ထည်ဝါ ခန့်ညားလှသော အဆောက် အအုံကြီးတစ်ခု ကြီးမားသော ဘောင်မဲ့ မှန် တံခါးကြီးကို တွန်းဖွင့်၍ ၀င်လိုက်ရသည်။ အေးမြလှသော လေနုအေးက ရင်ကို လွှမ်း၍ သင်းပျံ့လှသော ရနံ့မွေှးမွေှးလေးကို ရှုရှိုက်လိုက်ရသည်။ ဧည့်ကြိုကောင်တာ ဆိုသော နေရာ၌ ကွန်ပျူတာများကို ခေါင်း မဖော်တမ်း နှိပ်နေကြသော မိန်းမပျိုတစ်ချို့ နှင့် တယ်လီဖုန်းလက်ကိုင်ခွက်ကို ခေါင်းနှင့် ပခုံးကြား ညှပ်ကာ လက်တစ်ဖက်က ဘောလ်ပင် ကိုင်၍ ရေးနေသော မိန်းမပျို တစ်ချို့ကို တွေ့လိုက်ရသည်။ ယခုလောက် ဆိုလျှင် စာဖတ်သူ မိတ်ဆွေတို့ အာရုံ၌ ပေါ်လွင်လောက်ပြီ ထင်ပါ၏။
“အဆင့်မြင့် ကုမ္ပဏီကြီးလား။ ဟိုတယ် ကြီးလား…” မဟုတ်ပါ။ “အထူးကု ဆေးရုံကြီး” တစ်ခုပါ။
အတွင်း၌ ဟိုမှ သည်သို့ ပြေးလွှား နေသော ၀န်ထမ်းများ၊ တုံချိ တုံချိဖြင့် သွားလာ နေကြသည့် အဘိုးအို အဘွား အိုများ၊ စာရွက်စာတမ်း၊ ဓာတ်မှန်အိတ် တို့ကို တစ်ပွေ့တစ်ပိုက် သယ်လာကြသော လူငယ်လူရွယ်များ၊ အသက်အရွယ် အလယ်အလတ်ရှိသူများ အစရှိသည့် လူပေါင်းများစွာကို တွေ့ရသည်။ စည်ကား အောင်မြင်လှသည့် Shopping Mall တစ်ခု အလား စည်ကားနေသည်။ “ပုဂ္ဂလိက ကဏ္႑” “Private Sector” ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းကြီးတစ်ခု ဖြစ်သည်။ “ညီမရေ Emergencyက ဘယ်ဘက်လဲ” တောမှ တက်လာသူမို့ မေးရတော့သည်။ မိခင်ဖြစ်သူ အလွန် အမင်း ရင်ကြပ်လာ၍ အရေးပေါ် အထူးကု ဆေးရုံကြီးသို့ သွားနှင့်ပြီဟု ဖခင်ဖြစ်သူက Ph ဆက်သဖြင့် လိုက်လာရခြင်း ဖြစ်သည်။ နေ့လည်ခင်းက မိခင်ဖြစ်သူ ရင်ကြပ် နေသည်ကို သိရသဖြင့် စမ်းသပ်ပြီး လိုအပ်သော ကုသမှုများ ပြုခဲ့တုန်းကပင် ယခုလောက် အခြေအနေ မဆိုး။ ဤသည်လဲ မမြဲသော တရားပင် မဟုတ်လော။ လူအများ သိရှိ ကြားဖူး ကြသည့် “နမိုးနီးယား” ခေါ် Community Acpuired Pneumania ဆိုသည့် အဆုတ် ယောင်ယမ်းမှုကြောင့် နဂိုရှိရင်းစွဲ နာတာ ရှည် ပန်းနာရင်ကြပ်ကို နှစ်ဆတိုး ပို၍ ဆိုးစေခဲ့ခြင်း ဖြစ်မည်ဟု ကောက်ချက် ချမိသည်။ ဖျားနာ၍ ချောင်းဆိုးသည်မှာ (၁၀)ရက်မျှပင် ရှိပြီ ဖြစ်သော်လည်း သားဖြစ်သူ စိတ်အာရုံ အနှောက်အယှက် ဖြစ်မည် စိုးရိမ်သဖြင့် မိမိ ရောက်ရှိလာသည့် နေ့ရောက်မှသာ ဖွင့်ပြောခဲ့ခြင်းဖြစ်သည်။

“ကျွန်တော် ဆရာ၀န်ပါ …နှစ်က ကျောင်းပြီးတာပါ” MOဟု ခေါ်သည့် ဆရာ၀န်မလေးအား မိတ်ဆက်မိသည်။ ခေတ်မီစတိုင်ကျသော ၀တ်စား ဆင်ယင်မှုနှင့် ဆံဖျားမှ ခြေဖျားအဆုံး လိမ်းကျံ ပြင်ဆင်ထားသည့် “ကျော့ကျော့ မော့မော့” ဟန်ပန်လည်း ရှိသော ဆရာ၀န် မလေးသည် မိမိထက်တော့ ငယ်မည်မှာ သေချာလှသည်။ စာရေးသူတို့ ကျောင်းသား ဘ၀မှစ၍ ရန်ကုန်တွင် လက်ထောက် ဆရာ၀န်အဖြစ် တာ၀န် ထမ်းစဉ်ကပင် “ဘ၀တူ” “ဆွေမျိုး သားချင်းဟု သတ်မှတ်ထားသည့် စည်းကမ်း တစ်ခုအဖြစ် “ဆရာ၀န် မိသားစု”ဟု သိရလျှင် ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစားပြီး ငယ်သူကို ဦးစား ပေးသည့် ဆက်ဆံမှုမျိုးဖြင့် “ထဲထဲ ၀င်၀င် မကူညီနိုင်လျှင်တောင်” နှုတ်အားဖြင့် ကူညီစောင်မကြရသည်။ သို့သော် ယခုကား ဤသို့ မဟုတ်တော့။ “ဟုတ်ကဲ့ ဘာဖြစ်ချင်ပါလဲ” ဆရာ၀န်မလေး နှုတ်မှ တုံးတိတိ ခပ်ပြတ်ပြတ် စကားသံ ပြန်ကြား ရသလို မျက်နှာမှလည်း ခက်ထန်၍ မနှစ်မြို့ဖွယ် အမူအရာကို တွေ့ရသည်။ မိခင် အခြေအနေမှာ စိုးရိမ်ရသည့် အခြေအနေတွင် မရှိ။ လိုအပ်သော ဆေး တစ်ကြိမ် ရှုပြီး၍ အနည်းငယ် သက်သာ နေပြီဖြစ်သဖြင့် မိမိဘာသာ အိမ်တွင် ဆက်လက် စောင့်ရှောက်လိုကြောင်း၊ ဆေးရုံသို့ မတက်လိုကြောင်း ခွင့်တောင်းရသည်။

အထူးကု သမားတော်ကြီးနှင့် အရေးပေါ် ပြသပြီးကာမှ ဆရာကြီး၏ ခွင့်ပြုချက်အရ အိမ်ပြန်ခွင့်ရသည်။ ထိုဆရာကြီးကိုပင်လျှင် “ဆရာ၀န် အမေတဲ့ ဆရာ”ဟူ၍ မပြောချင် ပြောချင် ပြောပြသည်။ ထိုသို့ ကြားလျှင် ဆရာကြီးက မိမိကို တရိုတသေ (မိမိထက် အသက် ရောဂါ ပါကြီးသော်လည်း) ရောဂါ အကြောင်းကို Medical Terms များဖြင့် Discuss လုပ်ပေးပြီး သူညွှန်ကြားလိုသည့် စစ်ဆေးမှုနှင့် ဆေးဝါးတို့ကို ပေးရန် ခွင့်တောင်းသည်။ ဤနေရာ၌ တင်ပြ လိုသည်မှာ ခေတ်သစ် လူငယ် (ဆရာ၀န် များ)၏ ခံယူချက်နှင့် ဆက်ဆံရေးကို နမူနာအဖြစ် တင်ပြရခြင်း ဖြစ်ပါသည်။ မိမိကိုယ်ကို ယုံကြည်မှု (Self Confidence)သည် ကောင်းသော အလေ့အကျင့် တစ်ခုပင် ဖြစ်သော်လည်း ရိုသေ လေးစားမှု (Respect)၏ တန်ဖိုးကို သိရှိရန် ပို၍ အရေးကြီးပါသည်။ သွက်လက် ထက်မြက်သော ယနေ့ခေတ် လူငယ်များ (ဆရာ၀န် သာမက ပညာရပ်ပေါင်းစုံ)သည် “လုပ်တိုင်းဖြစ်” နေ၍ “ငါမှ ငါ” ဖြစ်နေကြ သည်ဟု ထင်မြင်မိသည်။

ဆရာ၀န်များအနေဖြင့် လူနာများ အပေါ်တွင် “လုပ်ငန်းရှင်နှင့် အလုပ်သမား” “ဓနရှင်နှင့် ကျေးကျွန်” ပမာ မဆက်ဆံ သင့်ပေ။ “ဆရာ၀န်၊ ဆရာမ အမျိုးကိုပင် ဤသို့ ဆက်ဆံနေလျှင် အခြားသူများ အပေါ်တွင် သာ၍ ဆိုးပေမည်။ အမှန်တကယ် ပြောရလျှင် “ဆရာ၀န် အမျိုးလူနာ”ကိုမှ တရိုတသေ လေးလေး စားစား ဆက်ဆံရမည် မဟုတ်။ လူတိုင်း (ဆင်းရဲ ချမ်းသာ အယုတ်အလတ် မရွေး)ကို “လူနာ” ဆိုလျှင် ဦးစားပေး ဆက်ဆံ ရမည်။ လူနာရှင်နှင့် မိသားစု ပြောလို သည်များ၊ လိုလားသည်များ၊ လိုအပ်ချက် များကို ဂရုစိုက်ပေးသင့်သည်။ ကျန်းမာရေး စောင့်ရှောက်မှုဟူသည် ဆေးကုရုံ၊ ဆေးပေးရုံနှင့် မပြီးမြောက်။ ဆရာ၀န် များကို “ဘုရား” ကဲ့သို့ ရိုသေကိုးစားခဲ့သော မြန်မာလူမျိုးများ (ယခုခေတ်တွင်တော့ လျော့ပါးလာပြီဖြစ်သော လေးစားရိုသေမှု) အဖို့ လူနာဟူသည် ဆရာ၀န် ပြောသမျှ “ခံ” ရမည့် အတန်းအစားဟု မည်သူက သတ်မှတ် ခဲ့သည် မဟုတ်။ ပညာဗဟုသုတ နည်းပါး၍ ရောဂါဆိုးရွားစွာ ခံစားကြရသည် ကလည်း များသဖြင့် “ဟောက်တိုင်းခံရန်” လည်း အသင့်ဖြစ်နေကြသည် မဟုတ် လော။

စာရေးသူတို့ နိုင်ငံသားများကား “ပါဝါ” ရလျှင် ဟောက်ကြသည်က များသည်။ ဆရာ၀န် မဆိုထားဘိ။ ဆေးရုံစောင့် ကပင်လျှင် လူနာတို့ကို ကြုံလျှင် ကြုံဆလို ဟောက်သည်။ လစ်ရင် လစ်သလို စည်းကမ်း ဖောက်လေ့ ရှိသဖြင့်လည်း အချိန်တိုင်း စည်းကမ်းတင်းကြပ် ခိုင်းနေရသဖြင့်လည်း ဖြစ်သည်။ ဤနေရာမှ “ဟောက်စား” ဟူသည့် “ဟောက်” ပြီး “စား” သော (အခြား ဌာနများမှ ၀န်ထမ်းများ နည်းတူ) ၀န်ထမ်း တစ်စု ပေါ်လာတော့သည်။ ဤသည်လည်း “အစိုးရ” ဆေးရုံများကို ပြည်သူများ မနှစ်မြို့၊ ကြောက်လန့်ရသော အချက် တစ်ချက် ဖြစ်သည်။ စာရေးသူ အလုပ်သင် ဘ၀က ဆေးရုံကြီးတစ်ခုသို့ လူနာသတင်း မေးသွားစဉ်က အဖြစ်အပျက် တစ်ခုကို သတိရမိသည်။ မိမိနှင့် စိမ်းသော ဆေးရုံ ကြီးမို့ အ၀င်အထွက်မှ စ၍ မရင်းနှီး။ သွားဖူးသော သူငယ်ချင်းများက “ဟို ရောက်ရင် မင်း ခပ်တည်တည်နှင့် ဆရာ၀န် ပုံပေါ်အောင်သွား မဟုတ်ရင် ဟိုက အလုပ် သမားတွေက မင်းကို ပိုက်ဆံတောင်းလိမ့် မယ်”ဟု မှာကြားလိုက်၍လည်း အထူး ပြင်ဆင်သွားသည်။ ဆေးရုံ၀ရောက်သည် နှင့် Ward သို့ သွားလိုသည်ကို ပြောလိုက် ရုံနှင့် အလုပ်သမား တစ်ဦးက “လာပါဆရာ၊ ကျွန်တော် လိုက်ပို့ပေးပါ့မယ်”ဟု ပြော သဖြင့် အားတက်သွားသည်။ “ငါတော့ ဟုတ် သွားပြီ။ ဆရာ၀န်မှန်း သိသွားပြီ” ဟူ၍။လိုရာအရပ်သို့ ရောက်အောင် ပို့ပြီးသည်နှင့် ထိုသူက “ဆရာ ဘယ် ဆေးရုံကလဲ”ဟု မေးသဖြင့် ပို၍ အားတက်သွားသည်။ သို့သော် “ဆရာ တပည့်ကို ငွေငါးရာလောက် စွန့်ခဲ့ပါတဲ့”… “သွားပြီ” ဆရာ၀န်ဆိုတော့ ပိုတောင်းပြီ။ ထိုစဉ်က အ၀င်အထွက် ငါးဆယ် တစ်ရာ ပေးရလျှင်ပင် များလှချေပြီ။ “ဘာထပ် ပြောရမည်နည်း။” ကျွန်တော်က ဆရာ၀န်ပါဟု ဖြေလျှင် “သိတယ်လေ ဆရာ၀န်မို့ ပိုတောင်းတာပေါ့”ဟု ဖြေလျှင် ခက်မည်။ သြော် ဆရာ၀န်တောင် တောင်းရဲမှ ကျန်တဲ့ သူကို ဘာမှု မှာလဲ…“ဒါလေးကို ဒီလို လုပ်လိုက်ပါ”၊ “ဒီလို တော့ မလုပ်ပါနဲ့ဗျာ” “ဒီမှာ ဒီစည်းကမ်း ရှိလို့ ခွင့်မလွှတ်နိုင်ပါဘူး”ဟူသော အဓိပ္ပာယ် ပြည့်၀သည့် စကားပေါင်း များစွာကို အသံ အနေအထား၊ မျက်နှာထား မျိုးစုံဖြင့် ပြောနိုင်ပါသည်။ ထို အထူးကု ဆေးရုံကြီးရှိ သူနာပြုနှင့် ၀န်ထမ်း အချို့ကား ထိုစွမ်းရည်ကောင်းကို ပိုင်ဆိုင် ထားသည်။ “ဦးလေး ဒီနေရာမှာ ငွေသွင်း ပေးပါရှင်” “ဟိုနေရာကို ပိုင်ဆိုင်ထားသည်။ “ဦးလေး ဒီနေရာမှာ ငွေသွင်းပေးပါရှင်” “ဟိုနေရာမှာ ဘောက်ချာ ဖျက်ပေးပါရှင်” ချိုသာ လှသည်။ ဤသည်မှာလည်း ပုဂ္ဂလိကဘဏ်နှင့် အစိုးရဘဏ်များ၏ ကွာခြားချက်နှင့် တစ်ထပ်တည်းပင်။ ဆရာ၀န်လူတန်းစားကား အလုပ်များလွန်း၍ စိတ်မရှည်ဟု ပြောကြပေလိမ့်မည်။ စာရေးသူ ကိုယ်တိုင်လည်း ဆရာ၀န် တစ်ယောက်ပင် ဖြစ်သည်။ ပြောရလျှင် “ကိုယ့်ပေါင် ကိုယ်လှန်ထောင်း” သကဲ့သို့ ဖြစ်ပြီး မိမိကို “အသားထဲမှ လောက် ထွက်သည်”ဟု စွပ်စွဲကြမည်။ မတတ်နိုင်ပါ။ တစ်တိုင်းပြည်လုံး တိုးတက်ဖို့ ပြောင်းလဲဖို့ ပြောရသည်သာ။

တစ်ခါကလည်း အသိလူနာတစ်ဦး အသည်းအသန်ခန်း (ICU) Intensive Care Unit ပို့ခဲ့ရ၍ သတင်း သွားမေး မိခဲ့သည်။ အခြားတစ်ဖက် ကုတင်မှ ဆုံးခါနီး လူနာမိသားစု အပေါ်တွင် ဆရာမများမှ ဆက်ဆံရေးကို ရှုံ့ချမိသည်။ ပူဆွေးသောက ရောက်နေပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသော လူနာ၏ မိခင်ကို “ဒီလို ထိုင်ငိုနေလို့ ကောင်းလာမှာ မဟုတ်ဘူး”ဟု ဟောက်သည်။ အသည်း အသန် လူနာ (၁၀)ဦးမျှ ရှိ၍ အလုပ် ရှုပ်မည်။ စိတ်မရှည် မည်မှာ သေချာ သော်လည်း စွန့်လွှတ်ရတော့မည့် သမီးငယ်အတွက် ပူဆွေးသောက ရောက်နေသော မိခင်၏ ရင်တွင်းရှိ အပူမီးသည် မည်မျှ ကြီးမည်ကို လူတိုင်း သိနိုင်ပါသည်။ ထိုဆရာမ ဘာကြောင့် ထိုသို့ ကိုယ်ချင်း စာနာစိတ် မရှိသနည်း။ ကောင်းမွန်စွာ ရှင်းပြ နှစ်သိမ့်နေသော တာ၀န်ကျ ဆရာ၀န်ငယ်ကိုပင် မချေမငံ ပြန်ပြောသည်။ လူနာ၏ အသက်ကို ကယ်ရုံတင်မက မိသားစု၏ ပူဆွေး သောကအတွက်ပါ စဉ်းစားပေးတတ်သော ထိုလူငယ်ဆရာ၀န် (ဘွဲ့လွန်ကျောင်းသားဟု သိရသည်။)ကို စိတ်ထဲမှ ချီးမွမ်းမိသည်။ ထို့ကြောင့်လည်း ကျန်းမာရေး နာမည် ပျက်ရခြင်းပင် ဖြစ်သည်။

ဌာနတိုင်းတွင် နေရာရလျှင် “အောက်ခြေ ၀န်ထမ်းမှ အစ” ဟောက်ကြသည်။ ကူညီတတ်သည်။ ဖော်ရွေလှသည် ဟူသော ချစ်စရာ ကောင်းသည့် အမူအကျင့်များ မရှိတော့ ပြီလော။ လူရွှင်တော်များ ပြောသည့် “ဆဲရင်း ဆဲရင်းနှင့် ဆင်းရဲလာသည်” ဟူသော စကားသည် သာမန်ပျက်လုံး မဟုတ်။ တန်ဖိုး ရှိလှသည့် ပညာပေး စကားတစ်ခွန်းတည်း။ သူတစ်ပါး၏ အကျိုးကို ပျက်စေလို၍ (သို့) မိမိမှ မတရားသော အခွင့်အရေး ပြန်ရယူလို၍ တိုင်ကြားသော အမှုအခင်းများသည် လက်ရှိ အချိန်တွင် ပေါများလှသော်လည်း ရိုးသားစွာဖြင့် နစ်နာမှုကို အမှန်တကယ် ခံစားခဲ့ရသော (အထက်က တင်ပြခဲ့သော) လူနာများကား တိုင်တန်းလေ့ မရှိကြ၍ ထိုသို့သော ၀န်ထမ်းများကား အမြဲ လွှတ်နေ၍ ပိုပြီး ဆိုးလာကြတော့သည်။

အချူပ်အားဖြင့် ဆိုရလျှင် လူတိုင်း ကျန်းမာ လိုကြသည်။ မကျန်းမာ၍သာ ဆေးရုံ ဆေးခန်း ရောက်ကြသည်။ “မီးဖွား”သူ ကိုယ်၀န်ဆောင် မိခင်၏ မိသားစုမှ လွဲ၍ ဆေးရုံ ရောက်သူတိုင်း ၀မ်းသာအားရ ဖြစ်စရာ မရှိလှ။ “ကုသိုလ်လည်း ရ ၀မ်းလည်း ၀” အလုပ်ကို လုပ်နေကြသော ကျန်းမာရေး ၀န်ထမ်းများ အဖို့ “စေတနာ” နှင့် “ကိုယ်ချင်းစာတရား” ရောယှက်ကာ “မေတ္တာ” ရှေ့ထား ဆက်ဆံလိုက်မည်ဆိုလျှင်ကား တုနှိုင်း မရနိုင်သည့် အကျိုးကျေးဇူးများ ပေါ်ထွန်း လာမည်မှာ မလွဲဧကန် ဖြစ်ပါသည်ဟု နောက်လာနောက်သားများအား သတိပေးတိုက်တွန်းလိုက်ရပါတော့သည်။