လူ…. လူရယ်လို့ ဖြစ်လာရင် စား၊ ၀တ်၊ နေရေးအတွက် ရုန်းကန်ကြရမှာ အမှန်ပဲမလား။ အဲဒီအတွက် စီးပွားရေး၊ လူမှုရေးကလည်း တစ်ဖက်တစ်လမ်း ပါ၀င်နေပြန်ပါရော… ကျွန်မ ပြောချင်တာက ဘာလဲဆိုတော့ လူတစ်ဦးတစ်ယောက်ဟာ ပတ်၀န်းကျင်နှင့် လိုက်လျောညီထွေ ဆက်ဆံ တတ်ဖို့ အဓိက အရေးကြီးဆုံးပဲလို့ ထင်မိပါတယ်။ လူမှုပေါင်းသင်းဆက်ဆံရေး ဆိုတဲ့နေရာမှာ အရေးပါနေလို့ပါပဲ။ ဒါပေမယ့် ဆက်ဆံရေးမှာ မိမိအား တစ်ဖက်လူ အထင်ကြီး လေးစားအောင် လုပ် မယူသင့်သလို အထင် သေးအောင် လည်း မနေသင့်ဘူးလို့လည်း မြင်မိ တယ်လေ။ အရှိကို အရှိအတိုင်း ကိုယ့်ရဲ့စိတ်သဘာ၀အတိုင်း ပြုမူ ဆောင်ရွက်ရင် လူအများနဲ့ သဟဇာတ တည့်နိုင်ပါတယ်။

လူအများကြား အမြဲ လက်မထောင်ချင် နေလို့ မရပါဘူး။ မိမိ ခြေချော်လက်ချော် ရှုံးနိမ့်သွားခဲ့သည့်အခါမျိုး တစ်ပါးသူရဲ့ ကဲ့ရဲ့ရှုံ့ချခြင်းကို ခံရနိုင်ပါတယ်။ အဲဒီလိုပဲ စစ်မှန်တဲ့ ခင်မင်မှုကသာ အပေါင်းအသင်း အစစ်အမှန် ဖြစ်စေပါတယ်။ မိတ်ဆွေမှာ တစ်ဦးကို တစ်ဦး အထင်ကြီး လေးစားမှု ရှိမှ ခင်မင်မှုဟာ ကြာရှည် ခိုင်မြဲတာပါ။ ကိုယ်က အထင်သေးအောင် ပြုမူ ပြောဆို နေထိုင်မိရင် မိတ်ဆွေ အပေါင်း အသင်း ကြားမှာ အရေးမပါ အရာမရောက်တဲ့ လူဖြစ်သွားပါလိမ့်မယ်။ ဒီလိုပဲ ခင်မင်မှုနဲ့ အထင်ကြီးမှု ဆိုတာ ခွဲခြား မရပါဘူး။ ဘာတွေ အထင်ကြီးမှာလဲ ဟုတ်ပြီနော် စဉ်းစားစရာ လိုလာပါပြီ။ ငါဟာ ချမ်းသာတယ်။ မိသားစုက ဘယ်လို ဆိုတဲ့ ကြွားလုံး ဟိတ်လုံး ဟန်လုံးတွေဟာ တကယ် မဟုတ်ပဲနဲ့ ပြောခဲ့မိရင် ရေရှည် တည်တံ့နိုင်မှာလား။ အထင်ကြီးတယ် ဆိုတဲ့ စကားဟာ တာသွားတယ်နော်။ မိတ်ဆွေပဲ စဉ်းစားကြည့်လေ စိတ်ရင်းနဲ့ ခင်မင်ကြတဲ့ လူတွေကြားမှာ ဒါတွေ လိုအပ်သလား… ကျွန်မအတွက်တော့ မလိုအပ်ပါဘူး။

တစ်ဦးနဲ့ တစ်ဦး ခင်မင်တယ်၊ မိတ်ဆွေ ဖြစ်တယ်ဆိုတာဟာ စိတ်ရင်းကောင်းနဲ့ ဆက်ဆံကြလို့ပါ… သူဟာ ဘာမို့လို့ဆိုတဲ့ စိတ်အတွေး ဒါတွေ ထည့်ပြီး ဆက်ဆံ ခင်မင်တယ်ဆိုရင် ဒါဟာ ခင်မင်မှု အစစ်အမှန် ဖြစ်နိုင်ပါတော့မလား ဟုတ်ပြီနော်… အထင်သေးတယ် ဆိုတဲ့ နေရာမှာလဲ သူဟာ ဆင်းရဲလို့၊ ငတ်ပြတ် နေလို့၊ မွဲတေနေလို့ဆိုတဲ့ ပညတ်ချက် ကြောင့် မဟုတ်ပါဘူး။ ဘာလဲ ဆိုတော့ သူများကို ညာလို့၊ နောက်တစ်ချက်က ငါ ဘာပြောပြော ယုံနေတာပဲ ဆိုတဲ့ မိတ်ဆွေတွေအပေါ် ထားတဲ့အတွေး မမှန်ကန်လို့ပဲ ဖြစ်ပါတယ်။ သူများကို ညာတယ်၊ လိမ်တယ် ဆိုတာ အမှန် ပြောရရင် အဲလို လူမျိုးဟာ တော်တော် သနားဖို့ကောင်းတဲ့ သူလို့ ဆိုရမယ် ထင်တယ်။ ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရားက ဟောထားတယ်လေ။ သူများကို ညာခြင်းဟာ မိမိ ကိုယ်ကိုယ်သာ လိမ်တာ ညာတာ ဖြစ်တယ်တဲ့။ အရင်ဆုံး မကောင်းမှုဟာ သူများဆီ မကျရောက်ပဲ ကိုယ်ပြုသော ကံ ကိုယ်သာခံဆိုတဲ့ အတိုင်း မိမိ ဘာမကောင်းတာ လုပ်လဲဆိုတာ စိတ်က အရင်ဆုံး သိနေလို့ပါပဲ။ ငါ သူများ ညာလို့ ရမယ် ငါ့ကိုယ် ငါ ညာလို့ မရပါလားဆိုတဲ့ အသိ ၀င်သွားပြီနော်။ ဒီတော့ နောက်တစ်ချက်က တစ်ဖက်လူက အထင်သေး အမြင်သေး ဖြစ်သွားအောင် မိမိသာ ဖန်တီးခြင်း ဖြစ်ပါတယ်။ တွေ့ကြုံ ဆုံကြ ခဏတာမှာ တစ်ဦးနဲ့ တစ်ဦး ဟန်ဆောင် မျက်နှာဖုံးတွေနဲ့ မရှိကို အရှိလုပ်၊ မသိတာကို အသိအတတ်လုပ်၊ ပြောခြင်းဟာ တစ်ဖက်လူရဲ့ အထင်အမြင် သေးခြင်းကို ခံရမှာပါ။

ဒါကြောင့် လူမှုပေါင်းသင်း ဆက်ဆံရေးမှာ အရေးကြီးဆုံးကတော့ စိတ်ကို စိတ်နဲ့ ပေါင်းခြင်းပါပဲ။ တစ်ဖက် လူက အထင်ကြီးအောင် လုပ်ယူစရာ မလိုသလို အထင်သေးအောင်လည်း မလုပ်သင့်ပါဘူး။အဲဒီမှာ စဉ်းစားစရာအချက်တွေ ရှိပါတယ်။ ဘာလဲဆိုတော့ လူတွေကို ပိုပြီး စိတ်ချမ်းသာစေခြင်းသည် ပိုက်ဆံလား၊ ဒါမှမဟုတ် ပျော်ပျော်နေတတ်သော မိတ်ဆွေများနှင့် ကိုယ့်ရဲ့အနီး၀န်းကျင်က လူတွေလား။ ပျော်ပျော်နေတတ်သော မိတ်ဆွေများ ရှိခြင်းကြောင့် ကိုယ်တိုင် ကလည်း ပျော်ရွှင်ရကြောင်း လေ့လာမှု အသစ်တွင် တွေ့ရှိရပါတယ်။ အနေ အနီးအေ၀းပေါ် မူတည်ပြီး မိတ်ဆွေများ အကြား အပျော် သက်ရောက်ပုံကလည်း ကွာပါတယ်။ ဥပမာ တစ်မိုင်ခန့်အကွာတွင် မိတ်ဆွေတစ်ယောက်နေလျှင် ပျော်ရွှင်မှု ၂၀ ရာခိုင်နှုန်း ရနိုင်ပြီး ကပ်လျက်တွင် ပျော်ပျော်နေတတ်သော သူတစ်ယောက် ရှိလျှင် အပျော် ၃၄ ရာခိုင်နှုန်းလောက် ရသည်လို့ ဆိုကြပါတယ်။ ထိုမိတ်ဆွေ များကြောင့် ရရှိလာသော ပျော်ရွှင်မှု သည်လည်း တစ်နှစ်ခန့် တာရှည်သည်ဟု ဆိုထားကြပြန်ပါတယ်။ သင်လည်း သင့်အနီးမှ ပျော်ရွှင်မှု ပေးနိုင်သော/ ပေးနေသော မိတ်ဆွေ သူငယ်ချင်းများကို အမြဲသတိရ အမှတ်ရနေမယ်လို့ ထင်မြင်မိပါတယ်။

လူတိုင်း မိမိ၀န်းကျင်မှ မိတ်ဆွေ အပေါင်းအသင်းများကို ပျော်ရွှင်မှု ေ၀မျှနေကြမယ်ဆိုရင် အားလုံးသည် ပျော်ရွှင်မှုနဲ့ အသက်ရှင်နေသူများ ဖြစ်ပါလိမ့်မယ်။
သင်လည်း ဘေးပတ်၀န်းကျင်မှ မိတ်ဆွေသူငယ်ချင်းများနဲ့ ပျော်ရွှင်မှုကို ခုချက်ချင်းပဲ မျှေ၀ ခံစားကြည့်ပါလား။ သင့်ရဲ့ ပျော်ရွှင်မှုသည် မိတ်ဆွေများထံမှတစ်ဆင့် မိသားစု၊ အိမ်နီးချင်း၊ အလုပ်အကိုင်အထိ ကူးစက် ပျံ့နှံ့ နေမယ်လို့ ကျွန်မ မြင်မိပါတယ်။ မယုံရင် စမ်းသပ် ကြည့်လိုက်ပါ။
နိုင်ငံတကာ သုတေသီတို့က ပျော်ရွှင်မှု သည် ကူးစက်တတ်သည်လို့ လေ့လာ တွေ့ရှိထားကြပါတယ်တဲ့။ အဲ အဲဒီမှာ ပြောစရာ ရှိလာပါလိမ့်မယ်။ ၀မ်းနည်းမှုကကော မကူးစက်တတ်ဘူးလား ဆိုတဲ့ မေးခွန်းပါပဲ။ ၀မ်းနည်းမှုသည်လည်း ကူးစက်တတ်သည် ဆိုသော်လည်း ပျော်ရွှင်မှုလောက် မဟုတ်ပေ။ ပျော်ရွှင်မှု သည် တစ်ဆင့်ပြီး တစ်ဆင့် သုံးဒီဂရီခန့် ရောက်သွားသည့်တိုင် အပျော်က သက်ရောက်တုန်းပင် ဖြစ်ပါတယ်။ သုံးဒီဂရီ ဆိုသည်မှာ မိတ်ဆွေ၏ မိတ်ဆွေမှတစ်ဆင့် အခြား မိတ်ဆွေတစ်ဦးထံ ရောက်သွားခြင်း ကို ဆိုလိုတာပါ။ ငွေပို ငွေလျှံ သိန်း ရာနဲ့ချီ ရှိခြင်းကလည်း လူတစ်ယောက်ကို ၂ ရာခိုင်နှုန်းလောက် ပျော်နိုင်သည်ဟု ပညာရှင်တွေက ဆိုထားကြပြန် ပါသေးတယ်။

ကျွန်မကတော့ ငွေကြေး အဲဒီလောက် မရှိတဲ့အတွက် ဘယ်လောက် ပျော်ရွှင်စရာ ကောင်းကြောင်း မသိသေးပါဘူး။ ဒါပေမယ့် ဒီအပျော်ကျတော့ သုံးဒီဂရီ မိတ်ဆွေထံမှ ရသည့် ပျော်ရွှင်မှုထက် မပိုကြောင်း သုတေသီတို့က ပြောကြပါတယ်။ အဲဒီမှာ စကားပုံတစ်ခုကို ကျွန်မ သတိရမိ ပြန် ပါတယ်။ ဘာလဲဆိုတော့၊ သင် ရယ်လျှင် အားလုံး လိုက်ရယ်လိမ့်မယ်။ သင် ငို လျှင်တော့ တစ်ယောက်ထဲ ငိုပေတော့ တဲ့။ ဒီတော့ စိတ်ချမ်းသာမှု ပေးတာသည်လည်း မိတ်ဆွေများထံမှလို့ သင် ယူဆလို့ရပြီလား။ သင့်၀န်းကျင်ကို အပျော်များနဲ့ ဖန်တီး ချင်ရင်တော့ သင့်ထံမှ ပျော်ရွှင်မှုများကို မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်း များကို ခုချက်ချင်းပဲ ေ၀မျှပေးလိုက်ပါ၊ ပျော်ရွှင်မှုရှိသော သူသည် အောင်မြင်မှုကို အလွယ်တကူ ဖမ်းဆုပ် ယူနိုင်တဲ့ လူသာ ဖြစ်ပါကြောင်း၊ သင့်အား ကျွန်မရဲ့ ပျော်ရွှင်မှုများကို ပြန်လည် ေ၀မျှ လိုက်ပါတယ်။ ပျော်ရွှင်မှုများနဲ့အတူ မိတ်ဆွေ အပေါင်းအသင်းများလည်း တိုးပွားနိုင်မယ်လို့ ကျွန်မ ယုံကြည် နေမိပါတော့တယ်။

မိမိရဲ့ပင်ကို စိတ်ထားအတိုင်းသာ လူတိုင်း လူတိုင်း လုပ်ဆောင် နေကြမယ်ဆိုရင် တစ်ဖက်လူဆီက ယုံကြည်လေးစား အထင်ကြီးမှုတွေဟာ လုပ်ယူစရာ မလိုပဲ အလိုအလျောက် တဖြည်းဖြည်းနဲ့ ကိုယ့်ဆီကို ရောက်ရှိ လာမယ်လို့ ကျွန်မ ယုံကြည်ရင်းနဲ့ မိတ်ဆွေအပေါင်းအသင်း တိုးပွားအောင် ကြံဆောင်နိုင်ဖို့၊ အားလုံးကို စိတ်ရင်းနဲ့ ပြောလိုက်ပါရစေ…..

မိတ်ဆွေစစ် မိတ်ဆွေမှန်များ နှစ်သစ်မှာ မင်္ဂလာရှိစွာ တိုးပွားနိုင်ပါစေ…..

Ma Naw Phyu Lay
အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။