သရေခေတ္တရာမြို့၊ ရှေးဟောင်းပြတိုက်သို့ ခရီးတစ်ခေါက် » ICT.com.mm
Need Help? Call 0942 000 4551
အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးမည်။ ပစ္စည်း အာမခံချက် တာဝန်ယူသည်။

သရေခေတ္တရာမြို့၊ ရှေးဟောင်းပြတိုက်သို့ ခရီးတစ်ခေါက်

သရေခေတ္တရာမြို့၊ ရှေးဟောင်းပြတိုက်သို့ ခရီးတစ်ခေါက်
Dec 9, 2012 Ma Naw Phyu Lay
pyay

အချို့သော ရောမ နိုင်ငံတော် ဘုရင်များသည် ပြေးပွဲ ခုန်ပွဲများသို့ ရှုစားရန် ကြွရောက်တော်မူသည့် အခါတွင် ဦးရစ်များကို ဆင်မြန်းတော်မူတတ်ကြသည်။ သို့ရာတွင် ထို့သို့ ဦးရစ်များကို ဆင်မြန်းခြင်းသည် ဘုရင်မင်းမြတ်တည်းဟူသော ရာထူးနှင့် မူလက မည်သို့မျှ သက်ဆိုင်ခြင်း မရှိခဲ့ပေ။ သို့ဖြစ်၍ ရောမဘုရင်များသည် နောင်အခါတွင် ဦးရစ်များကို မင်းတို့၏ အဆောင်အယောင် တစ်ခုအဖြစ် စတင် အသုံးပြုကြသောအခါ တိုင်းသူပြည်သားများက များစွာ မနှစ်မြို့ကြချေ။

လူများသည် ဦးရစ်နှင့် သရဖူကို ရုတ်တရက် မခွဲခြားနိုင် ကြသော်လည်း စင်စစ်ထိုနှစ်ခုမှာ များစွာ ခြားနားလေသည်။ ထို့ကြောင့် သရဖူဟူ၍ ရှင်ဘုရင်တို့သာ ဆောင်းသော အလေ့မှာ အရှေ့တိုင်းမှ အတုယူခဲ့ကြောင်း ထင်ရှားပေသည်။ ရှေးခေတ်သုံး ဦးရစ်နှင့် ယခုခေတ် အသုံးပြုလျက် ရှိကြသော သရဖူများသည် တစ်ခုနှင့် တစ်ခု ပုံသဏ္ဌာန်ချင်းများစွာ မကွာခြားသည့် အကြောင်းမှာ ယခုခေတ် သရဖူများကို ရှေးခေတ်သုံး ဦးရစ်၏ ပုံသဏ္ဌာန်ကို ယူ၍ ပြုလုပ်ထားသောကြောင့် ဖြစ်လေသည်။

ထို့နောက် သရဖူကို ဘုရင်အာဏာပိုင်များသာ ဆောင်းရရိုးဖြစ်သော အစဉ်အလာ သတ်မှတ်သောအခါ သရဖူများတွင် ဘုရင်များ မိဖုရားများ ဆောင်းသော သရဖူ၊ မင်းညီမင်းသားများ ဆောင်းသော သရဖူ၊ မြို့စားရွာစားများ ဆောင်းသော သရဖူ၊ စသည်ဖြင့် သရဖူ ပုံသဏ္ဌာန် အမျိုးမျိုးရှိလေသည်။ သရဖူ အားလုံးတွင် ဘုရင်ဆောင်းသော သရဖူမှာ အဆင့်အတန်း အမြင့်ဆုံး ဖြစ်လေသည်။ မင်းညီမင်းသား မြို့စားရွာစားများကား ဘုရင်ဆောင်းသော သရဖူအောက် အဆင့်အတန်းနိမ့်သော သရဖူငယ်များကိုသာ ဆောင်းရလေသည်။ ယခုခေတ်တွင် အနောက်နိုင်ငံများ၌ အသုံးပြုနေကြသော မြို့စား (ဒျုဘွဲ့ရများ) ဆောင်းသော သရဖူငယ်မှာ ရွေှနဖူးစီးပေါ်တွင် ရွေှဖြင့်ပြီးသော စထရော်ဗယ်ရီရွက် ရှစ်ရွက်ကို တပ်ဆင်ထားလေသည်။

မားကွစ်ဘွဲ့ ရသူများ ဆောင်းသော သရဖူငယ်သည် နဖူးစီးပေါ်တွင် ထိုစထရော်ဗယ်ရီရွက်မျိုး လေးရွက်သာပါ၍ တစ်ရွက်နှင့်တစ်ရွက် စပ်ကြားတွင် ပုလဲလုံးများကို တပ်ဆင်ထားသည်။ မားကွစ်အောက် နိမ့်သော အားဘွဲ့ရများ ဆောင်းသော သရဖူများမှာ ရွေှနဖူးစည်းပေါ်တွင် ရောင်ခြည်တန်း ရှစ်သွယ် ထိုးထွက်နေ၍ ရောင်ခြည်တမ်း တစ်ခုနှင့်တစ်ခု စပ်ကြားတွင် ရွေှဖြင့်ပြီးသော စထရော်ဗယ်ရီရွက် တစ်ရွက်စီ တပ်ဆင်ထားသည်။ စထရော်ဗယ်ရီရွက်၏ အမြင့်မှာ ရောင်ခြည်တန်း၏ အမြင့် လေးပုံတစ်ပုံ ရှိသည်။ ဗိုင်းကောင့်ဘွဲ့ရသူများ ဆောင်းသော သရဖူငယ်တွင်ကား ရွေှနဖူးစီးတွင် ပုလဲလုံး (၁၆)လုံး တပ်ဆင်ထားသည်။ ဗယ်ရွန်ဘွဲ့ရသူများ၏ သရဖူငယ်၌မူ ပုလဲလုံး ခြောက်းလုံး တပ်ဆင်ထားလေသည်။

သရေခေတ္တရာ

သရေခေတ္တရာ မြို့ဟောင်းသည် ပြည်မြို့ အရှေ့တောင်ဘက် ငါးမိုင်ခန့် အကွာတွင် တည်ရှိသည်။ မြို့ဟောင်းရာသည် ဘဲဥပုံလည်းမက စက်၀ိုင်းပုံလည်း မကျသော အ၀န်းအ၀ိုင်း ပုံသဏ္ဌာန်ရှိ၍ တောင်မြောက် နှစ်မိုင်ခွဲခန့်နှင့် အရှေ့အနောက် နှစ်မိုင်ခန့် ကျယ်၀န်းလေသည်။

ရန်ကုန်မှ ပြည်မြို့သို့ သွားသော မီးရထားလမ်းသည် သရေခေတ္တရာ မြို့ဟောင်းကို အရှေ့တောင်မှအနောက်မြောက်သို့ ဖြတ်သန်းသွား၍ ပြည်မှ ပေါက်ခေါင်းသို့ သွားသော မော်တော်ကားလမ်းကို မြောက်ဘက် မြို့ရိုးပေါ်သို့ ဖြတ်၍ ပြုလုပ်ထားသည်။ မြို့ဟောင်းအတွင်း၌ ယခုအခါ ရွာငယ် အများအပြား ရှိ၍ မြောက်ဘက်ပိုင်းကမူ လယ်ကွက်များ ပြည့်နှက်နေ၏။ မှော်ဇာဘူတာရုံသည် မြို့ဟောင်း၏ ဗဟိုနေရာမှ အရှေ့မြောက်ယွန်းယွန်းတွင် တည်ရှိသည်။ ရှေးဟောင်း အဆောက်အအုံများသည် မြို့တွင်း၌သာမက မြို့ပြင်၌လည်း အနှံ့အပြား ကျန်နေသေးရာ သရေခေတ္တရာ ထွန်းကားစဉ်က ထင်ရှားခဲ့သော မြို့ပတ်၀န်းကျင် နယ်နမိတ်မှာ ကျုံးနှင့် မြို့ရိုးပတ်ရံသည် မြို့တွင်းထက် လေးဆခန့်မျှ ကျယ်၀န်းကြောင်း သိနိုင်လေသည်။

မြို့တွင်း အလယ် ဗဟိုလောက်တွင် နန်းတော်ကုန်းဟု ခေါ်သော စတုဂံအုတ်ရိုး ကာရံထားသည့် ကုန်းမို့မို့ကို တွေ့နိုင်သေးသည်။ တောင်ဘက်မြို့ရိုး၏ အပြင်ဖက်တွင် အရှေ့ပျူတိုက်၊ အနောက်ပျူတိုက်၊ ဗိဿနိုးမြို့နှင့် ဗိဿနိုး မိဖုရားသင်္ချိုင်းရာတို့ ရှိလေသည်။ မှန်နန်းရာဇ၀င် အဆိုအားဖြင့် သရေခေတ္တရာမြို့ကို သာသနာနှစ် တစ်ရာ့တစ်ခုနှစ်တွင် ဒွတ်တပေါင် (ဒွတတ္တပေါင်)မင်း ပဌမ တည်ထောင်သည်ဟု ဆိုသည်။ မြို့တည် နန်းတည်ရာ၌ ကူညီစောင့်ရှောက်သော သူမြတ် ခုနှစ်ဦးမှာ ဂဝံပတေ့၊ ရသေ့၊ သိကြား၊ နဂါး၊ ဂဠုန်၊ စန္ဒီ၊ ပရမီသွာတို့ ဖြစ်ကြသည်။

တကောင်းမင်း ယောက်ဖတော် ရှင်ရသေ့ သီတင်းသုံးသည်ကို အကြောင်းပြု၍ သရေခေတ္တရာမြို့ကို ရသေ့မြို့ဟု နောင်မှ တွင်၏။ ပြည်မြို့ ရွေှဆံတော် ဘုရားခြေရင်း၌ တွေ့ရသော ကျန်စစ်သားမင်း၏ မွန်ကျောက်စာ အလိုအားဖြင့် သရေခေတ္တရာမြို့ကို ပဌမ တည်ထောင်သော မင်းမှာ ဗိဿနိုး ရသေ့ကြီး ဖြစ်၏။

တည်ထောင်သောနှစ်မှာ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံယူတော်မူသောနှစ် သာသနာနှစ် (၁)နှစ် ဖြစ်၏။ ရသေ့ကြီးကို ကူညီစောင့်ရှောက်ကြသော သူမြတ်တို့မှာ ဂဝံပတေ့၊ သိကြား၊ ၀ိသကြုံနတ်သားနှင့် နဂါးမင်းတို့ ဖြစ်သည်ဟု ဆို၏။ ကျန်စစ်သားမင်း၏ ကျောက်စာများအရ သရေခေတ္တရာကို သိသီတ်၊ (ဂြီက္ခတ်၊ ဂြီကွေတြာ) ဟူ၍လည်း ခေါ်တွင်ကြောင်း သိရလေသည်။ ရှေးဟောင်းသုတေသန အထောက်အထားများအရမှာမူ သရေခေတ္တရာမြို့သည် ခရစ်နှစ် ငါးရာစုမှ ရှစ်ရာစုအတွင်း၌ ထွန်းကားကြောင်းသာ သိရှိရသေးရာ ထိုသို့ ဖွံ့ဖြိုး တိုးတက်အောင် စတင် တည်ထောင်ရသော ကာလကို ထည့်သွင်း ခန့်မှန်းသည်ဆိုပါမူ ခရစ်နှစ် နှစ်ရာစုထက် စောနိုင်မည် မဟုတ်ကြောင်း တွေ့ရသည်။

သရေခေတ္တရာတွင် ပျူလူမျိုး အများအပြား နေထိုင်ခဲ့ကြသည်။ ယင်းတို့ကို တိရ်စုလ်ဟူ၍လည်း အမည်တွင်ခဲ့ကြောင်း ကျန်စစ်သား မွန်ကျောက်စာ တစ်ချပ်အရ ယူဆရသည်။ ပျူတို့ဒေသဟု ခေါ်ဆိုအပ်သော သရေခေတ္တရာနှင့် ဟန်လင်းမြို့ဟောင်းတို့မှ အိနိ္ဒယ တောင်ပိုင်းအက္ခရာဖြင့် ရေးထိုးထားသော ကျောက်စာများကို ထောက်၍ ပျူဘာသာနှင့် ပျူစာ သုံးနှုန်းရေးသားခဲ့ကြသည်ဟု ယူဆမှတ်သားကြရသည်။

သရေခေတ္တရာခေတ်၌ ရေးထိုးသော ပျူစာများမှာ အုတ်ချပ်များပေါ် ဂဏန်းနှင့် အမှတ်အသားများ၊ အုတ်ပုံနှိပ်ဘုရားများ(အုတ်ခွက်)ဘုရား နောက်ကျောမှ စာများ၊ ကျောက်စာများနှင့် ကျောက်အရိုးအိုးများပေါ်မှ စာတမ်းတို့ ဖြစ်ကြသည်။ ယင်းတို့အနက် အချို့မှာ မှေးမှိန်ပျက်စီးနေ၍ အတိအကျ ဖတ်ရှု မရနိုင်ခြင်း၊အချို့မှာ စာကြောင်းတိုကလေးများသာ ဖြစ်၍ အကြောင်းအရာ မဖော်နိုင်ခြင်းနှင့် အချို့မှာ ပျူေဝါဟာရ ကျယ်ပြန့်စွာ မသိရှိသေးသဖြင့် အဓိပ္ပာယ် တိမ်မြုပ်နေခြင်းတို့ကြောင့် သမိုင်းအထောက်အထား ရသင့်သလောက် မရနိုင်ချေ။

ဘုရားကြီး ဘုရားအနီးမှ တွေ့ရှိရသော ကျောက်အရိုးအိုး လေးလုံးတို့၏ ပတ်လည်တွင် ပျူစာ တစ်ကြောင်းစီ ရေးထိုး ပါရှိလေသည်။ ယင်းကျောက်စာများအရ သရေခေတ္တရာ၌ ၀ိကြမမင်းဆက် စိုးမိုးအုပ်ချုပ်ခဲ့ကြောင်း သိရသည်။ သူရိယ၀ိကြမ၊ ဟရိ၀ိကြမနှင့် သိဟ၀ိကြမတို့၏ နတ်ရွာစံနှစ်နှင့် သက်တော်များပါရှိရာတွင် နန်းစံနှစ်ကို မြန်မာကောဇာနှစ် အတိုင်းမှတ်ယူ တွက်ဆပါက ခရစ်နှစ် ၆၈၈၊ ၆၉၅နှင့် ၇၁၈ ခုနှစ်တို့တွင် အသီးသီး နတ်ရွာစံကြသည်ဟု သိရှိနိုင်၏။ အရိုးအိုး စာတမ်းတစ်ခုမှာ သူရိယ၀ိကြမ၏ ဆွေမျိုး ကွယ်လွန်သည့်နှစ် ရေးထိုးထားလေရာ စာတမ်း လေးရပ်စလုံး ပေါင်းရုံးတွက်ဆပါက ၀ိကြမ မင်းဆက်သည် ခရစ်နှစ် ၆၇၃မှ ၇၁၈ ခုနှစ်အထိ အုပ်စိုးသည်ဟု ဆိုရပေမည်။

ထိုမင်းဆက်သည် သရေခေတ္တရာ တည်ထောင်စက အုပ်စိုးသည့် မင်းဆက် ဟုတ် မဟုတ်ကိုမူ မသိသာချေ။ နတ်ရွာစံ သက္ကရာဇ်များကို အတည်ပြု မှတ်ယူရပါက ထိုမင်းများထက် ရှေးကျသော မင်းများ ရှိခဲ့ဦးမည်ဟု မှန်းဆရပေသည်။ ၀ိကြမမင်းတို့၏ ဘွဲ့အမည်များ ရှေ့၌ `တ္ဒးဗံး´ဟူသော ဂုဏ်ပုဒ် ပါရှိလေရာ ယင်းဂုဏ်ပုဒ်ကို မင်းကြီးဟူသော အဓိပ္ပာယ် သက်ရောက်ကြောင်း အခြားကျောက်စာများမှ အထောက်အထားတို့နှင့် ယှဉ်၍ သိသာနိုင်လေသည်။

ဒွတ္တဗောင်ဟူသော အမည်မှာ`တ္ဒးဗံး´မှ ရွေ့လျောလာသော ေဝါဟာရ ဖြစ်ဖွယ်ရာ ရှိသောကြောင့် သမိုင်းလာ ဒွတ္တဗောင်ဆိုသည်မှာ ပုဂ္ဂလိက ဘွဲ့မည် မဖြစ်နိုင်ချေဟု ယူဆရ၏။ ၀ိကြမ မင်းဆက်သည် ပျူမင်းများ ဖြစ်သည်။ သို့မဟုတ် အိနိ္ဒယအနွယ်များ ဖြစ်သည်ကို အတိအကျ မသိနိုင်ချေ။ နှောင်းခေတ် မြန်မာမင်းများသည် ပါဠိ ဘွဲ့မည်များ ခံယူကြသကဲ့သို့ ပျူမင်းများက အိနိ္ဒယ ဘွဲ့မည် ခံယူခဲ့ကြဟန် ရှိကြောင်း စဉ်းစားရန် ရှိသည်။

၀ိကြမ မင်းဆက်အပြင် ဝါရ်မန်မင်းတို့ကိုလည်း ကမ္ပည်းစာများ၌ တွေ့ရသေး၏။ ထိုဝါရ်မန်မင်းတို့၏ အမည်များသည် အာရှ အရှေ့တောင်ဘက် နယ်တစ်လွှား၌ အတော်ပင် ထင်ရှားသည်။ သရေခေတ္တရာမြို့တွင်း ခင်ဘကုန်းမှ ရရှိသော ငွေဗောဓိမဏ္႑ိုင် ပလ္လင်ပတ်လည်၌ ဆင်းတုတော် ရုပ်ကြွပုံ လေးဆူအောက်တွင် ပျူအက္ခရာ ပျူဘာသာဖြင့် စာတမ်းတစ်ခု ရေးထိုးလျက် ပါရှိရာ ထိုစာတမ်းတွင် ကုသိုလ်ရှင် ဂြီပြဘုဝါရ်မနှင့် ဂြီပြဘုဒေ၀ီ အမည်များကို တွေ့ရှိရသည်။

သရေခေတ္တရာ မြို့ဟောင်းတစ်နေရာ ဖိုးခေါင်ကန်ကုန်းမှ တွေ့ရှိရသော မဏိတော် ကျိုးနေသည့် ကျောက်ဆင်းတု တစ်ဆူ၏ စမ္မခဏ်ပတ်လည်တွင် ပျူဘာသာနှင့် သက္ကတဘာသာ ရောစပ်ပြီး ရေးထိုးမှတ်သားလျက် ပါရှိရာ ဖတ်ရှုရနိုင်သမျှ စာကြောင်းများ၏ အဓိပ္ပာယ်ချူပ်မှာ ဇယစန္ဒြဝါရ်မန်နှင့် ဟရိ၀ိကြမ မင်းသားညီနောင်နှစ်ပါးတို့သည် တစ်နေ့တည်းတွင် မြို့နှစ်မြို့ တည်ကြောင်း၊ ထိုညီနောင်နှစ်ပါးတို့သည် ဂူဟဒီပ အမည်ရှိသော ရဟန်းကြီး၏ အဆုံးအမ သြဝါဒကို ခံယူ၍ တစ်ဦးနှင့် တစ်ဦး ချစ်ခင်ရင်းနှီးစွာ နေထိုင်ကြကြောင်း ဖြစ်သည်။ သို့သော် ထိုမြို့များ၏ အမည်နှင့် အကျယ်အ၀န်းကိုမူ မသိရချေ။

ပျူနိုင်ငံ၏ မြို့တော်ဖြစ်သော သရေခေတ္တရာသည် အိနိ္ဒယတောင်ပိုင်း ယဉ်ကျေးမှု လွှမ်းမိုးမှုကို အများဆုံး ခံယူခံခဲ့ရသည်။ အထူးသဖြင့် အယူဝါဒဆိုင်ရာ ယဉ်ကျေးမှုတွင် လွှမ်းမိုးမှု အထင်ရှားဆုံး ဖြစ်သည်။ ဟိနိ္ဒူအယူဝါဒ၊ မဟာယာနနှင့် ထေရဝါဒ ဗုဒ္ဓအယူဝါဒတို့သည် အပြိုင်အဆိုင် ထွန်းကားခဲ့ကြောင်း အထောက်အထား များစွာ တွေ့ရလေသည်။ မြို့တွင်း မြို့ပြင်၌ ဗိသုကာ လက်ရာများဖြစ်သော ဗုဒ္ဓအယူဝါဒဆိုင်ရာ စေတီပုထိုးနှင့် ဂူဘုရားများ တည်ရှိခဲ့ကြသည်နှင့်အမျှ အနုပညာလက်ရာမြောက်သော ကျောက်ဆစ်ရုပ်ကြွ ဆင်းတုများနှင့် အုတ်ပုံနှိပ် ရုပ်ကြွဆင်းတုများကိုလည်း အမြောက်အများ ထုလုပ် ပူဇော်ကြသည်။ ထင်ရှားသော မြေစိုက် အုတ်စေတီများမှာ မြို့ရိုး အပြင်ဘက်ရှိ ဘောဘောကြီးဘုရား၊ ဘုရားကြီးနှင့် ဘုရားမာတို့ ဖြစ်ကြသည်။

ဂူဘုရားများအနက် လေးမျက်နှာ၊ ဘဲဘဲနှင့် ဈေးဂူနှစ်ဆူတို့မှာ စိတ်၀င်စားဖွယ်ရာ လက်ရာများဖြစ်ကြသည်။ သာသနာ အဆောက်အဦး ပေါင်းများစွာမှာ ကာလ ကြာမြင့်၍ ပြိုပျက်ပြီးနောက် အုတ်ကုန်းများ အတိ ဖြစ်နေရာ ယင်းတို့ကို ရှင်းလင်း တူးဖော်ရှာဖွေရာ၌ သာသနိက ရှေးဟောင်းပစ္စည်းများ ပေါ်ထွက်လေ့ရှိသည်။ ထိုအနက် အုတ်ခွက် ခေါ်သော ပုံနှိပ်အုတ်ချပ်ဆင်းတု အမြောက်အမြားကို အနှံအပြား တွေ့ရှိရသည်။ ထိုအုတ်ခွက်တို့၏ မျက်နှာဖက်တွင် ဗုဒ္ဓရုပ်ပွားတော်ကို လည်းကောင်း၊ ဗောဓိသတ် ဘုရားလောင်းပုံကိုလည်းကောင်း ထုလုပ်ထား၍ အချို့တို့တွင် ရှေးဟောင်း နာဂရီအက္ခရာဖြင့် `ယေဓမ္မာ ဟေတု ပြဘဝါ´ အစရှိသော ဂါထာ ရေးထိုးပုံနှိပ် ပါရှိ၏။ အချို့အုတ်ခွက်၏ ကျောဖက်တွင် ပျူဘာသာဖြင့် စာတမ်းတိုတို အနည်းငယ် ပါရှိလေ့ရှိသည်။

သရေခေတ္တရာတွင် ဗုဒ္ဓအယူဝါဒ ထွန်းကားခဲ့ကြောင်း လက်ရေး အထောက်အထားများကိုလည်း တွေ့ရ၏။ ၁၈၉၇ ခုနှစ်က သရေခေတ္တရာ မြို့ဟောင်း၏ တောင်ဖက် ခုနစ်မိုင်ခန့်အကွာရှိ မောင်ကန် (သို့မဟုတ်)လယ်ပေါ်ရွာမှ ရှေးဟောင်းစာ အရေးအသား ပါရှိသော ရွေှချပ်လွှာ နှစ်လွှာကို တွေ့ရှိရသည်။ ထိုရွေှချပ်လွှာ နှစ်လွှာသည် စာသုံးကြောင်းရေး ပါဠိတော် ရွေှပေစာများ ဖြစ်ကြ၏။ အက္ခရာ အရေးအသားမှာ အိနိ္ဒယ တောင်ပိုင်းမှ အက္ခရာများ ဖြစ်၍ စာသားတို့မှာ ၀ိနည်း မဟာဝါ ပါဠိတော်လာ ယေဓမ္မာ ဟေတုပ္ပဘဝါ အစချီသည့် ဂါထာကို အစပျိုး၍ ဒီဃနိကာယ် ပါဠိတော်၊ မဇ္ဈမနိကာယ်ပါဠိတော်၊ အဘိဓမ္မာ ပိဋကတ်၀ိဘင်းပါဠိတော် စသည်တို့မှ ကောက်နုတ်ချက်တို့ကို ဆက်လက်ရေးသားထားခြင်း ဖြစ်သည်။

(၁၉၁၀)ခုနှစ် ပြည့်နှစ်တွင် ဘောဘောကြီး ဘုရားခြေရင်း မြေကြီးများ ရှင်းလင်းရာ၌ တွေ့ရှိရသော သုံးပိုင်းကျိုး ကျောက်ချပ်ငယ် တစ်ခုမှာ အဘိဓမ္မာ ၀ိဘင်းပါဠိတော်လာ ဗုဒ္ဓပါ၀စနများ ဖြစ်ကြောင်း သိရလေသည်။ (၁၉၂၆)ခုနှစ်တွင် ကုလားကန်ကုန်းရွာအနီး မောင်ခင်ဘ လုပ်သော တောင်ယာနှင့် ကပ်နေသည့် အုတ်ကုန်းဟောင်းမှ တူးဖော်ရရှိသည့် ရွေှချပ်လွှာ(၂၀)ချပ်မှာလည်း ပဋိစ္စသမုပ္ပါဒ ဒေသနာ အစရှိသော ပါဠိပိဋကတ်တော်မှ ကောက်နုတ်ချက် ကိုးခု ပါရှိလေသည်။ ဗြဟ္မဏ(ဟိန္ဒူ) အယူဝါဒဆိုင်ရာ ကျောက်ဆစ်လက်ရာများမှာ များသောအားဖြင့် ဗိဿနိုး နတ်ရုပ်များ ဖြစ်လေသည်။

သရေခေတ္တရာတွင် ရွေှဆင်းတု၊ ကြေးဆင်းတု၊ ငွေဆင်းတု၊ ငွေစေတီ စသောအယူဝါဒဆိုင်ရာ ၀တ္ထုပစ္စည်းများကိုသာမက အနုပညာလက်ရာ ပြောင်မြောက်သော ၀တ္ထုပစ္စည်း မျိုးမျိုးကိုလည်း ပြုလုပ်သည်ကို တွေ့ရှိရ၏။ လေးထပ်ပြင်ဘုရား အနီးမှလည်းကောင်း၊ ဆင်မကိုး၀န်တင် ကုန်းနှင့် မုန့်သည်မ ကုန်းတို့မှလည်းကောင်း ဖော်ထုတ်ရရှိသည့် ကျောက်ပလ္လင် အပိုင်းအစများမှာ ကြာဖတ်ကြာလွှာများ၊ မှန်ကူကွက်များနှင့် အမွမ်းအပြောက်တို့ဖြင့် အဆန်းတကြယ် ထုလုပ်ထားလေသည်။

တံကဲများ၊ သပိတ်များ၊ အရိုးအိုးများ၊ ဌာပနာတိုက် ဖုံးသည့် ကျောက်ပြားများနှင့် ခြငေ်္သ့ရုပ်များတွင်လည်း ကျောက်ဆစ်လက်ရာ ထူးချွန်ပုံကို တွေ့မြင်နိုင်သည်။ ရွံ့စေးကို မီးဖုတ်၍ ပြီးစေသော ရုပ်လုံး ရုပ်ကြွများကိုလည်း လူရုပ်၊ ဘီလူးရုပ်၊ တိရိစ္ဆာန်ရုပ်၊ ကြာပန်းဖော်သော အုတ်တိုင်များအသွင် ဖန်တီးပြုလုပ်ကြလေသည်။

အယူဝါဒဆိုင်ရာ ယဉ်ကျေးမှုမှအပ ပျူလူမျိုးတို့၏ နေထိုင် ၀တ်စား ဆင်ယင်မှု ဓလေ့ထုံးတမ်းများနှင့် စပ်လျဉ်းသည့် ယဉ်ကျေးမှု သာဓကများကိုလည်း အတော်အသင့် ထုတ်ဖော်တွေ့ရှိရသည်။ ကျောက်မျက်ရတနာတို့ဖြင့် ပြီးသော လည်ဆွဲပုတီးများ၊ ငွေရေသောက် ဖလားများ၊ ငွေကွမ်းအစ်များ၊ ငွေနံ့သာဗူးများ၊ ငွေကြာပန်းများ၊ လိပ်ပြာရုပ်၊ ဟင်္သာရုပ်၊ ရွေှလက်စွပ်၊ ငွေလက်စွပ်များ စသည်တို့ကို ထောက်ရှု၍ သရေခေတ္တရာ၏ စည်ပင်၀ပြောမှုနှင့် ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားမှုကို သိသာလေသည်။ ပျူလူမျိုးတို့သည်
သေဆုံးသည့်အခါ မီးသင်္ဂြိုဟ်သည့် အလေ့အထ ရှိကြ၏။

မီးကျွမ်းပြီးသော အရိုးစများနှင့် ပြာတို့ကို မြေအိုးများတွင် ထည့်သွင်း၍ ထိုအရိုးအိုးတို့ကို အစုလိုက် အပြုံလိုက် မြှုပ်န့ှံလေ့ ရှိကြသည်။ သာမန်အရပ်သူ အရပ်သားများအတွက် မြေအိုးများကို အသုံးပြု၍ မင်းစိုးရာဇာတို့အတွက် ကျောက်အိုးများကို အသုံးပြုကြောင်းလည်း သိသာသည်။ ပျူဒင်္ဂါးများဟု ခေါ်ေဝါ်သော အမှတ်လက္ခဏာများ ခတ်နှိပ်ထားသည့် ငွေပြား၀ိုင်းများကိုလည်း သရေခေတ္တရာ မြို့ဟောင်းနှင့် ပတ်၀န်းကျင်တွင် တွေ့ရှိရ၏။

အမှတ်လက္ခဏာများမှာ သီရိ၀စ္ဆပုံ၊ နေ၊ လနှင့် နက္ခတ်များပုံ၊ စကြာပုံ၊ ၀ရဇိန် လက်နက်ပုံ၊ သမုဒ္ဒရာပုံ၊ စသည်တို့ ဖြစ်၏။ ယင်းဒင်္ဂါးများမှာ ကျပ်ပြား အရွယ်၊ ငါးမူးစေ့ အရွယ်၊ မတ်စေ့ အရွယ်များ ဖြစ်ရာ ငွေကြေးအဖြစ် အသုံးပြုဖွယ်ရာ ရှိသည့်အပြင် အန္တရာယ်ကင်း အဆောင်အယောင်အဖြစ် လည်ဆွဲ ဆင်ယင်ကြောင်း သိသာလေသည်။သရေခေတ္တရာပြတိုက်သို့လည်း တစ်ခါတခေါက် အလည်သွားရောက် စေချင်ပါတော့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*