ယနေ့ကမ္ဘာမှာ စာနယ်ဇင်းတွေနဲ့ ပုံနှိပ် ဖြန့်ချိရေးလုပ်ငန်းတွေဟာ စိုးရိမ်စရာ ကောင်းလောက်အောင် အဆမတန် ဆုတ်ယုတ်ကျဆင်းလို့ လာနေတာ တွေ့ရှိနေရပါတယ်။ ဒါဟာ ဘာကြောင့်လဲ ဆိုတဲ့ စဉ်းစားစရာအချက်တွေလည်း ဖြစ်ပေါ်လို့ လာနေပါပြီ။ ယခု ပွင့်လင်းလာပြီဆိုတဲ့အတိုင်း စီးပွားရေးလုပ်ငန်းရှင် အတော်များများက လည်းကောင်း၊ ပိုက်ဆံရှိသူတိုင်းက လည်းကောင်း ပုံနှိပ်မီဒီယာ လောကဘက် သို့ ရှေ့ဦးလှည့်လို့ လာနေပြီလို့ ဆိုရမယ် ထင်ပါတယ်။ စာအုပ်ထုတ်ေ၀ရေးလုပ်ငန်း တွေကလည်း ဈေးကွက် အေးတယ်လို့ သတင်းတွေ ကြားနေရတဲ့ကြားထဲ ဂျာနယ် အသစ်တွေ ထုတ်ေ၀ဖို့ တာစူနေကြတာ ကလည်း ဒုနဲ့ဒေး ပါပဲ။ ဒီတော့ စဉ်းစားစရာ တွေက တောင်လို ပုံလာခဲ့တယ်ပေါ့။

လက်ရှိ စာပေနယ်ထဲက သူတွေက ဈေးကွက် အေးတယ်လို့ ပြောနေတဲ့ကြားက ဒီလောကကို ၀င်တိုးလာတယ်ဆိုတော့ အတော်တော့ ထူးဆန်းမနေဘူးလား။ ဟော ဒီကြားထဲ ၀မ်းသာစရာ သတင်းတစ်ခု မကြာခင်က ထပ်မံ ကြားသိခဲ့ရပြန်တယ်။ ပုဂ္ဂလိက သတင်းစာ ထုတ်ေ၀ခွင့် ပေးတော့မယ်ဆိုတော့ ၀မ်းသာသလိုလို ၀မ်းနည်းသလိုလို ဘယ်လိုမှန်း မသိ စိတ်ထဲက ခံစားမိတယ်။ ၀မ်းသာတယ် ဆိုတာက အမှန်တကယ် ပြည်သူတွေ ကြားကို ပြည်သူ့သတင်း အစစ်အမှန်တွေ ချပြခွင့် တကယ်ရကြတော့မှာလား ဒါမှ မဟုတ် ထုတ်ေ၀ခွင့်သာ ပေးလိုက်မယ် သတင်းတွေကို ကန့်သတ်ချက်တွေနဲ့ သတ်မှတ်နေဦးမလားဆိုတဲ့ ၀မ်းနည်းတဲ့ စိတ်လို့ ခေါ်မလား။ ဘယ်လို ပြောရမလဲ။ အဲလိုတွေ စိတ်က ဒွိဟ ဖြစ်နေမိတယ် ဆိုပါတော့။

ခုနောက်ပိုင်း နည်းပညာ တိုးတက် လာတာနဲ့အမျှ စာအုပ်စာပေတွေကို အလွယ်တကူ အင်တာနက်ကနေ ဖတ်ရှုသူ များလာတော့ အပြင်စာအုပ် ဈေးကွက် အေးနေတယ်လို့ ပြောကြပေမယ့် ကျွန်မ တို့လို စာအုပ် ကိုင်ဖတ်မှ စာပေရဲ့ အနှစ် သာရကို ပြည့်ပြည့်၀၀ ခံစားရတယ်လို့ စိတ်က သတ်မှတ်ထားမိတာ ဘာကြောင့်လဲ ဆိုတော့ လိုချင်တဲ့ စာအုပ် ကိုင်လိုက်တိုင်း သုံးထောင်၊ လေးထောင်အထက်တွေ ချည်းပဲ ဖြစ်နေတော့ လုပ်ခစား ၀န်ထမ်း အနေနဲ့ အမြဲ မ၀ယ်နိုင်တဲ့ဘ၀ ဖြစ်နေမိလို့ အားမလို အားမရ ဖြစ်နေမိတယ်။ အွန်လိုင်း ကလည်း သတင်းတွေက အချိန်နဲ့ တစ်ပြေးညီ ဆိုသလို အမြဲတက်နေတော့ မီဒီယာသမားတွေအတွက် သတင်းက နောက်မှ ရောက်နေသလိုတောင် ဖြစ်နေတယ်။ ဥပမာ – ငလျင်လှုပ်တဲ့ သတင်းတွေ အွန်လိုင်းမှာ အရင်တက်ပြီးမှ နောက်ရက် ဖြန့်တဲ့ ဂျာနယ်စာစောင်တွေမှာ ပါလာတာတွေ၊ နောက် ရွေှတိဂုံဘုရား ပေါ်မှာ လင်းတ နားတဲ့ ကိစ္စတွေပဲ ကြည့်ဦးမလား။ အွန်လိုင်းမှာ အရင်တက်ပြီးမှ စာစောင်တွေမှာ ပါလာတယ်။ တကယ်လို့သာ ပုဂ္ဂလိက သတင်းစာ ထုတ်ေ၀ခွင့်သာ ရခဲ့ရင် သတင်းဦး၊ သတင်းထူးများကို မကွယ် မ၀ှက်ဘဲ ပြည်သူတွေဆီကို အရင်ဦးဆုံး ချပြနိုင်ခဲ့မယ် ဆိုရင်တော့ ဒီ ပုံနှိပ် ထုတ်ေ၀ရေး လုပ်ငန်းတွေကို ကယ်တင် နိုင်ဖို့အတွက် ပုံနှိပ်လုပ်ငန်းတွေ ဦးမော့ လာအောင် ငွေပင်ငွေရင်း စိုက်ထုတ် မြှုပ်နှံပေးပြီး တွန်းအားပေးရုံနဲ့လည်း မပြီးသေးဘဲ သတင်းစာဆိုတဲ့အတိုင်း သတင်း အမှန်အကန် ပေးနိုင်ဖို့ကို ဦးစားပေးဖို့လည်း အဓိကကျ မနေဘူးလား။

ဟုတ်ပါပြီ။ ထုတ်ေ၀ခွင့် ရခဲ့ကြပြီ ဆိုပါတော့။ ဘယ်လို သတင်းမျိုးတွေ ထုတ်ကြမလဲ။ သတင်းဆိုတဲ့ အတိုင်း သတင်းအမျိုးမျိုး ရှိကြမှာပဲ။ သတင်းဖြစ်ပြီးရော အရူးချီးပန်း လျှောက် ရေးလို့တော့ ပုဂ္ဂလိက သတင်းစာ ထုတ်ေ၀ခွင့် ပေးလာလည်း အကြောင်း မထူးဘူးလို့ ထင်မိပါတယ်။ ကျွန်မ ခံယူထားတာ ပြောရရင်တော့ ဒီအကြောင်း နားလည်လို့လား ဆိုတော့လည်း နားလည် လို့ရယ် မဟုတ်ဘူး။ သတင်းအရှင်နှင့် သတင်းအသေလို့ သိမှတ်ထားမိတယ်။ ဒီတော့ သတင်းအရှင်ကို ဦးစားပေး ရေးကြမှာလား။ သတင်းအသေကို ဦးစားပေး ရေးမှာလား အရင်ဆုံး သုံးသပ်ကြည့်ကြမယ်ဆိုရင်ဖြင့် လူနှစ်ယောက် ရန်ဖြစ်နေတာလည်း သတင်းပဲ။ ဖြစ်စဉ်ကို ခဏ ရပ်ကြည့်နေတဲ့ သူတစ်ယောက်က လမ်းမှာ တွေ့တဲ့သူ တစ်ဦးကို ပြောမယ်။ ဟိုနားမှာ လူ နှစ်ယောက် ရန်ဖြစ်နေတယ်။ ဒါဆို အပြောခံရတဲ့သူက သွားထပ်ကြည့်မယ်။ ပြီးတော့ သူက ဒီတိုင်း မနေဘူး။ လက်ရှိမှာ လူနှစ်ယောက် ရန်ဖြစ်နေတယ်။ ဘယ် နေရာမှာ ဘယ်အချိန်က ဘာအကြောင်းနဲ့ စပြီး ရန်ဖြစ်နေကြသလဲ။ ဖြန်ဖြေရင် အချိန်မှီသေးတယ်လို့ သူ ယူဆရင် ယူဆမယ်။ ဒါကို ပြန်သုံးသပ်မယ်ဆိုရင် လက်ရှိလည်း ဖြစ်နေတယ်။ ပိုပြီး တိကျအောင် ထပ်မံ စုံစမ်းနေမှုက ရတဲ့ ရလဒ်ကတော့ အမှန်တကယ် သတင်း အရှင်ပဲ။

သတင်းအသေလို့ ကျွန်မ ယူဆ ထားမိတာကတော့ အားလုံး အများ သိကြတဲ့ အတိုင်းပါပဲ နိုင်ငံသိ၊ ပြည်သိ၊ ကမ်ဘာသိ ဖြစ်သွားတဲ့ ကျွန်မတို့ အားလုံး မထင်မှတ်ဘဲ တွေ့ကြုံရင်ဆိုင်ခဲ့ရတဲ့ မေလ ၂ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့် အချိန်ရဲ့ အဖြစ်အပျက်သွားတဲ့ နာဂစ် မုန်တိုင်း ကြီးပါပဲ။ ပြင်ဆင်ခွင့်လေးတောင် မရှိခဲ့ဘဲ ယနေ့အချိန်အထိ ရင်ထဲ တုန်လှုပ်စွာ ခံစားခဲ့ရတဲ့ အသက်သွေးပေါင်းများစွာက သာဓက ပြနေတယ်လို့ ယူဆမိတဲ့အတွက် သတင်းတော့ သတင်းပဲ သတင်းက ပြင်ဆင်ခွင့် မရှိတော့တဲ့ သတင်းအသေ ဖြစ်နေတာကို မျက်ဝါးထင်ထင် တွေ့မြင်ကြရတာ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်ပေးတဲ့ သတင်းက ဘယ်လို အကျိုးရှိမလဲဆိုတာ ထုတ်ေ၀ခွင့်သာ ရခဲ့မယ်ဆိုရင် လက်တွေ့ကျကျ လုပ်ဆောင်ကြမှသာ ထုတ်ေ၀ခွင့် ပေးရကျိုးနပ်မှာ အမှန်ပဲ ဖြစ်ပါတယ်။
ဘယ်လောက်ပဲ အွန်လိုင်းပေါ်က မီဒီယာသမားများ သတင်းတွေ အရင် တင်နေပါစေဦးတော့ အားကိုး နိုင်လောက်တဲ့ သတင်းရင်းမြစ်တွေလို့ ဆိုနိုင်မှာလား။ သူတို့တွေက ပြည်သူတွေရဲ့ အတိတ် မှတ်တမ်း မှတ်ရာတွေကို ရှာဖွေ ဖော်ထုတ်နိုင်စွမ်း ရှိကြသလား။ လူထု အစည်းအေ၀းတွေကို မပျက်မကွက် တက်ရောက်နေကြသလား။ အာဏာ ရှိသူတွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေ လုပ်နိုင်မှာလား။ သဘာ၀ ဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေကို အပြေးအလွှားသွားနိုင်ကြမှာလားဆိုတဲ့ မေးခွန်းတွေက အလေးထား စဉ်းစားသင့်တဲ့ အချက်တွေ ဖြစ်တဲ့အပြင် မှန်ကန်မှုကို တာ၀န် ယူရဲလား ဆိုတာလည်း ထည့်စဉ်းစားရမယ့် အချက်တွေ ပါပဲ။

သေသေချာ စဉ်းစားကြည့်ရင် ငွေမရှိဘဲနဲ့လည်း ဘယ်လို လုပ်ငန်းမျိုးမှ တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။ အဲ ငွေရှိတဲ့ သူတွေကျတော့လည်း မီဒီယာလောက အကြောင်းကို ဂဃနဏ မသိပဲ ဂျာနယ်၊ သတင်းစာ လောကထဲ ၀င်လာနေကြရင် စာပေမြတ်နိုးမှု မရှိဘဲ စီးပွားရေးတစ်ခုဘဲ ကြည့်ဖို့ဆိုတာ တကယ်တော့ မဖြစ်နိုင်တဲ့ ကိစ္စရပ် တစ်ခုပါပဲ။ သို့ပေမယ့် တကယ်တမ်း ဆန်းစစ် ကြည့်ပြန်တော့ အစိုးရရဲ့ ငွေကြေးထောက်ပံ့မှု များများ စားစား ရရှိနိုင်တဲ့ သတင်းဌာနတွေကလည်း ရှားရှားပါးပါး အစိုးရအာဘော် သတင်း ဌာနတွေ ဖြစ်နေကြတာ တွေ့ရပြန်တယ်။ ယခု ပွင့်လင်းလာပြီလို့ ပြောနေပေမယ့် အငွေ့အသက်ကတော့ ဒီသတင်းဌာန တွေမှာ နည်းနည်းလောက် ကျန်နေသေး ဦးမယ်လို့ ထင်မြင်မိတာပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ပုဂ္ဂလိက သတင်းစာ ပုံနှိပ် ထုတ်ေ၀ရေး လုပ်ငန်းတွေဟာ အစိုးရရဲ့ ငွေကြေး ထောက်ပံ့မှုကို မှီခို မနေခဲ့ဘူး ဆိုရင်ကော အစိုးရသတင်းစာထက် သူတို့ကို သတင်းဦး သတင်းထူးတွေ ဖြန့်ချိခွင့်ပေးမှာလား ဆိုတာလည်း ပြည်သူတစ်ဦးအနေနဲ့ သိချင်မိတာ ရှိသလို ထုတ်ေ၀ခွင့် ရခဲ့ရင်လည်း စာဖတ်သူတွေ အတွက် သင့်တင့်မျှတတဲ့ လူတန်းစားမရွေး ဖတ်ရှုနိုင်ရန် အခကြေးငွေကိုလည်း ထည့်သွင်း စဉ်းစားပေးပါလို့ ပြောရင်းနဲ့ ပြည်သူတွေ မျက်မှောက်သို့ ပြည်သူ့အရိပ် ပြည်သူ့သတင်းစာအဖြစ် ဘယ်တော့များမှ ရောက်ရှိလာမလဲလို့ မျှော်လင့်စောင့်စားနေမိပါတော့တယ်။

Ma Naw Phyu Lay
အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။