပေးကြမှာပါလဲ ဆိုတာပါပဲ။ ဟုတ်ပြီ ဒါဆိုရင် လူ တစ်ယောက်ရဲ့ အမှန်တကယ် တတ်ကျွမ်း မှုကို ဘာနဲ့ တိုင်းတာကြမလဲ။ ဘွဲ့လက်မှတ် နဲ့ တိုင်းတာကြမလား။ တကယ့် လုပ်ဆောင်နိုင်စွမ်း ကျွမ်းကျင်မှုနဲ့ တိုင်းတာ ကြမလား။ လက်မှတ်၊ ပညာ၊ လုပ်ငန်း အတွေ့အကြုံတွေဆိုတာ အားမျှခြေအနေနဲ့ ချိန်ခွင်ညှာထိန်းသလို ထိန်းနိုင်ရင်တော့ ကောင်းပါတယ်။ ဘယ်နေရာမဆို ဘွဲ့လည်း မရှိ၊ လက်မှတ်လည်း မရှိ၊ ရှိတဲ့ဘွဲ့နဲ့ လက်မှတ်က လုပ်နေတ့ဲ လုပ်ငန်းနဲ့လည်း အံ၀င်ခွင်ကျ ဘာမှ မဆိုင်ဘဲ လုပ်ငန်း အတွေ့အကြုံ အနှစ် ၁၀၊ ၁၅ နှစ်လောက်နဲ့ လူတွင်ကျယ် လုပ်နေကြသူတွေလည်း အများကြီးပါပဲ။ တချို့ကျပြန်တော့ ဘယ်သူ့ သမီး မို့လို့၊ ဘယ်သူ့ သားလေးဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ ဘာမှတောင် မလိုပဲ အလိုလို ၀င်သွားတာတွေကျတော့ ဘယ်လိုတိုင်းတာ သတ်မှတ်ကြပါသလဲ။ လူငယ် အတော် များများ ဖြစ်နေတာတွေက မိဘကလည်း ထောက်ပံ့နိုင်၊ ကိုယ်တိုင်ကလည်း အပျင်းပြေ သဘောနဲ့ သင်တန်းပေါင်းစုံတွေ တက်ပြီး လက်မှတ်တွေ တစ်ပွေ့တစ်ပိုက်နဲ့၊ ဘာအလုပ်ကို ၀င်လုပ်နေပြီလဲ မေးရင် ဘာမှ မလုပ်သေးကြတာတွေလည်း တောင်လို ရာလို ပုံနေတာကို တွေ့ရှိ ရပါတယ်။ ကိုယ့်ကံကပဲ မွေးလာကတည်း က အလုပ် လုပ်ရမယ်ဆိုတဲ့ ကံဇာတာများ ပါလာလေသလားပါပဲ။ ဘ၀တွေက မတူကြဘူးကိုး။

ဘယ်လက်မှတ်ကတော့ ဘယ်လုပ်ငန်း အတွက် အထောက်အကူ အမှန်တကယ် ပြုနေပါပြီလို့ ဘယ်သူမှ ချပြလို့ မရသေး ပါဘူး။ လက်မှတ်လိုချင် အလွယ်လေး။ ဈေးကွက်စီးပွားရေးအရ လက်မှတ်တွေကို ငွေန့ဲ ၀ယ်လို့ ရနေတဲ့ ခေတ် အခြေအနေ ဖြစ်နေတယ်လေ။ ဘာကြောင့်လဲဆိုတော့ ဖြေချင်သူက ငွေပေးပြီး ဖြေနေရသလို၊ ဖြေနိုင်ဖို့ ငွေကြေးနဲ့ စီစဉ်ပေးသူတွေက လည်း စီစဉ်ပေးနေတော့ အရောင်းအ၀ယ် သဘော အသွင်ဆောင်နေတာကို တွေ့ရှိရတယ်။ လက်မှတ်တွေ ဆိုတာက လည်း အလုပ်ခွင် နေရာအလိုက် သူ့ လက်မှတ်နဲ့သူ တန်းစီနေတာကိုး။ သင်တန်းတစ်ခု လာတက်ရင် အရင်ဆုံး စုံစမ်းတာက၊ ကိုယ်နဲ့ တက်ရမယ့် ဘာသာရပ် သင်တန်းနဲ့ ကိုက် မကိုက်၊ မဟုတ်ပဲ သင်တန်းဖြင့် မတက်ရသေးဘူး သင်တန်း ပြီးရင် အလုပ်ရ မလားဆိုတဲ့ မေးခွန်းတွေက အရင် မေးနေကြပြီလေ။

ဒီတော့ မေးလာတိုင်းလည်း ကျွန်မက ပြန်ပြောလေ့ ရှိတာက လက်မှတ်ဆိုတာ အလုပ် ရမယ်လို့ အာမခံချက်တွေ မပေး နိုင်ဘူး။ ဒီလက်မှတ်ရရင် ဒီအလုပ်ရမယ်လို့ နောက်ပိုင်းမှာ ဘယ်သူမှ အာမခံချက် မပေး နိုင်ဘူး။ လူအတော်များများက ရနိုင် ကောင်းရဲ့ဆိုပြီး မျှော်လင့်ချက်နဲ့ အရ ယူနေကြတဲ့ သဘောပဲ။ အဓိက စိတ်ထဲ ထားဖို့က ကိုယ်က ပိုက်ဆံကုန်တဲ့အပြင် အချိန်ကုန် လူပန်း ဖြစ်နေမှာဆိုတော့ ကိုယ် တက်မယ့် သင်တန်း အမျိုးအစားက ကိုယ့်နဲ့ အဆင်ပြေပြီး၊ ဝါသနာရော ပါရဲ့လားဆိုတာ အရင်ဆုံး မိမိဘာသာ သုံးသပ်သင့်တယ်။ ခုတော့ ဒီလို မဟုတ်ပါဘူး။ သင်တန်းဖြင့် မတက် ရသေးဘူး၊ အလုပ်ရရင် လစာက ဘယ်လောက် ပေးမှာလဲ၊ ဒီ သင်တန်း ပြီးရင် အလုပ် တန်းရမှာလား ဆိုတာတွေကို ပြန်ဖြေလေ့ ရှိတာကတော့ ကိုယ်ရဲ့ အရည်အချင်း ကြိုးစားမှုအပေါ်ပဲ မူတည် ပါတယ်လို့ ပြောလိုက်ရပါတယ်။

အမှန် ပြောရရင် ကိုယ့်မှာ လက်မှတ် တွေ ဘယ်လောက်တောင် ကိုင်ထားတယ် ဆိုတာ ကိုယ်ကမှ ထုတ် မပြောရင် ဘယ်သူ သိနိုင်မှာလဲ။ ဘယ် လက်မှတ်ဟာဖြင့် ဘယ် တန်ဖိုး ရှိပါတယ်လို့ ပုံသေ ပြောနိုင် လို့လား။ လက်မှတ်တစ်စောင် ရဖို့ ဆိုတာကလည်း လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ တက်ရမယ့် လက်မှတ် အတွက် အချိန်ပေးရမယ်… နောက် ငွေပေးရမယ်။ စာမေးပွဲကြေးဆိုတဲ့ ၀န်ထုပ် ၀န်ပိုး ရှိတဲ့ လက်မှတ်တွေလည်း ရှိပါသေးရဲ့။ နောက် ဦးနှောက်ကလည်း အလုပ် လုပ်ရသေး၊ အတော် မလွယ်တာ ပါပဲ။ တချို့ကုမ္ပဏီတွေ ကျတော့ ခန့်အပ်ပြီး ၀န်ထမ်းတွေအတွက် သီးသန့် သင်တန်းလေးတွေ ဖန်တီးပေးကြတာလည်း တွေ့ရပါတယ်။ တချို့လုပ်ငန်းခွင်တွေမှာ ကျတော့ တိုးတက်မြင့်မားအောင် ကြံဆောင်နေမယ့်အစား ဘတ်ဂျက်တွေ ဖြတ်ပြီးရင်း ဖြတ်နေကြတော့၊ ၀န်ထမ်းတွေကို သင်တန်းလည်း မပေးနိုင်၊ မသိချင်ယောင်ဆောင်ပြီး သူ တတ်ချင် သူ ရှာလိမ့်မှာပေါ့လို့ လွှတ်ထားလိုက်ပြန်တော့ လည်း၊ ဒီလောက်လေးနဲ့ မှေးနေလည်း ရနေတာပဲဆိုတဲ့ စိတ်ဓာတ်နဲ့ ဘယ်သူမှ တတ်အောင် တော်အောင် မလုပ်ကြပဲ ဒီလိုနဲ့ ဆုပ်ကပ်ကို တဖြည်းဖြည်း ရောက်မှန်း မသိ ရောက်လာကြရတယ်။

ကျွန်မတွေ့တဲ့ ကုမ္ပဏီတချို့ကတော့ ၀န်ထမ်းတွေကို အဖွဲ့ ခွဲပြီး အင်္ဂလိပ်စာ သင်တန်းတွေ၊ တရုတ်စာ သင်တန်းတွေ ပေးတက်ကြတာ တွေ့ဖူးပါတယ်။ အတော် ကောင်းတဲ့ ရည်ရွယ်ချက်ပါပဲ။ သင်တန်း တက်တယ် ဆိုတာကလည်း အလုပ်ခွင်န့ဲ မတူပါဘူး။ စိတ်ကို အလုပ်ခွင်ကနေ အနားပေးပြီး ရှိနေတဲ့ ကြွက်သားတွေကို နိုးကြားအောင် ပြုလုပ်စေတဲ့အတွက် စိတ်ကို တစ်မျိုးတစ်ဖုံ ပြောင်းလဲစေပါ တယ်။ အလုပ်ရှင်တွေက ကိုယ့်၀န်ထမ်း တွေကို သင်တန်းတွေလည်း မတက်ခိုင်း၊ လက်မှတ်လည်း ထပ်မယူခိုင်းတာဟာ သူတို့ အိတ်ထဲက ပိုက်ဆံတွေ လျော့သွားမှာ စိုးရိမ်လို့ ဖြစ်ပါတယ်။ ရေမြင့်ရင် ကြာမြင့်တယ်ဆိုတဲ့ သဘော တရား အတိုင်းပါပဲ။ ၀န်ထမ်းတွေ အသိပညာ မြင့်မားအောင် လုပ်ပေးတာဟာ လုပ်ငန်းခွင် တိုးတက်ရေးအတွက် အများကြီး အထောက်အကူ ပြုတယ်လို့ သိမြင်တဲ့ အလုပ်ရှင်တွေ အတော်လေး များနေပြီလို့ သင် ထင်ပါသလား။ လုပ်ငန်းခွင်မှာ ပညာပေးဖို့ လက်တွန့် တတ်တဲ့ အလုပ်ရှင်တွေဟာ ကိုယ်ပေးသလောက်ပဲ ပြန်ရတတ်တယ် ဆိုတာ သဘောပေါက် နားလည်ထား ရပါလိမ့်မယ်။

ခုခေတ် လူငယ် အတော်များမျာကတော့ လက်မှတ်တွေ ပုံနေလည်း အလုပ် မလုပ်ကြတာ ဘာကြောင့်လဲ ဆိုတော့ အိမ်က မိဘတွေက မလုပ်ခိုင်းသေးတာ လို့လည်း လေ့လာ တွေ့ရှိရပါတယ်။ ဒါဆို ရင်တော့ ဟုတ်ပြီ ဘယ်အချိန် ဘယ် အရွယ်ကျမှ အလုပ်ခွင်ထဲ ၀င်ခိုင်းကြမှာလဲ ဆိုတာလည်း စဉ်းစားစရာ ဖြစ်လို့ နေပါ သေးတယ်။ ကဲ ဒီတော့ ဘယ်နေရာပဲ ရောက်နေ ရောက်နေ ရောက်နေတဲ့ နေရာကနေ ရှေ့ကို ဆက်လျှောက်ပါလို့ အကြံပေးပါရစေ။ အကောင်းဆုံး အကြံ ပေးချင်တာကတော့ ကာလ၊ ဒေသ၊ ဌာနနဲ့ လိုက်လျောညီထွေ ရှိမယ့် လက်မှတ်မျိုးသာ သင် အမှန်တကယ် ပိုင်ဆိုင်ဖို့ အသင့် လျော်ဆုံးနဲ့ အကောင်းဆုံးပါလို့ အကြံံ ပြုပါရစေ။လက်မှတ်ပါပါ မပါပါ ပေးသမျှ ကြိုက်ဈေးအတိုင်း ညှိယူပြီး ခိုင်းတိုင်း လုပ်နိုင်ရင်လည်း အဆင်ပြေနေကြတဲ့ ကုမ္ပဏီတွေမှာ ၀င်လုပ်နေသူတွေအတွက် အထွေအထူး လက်မှတ်တွေ စိတ်ကူးယဉ် နေစရာ မလိုဘူးပေါ့။ ဒီတော့ ဒီလက်မှတ် ရလာရင် ဒီလောက် ကြေးပေးမယ်လို့ ပြောင်ပြောင် တင်းတင်း ကြေးခေါ် ထားရင်လည်း၊ စိတ်၀င်စားဖို့အတွက် လက်မှတ်တွေ ကိုင်ဆောင်ထားသင့်ပါပြီ။

အင်း ဘွဲ့အကြောင်း၊ ဒီဂရီအကြောင်း၊ လက်မှတ်အကြောင်းတွေ စိတ်ပျက် လောက်အောင် ပြောနေသလား ဆိုပြီး တော့လည်း စိတ်ဓာတ်တွေ ကျမသွားပါနဲ့။ နည်းပညာ တိုးတက်လာတဲ့ ခေတ် ရောက်လာပြန်တော့ ဒါတွေ မလိုဘူးလား ဆိုတော့လည်း၊ လိုပါလိမ့်မယ်။ကျွန်မကိုတော့ အိမ်က ပြောပါတယ်။ သေဖြင့် သေတော့မယ်၊ သင်တန်းတွေ တက်လို့ကို မပြီးနိုင်ဘူးတဲ့လေ။ တက်လိုက် ရတဲ့ သင်တန်းတွေတဲ့။ ဟုတ်ပါတယ်။ ကျွန်မကလည်း ပြန်ပြောလိုက်ပါတယ်။ သေသာ သွားမယ် သင်တန်းတွေ ကတော့ တက်လို့ ပြီးမှာ မဟုတ်သလို၊ ပညာဆိုတာ ငယ်တယ်၊ ကြီးတယ်နဲ့ မဆိုင်ပါဘူးလို့ ပြန်ပြောမိပါတယ်။ ဟိုးအရင်တုန်းကတော့ ဘွဲ့လေး ရတာနဲ့ ဓာတ်ပုံ မှန်ဘောင်လေး လုပ်ပြီး အိမ်ဦးခန်းမှာ ချိတ်ဆွဲထားပြီး၊ လာသမျှကို ကျွန်မ သမီးလေ ဘာ ဘွဲ့ ရတာတို့၊ ဘာတို့ ကြွားလို့ ရနေပေမယ့်၊ ခုခေတ်မှာတော့ လက်မှတ်ဆိုတာ အိမ်ဦး ခန်းမှာ မှန်ဘောင်သွင်း ချိတ်ထားလည်း ဘယ်သူမှ စိတ်၀င်စားမှာ မဟုတ်ပါဘူး။ ကိုယ်က ၃၊ ၄ စောင်လောက် ချိတ်ထားရင် အိမ်နံရံ မဆန့်လို့ ဖိုင် တွဲထားရသူတွေ ရှိနေသေးတယ်လို့ မှတ်ယူထားလိုက်ပါ။ ဒီတော့ ဘယ်နေရာပဲ ရောက်ရောက် လိုအပ်ချက်တွေကတော့ ရှိနေဦးမှာ ဖြစ်တဲ့ အတွက် ကိုယ်သွားမယ့် လမ်းနဲ့ ကိုယ် သင်ယူနေတဲ့ ဘာသာရပ်နဲ့ အချိန်ကုန် လူပန်း ဖြစ်ပြီး ဘ၀တစ်သက်တာ လျှောက်ရမယ့် လမ်း အံ၀င်ခွင်ကျနဲ့ စိတ်ချမ်းသာဖို့သာ အဓိက ဖြစ်ပါကြောင်း ပြောလိုက်ပါရစေတော့ ရှင်။

Ma Naw Phyu Lay
အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။