ခရစ်နှစ် ၂၀၁၃ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့ဆိုရင် ကိုဘအေးတို့ရဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး နယ်ချဲ့ဗြိတိသျှတို့ရဲ့လက်အောက်ကနေ လွတ်လပ်ရေး ရခဲ့တာ (၆၅)နှစ် ပြည့်မြောက်ပြီ ဖြစ်ပါသည်။

လွတ်လပ်ရေးနေ့ နီးလာပြီ ဆိုတော့ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတို့၊ လွတ်လပ်ရေးရဲ့ အနှစ်သာရတို့ ဆိုတာတွေက သူသူ ငါငါ ရေးနေကြတာပါ။ ကိုဘအေးကတော့ ကိုယ် လုပ်ခဲ့ ကိုင်ခဲ့ ရတာလေးတွေကို ပြန်ပြီး အမှတ်ရမိလို့ပါ။ (အမ်မယ်… ဒီလိုဆိုတော့ ကိုဘအေးတို့ တော်လှန်ရေး လုပ်ခဲ့တယ် ထင်နေဦးမယ်။ ကိုဘအေးက လွတ်လပ်ရေး ရပြီးလို့ ၃နှစ်လောက်နေမှ မွေးတာပါ။)

တကယ်တော့ လွတ်လပ်ရေးနေ့နဲ့ ကိုဘအေးတို့က ခွဲခြားလို့ မရပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ကိုဘအေးရဲ့ လုပ်သက်တစ်လျှောက် ဘွဲ့ထူး ရက်ထူး ချီးမြှင့်တာနဲ့ဆိုင်တဲ့ လုပ်ငန်းတွေပဲ လုပ်ခဲ့ရလို့ပါ။ ကိုဘအေးက ၁၉၈၅ ခုနှစ်မှာ နိုင်ငံတော် ကောင်စီရုံး၊ “၀န်ထမ်းရေးရာ ဌာနကနေ ဘွဲ့ထူး ဂုဏ်ထူးနဲ့ မော်ကွန်း ဌာနကို ဌာနစိတ်မှူး (ဒု ဦးစီး) အဖြစ်နဲ့ ရောက်ပါတယ်။ အဲဒီကနေ နိုင်ငံတော် ငြိမ်၀ပ်ပ်ိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက် ပြည်ထဲရေးနှင့် သာသနာရေး ၀န်ကြီးဌာနကို ပြောင်းရတော့ ဘွဲ့တံဆိပ် ဌာနမှာပဲ တောက်လျှောက် ပါလာပြီး ၁၉၉၅မှာ ဦးစီးအရာရှိ ဖြစ်တော့ အသင်း အဖွဲ့ မှတ်ပုံတင်ဌာနကို ၂နှစ်လောက် ကိုင်လိုက် ရပါတယ်။ နောက်တော့ ဘွဲ့ တံဆိပ် ဦးစီးအရာရှိက လက်ထောက် ညွှန်ကြားရေးမှူးနဲ့ တမူး ခရိုင်ကို ပြောင်း ရတော့ အဲဒီနေရာကို ကိုဘအေး ပြန်၀င် ရပြီး ပင်စင် ယူတဲ့ အထိပဲ ဆိုပါတော့။

အရင်တုန်းက ဘွဲ့ထူး ဂုဏ်ထူး ချီးမြှင့်တာနဲ့ ပတ်သက်လို့ ၁၉၄၉ ခုနှစ် ကနေ စပြီး ပေးခဲ့တာကို ပြန်တမ်းတွေအရ သိရပါတယ်။ ကိုဘအေးတို့ လက်ထက် မှာတော့ နိုင်ငံတော်ကောင်စီရဲ့ ၁၉၇၈ခုနှစ်၊ ဂုဏ်ထူးဆောင် ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များဆိုင်ရာ ပြဌာန်းချက် ၁၉၈၁ခုနှစ်၊ နိုင်ငံဂုဏ်ရည်ဘွဲ့ ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာ ပြဌာန်းချက် ၁၉၈၂ ခုနှစ်အထိ ချီးမြှင့် ခဲ့ပါတယ်။ ကျန်တဲ့ဘွဲ့တံဆိပ်တွေကတော့ သက်ဆိုင်ရာ၀န်ကြီးဌာနတွေက တင်တာကို ပြည်ထဲရေးက စိစစ်ပြီး Cabinet တင်ပါတယ်။ အဲဒီက Pass ဖြစ်တာကို ၀န်ကြီးဌာနအဖွဲ့က နိုင်ငံတော်ကောင်စီရုံးကို ပို့လာပြီး နိုင်ငံတော်ကောင်စီ၀င်တွေ ပါတဲ့ စိစစ်ရေးအဖွဲ့က ထပ်စစ်ပြီး အမိန့် ကြော်ငြာစာ ထုတ်ဖို့ လုပ်ရပါတယ်။ ပြည်နယ်၊ တိုင်းဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက တင်လာတာတွေလည်း ရှိပါတယ်။

နှစ်စဉ်ပေးနေတဲ့ ဘွဲ့တံဆိပ်တွေအထဲမှာ စောစောက ပြည်သူ့၀န်ထမ်းကောင်း တံဆိပ်၊ ပြည်သူ့၀န်ထမ်းတံဆိပ်နဲ့ ငြိမ်၀ပ် ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ် တွေက ၃ခု ပေါင်းရင် အရေအတွက် သောင်းနဲ့ ချီပြီး ရှိတဲ့အတွက် လွတ်လပ်ရေး နေ့မှာ အချိန်မီ ထုတ်ပြန်နိုင်ဖို့ ၀န်ကြီးဌာန တွေက လက်နှိပ်စက်နဲ့ စာရေး/စက်လှည့် ၀န်ထမ်းတွေကို လုပ်အားပေးခေါ်ရပါတယ်။ နိုင်ငံတော်ကောင်စီရုံးမှာ အနည်းဆုံး ၂လ လောက်တော့ တွဲထားရပါတယ်။ ဒီ လုပ်ငန်းတွေက ခုထိ နိုင်ငံတော် သမ္မတ ရုံးမှာ ဆက်လုပ်နေရတုန်းပါ။ ဒီနှစ်တော့ ကွန်ပျူတာသမားတွေ ခေါ်တယ်လို့ သိရပါတယ်။ IT ခေတ်ကြီးန့ဲ အညီပေါ့။

ကိုဘအေးတို့အဖွဲ့ (ဘွဲ့တံဆိပ်ဌာစု ၀န်ထမ်းတွေ)က ၁၉၈၈မှာ ပြည်ထဲရေးကို ရောက်သွားတော့လည်း အဲဒီဘွဲ့တံဆိပ်တွေ ချီးမြှင့်မယ့် အမိန့်ကြော်ငြာစာ ထုတ်ပြန်တဲ့ လုပ်ငန်းတွေကို ကြီးကြပ်ဖို့ န.၀.တ ရုံး၊ သမ္မတရုံး၊ ရုံးအဆက်ဆက်မှာ နှစ်တိုင်း သွားတွဲနေရတုန်းပါ။ တာ၀န်လည်း သိပ် ကြီးပါတယ်။ လွတ်လပ်ရေးနေ့ အမိန့် ကြော်ငြာစာတွေ ထွက်ပြီးလို့ အမှားအယွင်း မရှိဘူးဆိုမှ ကိုဘအေးတို့ Site “ဟင်း” ချနိုင်ပါတယ်။

လွတ်လပ်ရေးမော်ကွန်းကတော့ ကိုဘအေးတို့ Site မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် မော်ကွန်း၀င် လျှောက်လွှာတွေကို ၁၉၇၆ခုနှစ်အထိ လက်ခံပြီးတော့ စိစစ်ရေး ကော်မတီ၀င်တွေက နယ်လှည့်စစ်ဆေးပြီး ၁၉၈၆ခုနှစ် အထိ ချီးမြှင့်ပေးခဲ့တာ၊ ၁၉၈၆ ခုနှစ်မှာတော့ မော်ကွန်းတင်လုပ်ငန်း ရပ်ဆိုင်းလိုက်ကြောင်းကို နိုင်ငံတော် ကောင်စီရုံးက ကြေညာချက် ထုတ်ပြန် ခဲ့တာတွေကိုတော့ သိရပါတယ်။
မော်ကွန်း၀င်တံဆိပ်ပေးတာကတော့ BIA ဆိုတဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော် ခေတ်၊ BDA ဗမာ့ကာကွယ်ရေးတပ်မတော် ခေတ်နဲ့ PBF မျိုးချစ်ဗမာ့တပ်မတော်ခေတ်တို့မှာ ခေတ်သုံးခေတ်စလုံး ပါခဲ့ရင် (ပထမအဆင့်)၊ နှစ်ခေတ် ပါခဲ့ရင် (ဒုတိယဆင့်)နဲ့ တစ်ခေတ်ထဲ ပါခဲ့ရင်တော့ (တတိယဆင့်)ဆိုပြီး သက်သေ အထောက် အထား ခိုင်ခိုင်လုံလုံရှိတဲ့ သူတွေကို စိစစ် ရွေးချယ်ပြီး ချီးမြှင့်ပေးခဲ့တာပါ။ အားလုံး ပေါင်း ငါးသောင်းကျော် ရှိသွားပြီဖြစ်လို့ အဲဒီမှာ ရပ်ကိုက်တာ ဖြစ်ပါလိမ့်မယ်။

နောက်တစ်ခုက န.၀.တ လက်ထက် ၁၉၈၈ ခုနှစ်မှာ နိုင်ငံတော် အေးချမ်း သာယာရေး တံဆိပ်ကို တီထွင်ပြဌာန်း ပေးခဲ့ပါတယ်။ ဒီတံဆိပ်က မုန်းပေါ်-ကြူကုတ် (ပန်ဆိုင်း) တိုက်ပွဲမှာ ဗကပ တွေကို အောင်နို်င်ခဲ့တဲ့ အထိမ်းအမှတ် အနေတဲ့ ၁၉၈၆ခု၊ နို၀င်ဘာလ (၁၆ရက် ကနေ ၁၉၇၈ခု၊ ဇန်နဝါရီလ (၆)ရက်နေ့ အတွင်း အကျုံး၀င်တဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့၀င်တွေ အပါအ၀င် ပြည်သူ့၀န်ထမ်း အားလုံးကို ချီးမြှင့်ခဲ့တာပါ။ နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်ကြောင့် ပြည်သူ့ ၀န်ထမ်းကောင်း တံဆိပ်ရတဲ့သူတွေ များ ခဲ့ပါတယ်။ ကိုဘအေးတို့လည်း အလုပ် များ ခဲ့ပါတယ်။

ဘာဖြစ်လို့လည်းဆိုတော့ ပြည်သူ့ ၀န်ထမ်းကောင်း တံဆိပ် ရဖို့ အမှတ် (၃၀) ပြည့်မီ ရပါမယ်။ လုပ်သက် (၂၅)နှစ် ပြည့်ရမှာ ဖြစ်ပြီး တံဆိပ် (၃)မျိုး ရရှိထားရမှာ ဖြစ်ပါတယ်။ လုပ်သက် အတွက် ရရှိမယ့် အမှတ်က အများဆုံး ၂၅မှတ် ဖြစ်ပြီး တံဆိပ် (၃)မျိုးက ၂မှတ်စီနဲ့ ၆မှတ် စုစုပေါင်း ၃၁မှတ် ရရပါမယ်။ နယ်ဘက် ၀န်ထမ်းအများစုဟာ နိုင်ငံတော် အေးချမ်းသာယာရေးတံဆိပ် မပြဌာန်းမီကဆိုရင် လုပ်သက် ၂နှစ်နဲ့ ပေးတဲ့ ငြိမ်၀ပ်ပိပြားရေးနှင့် တရားဥပဒေ စိုးမိုးရေးတံဆိပ်နဲ့ လုပ်သက် ၁၅နှစ်မှာ ပေးတဲ့ ပြည်သူ့၀န်ထမ်းတံဆိပ်တို့ ရထားပြီး လုပ်သက် ၂၅နှစ် ပြည့်ပေမယ့် (၂၉)မှတ်နဲ့ တစ်နေကြတဲ့သူတွေ ဖြစ်ပါတယ်။

နိုင်ငံတော် အေးချမ်းသာယာရေး တံဆိပ်က အမှတ် ၂မှတ် ပြည့်ပေးလို့သာ ပြည်သူ့၀န်ထမ်းကောင်း တံဆိပ် ရသွား ကြတာပါ။ ဒါပေမယ့် ဒီနိုင်ငံတော် အေးချမ်း သာယာရေး တံဆိပ်က ကာလ အကန့် အသတ်လေးနဲ့ ဖြစ်တာမို့ ၁၉၈၇ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက် နောက်ပိုင်း အလုပ် ၀င်တဲ့ သူတွေကတော့ မရနိုင်ကြတော့ပါ။ ကိုဘအေးကတော့ အဲဒီ ပြည်သူ့ ၀န်ထမ်းဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ် (၄)မျိုးစလုံးကို ရရှိခဲ့ပါတယ်။ ကြွားတယ် ထင်ရင်လည်း ထင်ပါ။ ကိုဘအေးမှာ ကြွားစရာ ဒါပဲ ရှိလို့ပါ။ လုပ်သက် ၃၈နှစ် ကျော်မှာ အပြစ်ကင်းကင်းနဲ့ လုပ်ခဲ့လို့ ရခဲ့တာ ဖြစ်ပါတယ်။

ကိုဘအေးတို့က အဲဒီဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တွေ ချီးမြှင့်ဖို့ လုပ်ပေးရတာတင် မဟုတ်ပဲ သူတို့နဲ့ သက်ဆိုင်တဲ့ တပ်ဆင် ချိတ်ဆွဲရမယ့် တံဆိပ်တွေ၊ ဖဲကြိုးတွေ၊ ဂုဏ်ပြုစာလွှာတွေကိုလည်း သက်ဆိုင်ရာ လုပ်ငန်း/ဌာနတွေမှာ အပ်နှံမှာယူရပြီးတော့ ရရှိတဲ့အခါမှာလည်း သက်ဆိုင်ရာ ၀န်ကြီး ဌာနတွေ၊ ပြည်နယ်/တိုင်းတွေကို ပြန်ထုတ် ပေးရတာတွေလည်း လုပ်ရတာပါ။ ဒီအလုပ်တွေက နိုင်ငံတော်ကောင်စီ ရုံးမှာလည်း လုပ်ခဲ့ရပြီး ပြည်ထဲရေး ရောက်တော့လည်းပါလာတဲ့ အလုပ်တွေပါ။ ကိုဘအေးကို သိပ်ချစ်လို့ပါ၊ ပင်စင်ယူမှပဲ ခွဲရပါတော့မယ်။

၂၀၀၉ ခုနှစ်မှာတော့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ဂုဏ်ထူးဆောင်ဘွဲ့များ ဂုဏ်ထုူးဆောင်တံဆိပ်များဆိုင်ရာ ပြဌာန်းချက်ကို အသစ် ပြင်ဆင် ပြဌာန်းခဲ့ပါတယ်။ ဒီပြဌာန်းချက်စာအုပ် ဖြစ်လာဖို့မှာ ကိုဘအေးတို့ ပြန်ထဲရေး ၀န်ကြီးဌာန၊ အထွေထွေ အုပ်ချူပ်ရေး ဦးစီးဌာနကနေ အစအဆုံး တာ၀န်ယူ လုပ်ပေးခဲ့ရတာပါ။ ဒီပြဌာန်းချက် ထဲမှာတော့ အရင်က အမိန့်ကြော်ငြာစာ တစ်ခုစီနဲ့ ကွဲကွဲပြားပြား ဖြစ်နေတဲ့ ဂုဏ်ထူးဆောင်တံဆိပ်တွေကို စုဆည်းပြီး ပြန်ထည့်ထားပါတယ်။ ပြီးတော့ အရင် ၁၉၇၈ ပြဌာန်းချက်ထဲက တပ်မတော် ဆိုင်ရာ စွမ်းရည်သတ္တိနဲ့ စွမ်းဆောင်မှု ဘွဲ့ တံဆိပ်တွေရယ်၊ ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည် သတိ္တနဲ့ စွမ်းဆောင်မှု တံဆိပ်တွေရယ် ဆက်လက် ပါ၀င်လာပြီး ခေတ်နဲ့ မလျော်ညီ တော့ဘူးလို့ ယူဆတဲ့ အောက်မှာ ဖော်ပြ ထားတဲ့ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တွေ ကိုတော့ ချန်ထားခဲ့လိုက်ပါတယ်။

(က) ပြည်ထောင်စုတံခွန်ဘွဲ့ (ခ) အောင်ဆန်းတံခွန်ဘွဲ့ (ဂ) တံခွန်ဘွဲ့ (ဃ) ပြည်ထောင်စု ဇာနည်ဘွဲ့ (င) လမ်းစဉ် ဇာနည်ဘွဲ့ (စ) ဇာနည်ဘွဲ့ (ဆ) ဆိုရှယ်လစ် စီးပွားရေးစွယ်စုံ ထူးချွန်တံဆိပ် (ဇ) လယ်ယာ စီးပွားထူးချွန်တံဆိပ် (ပ၊ ဒု၊ တ) (ဈ) စက်မှုစီးပွားရေး ထူးချွန်တံဆိပ် (ပ၊ ဒု၊ တ) (ည) ဆိုရှယ်လစ် ဒီမိုကရေစီ စွယ်စုံ ထူးချွန်တံဆိပ် (ဋ) စီမံထူးချွန်တံဆိပ် (ပ၊ ဒု၊ တ) (ဌ) လူမူထူးချွန်တံဆိပ် (ပ၊ ဒု၊ တ)အသစ်အနေနဲ့ ပါ၀င်လာတာကတော့ (အသစ်အနေနဲ့ဆိုပေမယ့် ဟိုအရင် ပါလီမန်ခေတ်က ပေးခဲ့တဲ့ ဘွဲ့တံဆိပ်တွေပါ၊ နာမည်နဲ့ အရည်အချင်း သတ်မှတ်ချက် တွေကိုပဲ အရင်အတိုင်း ယူလိုက်ပြီး တံဆိပ် ပုံသဏ္႑ာန်တွေကိုတော့ လုံး၀ ပြောင်းလဲ ပစ်လိုက်တာပါ) အောက်ဖော်ပြပါ ဘွဲ့တံဆိပ်များ ဖြစ်ပါတယ်။

(က) သုဓမ္မသင်္ဂလဘွဲ့များ (၁) အဂ္ဂမဟာသီရိသုဓမ္မ (၂) သတိုးသီရိသုဓမ္မ (၃) မဟာသီရိသုဓမ္မ ရွေှစလွယ် အပါအ၀င် (ခ) ပြည်ထောင်စုစည်သူ သင်္ဂဟာဘွဲ့များ (၁) အဂ္ဂမဟာသရေစည်သူ (၂) သတိုးမဟာ သရေစည်သူ (၃) မဟာသရေစည်သူ (၄) သရေစည်သူ (၅) စည်သူ (ဂ) ဘွဲ့များ (၁) သီရိပျံချီ (၂) ဇေယျကျော်ထင် (၃) ၀ဏ္ဏကျော်ထင် (၄) အလင်္ကာကျော်စွာ (၅) သိပ္ပကျော်စွာ
နာမည်ကြီးမြင်တာနဲ့ အကြီးကြီး တွေဆိုတာ ခန့်မှန်းမိတယ် မဟုတ်လား။ ဒီဘွဲ့တံဆိပ်ကြီးတွေကို ထည့်မယ်၊ ဒါပေမယ့် အရင်ပုံစံအတိုင်း မယူဘူး။ အဲဒါကို အခြေခံပြီး အသစ် ထွင်မယ် ဆိုတော့… ကိုဘအေးတို့ ဦးနှောက် စားပြီပေါ့ဗျာ။ (ကိုဘအေးတို့ဆိုတာမှာ ညွှန်ချူပ်အထိ ပါတယ်ပေါ့ဗျာ) ဒီအဆင့် အထိ ရောက်လာတာတောင်မှ ချန်ထား ခဲ့တဲ့ ဘွဲ့တံဆိပ်တွေနေရာမှာ ဘာတွေ ဘယ်လို အစားထိုး ထည့်မယ် ဆိုပြီး အဆင့်ဆင့် အကြိမ်ကြိမ် တင်ပြပြီးတော့မှ နောက်ဆုံး ဒါတွေဖြစ်လာတာပါ။

တံဆိပ်ပုံစံသစ် လုပ်မယ်ဆိုတော့ Illustration Software နိုင်တဲ့ ရန်ကုန်က ဒီဇိုင်းဆရာကို လှမ်းခေါ်ရတော့တာပေါ့။ ရုံးမှာက အဲဒီလောက် ကျွမ်းကျင်တဲ့ ကွန်ပျူတာသမား မရှိသေးဘူး။ နောက်ပိုင်းတော့ သူနဲ့ တွဲလုပ်ရင်းနဲ့ တော်တော်လေး လုပ်တတ်သွားပါတယ်။

အဲဒီတော့ ဒီဇိုင်းတွေ ထုတ်လိုက်၊ လူကြီးတွေဆီ အဆင့်ဆင့် တင်ပြလိုက်၊ ပြန်ကျလိုက်၊ ပြန်ပြင်လိုက်၊ ပြန်တင်လိုက်နဲ့ ဆယ့်လေးငါးကြိမ်လောက်ရှိမှ အတည် ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ပြဌာန်းချက် စာအုပ်ကိုလည်း မူကြမ်း စာအုပ်ကို ရုံးမှာပဲ Colour Printerနဲ့ ထုတ်ပြီးတော့ နေပြည်တော် ပျဉ်းမနား ဆင်ရုပ်နားက “တောင်ဂျေကား”မှာ ချူပ်ပါတယ်။ ဆိုင်ရှင် ကိုထွန်းက သဘော ကောင်းပါတယ်။ ကိုဘအေးတို့က မနက် မိုးလင်းတာနဲ့ လူကြီးတွေဆီ တင်ရမှာ ဆိုတော့ သူ့ဆိုင်ကို မနက် သုံးနာရီလောက် နိုးပြီးတော့ စာလုပ်ချူပ်ခဲ့ရတာပါ။ သေသေသပ်သပ်နဲ့ စေတနာ ထားပြီး လုပ်ပေးပါတယ်။ (ကိုထွန်းရေ ကြော်ငြာ ပေးတယ်နော်) ပြဌာန်းချက် မူကြမ်းကို နောက်ဆုံး အတည်ပြုပြီး အတွင်းရေးမှူး (၁) လက်မှတ်ထိုးပြီးတော့မှ စာအုပ်ချူပ်ဖို့ ပြန်ကြားရေးကို အပ်တာပါ။

အရင် ၇၈ ပြဌာန်းချက်တုန်းကတော့ ကိုဘအေး မမီလိုက်လို့ ဘယ်လို လုပ်ခဲ့ ရတယ်ဆိုတာ မသိပါ။ အခု ၂၀၀၉ ပြဌာန်းချက်ကတော့ ခန့်မှန်းခြေ တစ်နှစ်ခွဲ လောက်တော့ ကြာသွားပါတယ်။ ၂၀၀၈ စပြီးလောက်က စတည်လိုက်တာ ၂၀၀၉ နှစ်ကုန်ပိုင်းလောက်မှ ထွက်လာတာပါ။ နဂိုက မ၀တဲ့ ကိုဘအေးလည်း Weight တော်တော ကျသွားပါတယ်။ ညွှန်ချူပ်ကြီး အပါအ၀င် အားလုံး ပင်ပန်းခဲ့ပါတယ်။

ကိုဘအေး မှတ်မိပါသေးတယ်။ ညွန်ချူပ်ကြီး ဦးမြတ်ကို (ယခု တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချူပ်)က ရုံးမှာ အိပ်တာ များတယ်။ သူ့ရုံးခန်းက ကိုဘအေးတို့ အလုပ် လုပ်နေတဲ့ ဘဏ္႑ာ၊ ငွေစာရင်း၊ ညွန်မှူးရုံးခန်းနဲ့ မျက်နှာချင်းဆိုင် ဆိုတော့ အဘလည်း စိတ်အေးလက်အေး မအိပ်နိုင်ပါဘူး။ ပုဆိုးကြီး မပြီး ကိုဘအေးတို့ ဘက်ကို ၀င်လာလိုက်၊ ပြန် ထွက်သွားလိုက်နဲ့ အဆင်ပြေရဲ့လား။ ဘာ လိုသေးလဲနဲ့ အမြဲမေးနေတာ။ အဘက လူကြီးတွေနဲ့ ထိပ်တိုက် တွေ့ပြီး ရှင်းရတာ ဆိုတော့ ပိုပြီး စိတ်ပူတာပေါ့လေ။ တကယ့်ကို နေ့မအား ညမနား လုပ်ခဲ့ ကြရတာပါ။

အခုလို ပြဌာန်းချက် အသစ်ကြီး ထွက်လာပြီဆိုပြန်တော့ ကိုဘအေးတို့ ပိုပြီး ပင်ပန်းဖို့ ဖြစ်လာပြန်တယ်။ ဘာဖြစ် လို့လည်း ဆိုတော့ အပေါ်က အကြီးကြီး တွေကို ၂၀၁၀ လွတ်လပ်ရေးနေ့မှာ အမိန့်ကြော်ငြာစာ ထုတ်၊ လိုအပ်တဲ့ တံဆိပ်၊ ဖဲကြိုး၊ ဂုဏ်ပြုလွှာတွေမှာ ပြည့်စုံ ပြီဆိုမှ အခမ်းအနား လုပ်တာပါ) ပြီးတော့ အခုပေးမယ့် တံဆိပ်တွေက (၁၄)ပဲရည် ရွေှနဲ့ လုပ်ရတာ။ ကျောက်မျက်တွေလည်း ပါတယ်။

မှာယူရတဲ့ ကိုဘအေးတု့ိမှာလည်း အချိန်မီ ရပါ့မလားလို့ စိတ်ပူနေရသလို လုပ်ပေးရတဲ့ ဌာနတွေမှာလည်း အတော် ကသီလင်တ နိုင်အောင် လုပ်ပေးရပါတယ်။ အခမ်းအနားအတွက်လည်း ချောချော မောမောနဲ့ လစ်ဟာမှု မရှိရအောင် ကော်မတီတွေ ဖွဲ့ပြီး လုပ်ရပါတယ်။ ကိုဘအေးတို့ကတော့ အဓိက ဘွဲ့တံဆိပ် တွေ ဖဲကြိုးတွေ၊ ဂုဏ်ပြုစာလွှာတွေ၊ ယွန်းကျည်တောက်တွေ အချိန်မီ ရပြီးတော့ လှလှပပလေး အစီအစဉ်တကျ ခင်းကျင်း ထားနိုင်အောင် စီမံပေးရတာပါ။

၂၀၁၀၊ ၂၀၁၁အတွက် ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ် ချီးမြှင့်တဲ့ အခမ်းအနားများ ကိုတော့ နေပြည်တော် မြို့တော်ခန်းမမှာ လုပ်ခဲ့ပြီး ၂၀၁၂ တုန်းကတော့ MICC မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ခန်းမမှာ လုပ်ခဲ့ပါတယ်။ န.၀.တ လက်ထက်နဲ့ နလက လက်ထက်မှာ လုပ် ခဲ့တဲ့ ဒု၀န်ကြီးအဆင့်အထိ ပုဂ္ဂိုလ်တွေရယ်၊ အနုပညာရှင်တွေရယ် ပါ၀င်ပြီး ၂၀၀၂ ခုနှစ် တုန်းက အခမ်းအနားနဲ့ မပေးခဲ့ရတဲ့ သူရဘွဲ့ (၆) ဦး အပါအ၀င် (၂၄၆) ဦး ရှိပါတယ်။ ဒုညွှန်ချူပ် (ယခု ရန်ကုန်တိုင်း အုပ်ချူပ်ရေး မှူး ဦးခင်မောင်သိန်း) ဦးစီး ပြီးတော့ ကိုဘအေးတို့ တော်တော် လုပ်ခဲ့ရပါတယ်။ ကိုဘအေးဆိုရင် ဒုညွှန်ချူပ်အခန်းထဲမှာ ညွှန်မှူးနဲ့ အတူတူ အလုပ် လုပ်နေရင်း နှာခေါင်းသွေးတောင် လျှံကျတဲ့အဖြစ် ရောက်ခဲ့ပါတယ်။ ရုံးကတော့ အခမ်း အနားမှာ ပါ၀င် လုပ်ခဲ့တဲ့ သူတွေကို Dinner ပွဲလေး လုပ်ပေးပါတယ်။

ကိုဘအေးကတော့ ကိုယ့်အလုပ်ဟာ ကုသိုလ်ရတဲ့ အလုပ်လို့ ယူဆသလို ဂုဏ်လည်း ယူမိပါတယ်။ အသေးစိတ်တွေ လျှောက်ရေးနေရင်တော့ ဆုံးနိုင်မယ် မထင်ပါ။ ကိုယ်လုပ်ခဲ့ ကိုင်ခဲ့ရတာလေးတွေ အမှတ်တရအဖြစ်နဲ့ အကျဉ်းချုံးပြီး တင်ထားတာပါ။ ကိုဘအေး ပြောလေ့ရှိတဲ့ စကား ရှိပါတယ်။ လွတ်လပ်ရေးနေ့ ပြီးမှ ကိုဘအေးတို့လည်း လွတ်လပ်စွာမို့ “လွတ်လပ်မှ အမျှေ၀ပါ” လို့…။

 

TZO
အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။