မန်နေဂျာလား… ဟောက်ဆာဂျင်လား… » ICT.com.mm
Need Help? Call 0942 000 4551
အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးမည်။ ပစ္စည်း အာမခံချက် တာဝန်ယူသည်။

မန်နေဂျာလား… ဟောက်ဆာဂျင်လား…

မန်နေဂျာလား… ဟောက်ဆာဂျင်လား…
Dec 9, 2012 Ma Naw Phyu Lay
Manager-or-House-surgin

လုပ်ငန်းခွင်တိုင်းတွင် လုပ်ငန်း အောင်မြင်အောင် ဦးဆောင်ဦးရွက် ပြုဖို့အတွက် စီမံခန့်ခွဲသူတွေ ရှိရစမြဲ ဖြစ်ပါသည်။ လုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာ လူတစ်ဦး တစ်ယောက်ထဲနဲ့ လုပ်ဆောင်လို့ မရနိုင်ဘူးဆိုတာ လုပ်ငန်းလုပ်သူတိုင်း သိထားကြမည် ဖြစ်ပါသည်။ စီမံခန့်ခွဲသူသည် စီမံကိန်းများ၊ စီမံချက်များ ရေးဆွဲခြင်းအပြင်လုပ်ငန်း သဘောသဘာ၀အရ အဆင့်ဆင့်သော လက်အောက်ငယ်သား ၀န်ထမ်းများကိုလည်း မှန်ကန်စွာ ကြီးကြပ် ကွပ်ကဲရမည် ဖြစ်ပေသည်။

လုပ်ငန်းတိုင်းတွင် စီမံခန့်ခွဲသူကို အထွေထွေ စီမံခန့်ခွဲရေးမှူး၊ အထွေထွေမန်နေဂျာ၊ အုပ်ချုပ်ရေးမှူး စသည်ဖြင့် အမျိုးမျိုး ခေါ်ေဝါ်သုံးနှုန်း ကြပါသည်။ ပုဂ္ဂလိက လုပ်ငန်းများတွင်မှာတော့ အများအားဖြင့်
လုပ်ငန်း သေးငယ်လျှင် လုပ်ငန်း ပိုင်ရှင်သည်ပင်လျှင် စီမံခန့်ခွဲသူ ဖြစ်ပေသည်။ စီမံ ခန့်ခွဲသူဟူသော ေဝါဟာရမျိုးဖြင့် မသုံးနှုန်းသော်လည်း လုပ်ငန်းပိုင်ရှင်သည် လုပ်ငန်းကိစ္စ အ၀၀ကို စီမံခန့်ခွဲအုပ်ချုပ်ရသူပင် ဖြစ်လေသည်။ စီမံခန့်ခွဲသူ တစ်ယောက်တွင် ရှိအပ်သော အထူး အရည်အချင်းတစ်ရပ်ကတော့ သက်ဆိုင်ရာဌာန အဖွဲ့အစည်း ဒါမှမဟုတ် မိမိရဲ့လုပ်ငန်းကို အစွမ်းကုန် တိုးတက်ကြီးပွားလာစေရန်နှင့် အမြတ်အစွန်း ပေါ်ထွက်လာစေရန် ဆောင်ရွက်နိုင်ရေးပင် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်နိုင်ရန်မှာ မိမိကိုယ်တိုင်က ဦးဆောင်မှုအခန်းမှ ပါ၀င်ရမည် ဖြစ်သကဲ့သို့ အဆင့်ဆင့်သော ၀န်ထမ်းများကိုလည်း စနစ်တကျ စီမံခန့်ခွဲကာ အုပ်ချုပ်ကွပ်ကဲရမည် ဖြစ်ပေသည်။ မန်နေဂျာသည်လည်း မန်နေဂျာအလျောက် ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ဖြေရှင်းနိုင်မည့် နည်းလမ်းကိုလည်း သိရှိထားရန် လိုပေသည်။

ယခု ကျွန်မ ပြောချင်သည်ကတော့ လုပ်ငန်းခွင်အတွင်း စည်းကမ်း သတ်မှတ်သည်မှာ အလွန်တရာ ကောင်းမွန်သော်လည်း အတိုင်းအတာ တစ်ခုထိ ရှိသင့်သည်လို့ မြင်မိသဖြင့် ဒီဆောင်းပါးကို ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။ မန်နေဂျာတစ်ဦးသည် ၀န်ထမ်းတွေရဲ့ စိတ်နေစိတ်ထားနဲ့ အရည်အချင်း လုပ်ပုံကိုင်ပုံများကို သေချာ သိသင့်သည်မှာ မန်နေဂျာအလုပ်ဖြစ်သော်လည်း မှားယွင်းစွာ ဆက်ဆံနေသော လုပ်ငန်းခွင်တစ်ခုရဲ့ အသွင်အပြင်ကတော့ အလွန်တရာ အရုပ်ဆိုး အကျည်းတန်လှပေသည်။ တစ်နေ့ ကျွန်မတိ့ု ရပ်ကွက်အတွင်းမှာ နေထိုင်သော အေးဆေးသော မိသားစုမှ မွေးဖွားပြီး တစ်ဖက်သားအပေါ် ယဉ်ကျေးပျူငှာသော သူတစ်ဦးမှ ရင်ဖွင့်သံကို မယုံကြည်နိုင်စွာ ကြားမိသမျှကို ပြောပြချင်မိပါသည်။ ဒီကလေးမသည် အလွန်မှ အလုပ်လုပ်ချင်သူဖြစ်သဖြင့် ဟိုတစ်လောက အလုပ်ရသွားတာ အဆင်ပြေရဲ့လား စကားစမိတာနဲ့ သမီး အဲဒီက အလုပ်ထွက်လိုက်ပြီလို့ ပြောပါသည်။ ကျွန်မကလည်း မနေနိုင်စွာ အိမ်နဲ့လည်းနီးတယ်၊ ကားစီးရတာလည်း အဆင်ပြေရဲ့သားနဲ့ ဘယ်လို ဖြစ်ရတာလဲ မေးမိတော့ သူမက ပြန်ပြောသည်များမှာ… ကျွန်မသည် ဒုတိယနှစ် ကျောင်းသူ တစ်ယောက် ဖြစ်ပါသည်။ စာမေးပွဲပြီးလျှင် အလုပ် လုပ်ချင်ပါသဖြင့် အလုပ်ရှာဖွေရေး အေဂျင်တစ်ခုကို ဆက်သွယ်ပြီး အလုပ်လျှောက်ခဲ့ ပါသည်။ ကံအားလျှော်စွာ သူငယ်ချင်း တစ်ယောက်ကနေ ဘုရင့်နောင်ပွဲရုံတန်း လမ်းမထိပ်ဖုန်းဆိုင်အသစ်တွင် အရောင်း၀န်ထမ်း အလိုရှိသည်ဟု သိရသဖြင့် သွားရောက်လျှောက်ခဲ့ရာ မိန်းကလေး ၀န်ထမ်းပြည့်နေသဖြင့် အလုပ်မရခဲ့ပါဘူး။ စိတ်မကောင်းစွာနဲ့ ပြန်လာခဲ့ရပါသည်။ သူငယ်ချင်း ယောက်ျားလေးများကို အလုပ် သွားလျှောက်ခိုင်းရာ အားလုံး အလုပ်ရကြပါသည်။

သူတို့ ၄၊ ၅ ရက်လောက် အလုပ်၀င်ပြီးလို့ ကျွန်မနဲ့ ပြန်တွေ့တဲ့အခါ သူတို့လုပ်ငန်းအကြောင်း ကျွန်မကို ပြောပြသည့်အခါ သိပ်အဆင်မပြေတာ သိရသည့်အတွက် ကျွန်မ စိတ်မကောင်း ဖြစ်မိပါသည်။ ဒီအလုပ်ကို စိတ်၀င်စားသဖြင့် ကျွန်မ ဘုရားတွင် ဆုတောင်းထားပါသေးသည်။ သူငယ်ချင်းတွေ အလုပ်လုပ်လို့ တစ်လနီးပါးအကြာတွင် ပြန်တွေ့သောအခါ အလုပ်ရဲ့ ဆိုးဝါးတဲ့အကြောင်း စတင်ပြီး ကြားသိရပါသည်။ ကျွန်မ စိတ်ထဲတွင် ဇေ၀ဇဝါ ဖြစ်ခဲ့ပါသည်။ သူငယ်ချင်းတွေ လစာထုတ်ပြီး အလုပ်ထွက်ခဲ့ကြပါသည်။ လူအရမ်းလို၍ ကျွန်မကို အဲဒီဖုန်းဆိုင်မှ အလုပ်လာလျှောက်ရန် ဖုန်းဆက် အကြောင်းကြားပြန်ပါသည်။ အမြန်လာပါဟု ဖုန်းထဲတွင် ပြောပါသည်။ ကျွန်မသည်လည်း ရေငတ်တုန်း ရေတွင်းထဲကျဆိုသလို ပျော်ရွှင်စွာနဲ့ ထပ်မံ သွားလျှောက်ခဲ့ပြန်ပါသည်။ ကျွန်မစိတ်က သူငယ်ချင်းတွေ ပြောသော စကားကို ပြန်တွေးကာ သွားလျှောက်ရနိုးနိုး ဖြစ်ခဲ့ပါသေးသည်။ ဒါပေမယ့် ကျွန်မကို ဖုန်းဆက် အကြောင်းကြားသဖြင့် သွားခဲ့ရာ ချက်ချင်းပင် အလုပ်ဆင်းရန် ခန့်သည်ကို ကျွန်မ လက်ခံခဲ့သည်။ အလုပ် စဆင်းသည့်နေ့တွင် သန့်ရှင်းရေး လုပ်ခိုင်းပါသည်။ ကျွန်မ မငြိုငြင်ဘဲ လုပ်ခဲ့ပါသည်။ ဆိုင်တွင် ခန့်အပ်ထားသော မန်နေဂျာဆိုသူသည် ၀န်ထမ်းများကိုလည်း ဆူပူ ကြိမ်းမောင်း နေပါသည်။ ဤဆိုင်မှ မန်နေဂျာဆိုသော သူသည်
‘၀၀၊ ထွားထွား၊ ဗိုက်ပူပြီး မျက်လုံးပြူးပြူး’ ဆိုသူက အလုပ်ထဲတွင် သနပ်ခါး မလိမ်းရ၊ ဆံပင်သိမ်းပြီး အကုန် လန်တင်ထားရမည်၊ စကားကို အကျယ်ကြီး ပြောရမည်ဟု စည်းကမ်းချက် ထုတ်ထားပါသည်။ နောက်တစ်နေ့တွင် ဆိုင်ပိုင်ရှင် သူဌေးက သူ့အသိ မိန်းကလေး နှစ်ယောက်ကို အလုပ် ခန့်လိုက်ပါဟု ဆိုလာပြီး ကောင်မလေး နှစ်ယောက် ပို့လိုက်ပါသည်။ အဲဒီ နှစ်ယောက်ထဲက တစ်ယောက်ကို အလုပ်ခန့်ထားလိုက်ပါသည်။

နောက်ရက် အလုပ်ကို အဲဒီ တစ်ယောက် လာဆင်းသောအခါ ပဲခူးမှ လာရ၍ ၁၀ မိနစ် နောက်ကျခဲ့ပါသည်။ အလုပ်ချိန်က (၇း၀၀)နာရီ ဖြစ်သဖြင့် မရောက်လာပဲ (၇)နာရီ (၁၀)မိနစ်မှ ရောက်လာသဖြင့် အလုပ်စည်းကမ်းကို ချိုးဖောက်သည်ဟု ပြောဆို ကြိမ်းမောင်းပါသည်။ ပြီးလျှင် အလုပ် စည်းကမ်းကို မသိသေးသဖြင့် ဆံပင်ချလာပြီး မျက်နှာတွင် ပါးကွက် လိမ်းခြယ်ခဲ့သည်ကို ချိုသာစွာ ပြောပြလျှင် ရသည်ကို မန်နေဂျာဆိုသော သူသည် “ငါ့ဆိုင်ကို ဒီလိုဆံပင်၊ ဒီလိုမျက်ခွက်နဲ့ ၀င်မလာနဲ့… သွား… ခုချက်ချင်း ဆံပင်စည်း၊ ပါးကွက်ဖျက်ပြီးမှ ငါဆိုင်ကို ၀င်” ဆိုပြီး နှင်ထုတ်ခံရသည်ကို မြင်မိပါသည်။ ပြီးမှ ငါ့ဆိုင်ကို လာခဲ့ဆိုပြီး လူအများရှေ့တွင် အရှက်ကွဲအောင် ပြောဆိုခဲ့ပါသည်။ ကျွန်မကိုလည်း သန့်ရှင်းရေး လုပ်နေစဉ် မှန်ပြောင်နေသည်ကို မှန် မပြောင်သေးဘူးဟု ပြောဆိုကာ ပြောင်နေတဲ့မှန်ကို ထပ်မံ တိုက်ခိုင်းပါသည်။ ၀ယ်သူ မလာ၍ ခဏထိုင်သောအခါ မထိုင်ရဟု ကြိမ်းမောင်းကာ ပြောပါသည်။ ပြီးလျှင် အလုပ် လုပ်နေစဉ် အသံတိုးနေသည်ဟု ပြောကာ မူလတန်း ကလေးငယ်များ စာအော်သလို အ၊ အာ၊ အားဟု ကျယ်လောင်စွာ အော်ခိုင်းပါသည်။ ကျွန်မလည်း အ၊ အာ၊ အားဟု အကြိမ်ပေါင်း မြောက်မြားစွာ အော်ခဲ့ရပါသည်။ ထပ်မံပြီးလည်း ကျွန်မကို အိပ်ငိုက်သည်ဟု ပြောကာ ဟိုဘက်ဆိုင် ကွက်လပ်တွင် သွားပြေးခိုင်း ပြန်ပါသည်။ အဲဒီလို အလုပ်သဘောနှင့် မသက်ဆိုင်ဘဲ လူ့အခွင့်အရေး ချိုးဖောက်စွာ နှိမ့်နှိမ့်ချချ လူတစ်ဖက်သားကို နင်ပဲငဆ သားသမီးချင်း ကိုယ်ချင်းမစာနာ ဆက်ဆံသေးသည်။ နောက်တစ်နေ့ အဲဒီ ပဲခူးမှ ကောင်မလေး အလုပ်မှ ထွက်သွားပါသည်။

ကျွန်မသည်လည်း(၆)ရက်မြောက်နေ့တွင် ဆံပင်ကိုလည်း စည်းနှောင်သွားပါသည်။ ကျွန်မရဲ့ဆံပင်သည် နကိုမွေးဆံပင် မူရင်းအကောက် ဖြစ်ပါသည်။ လေတိုက်၍ အရှေ့ဘက်သို့ ဆံပင်နည်းနည်းကျသည်ကို မန်နေဂျာက လူအများရှေ့တွင် ခေါ်ပြီး “ဟဲ့… နင့် ယောက်ျား သေသွားပြီလား”ဟု မေးပါသည်။ ကျွန်မမှာ “ယောက်ျား မရှိပါဘူး”လို့ ပြန်လည် ပြောဆိုခဲ့ပါသည်။ မန်နေဂျာမှ ထပ်မံပြီး “မသိပါဘူး။ ငါက လင် သေသွားလို့ မုဆိုးမ မျက်နှာနဲ့ ငါ့ဆိုင်မှာ အလုပ် လာလုပ်နေတယ် မှတ်တာ” ဆိုပြီး ဈေး၀ယ်လာသူများ ရှေ့တွင် အရှက်တကွဲ ပြောဆိုပါသည်။ ကျွန်မလည်း ဘာမှ ပြန်မပြောဘဲ အဲဒီနေ့မှာပဲ အလုပ်က ထွက်ခဲ့ပါသည်… လို့ ကျွန်မကို ရင်ဖွင့်ရှာပါသည်။

ယခု ကျွန်မပြောချင်သည်မှာ လုပ်ငန်းခွင်အတွင်း မလိုအပ်တဲ့ အပြုအမူ အသုံးအနှုန်း မန်နေဂျာ တစ်ယောက်ရဲ့ စည်းမျဉ်းစည်းကမ်းတွေ နားမလည်တာလား။ မသိတာလား။ လူတစ်ဖက်သားကို ဒီလို ပြောမှ စား၀င် အိပ်ပျော်သလားဆိုတာ မပြောတတ်တော့ပါဘူး။ ဒီလို အကျင့်စရိုက်ရှိတဲ့ သူကို ရာထူးကြီးကြီး ပေးပြီး မန်နေဂျာနေရာ ပေးထားတဲ့ သူဌေးကိုလည်း အံ့သြမိပါသည်။ ဒီလိုပုံစံ ဒီလို စိတ်ဓာတ်ရှိသူများ လုပ်ငန်းခွင်အတွင်း အုပ်ချုပ်ရေးနေရာ ခန့်အပ်ထားသည်ဆိုတော့လည်း ကျွန်မ မနေနိုင်စွာ ရင်ဖွင့်ရှာသည့် ကလေးမလေးကို မေးမိပါသေးသည်။ အဲဒီ မန်နေဂျာက သူဌေးရဲ့အမျိုးလားလို့ မေးတော့ မဟုတ်ဘူးလို့ ဖြေရှာပါသည်။ သူ့ ကြည့်ရတာလည်း အလုပ် ထပ်လုပ်ရမှာ အလွန် ကြောက်ရွံ့နေပုံပါပဲ။ ဒီ လုပ်ငန်းပိုင်ရှင်ကလည်း ခေသူတော့ မဟုတ်ပါဘူး။ အဖွဲ့အစည်း တစ်နေရာမှာ နေရာရနေသူ တစ်ဦးဖြစ်ပြီး လုပ်ငန်းကြီးများ လုပ်ဆောင်နေတဲ့ တကယ့်ကို စီးပွားရေးလောကမှာ ထိပ်ထိပ်ကြဲ လုပ်ငန်းရှင် တစ်ဦးလည်း ဖြစ်ပါသည်။ မန်နေဂျာဆိုတာ ပြောချင်ရာပြော လုပ်ချင်ရာ လုပ်လို့များ ပြောထားလေသလားပဲ။ စီမံခန့်ခွဲရေးကောင်း တစ်ယောက်ဖြစ်ရန်အတွက် ကြီးကြပ်မှုအဆင့် (သို့မဟုတ်)ထို့ထက်မြင့်သော အဆင့်တွင် အနည်းဆုံး အတွေ့အကြုံ (၁၀)နှစ် ရှိခဲ့ပြီး ဖြစ်ရမည်ဟု ကမ်ဘာ့စီမံခန့်ခွဲရေး ပညာရှင်ကြီးများ အဆိုအမိန့် ရှိပါသည်။

ထို (၁၀)နှစ်တာ ကာလအတွင်းတွင်

(၁) စီမံကိန်း ရေးဆွဲခြင်း၊

(၂) ကုန်ပစ္စည်း ထုတ်လုပ်ခြင်း၊

(၃) ငွေစာရင်းထိန်းသိမ်းခြင်းနှင့် အုပ်ချုပ်ခြင်း၊

(၄) ရောင်း၀ယ်ဖောက်ကားခြင်း တည်းဟူသော ကဏ္႑ကြီးလေးရပ်ကို လေ့လာ ဆည်းပူးထားရမည်ဟု ဆိုပါသည်။

အထက်ဖော်ပြပါ ကဏ္႑လေးရပ်အနက် အနည်းဆုံး ကဏ္႑နှစ်ရပ်ကို ဂဃနဏ ကျွမ်းကျင်ပိုင်နိုင်ရန် လိုအပ်ပြီး ကျန်ကဏ္႑နှစ်ရပ်ကို တီးမိခေါက်မိ ရှိထားရန် လိုပါသည်။
အကွပ်မဲ့ကြမ်း ပရမ်းပတာ ငါ မန်နေဂျာ ငါပြောသလို လုပ်၊ ငါ လုပ်သလို မလုပ်နဲ့ ဆိုတဲ့ ခေတ်ဟောင်း စနစ်ဟောင်းမှ အကျင့်စရိုက်များသည် ယခုလို နိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေစဉ်မှာ ပျက်သုဉ်းသင့်ပြီလို့ မြင်မိပါသည်။ လူအချင်းချင်း သနားညှာတာခြင်း ဆိုသည်မှာလည်း လူတစ်ဦးနဲ့ တစ်ဦး ထားရှိသင့်သည့် မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှု တစ်ရပ်ပင် ဖြစ်ပါသည်။ လုပ်ငန်းဌာနကြီး တစ်ခုတွင် စီမံခန့်ခွဲသူသည် ထိပ်ဆုံးတွင် ရှိပါသည်။ သူသည် အများရဲ့ ဦးဆောင်ဦးရွက် ပြုရသော စံပြပုဂ္ဂိုလ် ဖြစ်သင့်ပါသည်။ အဖွဲ့အစည်း တစ်ခုတွင် တစ်ဦးတစ်ယောက်ရဲ့ မှားယွင်းစွာ ပြုမူဆောင်ရွက်ခြင်းသည် လုပ်ငန်းကြီး တစ်ခုလုံးကို ထိခိုက်နစ်နာစေပြီး စီးပွားရေးအောင်မြင်မှုကို ရရှိနိုင်မည် မဟုတ်ပေ။

လုပ်ငန်းတိုင်း၊ အဖွဲ့အစည်းတိုင်းတွင် ဒီလိုလူမျိုးတွေ ဘယ်လောက်များ ရှိနေသလဲ၊ ဘယ်လောက်များ ပေါများနေသလဲဆိုတာ မှန်းဆ မရနိုင်ပေ။ မန်နေဂျာကောင်း တစ်ဦးဖြစ်လာရန် ဇွဲ၊ လုံ့လ၊ ၀ီရိယကို အခြေခံပြီး စိတ်ဓာတ် ရင့်ကျက်မှုများကိုပါ အနှစ်နှစ်အလလ အဆင့်ဆင့် လေ့လာဆည်းပူး ကြိုးပမ်း အားထုတ်ရမည်ဖြစ်ကြောင်းနဲ့ ဒီလိုဆိုးသွမ်းတဲ့ မန်နေဂျာများ နေရာတိုင်းမှာ ပပျောက်ပါစေလို့ ပြောကြားလိုက်ရပါတော့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*