နိုင်ငံတော် ဖွ့ံဖြိုးတိုးတက်ရေးအတွက် ဈေးကွက်စီးပွားရေး ဖြစ်ထွန်း အောင်မြင် ရေးသည် အရေးကြီးလှသည်။ စီးပွားရေး လုပ်ငန်းများ အသွင်အမျိုးမျိုး ရှိကြသည်။ စက်ရုံ၊ အလုပ်ရုံ၊ တည်ဆောက်ခြင်းစသည့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ၊ မြေပေါ်၊ မြေ အောက် သယံဇာတများ ရှာဖွေတူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ဘဏ်လုပ်ငန်း များ၊ အစုစပ်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်း ကဲ့သို့ ၀န်ဆောင်မှု လုပ်ငန်းများစသည် စသည် လုပ်ကိုင် ကြရာတွင် ဆိုင်ရာ၊ ဆိုင်ရာ လုပ်ငန်းအလိုက် စာချုပ် စာတမ်းများ ချုပ်ဆိုကြရသည်။ မြေ၀ယ် ယူခြင်း၊ ငှားရမ်းခြင်း၊ အိမ်၊ အိမ်ခန်း ၀ယ်ယူခြင်း၊ ငှားရမ်းခြင်း အစရှိသဖြင့် စာချုပ်စာတမ်း ပြုလုပ် ကြရသည်။
စာချုပ်စာတမ်း ပြုလုပ်သည်ဆိုရာတွင် စာချုပ်သူနှစ်ဦးအကြား ပဋိညာဉ်တစ်ရပ် ထားရှိခြင်း ဖြစ်သည်။ ယင်းပဋိညာဉ်သည် ဥပဒေနှင့် ညီညွတ်ရသည်။ ဥပဒေနှင့် ညီညွတ်သော အဘိုးစားနား၊ ရည်ရွယ်ချက် မရှိသော ပဋိညာဉ်သည် ပျက်ပြယ်သည်။ ပဋိညာဉ်တစ်ရပ်ကို စာဖြင့် ရေးသား ထားပါက စာတွင် ပါသည့်အတိုင်း အဓိပ္ပာယ် ကောက်ယူ၍ လိုက်နာ ဆောင်ရွက်ရသည်။ ဥပဒေအရ အတည်ဖြစ်သော ပဋိညာဉ်တစ်ရပ် ဖြစ်ရန်အချက် (၄)ချက် ပြည့်စုံရန် လိုသည်။
(၁) ပဋိညာဉ်ပြုသူသည် ပဋိညာဉ် ပြုလုပ်နိုင်သူဖြစ်ရမည်။
(၂) ပဋိညာဉ်ပြုသူတို့သည် လွတ်လပ်သော သဘောတူညီချက် ရှိရမည်။
(၃) ပဋိညာဉ်အတွက် ဥပဒေနှင့် မဆန့်ကျင်သော အဘိုးစားနား ရှိရမည်။
(၄) ပဋိညာဉ်ပြုသူတို့၏ ရည်ရွယ်ချက်သည် ဥပဒေနှင့် ညီညွတ်ရမည်။
ဥပဒေအချို့တွင် ပဋိညာဉ်ကို စာဖြင့် ရေးရမည်ဟု ပြဌာန်းထားသည်။ ပဋိညာဉ် ပြုပြီး နောက်ပိုင်း အငြင်းအခုံ မပေါ်ပေါက် စေရန် ဖြစ်သည်။
၁၈၇၅ ခုနှစ် ဥပဒေအမှတ် ၉ ဖြစ်သော အရွယ်ရောက်ခြင်း ဥပဒေပုဒ်မ (၃)အရ အသက် ၁၈နှစ်ပြည့်ပြီးသူတိုင်းသည် အရွယ်ရောက်ပြီးသူ ဖြစ်သည်။ အရွယ် ရောက်ယုံနှင့် မပြီးသေး။ စိတ်ကောင်းရှိသူ ဖြစ်ရမည်။ စိတ်ကောင်းရှိသူဆိုသည်မှာ ရူးသွတ်သူ မဖြစ်စေရဟု ဆိုလိုခြင်း ဖြစ်သည်။ ဥပဒေ၏ သဘောသည် တိကျသည်။ မှန်ကန်သည်။ စိတ္တဇ ဆေးရုံတွင် ဆေးကုသနေသူ တစ်ဦးသည် စိတ်ဖောက်ပြန်နေသဖြင့် သာမန်အားဖြင့် ပဋိညာဉ်ပြုနိုင်သူ မဟုတ်ပေ။ စိတ္တဇ ဆေးရုံတွင် ဆေးရုံတက်နေသူနှင့် မည်သူမျှ အလုပ်သဘော စာချုပ်စာတမ်းများ သွားရောက်ချုပ်ဆိုလိမ့်မည် မဟုတ်ပေ။ သို့သော် စိတ္တဇဆေးရုံတွင် ဆေးကုသ နေသူတစ်ဦးသည် တစ်ခါတစ်ရံ စိတ်ကောင်း ၀င်လာတတ်သည်။ စိတ်ကောင်း ၀င်လျက်ရှိစဉ်တွင် ၄င်းနှင့် ချုပ်ဆိုသော ပဋိညာဉ်စာချုပ်သည် တရား၀င်စာချုပ်ဖြစ်သည်။

စိတ်ကောင်းရှိနေသည့် လူကောင်း တစ်ဦးသည် အဖျားရောဂါကြီး၍ ငန်းဖမ်း နေစဉ်တွင်လည်းကောင်း၊ အရက် အလွန် အကျွံ မူးယစ်နေစဉ်တွင် လည်းကောင်း၊ မိမိပြုလုပ်မှုမှာ မည်သို့ အကျိုး သက်ရောက်မှု ရှိသည်ကို ေ၀ဖန်ပိုင်းခြား နိုင်စွမ်း မရှိသဖြင့် ယင်းငန်းဖမ်းခြင်း၊ သို့မဟုတ် မူးယစ်ခြင်း မပြေပျောက်မီ ၄င်းနှင့် ပဋိညာဉ်စာချုပ် ပြုလုပ်ပါက တရားမ၀င်ပေ။
သို့ဖြစ်၍ မိမိနှင့်ပဋိညာဉ်စာချုပ် ချုပ်ဆိုမည့်သူသည် စိတ်ကောင်း ရှိမရှိ ချင့်ချိန်တက်ရန် လိုသည်။ ထိုသူသည် မိမိပြုလုပ်သော ပြုလုပ်မှုကို သဘော ပေါက်ခြင်း ရှိမရှိ မိမိအပေါ် မည်သို့ အကျိုးသက်ရောက်မည်ကို နားလည် မလည်ဆိုသော အချက်ပေါ်မူတည်၍ သုံးသပ်ရသည်။ လူတစ်ဦး စိတ် အားငယ် နေသည်ဆိုခြင်းသည် စိတ် ဖောက်ပြန် နေခြင်း မဟုတ်။ အသက်ကြီး၍ စိတ်မခိုင်ခြင်းသည်လည်း စိတ် မကောင်းခြင်း ဖြစ်သည်ဟု မဆိုနိုင်။
စာချုပ်သူ နှစ်ဦး နှစ်ဖက် လွတ်လပ်စွာ သဘောတူညီသည်ဆိုခြင်းမှာ စာချုပ်ပါ အကြောင်းအရာပေါ် နှစ်ဘက်လုံးက တစ်ညီတစ်ညွတ်တည်း နားလည် သဘောပေါက်ကြရန် လိုအပ်ခြင်းကို ဆိုသည်။ အဆိုပြုသူက အဓိပ္ပာယ် တစ်မျိုးနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး အခြားတစ်ဖက်က အခြား အဓိပ္ပာယ် တစ်မျိုးနှင့် နားလည် လက်ခံခြင်း ဖြစ်ပါက နှစ်ဦးနှစ်ဖက် သဘောညီညွတ်မှု မရှိသဖြင့် အထမြောက်သော ပဋိညာဉ်စာချုပ်ဟု မဆိုနိုင်ပေ။ ဥပမာ – လူတစ်ဦးက ရောင်းရန် ကမ်းလှမ်းသည့် ပစ္စည်းကို ၀ယ်မည့်သူက တခြားပစ္စည်းဖြစ်မည်ဟု အဓိပ္ပာယ် ကောက်ယူပါက အရောင်း အ၀ယ် ပဋိညာဉ်စာချုပ် မဖြစ်ပေ။
စာမတတ်သူအား ပဋိညာဉ်စာချုပ်ကို ဖတ်ပြရာ၌ အမှန်ကို ဖတ်မပြဘဲ တလွဲ ဖတ်ပြသဖြင့် လက်မှတ်ထိုးခဲ့ရလျှင် ထို ပဋိညာဉ်စာချုပ်သည် အတည်မဖြစ်ပေ။ ယခုအချိန်အခါကဲ့သို့ နိုင်ငံခြားသားများနှင့် ကူးလူးဆက်ဆံ၍ စာချုပ်များ ချုပ်ဆို နေကြချိန်တွင် များစွာ သတိထား သင့်သည်။ မြန်မာစာဖြင့် ချုပ်ဆိုသည့် အပြင်၊ စာချုပ် ချုပ်ဆိုသည့် နိုင်ငံခြားသား လူမျိုး၏ ဘာသာစကား စာဖြင့် လည်းကောင်း၊ နိုင်ငံတကာ လက်ခံ အသုံးပြုသော အင်္ဂလိပ်ဘာသာဖြင့် လည်းကောင်း ချုပ်ဆိုကြရမည်။ ယင်းစာချူပ်ပါ စာများကို နှစ်ဖက်လုံးက နားလည် လက်ခံရမည်ဖြစ်သည်။

တစ်ချို့ကိစ္စရပ်များတွင် အာမခံစာချုပ် ဖြစ်ပါလျက် သက်သေအဖြစ်သာ ထိုးခြင်း ဖြစ်သည်ဟု လိမ်လည်၍ လက်မှတ် ထိုးခိုင်းသောကြောင့် လက်မှတ်ထိုးသူ ကလည်း သက်သေအဖြစ် ထိုးလိုက်သည်။ ယင်းသို့ ထင်မှတ်၍ လက်မှတ်ထိုးခဲ့ရသူ အပေါ် အာမခံသူအဖြစ် အရေးမယူနိုင်ပေ။
ပဋိညာဉ်စာချုပ် ချုပ်ဆိုရာတွင် လူတစ်ဦးက မချုပ်ဆိုချင်ပါဘဲလျက် အတင်းအဓမ္မ ခြိမ်းခြောက်ခြင်း၊ အနိုင် အထက် ပြုခြင်းကြောင့် ချုပ်ဆိုရခြင်း ဖြစ်ပါက လွတ်လပ်သော သဘော တူညီချက် မဟုတ်၍ တရား၀င် ပဋိညာဉ် စာချုပ် မဟုတ်ပေ။ ယင်းသို့ ခြိမ်းခြောက် သည်ဟုဆိုရာတွင် ခြိမ်းခြောက်ခြင်းခံရသူ၏ မိဘ၊ ဇနီး၊ ခင်ပွန်း၊ သားသမီးအား နစ်နာ စေမည်ဟု ခြိမ်းခြောက်ခြင်းလည်း ပါ၀င်သည်။
မတရား သြဇာသုံးခြင်းဖြင့် ပဋိညာဉ် စာချုပ် ချုပ်ဆိုစေခြင်းသည်လည်း တရား မ၀င်ပေ။ ရောဂါေ၀ဒနာ အကြီးအကျယ် ခံစားနေရသူ မောင်ဖြူအား ကုသသူ ဆရာ၀န် မောင်မဲသည် မောင်ဖြူအပေါ် သြဇာရှိသည့်အလျောက် ဆေးကုခကို ထိုက်သင့်သည်ထက် ပိုပြီး ငွေ အမြောက် အမြား ပေးရန် သွေးဆောင်လျှင် မတရား သြဇာသုံးရာ ရောက်ပေသည်။

လိမ်လည်လှည့်ဖြား၍ ချုပ်ဆိုသော ပဋိညာဉ်စာချုပ်သည်လည်း တရား မ၀င်ပေ။ မဟုတ်မမှန်သော အကြောင်း ခြင်းရာကို ဟုတ်မှန်ကြောင်း မယုံကြည် ပါဘဲလျက် ဟုတ်မှန်သည်ဟု လိမ်လည် ပြောဆိုခြင်းသည် လိမ်လည်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် အသက် အာမခံထား သူသည် မိမိ၏ အသက်နှင့် ရောဂါ စွဲကပ်ဘူးခြင်း ရှိမရှိ ကိုယ်တိုင် သိရှိပါလျက် ယင်းအချက်အလက်များကို လိမ်လည်ပြီး အသက် အာမခံ ပေါ်လစီ ရယူခဲ့လျှင် လိမ်လည်ရယူခြင်း ဖြစ်၍ တရားမ၀င်ပေ။
အမှန်ကို မသိအောင် ဖုံးကွယ်ခြင်းဖြင့် တိန်၀ှက်၍ ပြုလုပ် ချုပ်ဆိုသော ပဋိညာဉ် စာချုပ်သည် တရားမ၀င်ပေ။ ဥပမာ အားဖြင့် မောင်ဖြူသည် နံရံတွင် ချို့ယွင်းချက် ရှိသော အိမ်တစ်လုံးကို နံရံကပ်စက္ကူ ကပ်၍ ဖာထေးပြီး ချို့ယွင်းချက် ဖုံးကွယ်၍ ရောင်းချခြင်းသည် လိမ်လည်ခြင်း ဖြစ်သည်။
ကုန်သည် မောင်ဖြူနှင့် မောင်မဲတို့သည် အရောင်းအ၀ယ် ပဋိညာဉ်စာချုပ်တစ်ရပ် ပြုလုပ်ကြစဉ်၊ မောင်ဖြူသည် ကုန်ဈေးနှုန်း ပြောင်းလဲကြောင်း တိတ်တဆိတ် သတင်း ရရှိသည်၊ ထိုသတင်းကို မောင်မဲသိလျှင် ပဋိညာဉ်စာချုပ်ကို ဆက်လက် ဆောင်ရွက်ရန် ဆန္ဒ မရှိစေကာမူ မောင်ဖြူသည် ထို သတင်းကို မောင်မဲအား ဖွင့်ပြောရန် တာ၀န် မရှိပေ။
တလွဲပြောဆိုခြင်းဖြင့် ချုပ်ဆိုသော ပဋိညာဉ်စာချုပ်သည်လည်း တရား မ၀င်ပေ။ လိမ်လည် ပြောဆိုခြင်းနှင့် အလွဲပြောဆိုခြင်းသည် ခြားနားသည်။ လိမ်လည်ပြောဆိုခြင်းဆိုရာတွင် ပြောဆို သူသည် မှန်ကန်ခြင်း မရှိသည်ကို သိလျက် နှင့် မှန်ကန်သည်ဟု တမင် ပြောဆိုခြင်း ဖြစ်သည်။ အလွဲပြောဆိုခြင်းဆိုရာတွင် အလွဲပြောဆိုသူသည် မှန်ကြောင်းကို ယုံကြည်ရန် အကြောင်းမရှိဘဲ မှန်သည်ဟု ပြောဆိုခြင်း ဖြစ်သည်။
ဥပမာအားဖြင့် မိမိကိုယ်တိုင်က အိမ် ပိုင်ရှင် မဟုတ်ပဲ အိမ်ငှားဖြစ်ပါလျက် အိမ် ပိုင်ရှင် ဖြစ်သည်ဟု ပြောဆို ရောင်းချလျှင် အလွဲပြောဆိုခြင်း ဖြစ်၍ အတည် မဖြစ်ပေ။
အရောင်းအ၀ယ်ပြုစဉ်က ချုပ်ဆိုသည့် စာချုပ်တွင် ဖော်ပြထားသော ပစ္စည်းနှင့် နောက် အမှန်တကယ် ရရှိသည့် ပစ္စည်း လုံး၀ မတူညီဘဲ ကွဲပြားခြားနားနေပါက အလွဲပြောဆိုခြင်းဖြစ်၍ စာချုပ် အတည် မဖြစ်ပေ။

ပဋိညာဉ်စာချုပ်သည် ဥပဒေနှင့် မညီညွတ်သော အဘိုးစားနား ဖြစ်ပါက ယင်း ပဋိညာဉ် စာချုပ်သည် ပျက်ပြယ်သည်။ မောင်ဖြူသည် မိမိပိုင် အိမ်ကို ငွေကျပ်သိန်း ၁၀၀ နှင့် မောင်မဲကို ရောင်းချရန် သဘောတူ စာချုပ် ချုပ်ဆို ရောင်းရာတွင် ငွေကျပ်သိန်း ၁၀၀ သည် ဥပဒေနှင့် ညီညွတ်သော အတိုးစားနား ဖြစ်သည်။ မောင်ဖြူက မောင်မဲအား ပြည်သူ့၀န်ထမ်း ရာထူး တစ်နေရာရရှိရန် ဆောင်ရွက် ပေးမည်ဟု ကတိပြု၍ မောင်မဲက မောင်ဖြူအား ငွေကျပ် တစ်သိန်း ပေးမည်ဟု ကတိပြုသည်။ ယင်း သဘောတူ ချက် စာချုပ်သည် ဥပဒေနှင့် မညီညွတ်၍ ဥပဒေနှင့် မညီသော အဘိုးစားနား ဖြစ်၍ စာချုပ် ပျက်သည်။
မောင်ဖြူသည် မိမိအိမ်ကို မောင်မဲအား ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်ရန် ငှားရမ်းရာတွင် မောင်မဲက အိမ်ငှားရမ်းခ စပေါ်ငွေ ကျပ်တစ်သိန်းပေးရန် သဘောတူ စာချုပ်သည်။ ထိုစာချုပ်သည် ဥပဒေနှင့် မညီသော အဘိုးစားနား ဖြစ်သဖြင့် မောင်ဖြူသည် ထိုစာချုပ်ပါ ငွေကျပ် တစ်သိန်းကို မောင်မဲထံမှ တရားစွဲဆို တောင်းခံနိုင်မည် မဟုတ်ပေ။

အမျိုးသားတစ်ဦးက အမျိုးသမီး တစ်ဦးအား ၄င်း၏ ခင်ပွန်းနှင့် ကွာရှင်း ပြီးပါက မိမိနှင့် လက်ထပ်ရန် သဘောတူ ညီပြီး ကွာရှင်းမှု စွဲဆိုရာတွင် လိုအပ်သော ငွေကြေးများကို ထုတ်ပေးခဲ့သည်။ ထို အမျိုးသားသည် ထိုအမျိုးသမီးထံမှ ထုတ်ပေးခဲ့သော ငွေကို ပြန်လည် တောင်းခံခွင့် မရှိပေ။ ယင်း သဘော တူညီချက်သည် အကျင့် စာရိတ္တ ပျက်ပြားစေသော သဘောတူညီချက် ဖြစ်၍ ပဋိညာဉ် ဥပဒေပုဒ်မ ၂၃ အရ ပျက်ပြယ်သည်။
ကုန်ကူးသန်းရောင်း၀ယ်ရာ၌ ကုန်သည်ကြီးများသည် ကုန်ပစ္စည်းကို ကြိုတင်ရောင်း၀ယ်လေ့ရှိကြပြီး အမှန် တကယ် ရောင်းချရမည့် အချိန်တွင် အကြောင်းကြောင်းကြောင့် ကုန်ပစ္စည်း ပေးအပ်ခြင်း မပြုနိုင်ပါက မူလ ပဋိညာဉ် ပြုထားသော ဈေးနှုန်းနှင့် ထိုအချိန်တွင် ဖြစ်ပေါ်နေသော ပေါက်ဈေးနှုန်း၏ ခြားနားချက်ကို ပေးယူကြသော ထုံးစံရှိ၏။ ထိုပဋိညာဉ်သည် ဈေးနှုန်း အတက်အကျ အပေါ် အခြေခံကာ အရှုံးအမြတ်ငွေကို ရယူခြင်းဖြစ်၍ လောင်းကစား ပဋိညာဉ်ဟု တစ်ချို့က ယူဆသည်။ သို့ရာတွင် ပစ္စည်း ပေးအပ်ချိန်၌ ၀ယ်သူက ပစ္စည်းကို ယူရန် မရည်ရွယ်ဟု မဆိုနိုင်သဖြင့် လောင်းကစား ပဋိညာဉ်ဟု ယူဆခြင်း မပြုနိုင်။

အောင်အောင် ကုမ္ပဏီနှင့် ဗာဂျီဒါယာ (မြန်မာပြည်လီမိတက်) အမှုစီရင်ထုံး (၁၉၆၄ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး စာမျက်နှာ ၃၇)
လက်ကားဈေးကွက်တွင် ကြိုတင် ရောင်း၀ယ်သည့် စာချုပ်များ ပြုလုပ်ကာ ရောင်း၀ယ် ဖောက်ကားလျက် ရှိကြသည်။ ရောင်းသူနှင့် ၀ယ်သူတို့သည် ရောင်း ၀ယ်ရန် သဘော တူထားသော ကုန်ပစ္စည်းကို ပေးအပ်ရန်နှင့် လက်ခံရန် မရည်ရွယ်ဘဲ ရောင်းဈေးနှင့် ပေါက်ဈေး ခြားနားချက် ငွေကိုသာ အပေးအယူ လုပ်ကြရန် ရည်ရွယ်၍ ချုပ်ဆိုသော ပဋိညာဉ် ဖြစ်ပါက လောင်းကစား ပဋိညာဉ်စာချုပ် ဖြစ်သည်။

မောင်သိန်း ညီအစ်ကိုများနှင့် ဘားမား ဗဲရိုဂျူ တရိတ်ဒင်း ကုမ္ပဏီ အမှုစီရင်ထုံး (၁၉၆၇ ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး စာမျက်နှာ ၃၀၇)
ရောင်းသူ၊ ၀ယ်သူ၊ ကုန်သွယ်သူနှင့် စီးပွားရေးလုပ်ငန်း ပုံစံအမျိုးမျိုးကို လုပ်ကိုင် ကြသူများအနေနှင့် ဥပဒေနှင့် ညီသော ပဋိညာဉ်စာချုပ်များကို ချုပ်ဆို၍ ကြီးပွား တိုးတက်နိုင်ကြစေရန် စိတ်ရည်သန်၍ ရေးသားတင်ပြလိုက်ရပါသည်။